Saturday, December 12, 2015

သီပေါဘုရင်၏မြစ်တော် ဒေါ်ဒေဝီသန့်စင် ။ ။


ရွှေတိဂုံစေတီတော် တောင်ဘက်မုခ် ကားမှတ်တိုင်သို့ (၃)ကားဟု အလွယ်ခေါ်သည့် မထသ အမှတ်(၃)ဟိုင်းလတ်လိုင်းကား ထိုးဆိုက်လိုက်သည်နှင့် ယောဂီလုံချည်ဝတ်အမျိုးသမီးကြီးတစ်ဦး ကားလက်ကိုင်တန်းကို ကျွမ်းကျွမ်းကျင်ကျင်ဆွဲကိုင်အားပြုကာ ကားပေါ်သို့ တက်လာသည်။
ဘေးတန်းထိုင်ခုံအစွန်ဆုံးတွင် နေရာယူလိုက်ပြီးနောက် ယာဉ်နောက်လိုက်ထံသို့ လက်ပွေ့အိတ်ထဲမှ ယာဉ်စီးခကျသင့်ငွေကို ကမ်း ပေးလိုက်သည်။ ထိုင်ခုံတွင်ထိုင်ရင်း လက်တစ်ဖက်က အပေါ်မှသံတန်းကို အားကိုးတကြီးကိုင်ထားရသေးသည်။

အမည်းရောင်ထက် အဖြူရောင်ပိုလွှမ်းနေသည့် ဆံပင်ကို သေသေသပ်သပ်ထုံးထားသည့် ထိုအမျိုးသမီးကြီးက အသက် (၆၀)ခန့်ရှိသည်။
ယင်းမာခြေညှပ်ဖိနပ်အဖြူရောင်ကိုစီးထားသည့် ခြေအစုံက ယောဂီလုံချည်အောက်တွင် ဖွေးဖွေးလွှလွှရှိလှသည်။ သန့်ပြန့်သည့် ယောဂီလုံချည်နှင့် အင်္ကျီအဖြူကို ကျကျနနဝတ်ဆင်ထားသည်မှအပ အမျိုးသမီးတစ်ယောက်၏ အခြားသောအဆင်တန်ဆာများကို မတွေ့ရ။ နားကပ်ပန်ဆင်ရန် နားပေါက်ပင်မတွေ့။ သို့သော် သားရေကြိုးတပ်လက်ပတ်နာရီကိုတော့ လက်ကောက်ဝတ်အပေါ်နား ဆီတွင် ခပ်ကျပ်ကျပ်ဝတ်ဆင်ထားသည်။
ရိုးရှင်းသည့် သွင်ပြင်နှင့် ယောဂီဝတ်စုံဝတ်ထားသော အမျိုးသမီးကြီးမှာ သူလိုကိုယ်လိုသာမည အရပ်သူတစ်ယောက်မဟုတ်သည် ကိုမူ ကားပေါ်တွင် ပါလာသည့် မည်သူတစ်ဦးတစ်ယောက်ကမျှ သိလိမ့်မည်မဟုတ်ပေ။
သူမသည်ကား ကမ္ဘာတွင် မြန်မာဟေ့ဟု ကိုယ့်ထီးကိုယ့်နန်းကိုယ့်ကြငှန်းဖြင့် နေလာခဲ့ကြသည့် မြန်မာဘုရင်များ၏ နောက်ဆုံးမင်း ဆက်ဖြစ်သော သီပေါဘုရင်နှင့် မိဖုရားခေါင်းကြီး စုဖုရားလတ်တို့၏ မျိုးဆက် အနွယ်တော်များထဲမှ တစ်ဦးဖြစ်လေသည်။ ပါတော်မူအရှင်နှစ်ပါး၏ မြစ်တော်ဒေါ်ဒေဝီသန့်စင်.. ။
