Saturday, July 26, 2014

ပိုင်ဆိုင်ဖူးသော အိပ်မက်များ

Thet Wai July 24, 2014 at 10:59am


အခုအချိန်မှာ တစ်စုံတစ်ယောက်ကများ ကျွန်မကို မင်းဆီမှာ စိုးရွံ့ထိတ်လန့်စရာ ဒါမှမဟုတ် ကြောက်စရာ အကြောင်းအရာ အဖြစ်အပျက် တစ်ခုခု ရှိနေသလား လို့ မေးလာခဲ့ရင် ကျွန်မမှာ ပေးစရာ အဖြေတစ်ခု အဆင်သင့် ရှိနေပါတယ်။ အဲဒါက ဘာလဲဆိုတော့ အိပ်မက် မက်ခြင်း ပါ။ ဟုတ်ပါတယ် ကျွန်မကို လက်ရှိအခြေအနေမှာ လိုအပ်တာထက် ပိုပြီး တုန်လှုပ် ထိတ်လန့်နေစေတဲ့ အကြောင်းအရာကတော့ အိပ်မက် မက်ခြင်း ပါပဲ။


အိပ်မက်မက်တယ်ဆိုတာ အိပ်ပျော်နေချိန်မှာ အကြောင်းအရာ၊ အဖြစ်အပျက် တစ်ခုခုကို အပြင်မှာ ကိုယ် တကယ်ဖြစ်နေသလို မြင် တွေ့ ကြား သိ နေရတာမျိုး မဟုတ်လား။ အအိပ်နည်းတဲ့ ကျွန်မအတွက် တိုတောင်းတဲ့ အိပ်ချိန်တွေတိုင်းမှာ ဘာအိပ်မက်မှ မမက်ပဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့ကြိုးစားပေမယ့် ဘယ်တော့မှ မအောင်မြင်ခဲ့ပါဘူး။
အထူးသဖြင့်တော့ စိတ်ပင်ပန်း လူပင်ပန်း ဖြစ်နေတဲ့ ညမျိုးတွေ၊ တစ်ခုခုကို ပူပန်ကြောင့်ကြနေတဲ့ ညမျိုးတွေ၊ ရာသီဥတုပူလို့ ဒါမှမဟုတ် မိုးတွေ ခြိမ်းလို့၊ အပြင်ဖက်မှာ လေပြင်းတွေတိုက်လို့ အဲလိုတွေကြောင့် ကောင်းကောင်းအိပ်မရတဲ့ နိုးတဝက် အိပ်တဝက်နဲ့ ညမျိုးတွေမှာ ကျွန်မ အိပ်မက်တွေ မက်လေ့ရှိပါတယ်။ အိပ်မက်မက်တယ်ဆိုတာ ဘယ်သူ့အတွက်မှ ထူးဆန်းတဲ့ အဖြစ်မျိုး မဟုတ်သလို ကျွန်မအတွက်လည်း အများသူငါတွေလို နိုးလာရင် မေ့ပျောက်သွားတဲ့ အိပ်မက်မျိုးဖြစ်ချင်ဖြစ်၊ ဆောင်းတွင်း အိပ်မက် ကယောက်ကယက် ဆိုတာမျိုး ဖြစ်ချင်ဖြစ်၊ ဒါမှမဟုတ်လည်း အိပ်မက်ရဲ့ နောက်ဆက်တွဲတွေ ဘာမှ မပါလာတဲ့ သာမန် ရိုးရိုးရှင်းရှင်း အိပ်မက်တစ်ခုသာ ဖြစ်စေချင်မိပါတယ်။

ဒါပေမယ့် ကျွန်မ ဆုတောင်းမပြည့်ပါဘူး။ ကျွန်မ မက်တဲ့ အိပ်မက်တွေတိုင်းဟာ အင်မတန် ရိုးစင်းပြီး အိပ်မက်ကနေ နိုးထလာတိုင်းမှာလည်း သေသေချာချာ စွဲစွဲမြဲမြဲ တပ်တပ်အပ်အပ် မှတ်မိနေစေတဲ့ အိပ်မက်မျိုးတွေချည်း ဖြစ်နေတတ်ပါတယ်။ အိပ်မက်ကို မှတ်မိနေရုံနဲ့ ကြောက်စရာလား လို့ မေးနိုင်ပါတယ်…။ ဟုတ်ကဲ့… ကျွန်မ သိပ်ကြောက်မိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မရဲ့ အိပ်မက်တွေဟာ အင်မတန် အဓိပ္ဗါယ်ရှိစွာ လေးနက်ပြီး သိမ်မွေ့တဲ့ နမိတ်ပုံတွေ ဖြစ်နေတတ်လို့ပါပဲ။

