Wednesday, December 30, 2015

စွန့်စားရဲခြင်း

လမ်းပြကြယ် ဘချစ် to ကမ်းလက်များ (BEACON )

လောကတွင် ကြီးကျယ်သော အရာမှန်သမျှ အန္တာရာယ်ကင်း ၊ ဘေးရှင်း ရရှိရိုးထုံးစံမရှိပေ။

+++++ အခန်း ( ၁ ) +++++
မိုးသည် အငြိုးတကြီး ရွာချနေ၏။ ဝေါကနဲ ၊ ဝေါကနဲ ရွာချနေသောမိုးကြောင့် ရွှံ့ဗွက် ထူသောလမ်းမပေါ်
ဖြတ်လျှောက်ရမှာတွေးမိရင်း “ ဟင်း ” ခနဲ သက်ပြင်းရှည်ကြီး ချလိုက်သည်။ သီတင်းကျွတ်လပြည့်ခါနီး
သဲသဲမဲမဲ ရွာနေသောမိုးကို စိတ်ထဲမှ အပြစ်တင်မိ၏။ မိုးသက်လေတစ်ချက် အဝေ့မှာ ပါလာသော ချဉ်စုတ်စုတ်၊ ပုပ်အဲ့အဲ့ အနံ့ဆိုးက နှာခေါင်းထဲဝင်လာသည်။ အဆောင်မျက်စောင်းထိုး မှာ ရှိနေသော အမှိုက်ပုံက အနံ့များ ဖြစ်မည်။
မြို့ပြ ၏ နေထိုင်မှု့အကျဉ်းအကျပ်ထဲ ဈေးသက်သာသော မြို့စွန်တန်းလျားဆောင်ကိုသာ အားကိုး ငှားရမ်းနေထိုင်ရသည်။ အမေတစ်ခု၊ သားတစ်ခုဘ၀မှာ သား ၏ လခ တစ်ခုတည်းကို မှီခိုစားသောက်နေရ၍ အလုပ်နှင့်နီးသော၊ အခန်းခသက်သာမည့် နေရာတွင် ငှားနေသည့်တိုင် တစ်လ ၊ တစ်လ အလျဉ်မီအောင် မနည်းချွေတာသုံးစွဲနေရ၏။ တစ်ဦးတည်းသော သား မို့ ဘိုးဘွား၊ မိဘ များက အလိုက်လိုက်ခဲ့ကြသဖြင့် ငယ်ငယ်ကအလွန်းဆိုးသည်။ ရန်ဖြစ်သံကြားရလျှင်သားကပါနေပြီးသား။ ပွဲတိုင်းကျော်ဖြစ်နေ၍ထောင်ကျလျှင်
ကျ ၊ အသက်သေလျှင်သေမည့်သူလို့သဘောပိုက်ကာ အားကိုးမရလောက်ဘူးဟု သတ်မှတ်ထားခဲ့သည်။
အမေတစ်ခု၊ သားတစ်ခု ဖြစ်လာတော့ သား က လိမ္မာလာ၏။ မိဘ ကို သိတတ်လာ၏။ သား ၏ လုပ်စာကို
ထိုင်စားလာခဲ့သည်မှာလည်း ကြာခဲ့ပေပြီး။ အခုတော့ သား က အလုပ်လက်မဲ့ဖြစ်နေ၏။ အလုပ်အသစ်ကို
နေ့စဉ်ထွက်ပြီးရှာနေပေမဲ့ အလုပ်အကိုင်ရှားပါ၍ အလုပ် မရဘဲဖြစ်နေသည်။ ရသောအလုပ် ကို ကျပြန်တော့
မလုပ်ချင်ဖြစ်နေပြန်၏။ သားကတော့ အပူအပင်မဲ့စွာ အလုပ်ရွေးနေပေမဲ့ ကျွန်မ ရင်မှာတော့ ပူလောင်
နေသည်။ သား စိတ်ညစ်မှာစိုးလို့မပြောရက်ခဲ့။ လက်ကျန်ငွေက စားဖို့လောက်ငှရုံသာရှိတော့သည်။ မကြာခင်
