အဆီကိုစား အသားကိုယူ အရိုးတောင်မကျန်တဲ့ဘဝ
Tin Nyunt
မြန်မာနိုင်ငံဟာ စစ်အာဏာရှင်နှစ်ဆက်အောက် ကျရောက်ခဲ့ရတဲ့ နိုင်ငံဖြစ်ပါတယ်။ ပထမ စစ်အာဏာရှင်ခေတ် ဖြစ်တဲ့ တော်လှန်ရေးကောင်စီခေတ်မှာ နိုင်ငံအတွင်း ဖွံ့ဖြိုးတိုးတက်နေပြီဖြစ်တဲ့ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်း တွေကို “ဆိုရှယ်လစ်ခေတ်” ထူထောင်သယောင်နဲ့ အားလုံး ဖျက်ဆီးပြီး ဆိုရှယ်လစ်လူ့ဘောင်ထူထောင် လိုက်ကြပါတယ်။ ပြီးတော့မှ ဗိုလ်နေဝင်းတို့က ဆိုရှယ်လစ်စနစ်ကို ဗိုလ်ချုပ်အောင်ဆန်းကပဲ လုပ်ခိုင်းခဲ့ သယောင် ပြည်သူတွေကို မျက်စိလည်အောင် ပြောခဲ့ကြတယ်။

ဆိုရှယ်လစ်စီးပွားရေးစနစ်ဆိုပြီး ဗိုလ်နေဝင်းနဲ့ အပေါင်းအပါတွေ
လုပ်လိုက်တဲ့အထဲမှာ “ပြည်သူပိုင်သိမ်းခြင်း” ဟာ တိုင်းပြည်နဲ့လူမျိုးအတွက်
ခေတ်ပေါင်းများစွာ နောက်ပြန်ဆုတ် သွားစေတဲ့ အချက်ပဲ။
တစ်တိုင်းပြည်လုံးကို အာဏာရှင်အသွင်နဲ့ သရဖူဆောင်းအုပ်ချုပ် လိုတဲ့ ဗိုလ်နေဝင်းဆိုတာကလည်း ၁၉၄၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ ပုဒ်မ (၁၁၆) ကို ဖျက်ပေးမှ တိုင်းပြည်ကိုသူဆက်ပြီး ကိုင်တွယ်ပေးမှလို့ ခြိမ်းခြောက်ခဲ့သူပါ။ အဲဒီအချိန်မှာ တိုင်းပြည်ကလည်း ဆူပူသောင်းကျန်းနေပြီး စစ်တပ်ကဆက်ပြီး မထိန်းရင်မဖြစ်တဲ့ အနေ အထားမှာ စစ်ခေါင်းဆောင်တစ်ယောက်အနေနဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပါ ပုဒ်မကို ဖျက်ပေး ဖို့တောင်းဆိုတဲ့ အခွင့်အရေး သူ့ကို ပေးခဲ့ကြရတာ သိထားစေချင်ပါတယ်။ သူကျတော့ဖျက်လို့ရသပေါ့။ ၁၉၈၈ နောက်ပိုင်း စစ်အစိုးရကတော့ တိုင်းပြည်ကို ချောက်ထဲကျတော့မှာဖြစ်လို့ ကယ်တင်တယ်ပြောပြီး တိုင်းပြည်ကို အုပ်ချုပ်လိုက်ပါတော့တယ်။
တော်လှန်ရေးကောင်စီခေတ်နဲ့ နဝတ/ နအဖခေတ်မတူတာကတော့ တော်လှန်ရေးကောင်စီက ပြည်သူပိုင်သိမ်း လိုက်ပြီး၊ နဝတ/ နအဖတွေကတော့ ပြည်သူပိုင်တွေကို ရောင်းစားလိုက်တာပါပဲ။ တစ်ဦးက အုပ်ထားပြီး ကဲ့စား တယ်။ တစ်ဦးက ပေါင်းစားပြီး အသံမထွက်အောင် မြုံ့စားတယ်။ ခိုးစားတဲ့သူတွေ အရိုးကိုက်မိပြီး အသံထွက် တော့ ပြုတ်သွားတယ်။ ပေါင်းစားတဲ့သူတွေကတော့ အဆီတစ်ထပ်၊ အသားတစ်ထပ် ငါ့ဆွေ၊ ငါ့အမျိုး၊ ငါ့သား၊ ငါ့သမီး၊ ငါ့လင်၊ ငါ့မယား၊ ငါ့တပည့်သားများပါမကျန် ကောင်းစားအောင် မျှဝေစားလိုက်ကြတာ တိုင်းပြည်လည်း အခွံ့နဲ့ဟောင်းလောင်း မြင်မကောင်းအောင်ဖြစ်ခဲ့ရပါပြီ။
ပြည်သူတွေကတော့ ရွေးကောက်ပွဲနဲ့မတူ မျှော်လင့်ချက်ကြီးစွာနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်ကိုးစား လိုက်ပါပြီ။ ဒါပေမဲ့ ရှေ့ကနေ တစ်ဦးကသိမ်း၊ တစ်ဦးကရောင်းစားပြီး တိုင်းပြည်အတွက် လုပ်ခဲ့ကြတဲ့ အကျိုးဆက်တွေနဲ့ ကျွန်တော်တို့တိုင်းပြည် နောက်ထပ် ဘယ်လောက်ကြာကြာ ပြန်လည်ထူထောင်ရဦးမယ်ဆို တာတွေးပြီး ရင်လေးသဗျာ။
မနေ့က ဒီဇင်ဘာ ၉ ရက်နေ့ဟာ “နိုင်ငံတာကအကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးနေ့” ပါ။ မြန်မာနိုင်ငံမှာ အကျင့်ပျက်ခြစားမှုကို မတိုက်ဖျက်နိုင်ခဲ့သော နှစ်ပေါင်းများစွာအတွက် သတိရပြီးရေးပါတယ်။
၁၀.၁၂.၂၀၁၅

0 comments:
Post a Comment