အင်္ဂလိပ်ဘုရင်ခံ ဆာဒေါ်မန်စမစ်က မိဖုရားခေါင်းကြီး စုဖုရားလတ်အုတ်ဂူတော်စောင့်ရှောက်ရန်ပေးထားသည့် ရွှေတိဂုံစေတီတောင် ဘက်မုခ်၊ ရွှေတိဂုံဘုရားလမ်းပေါ်ရှိ ပေ ၅၀ မြေကွက်ပေါ်တွင် မြေးတော်တစ်စု ပူးပေါင်းဆောက်လုပ်ထားသော နှစ်ထပ်ပျဉ်ထောင် အိမ်အောက်ထပ်တွင် ဒေါ်ဒေဝီသန့်စင်က မိခင်ဖြစ်သူနှင့်အတူ နေထိုင်လျက်ရှိသည်။ အပေါ်ထပ်တွင်မူ ကြီးတော်ဖြစ်သူ ထိပ်စုဖုရားကြီး (စတုတ္ထသမီးတော်၏ ဒုတိယသမီးတော်)မိသားစုနေထိုင်သည်။ ယခုဆိုလျှင် အရှင်နှစ်ပါး ပါတော်မူခဲ့သည်မှာ ၁၂၆ နှစ်ရှိခဲ့ပြီဖြစ်၏။ အရှင်နှစ်ပါး၏ သွေးအနီးစပ်ဆုံးအနွယ်တော်ဆို၍ စတုတ္ထသမီးတော်၏ ဒုတိယသားတော်ဘုရား (၈၈) နှစ်နှင့် ဒုတိယသမီးတော်ထိပ်စုဖုရားကြီး (၈၉)နှစ်တို့ မြေးတော်နှစ်ဦးသာ ကျန်တော့၏။
သို့သော် အနွယ်တော်အနေဖြင့်ကြည့်ပါက ပါတော်မူပြီး နှစ်ပေါင်း (၁၀၀)ကျော်ကာလ ကြာမြင့်သည့်အခါတွင် မြေးတော်များမှသည် မြစ်တော်၊ တီတော်၊ တွတ်တော်တို့အထိပင် ရောက်ရှိနေပြီဖြစ်လေ၏။
အနွယ်တော်အားလုံးထဲမှ တတိယနှင့် စတုတ္ထမျိုးဆက်အများစုမှာ မြန်မာနိုင်ငံ ရန်ကုန်မြို့နှင့် ပြင်ဦးလွင်တို့တွင် နေထိုင်လျက်ရှိကြ သည်။ အရှင်နှစ်ပါး၏ ပထမသမီးတော်ကြီး၏ သမီးတော် (တုတု)မိသားစုမျိုးဆက်များမှာမူ အိန္ဒိယနိုင်ငံ ရတနာဂီရိတွင် နေထိုင် လျက်ရှိ၏။
သီပေါဘုရင်၏ မျိုးဆက်သုံးဆက်သာခြားသော မြစ်တော်ဒေါ်ဒေဝီသန့်စင်တွင် မင်းစိတ်မင်းမာန်မင်းဟန်ပန်တို့ တစ်ခုမျှ မတွေ့ရ။ သူမကို ကြည့်လိုက်လျှင် မြန်မာဝတ်စုံ သေသေသပ်သပ်ဝတ်ဆင်ထားတတ်ပြီး ရိုးရိုးစင်းစင်းနှင့် ကျို့ကျို့ရို့ရို့ပင်ဖြစ်သည်။
လက်ရှိ သူမနေထိုင်ရာ ဘုရားလမ်းနေအိမ်ကလည်း နှစ်ပေါင်းများစွာ ကြာမြင့်လာသည့်အတွက် အတော်ပင် အိုလှပြီဖြစ်၏။ မြေညီ ထပ်ဧည့်ခန်းထဲဝင်လိုက်သည့်အခါ သစ်သားဆက်တီခုံလေးငါးလုံးက ဟောင်းနွမ်းနေပြီဖြစ်သော်လည်း ဧည့်ခန်းအတွင်း ပြည့်နှက် နေသည့် စာအုပ်များက ဧည့်ခန်း၏ အလှကိုဆောင်နေလေသည်။ ထို့ထက်ကား နံရံပေါ်မှ အရှင်နှစ်ပါး၏ ပန်းချီကားကြီးနှင့် ငြိမ်းချမ်းရေး သင်္ကေတရွှေချည်ထိုး ဒေါင်းရုပ်ကားချပ်ကြီးကမူ ဟောင်းနွမ်းနေသည့် ဧည့်ခန်းလေး၏ ဂုဏ်ကိုခံ့ညားထည်ဝါအောင် မြှင့်တင်ပေးလိုက်သလိုရှိတော့သည်။
လူလေးငါးခြောက်ယောက်ခန့်သာ ဧည့်ခံနိုင်မည့်အကျယ်အဝန်းရှိသည့် ထိုဧည့်ခန်းသည် တစ်ချိန်က မြန်မာနိုင်ငံကို အုပ်ချုပ်မင်းလုပ် တော်မူခဲ့သည့် အရှင်နှစ်ပါး၏ မြေးတော်၊ မြစ်တော်များနေထိုင်ရာအိမ်မှ ဧည့်ခန်းဖြစ်လေသည်။
ဒေါ်ဒေဝီသန့်စင်က သိပ္ပံဘွဲ့ရဆည်မြောင်းအရာရှိတစ်ဦးအဖြစ် ခင်ပွန်းဖြစ်သူ ဦးအေးကို (အင်ဂျင်နီယာ)နှင့်အတူ နှစ်ပေါင်း ၂၀ ကျော်တာဝန်ထမ်းဆောင်ခဲ့ပြီးမှာ ၁၉၉၀ ပြည့်နှစ်က အသက်မပြည့်မီတွင် ပင်စင်ပေးခံခဲ့ရသည်။ သားလေးဦးထွန်းကားခဲ့ရာ အနွယ် တော်မျိုးဆက်တွတ်အထိပင် ရှိနေပြီဖြစ်၏။ ယခုအခါ ‘‘အောင်ပင်လယ်’’ဆိုသည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မဂ္ဂဇင်း တစ်စောင်ကို တာဝန်ယူထုတ်ဝေလျက်ရှိကာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စာပေများကို ရေးသားပြုစုဟောပြောနေသော သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ တက်ကြွလှုပ်ရှားသူတစ်ဦးဆိုကလည်း မမှားပေ။ ထို့အပြင် စိမ်းရောင်စိုစာပေအဖြစ် စာအုပ်ထုတ်ဝေသူတစ်ဦး ဖြစ်နေပြန်သည်။ ထို့ကြောင့် စာပေလောကထဲမှ စာပေသမားတစ်ဦးလည်းဖြစ်သည်။
လူငယ်များနှင့် စကားပြောသည့်အခါ သူ့ကိုယ်သူ ဒေါ်လေးဟု သုံးနှုန်းတတ်သည့် ဒေါ်ဒေဝီက အနွယ်တော်ဝင်တစ်ဦးဖြစ်သော် လည်း မိသားစုအတွင်းအနေအထိုင်အပြောအဆိုတို့အကြောင်း မေးသည့်အခါ သာမန်အတိုင်းပါပဲဟု ခပ်ပြုံးပြုံးနှင့် ရိုးရိုးရှင်းရှင်းဖြေ တတ်သည်။
‘‘ဒေါ်လေးတက္ကသိုလ်မတက်ခင်အထိ အိမ်မှာ အဖေတွေ၊ အမေတွေကို ဘုရားထူးတယ်။ ဟုတ်ကဲ့ဆိုရင် တင်ပါ့လို့ပြောတာပေါ့ လေ။ အဲဒါပဲရှိပါတယ်။ ကျန်တာကတော့ သာမန်အတိုင်း နေထိုင်ပြောဆိုတာပါပဲ’’ဟု တစ်ဦးတည်းသောသမီးဖြစ်သည့် ဒေါ်ဒေဝီက အိမ်တွင်းစကားအသုံးအနှုန်းများနှင့်ပတ်သက်၍ ရှင်းပြသည်။ သူမ၏ ဖခင်ဖြစ်သူကိုမူ ‘‘တော်တော်’’ဟူ၍သာ သူမက ခေါ်ဆိုသည်။
သို့ရာတွင် ဒေါ်ဒေဝီသန့်စင်၏ ဖခင်တော်ဘုရားကလေး ဦးအောင်ဇေ၏ အစ်ကိုကြီးဖြစ်သူ တော်ဘုရား(လက်ရှိပြင်ဦးလွင်မြို့တွင် သက်ရှိထင်ရှားနေထိုင်လျက်ရှိပြီး စတုတ္ထသမီးတော်၏ ဒုတိယသားတော်)မိသားစုကမူ ထီးသုံးနန်းသုံးအတိုင်း သုံးနှုန်းပြောဆိုနေဆဲ ဖြစ်သည်ကို ဒေါ်ဒေဝီထံမှ သိရသည်။
တစ်ခါတစ်ရံ ပြင်ဦးလွင်မြို့ အိမ်(အိမ်တော်)၌ ဦးရီးတော်ဖြစ်သူ တော်ဘုရားနှင့် စကားပြောသည့်အခါ အသုံးအနှုန်းမှားယွင်းတတ် သဖြင့် သတိထားပြောဆိုရကြောင်းကို ဥပမာတစ်ခုနှင့် ပြောပြရင်း သူ့စကားနှင့်သူ သဘောကျနေသေးသည်။
‘‘ဘကြီးတော် (ဦးရီးတော်ကိုခေါ်ပုံ)က တစ်ခုခုပြောလိုက်ရင် တင်ပါ့ဘုရားမပြောဘဲနဲ့ ဟုတ်ကဲ့လို့ ပြောမိတယ်။ မြန်မြန်ပြန်ပြင်ပြောရ တယ်။ တင်ပါ့ဘုရားပေါ့။ ငယ်ငယ်တုန်းကတော့ ပြင်ဦးလွင်မြို့မှာ ကျောင်းသွားတက်နေသေးတော့ အထိအတွေ့ရှိတယ်။ အိမ်မှာ လည်း မပြောတော့ အခုပြောကျင့်မရှိတော့ဘူးပေါ့’’ဟု ပြောသည်။
မြန်မာ့ယဉ်ကျေးမှုအသုံးအနှုန်းဖြစ်သော ‘‘ပါ’’ကိုသာ ‘‘ထမင်းစားပြီးပါပြီ’’ ‘‘အိပ်ပါတော့မယ်’’စသည်ဖြင့် ထည့်သွင်းသုံးစွဲပြောဆိုပြီး ထီးသုံးနန်းသုံးစကားများ ပြောဆိုသုံးနှုန်းခြင်းမရှိသည့်အတွက် ရိုင်းစိုင်းသူတစ်ဦးအဖြစ်ပင် အနွယ်တော်များကြား သူမမှာ အပြစ်တင်ခံခဲ့ရဖူးသည်။
ထီးသုံးနန်းသုံးအလေ့အထများ လုံးဝမရှိဘဲ သာမန်အရပ်သူတစ်ယောက်လို ခံယူရပ်တည်နေသည့် မြစ်တော်ဒေါ်ဒေဝီက တစ်ခါ တစ်ရံ တိုက်ဆိုင်မှုများကြုံသည့်အခါတိုင်း အနွယ်တော်တစ်ယောက်အနေဖြင့် တော်ဝင်မိသားစုဝင်တစ်ယောက်အဖြစ် ထိခိုက်ခံစား ရတတ်ကြောင်း သူမက ရင်ဖွင့်သည်။ ‘‘ပလ္လင်တော်ကြီး အမျိုးသားပြတိုက်ရောက်သွားတော့ ဘိုးဘွားတွေထိုင်ခဲ့တဲ့ ပလ္လင်ကြီးသွား ကြည့်တယ်။ အဲဒီမှာ ပြတိုက်ကိုလာကြည့်ကြတဲ့ နယ်ဘက်က မိသားစုတစ်စုနဲ့တွေ့တယ်။ သူတို့က ဟာ.. ဒီဘုရင့်အမျိုးတွေ ဘယ် ရောက်ကုန်ပြီလဲမသိဘူး၊ ရှိသေးလားမသိဘူးပေါ့ တစ်ယောက်က စပြောတယ်။ ရှိရင်ရှိဦးမှာပေါ့တဲ့။ သူတို့ဟာသူတို့ ငြင်းနေကြတာ ပေါ့လေ။ တစ်ယောက်က ပြန်ပြောတယ်။ ‘‘သူ့ကျွန်မခံပြီ’’ရုပ်ရှင်ပြတုန်းက တွေ့ဖူးလား၊ ပါသွားကြပြီလေ။ ကလေးလေးတွေရော လေ ဘယ်ပြန်ရောက်မလဲတဲ့’’
‘‘အဲဒီအချိန်မှာ စိတ်ထဲအရမ်းဝမ်းနည်းသွားတယ်။ တကယ်တော့ ဒါက ခံစားစရာမဟုတ်ဘူးလေ။ လူတွေက ဒါကြည့်ရင် ဒါမေးကြ ပြောကြရမှာပေါ့။ ကိုယ့်ခေါင်းထဲမှာ ဘာမှမရှိဘူးနော်။ ဒါတွေအပေါ်မှာ။ ဒါပေမဲ့ ကိုယ့်သွေးထဲမှာ စီးနေတဲ့ ဒီသွေးကြောင့် တစ်ခါ တစ်ခါမှာ ပေါ်ပေါ်လာတယ်ပြောရမယ်’’ဟု ဒေါ်ဒေဝီက သူ့ခံစားချက်ကို ပြန်ပြောင်းပြောပြသည်။
တော်ဝင်မိသားစုဆိုင်ရာ သမိုင်းမှတ်တမ်းအချို့တွင် ဒေါက်တာဘမော်လက်ထက်တုန်းက သီပေါဘုရင်၏ မြေးတော်များဖြစ်သော တော်ဘုရားကြီးနှင့် ဒေါ်ဒေဝီသန့်စင်၏ ဖခင်တော်ဘုရားကလေး ဦးအောင်ဇေတို့ ညီအစ်ကိုနှစ်ဦးကို ဘုရင်တင်မြှောက်ရန် ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ဖူးကြောင်း ဖော်ပြချက်နှင့်ပတ်သက်၍ ဒေါ်ဒေဝီသန့်စင်က
‘‘ဂျပန်ခေတ်က နန်းလျာမင်းသားညီနောင်နှစ်ပါးဆိုပြီး အဲဒီစာအုပ်ထဲမှာ ရေးထားတယ်။ ဒါပေမဲ့ အဲဒီထဲမှာ ဖော်ပြထားတဲ့အတိုင်း ဘကြီးတော်ကြီး (တော်ဘုရားကြီး)က လက်မခံဘူး။ အဲဒီအချိန်မှာ လွတ်လပ်ရေးတိုက်ပွဲဝင်နေတဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့ရှိနေပြီ လေ။ ဒါကတော့ သမိုင်းနောက်ခံအကြောင်းလေးပေါ့’’ဟု သမိုင်းမှတ်တမ်းကို ပြန်လည်ကိုးကားရှင်းပြသည်။
အမှန်တကယ်တော့ ဒေါ်ဒေဝီတို့မိသားစုက ပဒေသရာဇ်စနစ်ကို ဆန့်ကျင်ခဲ့ကာ သူ့ဖခင်တော်ဘုရားလေးဦးအောင်ဇေက သူ့မင်းမျိုး အနွယ် ‘‘တော်ဘုရားကလေး’’နာမည်ကို စွန့်လွှတ်ခဲ့ပြီး ဦးသန့်စင်ဟူသော နာမည်ကို ပြောင်းလဲခဲ့သည်။ ထို့ကြောင့်လည်း သူမကို သာမန်အရပ်သူအနေဖြင့်သာ ‘‘ဒေဝီသန့်စင်’’အမည်ကို ပေးခဲ့ခြင်းဖြစ်သည်။
ကုဋေချီပြီး ပိုင်ဆိုင်ခဲ့သည့် တော်ဝင်မိသားစုအနွယ်တော် နီးနီးစပ်စပ်ဖြစ်နေသေးသော သူ့မိသားစုထံတွင် အစဉ်တစိုက်ထိန်းသိမ်းရ သည့် မိသားစုအသုံးအဆောင်များရှိပါသလားမေးရာ ဒေါ်ဒေဝီက သဘောကျလွန်းစွာ ဟက်ဟက်ပက်ပက်ရယ်လေသည်။
‘‘ဘာမှမရှိပါဘူးကွယ်။ ဘာပစ္စည်းမှမရှိပါဘူး။ လူတွေတောင် ဖမ်းဆီးပြီး ခေါ်သွားကြတာဆိုတော့ သမီးတော်နှစ်ပါးကလည်း ငယ် ငယ်လေးတွေလေ။ ဘာပစ္စည်းမှ မကျန်ပါဘူး’’ဟု ဆိုလေသည်။
