Wednesday, December 2, 2015

ညီအစ်မ မြို့တော်ဆိုတာ

နည်းစနစ်ကျကျအတွေးအခေါ်

အင်္ဂလိပ်လို sister cities ဒါမှမဟုတ် twin towns လို့ခေါ်တဲ့ ညီအစ်မမြို့ ဒါမှမဟုတ် အမွာမြို့တွေ ဘယ်အချိန်က စတင်ပေါ်ပေါက်ခဲ့သလဲ ဆိုတာကို လေ့လာကြရအောင်။
Sister cities ညီအစ်မမြို့တွေ ဘယ်အချိန်တုန်းက စတင်ပေါ်ပေါက်လာသလဲ ဆိုတာကို ဘယ်သူမှ တိတိကျကျ မသိပေမယ့် သက္ကရာဇ် ၈၃၆ ခုနှစ်ကတည်းက စတင်လာတာလို့ ယူဆနေကြပါတယ်။ ဂျာမနီနိုင်ငံ Paderborn မြို့နဲ့ ပြင်သစ်နိုင်ငံ Le Mans မြို့တို့က ညီအစ်မမြို့အဖြစ် ပူးပေါင်းမှု လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

၁၉၀၀ ပြည့်နှစ်ဝန်းကျင်မှာညီအစ်မတော်စပ်တာကို အတော်အတန် ခေတ်စားလာပေမယ့် ဒုတိယကမ္ဘာစစ်ပြီး နောက်ပိုင်းမှာတော့ အများအပြား ပေါ်ပေါက်လာတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။
အထူးသဖြင့် ရိုးရာ ယဉ်ကျေးမှုခြင်း မတူတဲ့ မြို့တွေ၊ အရင်က ရန်သူတွေဖြစ်ခဲ့ကြသူတွေက ချစ်ခင်ရင်းနှီးမှု ရယူတဲ့အနေနဲ့ရော တစ်ဦးပေါ် တစ်ဦး နားလည်မှု ရအောင် လုပ်ဆောင်တဲ့အနေနဲ့ပါ မြို့နှစ်မြို့ကို ညီအစ်မ မြို့တွေအဖြစ် ခံယူလာကြတာ ဖြစ်ပါတယ်။
နိုင်ငံတခုစီမှာ ရှိနေတဲ့ မြို့နှစ်မြို့ကို ညီအစ်မမြို့အဖြစ် ခံယူတဲ့အခါ အင်္ဂလိပ်လို sister cities, twin towns လို့ ခေါ်သလို friendship towns လို့လည်း ခေါ်ကြပါတယ်။
သြစတြေးလျအာရှနဲ့ အမေရိကားမှာတော့ sister cities လို့အသုံးများပြီး ဥရောပတိုက်မှာတော့ twin towns လို့ ခေါ်ကြပါတယ်။
ဂျပန်နဲ့ တရုတ်နိုင်ငံမှာတော့ ညီအစ်မမြို့တွေကို friendship towns လို့ ခေါ်ကြပြန်ပါတယ်။
မြို့တွေကသာ ညီအစ်မမြို့ ဖြစ်နိုင်တာမဟုတ်ပဲ ပြည်နယ်၊ ခရိုင်နဲ့ တိုင်းတွေသာမက ကျေးရွာတွေ၊ ပင်လယ်ဆိပ်ကမ်းတွေကလည်း ညီအစ်မ အဖြစ် ခံယူကြတာ ရှိပါတယ်။
တစ်ဦးရဲ့ ယဉ်ကျေးမှုကို တစ်ဦးက လေ့လာလို့ရအောင် ဒါမှမဟုတ် မြို့တမြို့ရဲ့ ဖွဲ့စည်းပုံက တခြားမြို့တမြို့နဲ့ ဆင်တူတဲ့အတွက် ညီအစ်မ မြို့အဖြစ် ခံယူကြတာ ရှိပါတယ်။
လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်တုန်းကလည်း အမေရိကန်နိုင်ငံ ဆန်ဖရန်စ္စကို မြို့နဲ့ ရန်ကုန်မြို့ကို ညီအစ်မမြို့ တော်စပ်ဖို့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရက ကြိုးပမ်းခဲ့ဖူးတယ် ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ဖူးပါတယ်။
သြစတြေးလျနိုင်ငံက မြို့အတော်များများဟာ အာရှပစိဖိတ်ဒေသအတွင်းမှာရှိတဲ့ မြို့တွေနဲ့ ညီအစ်မမြို့အဖြစ် တော်စပ်ထားတာတွေ ရှိပါတယ်။ မကြာသေးခင်ကပဲ နယူးဆောက်သ်ဝေးလ်ပြည်နယ် Lismore မြို့ဟာလည်း ဂျပန်နိုင်ငံ Yamato Takada မြို့နဲ့ ညီအစ်မတော်စပ်ခြင်း နှစ် ၅၀ ပြည့်အထိမ်းအမှတ်ပွဲကို ပြုလုပ်ခဲ့ပါတယ်။
ဒါ့အပြင် တရုတ်နိုင်ငံ ချင်းဒေါင်မြို့နဲ့ ညီအစ်မတော်စပ်တဲ့ အက်ဒလိတ်မြို့ကလည်း မလေးရှားနိုင်ငံ ပီနန်ပြည်နယ်ရဲ့ မြို့တော် Georgetown နဲ့ ညီအစ်မတော်စပ်တာ နှစ်ပေါင်း ၄၀ ရှိပြီ ဖြစ်ပါတယ်။
တခါ သြစတြေးလျနိုင်ငံ မြောက်ပိုင်း ကွင်းစလန်းပြည်နယ်အတွင်းက Townsville မြို့ဟာလည်း ပါပူဝါနယူးဂနီနိုင်ငံက Port Moresby မြို့နဲ့ ၁၉၈၃ ခုနှစ်ကတည်းက ညီအစ်မ တော်စပ်လာတာ ဖြစ်ပါတယ်။ Townsville မြို့ဟာ ကွင်းစလန်းပြည်နယ်ရဲ့ မြို့တော် Brisbane မြို့ထက် ပါပူဝါနယူးဂနီနိုင်ငံနဲ့ နယ်နိမိတ်ချင်းပိုနီးစပ်တဲ့အတွက် အခုလို ညီအစ်မမြို့ တော်စပ်တာက နှစ်မြို့လုံး နှစ်နိုင်ငံစလုံးအတွက် အကျိုးရှိစေပါတယ်။
ဒီရက်ပိုင်းတုန်းကပဲ တရုတ်နိုင်ငံ ချင်းဒေါင်မြို့နဲ့ ညီအစ်မမြို့တော်စပ်ကြောင်း လက်မှတ်ရေးထိုးမှုတွေ လုပ်ခဲ့သလို ညီအစ်မမြို့တွေ ဖြစ်လာဖို့ တခြားမြို့တွေနဲ့လည်း လုပ်ဆောင်နေကြပါတယ်။
အနောက်သြစတြေးလျပြည်နယ် Geraldtown မြို့ဟာလည်း တရုတ်နိုင်ငံ Guangdong ပြည်နယ်က Zhanjiang မြို့နဲ့ ရင်းနှီးမှုရယူခဲ့ပြီး ကျောင်းသူ ကျောင်းသားတွေ အသိပညာဖလှယ်ရေးနဲ့ တရုတ်ဘာသာစကား သင်ကြားလေ့လာရေးတွေပါ လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။
ညီအစ်မမြို့ဖြစ်လာနိုင်ဖို့အတွက် သတ်မှတ်ထားတဲ့ ဥပဒေတွေ အရည်အချင်းတွေ မရှိဘူးဆိုတာကိုလည်း သိရပါတယ်။ တခါတရံ မြို့လူဦးရေ ဆင်တူလို့ ညီအစ်မမြို့အဖြစ် တော်စပ်ကြသလို တခါတရံ သမိုင်းတွေ၊ ပထဝီအနေအထားတွေ တူညီတာတွေအပေါ် အခြေခံပြီးတော့လည်း ညီအစ်မမြို့ တော်စပ်လေ့ရှိပါတယ်။