အိပ်မက်တွေကို ဘာသာပြန်လို့ ရ ရကောင်းစေ လို့ ကျွန်မ တစ်ခါမှ မတွေးခဲ့ဖူးပါဘူး။ ဒါကြောင့် အခါများစွာမှာ အိပ်မက်တွေ မက်ပြီး နိုးထလာရတဲ့ မနက်ခင်းတိုင်းတွေကို ဒီလိုပဲ သက်တောင့်သက်သာ အေးအေးဆေးဆေး ကျော်ဖြတ်ခဲ့ပါတယ်။ သို့သော် အဲဒီနေ့ ဒါမှမဟုတ် နောက် တစ်ရက်နှစ်ရက်အတွင်းမှာ တစ်ခုခု ထူးထူးခြားခြား အဖြစ်အပျက်မျိုး ကြုံ်လာခဲ့တဲ့အခါမှာတော့ အဲဒီညက မက်မြင်ခဲ့တဲ့ အိပ်မက်ကို အလိုလို သတိတရရှိလာခဲ့ပြီး ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာနဲ့ တိုက်ဆိုင်ကြည့်လိုက်တဲ့အခါ ကျွန်မ အံ့သြတကြီးနဲ့ မှင်သက်နေခဲ့ရပါတယ်။ အဲဒီလို အဖြစ်အပျက်မျိုးတွေ လေး ငါး ကြိမ်ထက်မနည်း တိုက်ဆိုင် တွေ့ကြုံလာရတဲ့အခါမှာတော့ကျွန်မ အိပ်မက်တွေကို သေသေချာချာ သတိထားပြီး ဘာသာပြန်တတ်လာခဲ့ပါတယ်။

သိပ်ရင်းနှီးတဲ့၊ ကျွန်မနဲ့ နီးကပ်ပြီး ကျွန်မကိုလည်း သေသေချာချာ သိတဲ့ သူငယ်ချင်းတစ်ချို့နဲ့ စကားစပ်မိတဲ့အခါ ကျွန်မရဲ့နမိတ်ပုံပြ အိပ်မက်တွေအကြောင်း ပြောပြခဲ့ဖူးပါတယ်။ သူတို့ကတော့ ကိုယ်တိုင်က စိတ်ထဲစွဲနေလို့ပါ၊ တိုက်ဆိုင်မှု ရှိသွားတာပါ၊ အဲဒီလိုကြီး စိတ်ထဲ စွဲမထားပါနဲ့ ဒီလောက် အယူမသည်းပါနဲ့… စသည်ဖြင့် ပြေရာပြေကြောင်း ပြောကြပါတယ်။ ရှားရှားပါးပါး သူငယ်ချင်းလေးတစ်ယောက်ကတော့ ကျွန်မရဲ့ စိတ်အစဉ်ဟာ သာမာန် လူတစ်ယောက်အနေနဲ့ အတော်လေး သန့်ရှင်း ဖြူစင်လိမ့်မယ်လို့ ခန့်မှန်းပြတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်မရဲ့ အိပ်မက်အများစုဟာ ဘာသာပြန်လို့ရလောက်အောင် ရိုးစင်းတဲ့ နမိတ်ပုံတွေ ဖြစ်နေတတ်ကြတယ်ဆိုတာကို လက်မခံချင်သော်လည်း တဖြည်းဖြည်းနဲ့ လက်ခံလာရပါတယ်။



အဲဒီညက ကျွန်မ အိပ်တာနောက်ကျတယ်။ နေ့လည်က မြို့ထဲကို ဈေးဝယ်ထွက်ရင်း အမျိုးသမီးများရဲ့ ကမ္ဘာ လို့ အမည်ရတဲ့ မဂ္ဂဇင်းလေးတစ်အုပ် ၀ယ်လာဖြစ်တယ်။ အဲဒီစာအုပ်ကို အစ အဆုံး ဖတ်ပြီးမှ အိပ်သွားခဲ့တာ။ ပြီးတော့ ကျွန်မ ရှူးဖိနပ် အနက်ကလေး တစ်ရံလည်း ၀ယ်လာသေးတယ်။ မနက်ဖြန် ရုံးတက်ရင် အဲဒီဖိနပ်လေး စီးသွားမယ် ဆိုတဲ့ အပျော်စိတ်ကလေး တစ်ဝက်နဲ့ အိပ်ပျော်သွားပါတယ်။ အဲဒီညက ကျွန်မ အိပ်မက် မက်တယ်။