အဆောင်ခပေးရတော့မည်။ အဆောင်ခ ပေးလိုက်လျှင် စားစရာငွေမရှိတော့။ အဆောင်ခ မပေးပြန်လျှင်လည်း
နှင်ချခံရဦးမည်။ သား ကို ကူညီဖို့ရာက နားနားနေနေလုပ်ရသော အိမ်အလုပ်မှလွဲ၍ အပြင်အလုပ် ကို
ကျွန်မ မလုပ်နိုင်တော့။ ကျွန်မ လုပ်နိုင်သော အလုပ်တစ်ခုကိုလုပ်ဖို့ ဆုံးဖြတ်ချက်ချပြီး အပြင်ထွက်မလို့
ပြင်ဆင်ပြီးကာမှ မိုးက သည်းနေ၏။ မိုးတိတ်အောင်စောင့်ပြီးမှ အပြင်သို့ထွက်တော့မည်။
+++++ အခန်း ( ၂ ) +++++
နီးစပ်သောဆွေမျိုးများအိမ်သို့သွားရောက်ကာ တွေ့ကြုံနေရသည့်ဒုက္ခ နှင့် အခက်အခဲများကို ပြောပြ၍
အကူအညီတောင်းမိသည်။ ဆွေမျိုးမောင်နှမများ ၏ ပြစ်တင် ၊ ကဲ့ရဲ့ ၊ ဆုံးမ ၊ ဝေဖန်မှု့ကြားမှာ
အားငယ်ခြင်းတွေထွေးပွေ့ကာ ပြန်လာခဲ့ရ၏။ အကူအညီမရခဲ့။ မိတ်ဆွေများ ၏ အားပေး ၊ ညည်းညူ ၊
ငြင်းဆန်မှု့တွေကြား ခေါင်းငုံ့လို့ ပြန်လာခဲ့ရ၏။ လိုချင်သော အကူအညီမရခဲ့ပေမဲ့ ဆန် ၊ ဆီ နှင့်
အ၀တ်အစားများ ပေးခဲ့သေးသည်။ သည်လိုနှင့် အကူအညီရလိုရငြား တစ်နေရာပြီးတစ်နေရာ သွားခဲ့ပေမဲ့
အကူအညီမရသည့်အပြင် စိတ်ဆင်းရဲမှု့ နှင့် လမ်းစရိတ် ကုန်ခြင်းတွေကိုသာ ပိုင်ဆိုင်လာခဲ့ရ၏။ ဒုက္ခ ၏
ခါးသက်သောအရသာ ဆိုသည် အကူအညီမဲ့ချိန် ငြင်းဆိုခြင်းခံရမှု့က စတင်ဖြစ်ပေါ်လာမှန်း နားလည်း
လာရတော့သည်။ အဆောင်ခ ပေးဖို့သုံးရက်သာလိုတော့သည်။ လက်ထဲမှာ အဆောင်ခပေးရန်
ငွေမလုံလောက်တော့။ သား ကလည်း အလုပ်မရသေး။ ကျွန်မ အားမလျှော့ပဲ အကူအညီပေးနိုင်သူများကို
တွေးပြီး သွားရောက်အကူအညီတောင်းခံခဲ့သည်။ အဆင်မပြေ။ သွားရင်း ၊ လာရင်း အကူအညီတောင်းရင်း နှင့်
မနက်ဖြန်ဆိုအဆောင်ခပေးရတော့မည်။ သား ကို ဘယ်လိုပြောရပါ့မလဲ။ သား ကို အပူမပေးဘဲ မိမိဘာသာ
ဖြေရှင်းချင်ခဲ့၏။ မှန်းချက်နှင့်နှမ်းထွက်မကိုက်လေတော့ ရင်မော ရသည်။ ဇွဲ တော့ မလျှော့မိသေး။စဉ်းစားလို့
ရသူမှန်းသမျှ ၏ နေထိုင်ရာသို့အရောက်သွားခဲ့၏။ ငယ်သူငယ်ချင်းတစ်ယောက်ဆီရောက်မှ သက်မချ