တခါတရံနာမည်ခြင်းတူလို့ ညီအစ်မမြို့ ဖြစ်သွားကြတာလည်း ရှိပါတယ်။ ဥပမာ အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ်က Horseheads မြို့ဟာ ဂျပန်နိုင်ငံက မြို့တစ်မြို့နဲ့ နာမည်ခြင်းတူတဲ့အတွက် ညီအစ်မ တော်စပ်သွားတာလည်း ရှိပါတယ်။
ဂျပန်နိုင်ငံမှာက မြို့ကို တရုတ်စာနဲ့ ရေးထားတာဖြစ်ပြီး အဲဒီလို ရေးသားထားတဲ့ စာလုံးရဲ့ အဓိပ္ပာယ်က မြင်းရဲ့ဦးခေါင်းလို့ အဓိပ္ပာယ်ရတဲ့ horseheads ဖြစ်နေတဲ့အတွက် ညီအစ်မမြို့အဖြစ် တော်စပ်လိုက်ကြတာ ဖြစ်ပါတယ်။
တခါ country ဂီတထွန်းကားတဲ့ သြစတြေးလျနိုင်ငံ Tamworth မြို့ဟာလည်း အမေရိကန်နိုင်ငံက Country ဂီတထွန်းကားတဲ့ Nashville မြို့နဲ့ ညီအစ်မ တော်စပ်ထားပါတယ်။
၂၀၁၃ ခုနှစ်တုန်းကလည်း စကော့တလန်နိုင်ငံက Dull မြို့နဲ့ အမေရိကန်နိုင်ငံက Boring မြို့တို့ ညီအစ်မ တော်စပ်ခဲ့ကြပါတယ်။
Dull ရဲ့ အဓိပ္ပာယ်က ငြီးငွေ့ထိုင်းမိုင်းကြောင်း ဖြစ်ပြီး Boring ရဲ့အဓိပ္ပာယ်ကလည်း ပျင်းရိစရာကောင်းကြောင်း အဓိပ္ပာယ်ရတဲ့အတွက် ညီအစ်မ တော်စပ်လိုက်ကြတာ ဖြစ်ပါတယ်။
ငြီးငွေ့ထိုင်းမိုင်းတဲ့ မြို့နဲ့ ပျင်းရိစရာကောင်းတဲ့ မြို့တွေနဲ့ ညီအစ်မခြင်းတော်စပ်ချင်တဲ့ မြို့လည်း ရှိနေပြန်ပါတယ်။
အဲဒီမြို့ကတော့ သြစတြေးလျနိုင်ငံမှာ ရှိတဲ့ Bland ဆိုတဲ့ မြို့ဖြစ်ပြီး အဓိပ္ပာယ်ကတော့ အရသာမရှိခြင်းပဲ ဖြစ်ပါတယ်။
Credit to Radio Australia
ဒါနဲ့ စကားမစပ် ရန်ကုန်မြို့ရဲ့ ညီအစ်မမြို့တော်တွေကတော့ ၇ မြို့ရှိပါတယ်။
ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့၊ တရုတ် ယူနန်က ကူမင်းမြို့၊နီပေါနိုင်ငံ ကတ္တုမတူမြို့၊ တရုတ် ဂွမ်ရှီးက နန်နင်းမြို့၊ တရုတ် ဂျင်းရှုက ရန်ကျိုးမြို့၊ ဂျပန်နိုင်ငံ တိုကျိုမြို့နဲ့ အမေရိကန် နိုင်ငံ ဆန်ဖရန်စ္စကိုမြို့တွေက ရန်ကုန်မြို့ရဲ့ ညီအစ်မ မြို့တွေ ဖြစ်ကြပါတယ်
မောင်စိုင်း

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...