အိပ်မက်မက်ပြီး အိပ်ရာကနိုးလာတော့ ကျွန်မ အချိန်တော်တော်ကြာကြာ စိတ်မကောင်းဖြစ်နေခဲ့တယ်။ အိပ်မက်ထဲမှာ ကျွန်မ ခြေထောက်နဲ့ အံဝင်ခွင်ကျ လှပနေတဲ့ ရှူးဖိနပ်အသစ်နဲ့ လမ်းတွေလျှောက်နေခဲ့တာ… သိပ်မကြာခင်မှာ မိုးသည်းသည်း ရွာချလိုက်တော့ ကျွန်မစီးထားတဲ့ဖိနပ်ကလေးဟာ ဖယောင်းခဲတစ်ခု အရည်ပျော်ကျပုံမျိုးအတိုင်း ပျော်ကျလို့ တဲ့။ ခပ်စေးစေး အနက်ရောင် အရည်တွေက ကျွန်မခြေထောက် ပတ်ပတ်လည်မှာ ကွေ့ဝိုက် စီးဆင်းလို့။ ကျွန်မကနေရာမှာ ခြေစုံရပ်ရင်း ကိုယ့်ခြေထောက်ကို ကိုယ်တိုင် အံ့သြတကြီး ပြီးတော့မယုံနိုင်သလို ငုံ့ကြည့်နေခဲ့တာ။ တောက်ပြောင်ပြီး အတန်ငယ် မာကျောသယောင်ရှိတဲ့ လယ်သာ ရှူးဖိနပ်ကလေးတစ်ရံ မိုးရေထဲမှာ အရည်ပျော် စီးဆင်းသွားတဲ့အဖြစ်ကို မယုံကြည်နိုင်သလို နှမြောတသစွာ ကျွန်မ ငုံ့ကြည့်နေခဲ့တာ။ အိပ်မက်မှန်း သိပေမဲ့ အိပ်ရာကနိုးတာနဲ့ ဖိနပ်စင်ဆီ အလောတကြီး သွားကြည့်မိတယ်။ စင်ပေါ်မှာ ကျွန်မဖိနပ် အနက်ရောင်ကလေး အကောင်းအတိုင်း လှလှပပ ရှိနေတာ တွေ့ရတော့ ကျွန်မ ပြုံးရပါတယ်။

အဲဒီအိပ်မက် မက်ပြီး ဒုတိယမြောက်ညနေမှာ ခါတိုင်းလိုပဲ ညနေ ခြောက်နာရီ ရုံးအဆင်း အိမ်ကိုပြန်ခဲ့ပါတယ်။ ရာသီဥတုက မိုးရွာချင်သလို အုံ့မှိုင်းနေပေမဲ့ ရွာတော့ မရွာသေးဘူး။ အမြန်မောင်းလမ်းမကြီးပေါ်မှာ ကားတွေက ထုံးစံအတိုင်း ပြည့်ပြီး ပိတ်နေကြတယ်။ ကားတွေတိုင်းမှာ အနီရောင်ဘရိတ်မီးတွေ တလက်လက်နဲ့။ ဆိုင်းဘုတ်တွေမှာ ကြည့်လိုက်တော့ ကားတွေရွေ့တာ နှေးနေတယ်လို့ ပြနေတယ်။ ဒါပေမဲ့လည်း ကျွန်မနဲ့ ခြောက်နှစ်ကျော် အလုပ်သွား အလုပ်ပြန် ရင်းနှီးနေတဲ့လမ်းမမို့ မောင်းရတာ သက်တောင့်သက်သာ ရှိပါတယ်။ ဘီးလိမ့်ရုံပဲ မောင်းလို့ရတဲ့ လမ်းမကြီးပေါ်မှာ ရေဒီယိုလိုင်းတစ်ခုကို ဖွင့်ပြီး သီချင်းနားထောင်ရင်း မောင်းလာခဲ့ပါတယ်။ဘေးပတ်ဝန်းကျင်က ကားတွေအားလုံးလည်း ကျွန်မလိုပဲ ပျင်းရိလေးတွဲစွာ ဘီးလှိမ့်လိုက် ဘရိတ်အုပ်လိုက်နဲ့ပေါ့။ တစ်စီးနဲ့တစ်စီး ပြိုင်မောင်းလို့မရ၊ ကျော်တက်လို့မရ၊ဖြတ်ဝင်လို့မရ၊ အနီးဆုံး ထွက်ပေါက်ကတောင်မှ တော်တော်ဝေးဝေး လိုနေသေးတာမို့ ဘာဆိုဘာမှ လုပ်လို့မရပဲ ယာဉ်ကြောထဲမှာ ပိတ်မိနေကြပါတယ်။ အဲဒီအချိန်မှာ ဘာဖြစ်တယ်မသိဘူး… ဒုတ် ဆိုတဲ့ အသံ ခပ်အုပ်အုပ်ကို ကြားပြီး ကျွန်မကိုယ်ကို တစ်ယောက်ယောက်က ဆောင့်တွန်းလိုက်သလို အရှေ့ကို ငိုက်ကနဲ ဖြစ်သွားတယ်။ ရုတ်တရက် ဘာဖြစ်သွားမှန်းမသိလိုက်ပေမဲ့ စက္ကန့်အနည်းငယ်အကြာမှာ ကျွန်မကားကို နောက်က ကားက ၀င်တိုက်လိုက်တာပဲ လို့ သတိဝင်လာပါတယ်။

အနောက်က ၀င်တိုက်လိုက်တဲ့ ကားမောင်းသူ အမျိုးသားက ချက်ချင်းဆင်းလာပြီ ကျွန်မကို မင်း အိုကေရဲ့လား လို့ မေးတော့ ကျွန်မကလည်း အိုကေပါတယ် လို့ ဖြေပြီး ကားပေါ်က ