Monday, July 14, 2014

ဆန်းကျယ်သော မျောက်လွှဲကျော်များ

Photo: ဆန်းကျယ်သော မျောက်လွှဲကျော်များ

သြော…………………….

ဂန္ဓီဂျီးအယူအဆလို့ လူသိများတဲ့ “မပြောပရစေနဲ့။ မကြားပရစေနဲ့။ မမြင်ပရစေနဲ့။” ဆိုတဲ့ ပုံပြင်လေးက ဇာတ်တော်ထဲမှာ ပါတာကိုး။ အဲဒီဇာတ်တော်လေး အကျယ်မပြောခင် ဆယ်တန်းအင်္ဂလိပ်စာ ပြဌာန်းစာ အဟောင်းမှာပါတဲ့ ဆရာကြီးဒေါက်တာထင်ကျော် မူရင်းရေးပြီး ဆရာကြီးတက်တိုးစုစည်းပေးတဲ့ “Selected Myanmar Tales”ထဲက “The Four Young Men” တို့ “Too Much Knowledge Maketh Fools”တို့ဆိုတာတွေလည်း ပိဋကတ်စာပေကနေ လာတာ ပါတာတွေပါပဲ။ 

“The Four Young Men"လူငယ်လေးယောက် ပုံပြင်ကို ဖွင့်ပြတဲ့ မူလပဏ္ဏာသအဋ္ဌကထာက မှတ်သားစရာတွေ ပြည့်နေတာကြောင့် တစ်ပုဒ်သီးသန့်ရေးတာပ။ “Too Much Knowledge Maketh Fools” အတတ်ကြူး အရူးဖြစ်ကတော့ ပိဋကတ်ထဲမှာ ပါတယ်ပဲ သိတာ။ ရှာမတွေ့သေးပါ။

ဂန္ဓီဂျီးပြောခဲ့တဲ့ “Three Wise Monkeys”ဝတ္ထုက အမှန်မှာ ဂျပန် ရိုးရာ ပုံပြင်တဲ့။ မူရင်းက ဂျပန်ကလာတာလို့ပဲ လက်ခံထားကြတယ်။ မျောက်လေး သုံးကောင်ကိုတောင် အတိအကျ နာမည်ပေးထားတယ်။ မျက်စိပိတ်ထားတဲ့ မျောက်လေးက မာဇရု၊ နားပိတ်ထားတာက ကီကာဇရု၊ ပါးစပ်ပိတ်ထားတာက အီဝဇရုတဲ့။ ပိတ်သုံးပိတ်ကိုလည်း နေရာ ဒေသအလိုက် အမျိုးမျိုး ယူဆကြတယ်။ (၁) မကောင်းတာကို မမြင်ပရစေနဲ့၊ မကြားပရစေနဲ့၊ မပြောပရစေနဲ့၊ (၂) ဆိုးယုတ်တာကို (၃) မှားယွင်းချွတ်ချော်တာကို (၄) မဖွယ်မရာကို (၅) အမုန်းတရားတွေကို စသည် အမျိုးမျိုး ယူဆကြတယ်။ တရုတ်ဗုဒ္ဓဘာသာကနေ ဆင်းသက်လာတဲ့ ဂျပန်ပုံပြင်ဆိုတာပဲ ပါတယ်။ မူရင်း ဇာတ်တော်က အစအနပျောက်နေတယ်။ ထားပါတော့ဗျ။ “မျောက်သုံးကောင်ပုံပြင်”ကို အကျယ်ကြီး သိချင်ရင်တော့ အင်တာနက်မှာ ရှာဖတ်ပါ။ ဇာတ်တော်လာ မျောက်သုံးကောင်ကိုပဲ ဖောက်သည်ချတာပ။

ဘာကြောင့် မျောက်လေးတွေနဲ့ သရုပ်ဖော်တာလည်းဆိုတော့ မူရင်းဇာတ်တော်ထဲမှာကိုက မျောက်တွေ ဖြစ်နေတာကိုး။ ဇာတ်တော်နာမည်က "ဂရဟိတဇာတ်”တဲ့။ ဇာတက အဋ္ဌကထာ ဒုတိယအုပ် စာမျက်နှာ ၁၆၈၊ ဇာတ်တော်နံပါတ်စဉ် ၂၁၉မှာ ပါတယ်။ ကဲ စလိုက်ရအောင်။

"ဟိရညံ မေ သုဝဏ္ဏံ မေ” ဟူသော ဤဒေသနာတော်ကို သုံးလောကထွဋ်ထား သဗ္ဗညုမြတ်စွာဘုရားသည် ဇေတမင်းသား၏ဥယျာဉ်ဝယ် ခိုးကိုးရာမဲ့ဆင်းရဲသားသူတောင်စားတို့၏ အားထားရာဖြစ်သော အနာထပိဏ္ဍိကခေါ် အနာထပိဏ်သူဌေးသည် ဆောက်လုပ်လှူဒါန်းအပ်သော ဇေတဝန်ကျောင်းတော်၌ ဣရိယာတစ်ပါး ညောင်ညားများကို တစ်းပါးဖြင့်ဖြတ် မပြတ်လတ်အောင် အတ္တဘောကို ဆောင်တော်မူခြင်းဟူသော သီတင်းသုံးရာ ထိုအခါဝယ် ချစ်ခင်ရသူတို့နှင့် ကွေးကွင်းနေရခြင်း အလိုရှိအပ်သော အရာဝတ္ထုကိ မရခြင်းကြောင့် ဖြစ်ပေါ်လာသော စိတ်ပင်ပန်းခြင်း ဒေါမနဿတည်းဟူသော မမွေ့မလျော် မပျော်မပိုက်ခြင်းဟူသည် နှိပ်စက်အပ်သည်ဖြစ်၍  ဆင်းရဲစွာ အသက်ရှည်ရခြင်းဖြင့် ပျင်းရိသည်ဖြစ်၍ လည်တမော့မော့ဖြစ်နေသော တစ်ပါးသော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူသည်။

နည်းနည်းမှ မျက်စိလည်လည် ဆိုပြီး ရဖူးသမျှ ဘာသာပြန်တွေ လျှောက်ရွတ်နေတာပါဗျာ။ ရိုးရိုးရှင်းရှင်းလေးပဲ သွားရအောင်။ ပျင်းရိငြီငွေ့နေတဲ့ ရဟန်းလေးကို အကြောင်းပြုပြီး ဒီ ဂရဟိတဇာတ်ကို ဟော်တော်မူတာတဲ့။ ပျင်းရိလွန်းတဲ့အတွက် စိတ်တွေ ဂယောင်ချောက်ခြားဖြစ်နေတဲ့ ရဟန်းလေးကို သူငယ်ချင်းတွေက နည်းနည်းမှ သက်သာသက်သာဆိုပြီး ဘုရားရှင်ထံ ခေါ်သွားကြတယ်။

ဘုရားရှင်က မေးတော်မူတယ်။

“မောင်ပဇင်း ဘာလို့ ပျင်းနေရတာလဲ”

“ဘုရား! မရိုမသေ အမှန်အတိုင်း လျှောက်ရရင် ကိလေသာနှိပ်စက်လို့ ဘုရား”

“သြော ဒီကိလေသာသဘောကို လူကို မဆိုထားဘိ တိရစ္ဆာန်တွေတောင် ရှေးက ကဲ့ရဲ့ကြတယ်”ဆိုပြီး မျောက်သုံးကောင် ဝတ္ထုကို ဟောတော်မူတာပါ။

ပြည်မသိ ဗာရာ၊ မင်းမသိ ဗြဟ္မဒတ်ပေါ့ဗျာ။ ဟိုး ရှေးရှေးတုံးက ဗာရာဏသီပြည် ဗြဟ္မဒတ်မင်းလက်ထက်မှာ ဘုရားလောင်းက မျောက်မျိုးမှာ ဖြစ်တော်မူရှာတယ်။ တစ်နေတော့ မုဆိုးတစ်ယောက်လက်ချက်နဲ့ ဘုရင့်ထံ ဆက်သခံရတယ်။ မျောက်ကလေးက အကျင့်ကောင်းတဲ့အတွက် ဘုရင်က အလွန်ချစ်တော်မူရှာတယ်။ ခပ်အေးအေး သူ့ဘာသာနေတတ်တဲ့ မျောက်ကလေးကို ဘုရင်က သနားလာပြီး မုဆိုးကို တောထဲ ပြန်ပို့လိုက်ပါကွာ ဆိုပြီး ပြန်လွှတ်ပေးလိုက်တယ်။

တော်ထဲရောက်တော့ အပေါင်းအသင်း မျောက်တွေက မေးကြတယ်။ 

“ကိုယ်လူကြီး အကြာကြီးပဲ။ ဘယ်ပျောက်နေတာလဲ"

“လူပြည်ရောက်သွားတာ”

“သြော"

“ဒါဆို လူတွေအကြောင်း ပြောပြစမ်းပါ”လို့ ဝိုင်းဝန်းတောင်ပန်ကြတဲ့အတွက် 

စပြီ “မပြောပရစေနဲ့” ပထမ အကြောင်းတရား။ ဘုရားလောင်းမျောက်လေးက မပြောပရစေနဲ့လို့ ငြင်းတယ်။ မျောက်လေးတွေကလည်း နွားပြာကြီးတွေ အကြောင်း မသိသေးတော့ မရောင်းချင်ပါဘူးဆို ချိန်ပါ ချိန်ပါ ပေါ့လေ။ ဒါနဲ့ ဘုရားလောင်း မျောက်ကလေးက လူတွေဆိုတာ “ငါ့ဟာ ငါ့ဥစ္စာ”ဆိုတဲ့ အတ္တစွဲ ကြီးလွန်းတယ်−တဲ့။ သွားပြီး မျောက်တွေ လုပ်လိုက်တာနဲ့ လူသားဘုံတစ်ခုလုံး စုန်းစုန်းမြုပ်ရှာလေပြီ။ မျောက်လေးကတော့ လူတွေကို ကဗျာနှစ်ပုဒ်နဲ့ ပယ်ပယ်နယ်နယ်ကို ဆော်သွားတာပါ။ အနှစ်ချုပ်ကတော့ "အတ္တစွဲ”များလွန်းတယ်လို့ ပြောတာပါ။

လူသားတွေရဲ့ "အတ္တစွဲ”တွေအကြောင်း အခြားမျောက်ကလေးတွေ ကြားတဲ့အခါမှာ “မပြောပါတော့နဲ့ မပြောပါတော့နဲ့။ မကြားပရစေနဲ့ မကြားပရစေနဲ့”ဆိုပြီး နားကို ပိတ်ထားကြသတဲ့ (ဥဘောဟိ ဟတ္ထေဟိ ကဏ္ဏေ ဒဠှံ ပိဒဟိံသု)။ ဒါက မကြားပရစေနဲ့ဆိုတဲ့ ဒုတိယ မျောက်ပေါ့။

နောက်ဆုံး မျောက်တွေအားလုံး အညီအညွတ်တိုင်ပင်ပြီး “ငါတို့ ဒီတောထဲမှာ နေရင် လူတို့၏ "အတ္တစွဲ”တွေ အကြောင်း မြင်နေ တွေ့နေရလိမ့်မယ်” ဆိုပြီး တောထဲကနေ အပြီးအပိုင် ထွက်ခွာသွားကြသတဲ့။ ဒါကတော့ "မမြင်ပရစေနဲ့”ဆိုတဲ့ မျောက်ပေါ့။

ဂရဟိတဇာတ်တော်လာ မျောက်သုံးကောင်ကတော့ ဒါပါပဲ။ ဘုရားဟော ဇာတ်တော်လာ “Three Wise Monkeys”အရဆိုရင် “လူသားတို့၏ ငါစွဲ၊ အတ္တစွဲ၊(အစွဲမှန်သမျှ အကျယ်ချဲ့၍သိလေ)” ဟူသမျှကို 

မပြောပရစေနဲ့

မကြားပရစေနဲ့

မမြင်ပရစေနဲ့။

အတော် သောက်ကြီး သောက်ကျယ် နိုင်လွန်းတယ်။ ဗြဟ္မဒတ်လက်ထက်က မျောက်တွေကို ပြောပါတယ်။ အခုခေတ် မဟုတ်ပါဘူး။

သြော…………………….

ဂန္ဓီဂျီးအယူအဆလို့ လူသိများတဲ့ “မပြောပရစေနဲ့။ မကြားပရစေနဲ့။ မမြင်ပရစေနဲ့။” ဆိုတဲ့ ပုံပြင်လေးက ဇာတ်တော်ထဲမှာ ပါတာကိုး။ အဲဒီဇာတ်တော်လေး အကျယ်မပြောခင် ဆယ်တန်းအင်္ဂလိပ်စာ ပြဌာန်းစာ အဟောင်းမှာပါတဲ့ ဆရာကြီးဒေါက်တာထင်ကျော် မူရင်းရေးပြီး ဆရာကြီးတက်တိုးစုစည်းပေးတဲ့ “Selected Myanmar Tales”ထဲက “The Four Young Men” တို့ “Too Much Knowledge Maketh Fools”တို့ ဆိုတာတွေလည်း ပိဋကတ်စာပေကနေ လာတာ ပါတာတွေပါပဲ။

18 Shares

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...