နိုင်ခဲ့သည်။ သူမပိုင်မြေပေါ်မှာနေထိုင်ခွင့်ပေးသည်။ ကျွန်မတို့ သားအမိ နေထိုင်ရမည့်နေရာသို့ သူငယ်ချင်း
က လိုက်ပြပေး၏။ ပေနှစ်ဆယ်မြေကွက်ပေါ်မှာ ဆယ့်ရှစ်ပေ၊ ဆယ်ပေအခန်းကို ထက်ဝက်ပိုင်းထားသေးသည်။
အနောက်ဘက်မှာ ရေသုံးဖို့ ငါးပေခန့်ထုတ်ထားပေး၏။ လျှပ်စစ်မီးရှိပေမဲ့ အရေးကြီးသော အိမ်သာ က
မဆောက်ရသေး။
“ သူငယ်ချင်းတို့ သားအမိနှစ်ယောက်ထဲဆိုတော့ အခန်းတစ်ခန်းထဲ နေလို့လောက်ပါတယ် ၊ ကျန်တဲ့တစ်ခန်း
ကို လူငှားလာရင်လက်ခံထားပေးစမ်းပါ ၊ နေမယ်ဆိုရင်တော့ အိမ်သာကိုဆောက်လိုက်ပေါ့ မဟုတ်ဘူးလား ”
သူငယ်ချင်း ၏ စကားသံအဆုံးမှာ သက်ပြင်းကိုမသိမသာခိုးချလိုက်ရ၏။ အိမ်သာတစ်လုံးဆောက်ရမည့်
ကုန်ကျစရိတ်က အဆောင်ငှားနေခ သုံး ၊ လေးဆခန့်ရှိလိမ့်မည်။ အဆောင်ခမပေးနိုင်၍ အကူအညီ
တောင်းကာမှ ပိုဆိုးနေ၏။ နေစရာမရှိမဲ့အတူတူ ဒီနေရာလေးမှာ ခဏမှေးနေရရင်ပဲ အဆင်တော်တော်
ပြေသွားလိမ့်မည်ဟု မျှော်လင့်ပြီး နေထိုင်ဖို့ဆုံးဖြတ်လိုက်သည်။ သား ကို အကျိုးအကြောင်းပြောပြပြီးပြောင်းဖို့
ပြင်ဆင်ခဲ့ကြသည်။ လက်ထဲမှာ စားသောက်စရိတ်က နှစ်ရက် ၊ သုံးရက်စာသာကျန်တော့၏။ အကူအညီ
တောင်းစရာလူလည်းကုန်သလောက်ဖြစ်နေပြီး။ ချေးငှားလို့ရနိုင်သူလည်း တစ်ယောက်တစ်လေမှ
မမြင်။ သား ကို ပြောပြလိုက်ရတော့သည်။ တွေဝေငေးငိုင်သွားသော သား မျက်နှာကိုကြည့်ပြီး သနားမိ၏။
“ ဒါဆိုရင် သား အလုပ်ရွေးနေလို့မဖြစ်တော့ဘူး ၊ ရရာအလုပ်လုပ်ရတော့မှာပေါ့ အမေ ၊ ဒီမှာက မနက်တိုင်း
ဘောက် အလုပ်သမား လာခေါ်နေကြဆိုတော့ သား လိုက်သွားမယ် ၊ ဘာမှမပူနဲ့သိလား အမေ ”
သား ၏ အားပေးစကားက ကျွန်မ မျက်ရည်တွေကိုချူချလိုက်သလိုပင်။မျက်ရည်တွေကို လက်ဖမိုးနှင့်သုတ်ရင်း
သား ကို ပြုံးပြလိုက်မိပါတော့သည်။
+++++ အခန်း ( ၃ ) +++++
မနက်စောစောထ ၊ ဘုရားရှိခိုး ၊ ထမင်းကြမ်းစားကာ အလုပ်သွားရှာတတ်သော သား ကို ကြည့်ပြီး ပီတိ