သက်တမ်းတစ်လျှောက်လုံးတွင် တော်ဝင်မိသားစုဝင်တစ်ယောက်အနေဖြင့် အထူးအခွင့်အရေးတစ်စုံတစ်ရာ ခံစားဖူးပါသလားဆို သည့် အမေးကိုမူ ‘‘ကျောင်းတက်တော့ ပညာသင်စရိတ်ကို တော်ဝင်မိသားစုကဆိုတော့ ၁၀၀ ရတယ်။ သာမန်ကျောင်းသားတွေ ကတော့ ၇၅ ကျပ်ပဲရတာပေါ့။ ဒါပေမဲ့ ဒေါ်လေးအဖေက ကုန်သည်ဆိုတော့ ကျောင်းထားနိုင်တယ်။ မယူဘူး။ မတတ်နိုင်တဲ့လူတွေ အတွက် လျော့သွားမယ်။ အခွင့်ထူးခံဆိုတာကို လက်မခံတဲ့အတွက် နိုင်ငံတော်စရိတ်နဲ့ မတက်ခဲ့ဘူး’’ဟု ဆိုသည်။
ထိုကျောင်းစရိတ်အခွင့်အရေးက သူ့ဘဝတွင် အနွယ်တော်တစ်ဦးအဖြစ် အသိအမှတ်ပြုခံရသော သူမခံစားလိုက်ဖူးသည့် တစ်ခု တည်းသော အခွင့်ထူးဖြစ်ခဲ့သည်။ အခွင့်ထူးရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ အနွယ်တော်တစ်ယောက်ဖြစ်ခြင်းက ဒေါ်ဒေဝီအတွက် ဂုဏ်မောက်စရာအကြောင်းအရာတစ်ခုလည်းမဖြစ်ခဲ့။
‘‘ဒေါ်လေးကို တော်တော်က အရွယ်ရောက်ကတည်းက ဘာသင်လဲဆိုတော့ ကိုယ်ကမင်းမျိုးမင်းနွယ်ဖြစ်လို့ ဒါနဲ့မာနတက်ဖို့မလိုဘူး တဲ့။ ဂုဏ်မောက်ဖို့မလိုဘူးတဲ့။ အဲဒါဟာ ကိုယ့်တိုင်းပြည်ကို သူများထက် ငါလုပ်ပေးစရာအများကြီးရှိတယ်ဆိုတဲ့ တာဝန်ရှိလာတာ ပဲတဲ့။ တို့က ဒီသွေးပါတဲ့အတွက် တိုင်းပြည်ကိုကြည့်ဖို့ တာဝန်ပိုရှိတယ်တဲ့’’ဟု ဖခင်ဖြစ်သူတော်ဘုရားလေးဦးအောင်ဇေ၏ ဆုံးမဩဝါဒ အတိုင်း နေထိုင်ခဲ့ပုံကို ပြောပြသည်။
ထို့ကြောင့်လည်း နိုင်ငံရေးလောကနှင့် ခပ်ဝေးဝေးကနေလိုသည်ဆိုသည့် ဒေါ်ဒေဝီက သတ္တလောကတွင် ကောင်းကျိုးတစ်စုံတစ်ရာ လုပ်ကိုင်လိုစိတ်ဖြင့် ယခုကဲ့သို့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အစိမ်းရောင်တက်ကြွလှုပ်ရှားသူတစ်ယောက်အဖြစ် ရည်တည်နေခြင်း ဖြစ်ပါလိမ့်မည်။
သို့သော် နောက်ဆုံးဇာတ်သိမ်းမလှခဲ့သည့် သူ့ဘိုးတော်၊ ဘွားတော်များအကြောင်းကမူ သူ့ရင်တွင်းတစ်နေရာတွင်တော့ ရှိနေဆဲဖြစ် သည်။
ဦးနု အစိုးရလက်ထက်က ပါတော်မူနေ့တိုင်း ရေဒီယိုမှတစ်ဆင့် (ထိုအချိန်က တယ်လီဗေးရှင်းမပေါ်သေး) မြေးတော်နှစ်ပါးထဲမှ တစ်ပါးပါးက ပါတော်မူနေ့အကြောင်း နှစ်စဉ်အသံလွှင့်ပြောကြားခဲ့ရသည်ကိုလည်း သူမက မှတ်မှတ်ရရှိနေသေးသည်။ ထိုအချိန်က သမ္မတအိမ်တော်ရာဝင်းအတွင်း ပါတော်မူနေ့၌ သီပေါဘုရင်ထိုင်တော်မူခဲ့သည့် သီဟာသနပလ္လင်တော်ကို အများပြည်သူသို့ပြသ ကြည့်ရှုခွင့်ပေးရာ ပြည်သူအများလာရောက်တန်းစီကြည့်ရှုကြသည်ကိုလည်း မမေ့သေး။