ဖြစ်နေရသည်။ ကျွန်မ အထင် နှင့် အမြင် တက်တက်စင်အောင်လွဲခဲ့သော သား ၏ အပြုအမူကို ကြည့်ပြီး
ဝမ်းသာမဆုံးဖြစ်နေမိသည်။ ဘောက် အလုပ်ဆိုသည်မှာလည်း ပိုက်ဆံပိုရပေမဲ့ အလွန်ပင်ပန်းသည်။ နေ့တိုင်း
အလုပ်မရှိသည်က အဆိုးဆုံးဖြစ်၏။ အလုပ်ရှိသောနေ့တွင် ငွေရပေမဲ့ အလုပ်မရှိသောနေ့တွင် ထိုင်စားနေရ
လေတော့ ပိုလျှံငွေဆိုတာမရှိ။ သည်အခန်းမှာ နေလာတာ နှစ်လနီးပါးရှိလာပြီး။ အိမ်သာ ဆောက်နိုင်ဖို့ နေနေ
သာသာ မငတ်အောင်မနည်းချွေတာသုံးစွဲနေရ၏။ ကျွန်မ ကတော့ ဆီးအို နှင့် အဆင်ပြေအောင်ဖြေရှင်းလို့
ရပေမဲ့ သား ကတော့ မရှက်မကြောက် တစ်ခြားအိမ်တွေမှာ အကူအညီတောင်းပြီး ဖြေရှင်းနေရသည်။ နေစရာ
တစ်ခုရနေသေးသည့်အတွက် ကံကောင်းသေးသည် မဟုတ်ပါလား။ နေခွင့်ပြုသော သူငယ်ချင်း ကိုလည်း
ကျေးဇူ့တင်နေမိ၏။ သား အလုပ်နေ့တိုင်းလုပ်ရရင်တော့ အခက်အခဲတွေ မကြာခင်ပြေလည်လာလိမ့်မည်ဟု
ယုံကြည်ခဲ့သည်။ သားကလည်း အလုပ်လုပ်ခွင့်ရရေးကို တစ်ရက်မပျက်ကြိုးစားပြီး သွားရောက်ရှာဖွေနေ၏။
သည်နေ့မနက် သူငယ်ချင်း အိမ်သို့လာလည်သည်။ ပိန်းပင်များနှင့်ရှုပ်ပွနေသော အနောက်ကမြေကွက်ကို
ကြည့်ပြီး အိမ်သာ မဆောက်ရသေးမှန်းသတိပြုမိသွား၏။
“ သူငယ်ချင်းတို့ သားအမိ အိမ်သာမရှိပဲနဲ့ ဘယ်လိုနေကြတာတုန်း ”
“ ဒီလိုပဲ ဖြစ်သလိုဖြေရှင်းရတာပါပဲ ”
“ အိမ်သာလေး တစ်လုံးတောင် မဆောက်နိုင်ကြဘူးပေါ့လေ ”
“ ငါ တို့ တစ်ကယ် အဆင်မပြေလွန်းလို့ပါ သူငယ်ချင်း ရယ် ၊ ဆောက်ချင်တာပေါ့ ”
“ ဒီလိုဆိုရင်လည်း ငါ အိမ်သာဆောက်ပေးပါ့မယ် ၊ ဒါပေမဲ့ နင်တို့သားအမိ ကို အလကား ပေးမနေနိုင်
တော့ဘူး ၊ ဒီလကုန်တာနဲ့ အိမ်လခ တစ်သောင်းခွဲပေး ၊ မပေးနိုင်ရင်တော့ အခန်းရှာတော့ သိလား ”
“ ဟင် ”
ကျွန်မ ဘာမှပြန်မပြောတတ်တော့။ အိမ်ရှင် စိတ်တိုင်းကျလုပ်ပေးမှ အဆင်ပြေတော့မည်။
“ အိမ်မှာတော့ အလကားတက်နေသေးတယ် အိမ်နောက်က ပိန်းပင်တွေကို ရှင်းပေးဖေါ်တောင်မရဘူး ”
“ ဒါက ”
“ ထားပါအေ ၊ ဆင်ခြေပေးတော့မယ်ဆိုတာ သိပြီးသား ”
ကျွန်မ ကို ဘာမှပြောခွင့်မပေး ။ သူပြောချင်ရာပြောကာ လကုန်ရင် လခ လာယူမည်ဟုပြောဆိုပြီးပြန်သွား
လေသည်။ အမှန်တစ်ကယ်ဖြစ်တည်မှု့ နှင့် တစ်ခါတရံအမြင်ကြားမှာ ကွာဟချက်ကြီးမားတတ်သည်။
အမှန်အတိုင်းပြောဆိုမှု့ကို ညည်းညူပြနေသည်ဟု မြင်နေသည်က အခက်သား။ ဘယ်လိုဖြေရှင်းရပါ့မလဲ။
ခေါင်းငိုက်စိုက်နှင့်လှမ်းလာနေသော သား ကို မြင်လိုက်ရတော့ သည်နေ့လည်း အလုပ်မလုပ်ရပြန်ဘူးလို့
အတတ်သိလိုက်သည်။ အိမ်ပေါ်တက်လာပြီး ကျွန်မ မျက်နှာငြိုးနေသည်ကို သား က သတိထားမိသည်ထင်ပါ့။
“ မျက်နှာလည်း မကောင်းပါလား အမေ ၊ နေမကောင်းဘူးလား ”
“ နေမကောင်းလို့မဟုတ်ပါဘူး သား ရယ် ၊ စိတ်ညစ်နေလို့ပါ ”
“ ဘာများစိတ်ညစ်စရာရှိနေလို့လည်း အမေ ၊ သားကိုလည်း ပြောပြပါဦး ”
“ ဒီမနက် အိမ်ရှင်လာသွားတယ် ၊ အိမ်သာ မဆောက်ရသေးတာနဲ့ အိမ်နောက် က ပိန်းပင်တွေ မခုတ်လို့
အမေ့ ကို ဆူသွားသေးတယ် ”
“ သြော် ”
“ ပြီးတော့ ဒီလကုန်ကစပြီး အိမ်လခ တစ်သောင်းခွဲ ပေးရတော့မယ်တဲ့ ”
“ ဒါတော့ မတရားဘူးထင်တယ် ၊ လကုန်ဖို့က တစ်ရက်နှစ်ရက်ပဲလိုတော့တာ ၊ ဘယ်လိုလုပ်ကြမလဲ အမေ ”
“ အမေ လည်း မစဉ်းစားတတ်တော့ပါဘူး သား ရယ် ”
ကျွန်မ စကားကို နားထောင်ပြီး ခေါင်းကုတ်ကာထွက်သွားသော သားက လမ်းမပေါ်မှာ ငူငူကြီးထိုင်နေသည်။
လက်နှစ်ဖက်ဖြင့် ခေါင်းကိုပွတ်သတ်နေ၏။ခေါင်းကို ဘယ်ညာရမ်းကာ ဇက်ချိုးသလိုပြုနေပြန်သည်။ဘယ်ဘက်
လက်ဖ၀ါးကို ညာဘက်လက်သီးနှင့်ထိုးကာ အံ့ကြိတ်နေသည်ကို မြင်လိုက်ရတော့ ကျွန်မ သား အနားမှာ
သွားထိုင်လိုက်ရင်း သား ကြောပြင် ကို ပွတ်သတ်ပေးနေမိသည်။ ခေါင်းကိုခါရမ်းရင်း အိမ်ပေါ်တက်သွားသော
သား အဖြစ်ကိုကြည့်ကာရင်ထဲမှာမချိဖြစ်လာသည်။အဆင်ပြေအောင် ကူညီနိုင်ရေးလမ်းစရအောင် စဉ်းစား
ကြည့်မိ၏။
“ စိတ်ညစ်မနေနဲ့ သိလား အမေ ၊ ဒီကိစ္စကို သား မရ ၊ ရအောင်ဖြေရှင်းပေးပါ့မယ် ၊ အပြင်သွားလိုက်ဦးမယ် ”