ဒေါ်ဒေဝီက သီပေါမင်းတရား နတ်ရွာစံပြီး (၇၇)နှစ်ကြာမှ သရဏဂုံတင်ခွင့်ရခဲ့သည့် ရုပ်ကလပ်တော်တည်ရှိရာ အိန္ဒိယနိုင်ငံ ရတနာ ဂီရိသို့ တစ်ခေါက်လောက်ဖြင့် အသက်သိပ်မကြီးခင်မှာ သွားရောက်လိုသည်။ ထိုဆန္ဒက နောက်ဆုံးမြန်မာမင်းဆက် သီပေါဘုရင် မျိုးဆက်တစ်ဦး၏ ဘိုးတော်အပေါ် ထားရှိသည့်သွေးသားသံယောဇဉ်ဆန္ဒတစ်ခု ဖြစ်ပေလိမ့်မည်။
ယခုအခါ ဒေါ်ဒေဝီ၏ သား၊ မြေးများမှာလည်း မင်းသွေးဆွေစဉ်ခုနစ်ဆက်တွင် ပါဝင်တော်စပ်နေသေးသော်လည်း သူ့အလုပ်နှင့်သူ သာမန်ဘဝများထဲမှာ ဖြတ်သန်းသွားရင်း မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ကျော်လွန်သွားနေသည်။
ပါတော်မူနေ့အခမ်းအနားကို မိသားစုအခမ်းအနားအဖြစ် နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်လေ့ရှိပြီး ထိုမိသားစုအခမ်းအနားက သည်ပင် သီပေါမိသားစု၏ တစ်ခုတည်းသော အခမ်းအနားတစ်ခုအဖြစ် ရှိနေသည်။ ယခုအခါ ဒေါ်ဒေဝီ၏ သားလေးဦးဖြစ်သော တီတော် လေးဦးက ယင်းမိသားစုအခမ်းအနားကို လက်လွှဲပြောင်းကာ ဦးဆောင်လျက်ရှိသည်။
သို့သော်လည်း တဖြည်းဖြည်းနှင့် နောက်ဆုံးဘုရင့်သွေးသားရင်းချာများမှာ သွေးဝေးကာ သာမန်ပြည်သူတွေ အတွေးပုံရိပ်ထဲကနေ တဖြည်းဖြည်း ပျောက်ကွယ်နေပြီဖြစ်ပါသည်။
အရှင်နှစ်ပါးနှင့် သမီးတော်လေးပါး၏ မှတ်တမ်း
သီပေါမင်းတရား
အိန္ဒိယနိုင်ငံ ရတနာဂီရိစံအိမ်တော်၌ ၁၉၁၆ ခုနှစ်က သက်တော် (၅၂)နှစ်အရွယ်တွင် နတ်ရွာစံခဲ့။ အုတ်ဂူနန်းပြာသာဒ်တော်ကို အိန္ဒိယနိုင်ငံ ရတနာဂီရိရှိ ဘုံဘေ-ရတနာဂီရိကားလမ်းဘေး မြေရိုင်းကွင်းထဲတွင် ထားရှိ။
မိဖုရားခေါင်ကြီး စုဖုရားလတ်
မြန်မာနိုင်ငံ ရန်ကုန်မြို့ ကိုယ့်မင်းကိုယ်ချင်းလမ်းရှိ စံအိမ်တော်တွင် ၁၉၃၅ ခုနှစ်က သက်တော် (၆၆)နှစ်၌ နတ်ရွာစံခဲ့။ အုတ်နန်းပြာသာဒ်တော်ကို ရန်ကုန်မြို့ ရွှေတိဂုံဘုရားလမ်း (ရွှေတိဂုံဘုရားတောင်ဘက်မုခ်အနီး)တွင် ထားရှိ။
ပထမသမီးတော် အရှင်ထိပ်စုမြတ်ဖုရားကြီး
ရတနာဂီရိစံအိမ်တော် တံခါးမှူး အိန္ဒိယနိုင်ငံသား ဂိုပယ်ဘရောင်စာဝပ်နှင့် အိမ်ထောင်ကျခဲ့ကာ အိန္ဒိယနိုင်ငံ ရတနာဂီရိ တွင်ပင် ၁၉၄၇ ခုနှစ်က ကံတော်ကုန်။ သမီးတစ်ဦးထွန်းကားခဲ့တာကို သမီးတော်(တုတု)က အိန္ဒိယသူအဖြစ်သာ အိန္ဒိယနိုင်ငံ၌ သား၊ မြေး၊ မြစ်များ မျိုးဆက်ပွားရင်း ထိုဒေသတွင်ပင် နေထိုင်လျက်ရှိ။ ပထမသမီးတော်၏ အုတ်ဂူတော်ကို သီပေါမင်းတရား အုတ်ဂူတော်နှင့် ဘေးချင်းကပ်လျက် အိန္ဒိယနိုင်ငံ ရတနာဂီရီတွင် ထားရှိသော်လည်း အရိုးအိုးထည့်သွင်းထားခြင်းမရှိဘဲ ဟောင်းလောင်းဖြစ်နေ။
ဒုတိယသမီးတော် အရှင်ထိပ်စုမြတ်ဖုရားလတ်
လတ်သခင်(တိုင်တားမင်းကြီးမျိုးနွယ်)နှင့် စုလျားရစ်ပတ်ခဲ့။ ကံတော်ကုန်သည်အထိ အိန္ဒိယနိုင်ငံကာလကတ္တားတွင် နေထိုင်။ သားသမီးမထွန်းကားခဲ့ဘဲ ကာလကတ္တားမြို့တွင် ၁၉၅၆ ခုနှစ်က နတ်ရွာစံ။ အရိုးအိုးကို မြန်မာနိုင်ငံသို့ သယ်ဆောင်ကာ စုဖုရားလတ်အုတ်နန်းပြာသာဒ်တော်ခြေရင်းတွင် မြှုပ်နှံထား။
တတိယသမီးတော် အရှင်ထိပ်စုမြတ်ဖုရား
သခင်ထိပ်တင်ကိုယ်တော်ကြီး (အိမ်ရှေ့စံကနောင်မင်းသားကြီး၏ မြေးတော်)နှင့် လက်ဆက်ခဲ့။ မြန်မာနိုင်ငံ ပြင်ဦးလွင် မြို့ရှိ စံအိမ်တော်တွင် နေထိုင်ရင်း ကံတော်ကုန်။ သားသမီးတစ်ဦးထွန်းကား။ အရိုးအိုးကို စုဖုရားလတ်အုတ်နန်းပြာသာဒ်တော်ခြေ ရင်းတွင် မြှုပ်နှံထား။
စတုတ္ထသမီးတော် အရှင်ထိပ်စုမြတ်ဖုရားကလေး
သီပေါမင်းတရား အစိုးရတွင် တရားသူကြီးဖြစ်ခဲ့သူ၏ မျိုးနွယ်ဖြစ်သော ကိုကိုနိုင်( နာမည်ရှေ့တွင် ဦးမသုံး)နှင့် လက်ဆက်ခဲ့။ မြန်မာနိုင်ငံ မော်လမြိုင်စံအိမ်တော်တွင် နေထိုင်ရင်း ကံကော်ကုန်။ သားသမီးခြောက်ဦးထွန်းကားခဲ့။ ဂူနန်းပြာသာဒ်တော်ကို မော်လမြိုင် ကျိုက်သံလံဘုရားအနီးတွင် ထားရှိ။
ကိုးကား-ရတနာပုံမှ ရတနာဂီရိသို့
Byငြိမ်းငြိမ်းနိုင်On Fri, 2015-12-04 16:14
Issue No.No.937 Friday, December 4, 2015
ဓာတ်ပုံ-ဂျေမောင်မောင် (အမရပူရ)
အရှင်နှစ်ပါး ပန်းချီကားနှင့်အတူ ယှဉ်တွဲတွေ့ရသည့်
သီပေါဘုရင်၏မြစ်တော် ဒေါ်ဒေဝီသန့်စင် ။ ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...