အရောင်ထွက်နေသော မျက်ဝန်းများနှင့် ပြောဆိုနေသည်။ သား မျက်နှာ မှာတော့ ယုံကြည်မှု့အပြည့်နှင့်။
လမ်းမဘက်သို့ တစ်ရွေ့ရွေ့လျှောက်သွားသော သား ၏ ကြောပြင်ကိုကြည့်ပြီး လုပ်နိုင်ပါစေလို့ဆုတောင်း
ပေးလိုက်မိသည်။ သား ၏ ကြောပြင်မှာ ထူးခြားချက်တစ်ခုတွေ့လိုက်ရ၍ အံ့အားသင့်သွားသည်။ ခါး မှာ
တစ်ခုခုထိုးသွားသလိုမြင်လိုက်ရ၏။ ဘာမှန်းတော့ သဲကွဲစွာမမြင်လိုက်ရ။ ကျွန်မ အိမ်ပေါ်တက်ပြီး ဘာများ
ယူဆောင်သွားတာလဲလို့ ရှာကြည့်သည်။ အိပ်ခန်းထဲမှာ ဘာမျှအရာမယွင်း။ ရေသုံးကပြင်ဘက်ထွက်ပြီး
ကြည့်သည် သူ့နေရာနှင့်သူ။ နံရံမှာထိုးထားသည့် ဓါးမတစ်ချောင်း မတွေ့ရတော့။ ဒါဆို သား ခါးမှာ ထိုးပြီး
ယူသွားသည်က ဓါးမ ပေါ့။ ကျွန်မ အိမ်ပေါ်မှ အပြေးကလေးဆင်းကာ လမ်းမဘက်ကြည့်လိုက်သည်။ သား ကို
မမြင်ရတော့။ ထမိန် ကို တိုတိုပြင်ဝတ်ကာ လမ်းမဘက်ပြေးထွက်ခဲ့၏။ လမ်းမအရောက် ဘယ်ညာ ကြည့်မိ
ပြန်တော့ သား ကို မတွေ့။ ဘယ်ထွက်သွားမှန်မသိလို့ ဘယ်ကိုလိုက်ရမှန်းမသိ။ ကျွန်မ ရင်ထဲလောင်မြိုက်
လာသည်။ သား ၏ လက်ချက်ကိုသိနေသော အမေ တစ်ယောက်အနေနှင့် ပို၍ ပူလောင်ရ၏။ ညာဘက် ကို
ရွေးချယ်ပြီး ပြေးလိုက်သွားကာ သား ကို ရှာကြည့်မိသည်။ အစအနတောင်မတွေ့ရ။ မောဟိုက်လွန်း၍ ခဏ
ထိုင်နားလိုက်၏။ သား ကို တွေ့အောင် ဘယ်နေရာမှာ သွားရှာရမှန်းမသိဖြစ်နေသည်။ ပူပန်မှု့များစွာနှင့်
အိမ်ဘက်သို့ ပြန်လည်လျှောက်လှမ်းလာခဲ့ရပေမဲ့ စိတ်က မဖြောင့်။ နေမထိ ၊ ထိုင်မထိဖြစ်နေ၏။ သား
ပြန်လာမည့် လမ်းဘက်သို့ မကြာခဏ လှမ်းကြည့်ဖြစ်သည်။ တစ်ယောက်ယောက်လမ်းလျှောက်
ဝင်လာလျှင် သား များလာဟု ကြည့်မိသည်က အမော။ သည်လိုနှင့် အချိန်တွေက တဖြည်းဖြည်း
ကုန်လာသည်။ သား ပြန်မရောက်လာသေး။ မိုးချုပ်လို့မှ သား ပြန်မရောက်လာလျှင် ရဲစခန်းသွားပြီး
အကူအညီတောင်မည်ဟု ဆုံးဖြတ်ချက်ချထားလိုက်သည်။ ညနေ ထမင်း ၊ ဟင်း ချက်ပြီးသည်အထိ
ရောက်မလာသေးသော သား ကို အိမ်ပေါက်ဝမှ ထိုင်ကာ မျှော်နေမိ၏။ နေရောင်ခြည် က တဖြည်းဖြည်း နှင့်
ဆုတ်ခွါပျောက်ဆုံးနေကြပြီး။ သူ့နေရာမှာ အစားထိုးနိုင်ရေး လမ်းမီးများ လင်းလက်နေကုန်ပြီး ။ လမ်းထဲသို့
လူတစ်ယောက် လျှောက်ဝင်လာနေသည်မို့ သေချာစူးစိုက်ကြည့်လိုက်မိ၏။ ကွဲကွဲပြားပြား မြင်ချိန်ကျမှ
သား ဖြစ်ကြောင်းမြင်တွေ့လိုက်ရ၏။ ရင်ထဲမှာ ကြိတ်၍ ၀မ်းသာသွားမိသည်။ သား လက်နှစ်ဖက်မှာ အထုပ်
တွေ ဆွဲလာတာမြင်လိုက်ရ၏။ တဖြည်းဖြည်းနှင့် နီးလာတော့ သား ၀တ်သွားသော စွတ်ကျယ်မှာ သွေးတွေ
ပေနေတာမြင်ကာ မိုက်ခနဲဖြစ်သွားသည်။ ထင်သလိုဖြစ်မလာပါစေနဲ့။ လဲပြို မသွားအောင် တံခါးဘောင် ကို
ကိုင်ရင်း ကြည့်မိပြန်တော့ မေးစေ့အောက် ၊ ရင်ဘတ် နှင့် လက်မောင်းမှာ ပွန်းရာ ၊ ပဲ့ရာ တွေနှင့် သွေးတွေပေ
နေသည်ကိုမြင်လိုက်သည်။
“ အားလုံး အဆင်ပြေသွားပြီး အမေ ”
သား က ပါးစပ် မှ ပြောရင်း အထုပ်ကမ်းပေးနေသည်ကို မယူရဲ။ မယူမိ။ ကြောင်ကာကြည့်နေမိသည်။
“ ယူလေ အမေ ၊ အဲဒီထဲမှာ ပိုက်ဆံလည်းပါတယ် ”
“ ဒါတွေက ဘာတွေလဲ ”
“ ဆန်တွေပါ အမေ ”
“ ဘယ်က ယူလာတာလဲ ၊ ဘယ်လို ရလာတာလဲ ၊ နင့် ကိုယ် မှာ ဘာလို့သွေးတွေပေနေရတာလဲ ”
“ သား ရေသောက်ပါရစေဦး ပြီးမှပြောပြပါ့မယ် ”
“ မရဘူး ၊ အခုပြော ၊ နင် မဟုတ်တာလုပ်လာတာလား ”
“ ဘာကို မဟုတ်တာလုပ်ရမှာလဲ အမေ ရယ် ”
“ ဒါဆို အဲဒီသွေးတွေက ဘာဖြစ်လို့ပေနေရတာလဲ ”
“ ဒါလား ၊ သား မတက်တတ် တက်တတ်နဲ့တက်လို့ အုန်းပင်ပေါ်က ချောကျထားတဲ့ ဒါဏ်ရာတွေပါ အမေ ”
သား ကမ်းပေးနေသော ဆန်ထုပ်ကိုလှမ်းယူရင်း “ဟူး” ကနဲ လေပြင်းမှုတ်ထုတ်လိုက်သည်။ ထိုလေပြင်း
နှင့်အတူ စိုးရိမ်သောကတွေ လိုက်ပါပျောက်ကွယ်သွားမှ တံခါးဝမှာ ထိုင်ချပြီး သား ကို . . . . . . . . . .
လမ်းပြကြယ် ဘချစ်
၈ . ၁၁ . ၂၀၁၅
၁၄း ၅၇ (ညနေခင်း)

[ ကမ်းလက်များ ရသ၀တ္ထုတိုပြိုင်ပွဲ အမှတ်စဉ်-၅ ( နိုဝင်ဘာလ-၂၀၁၅ ) ]

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...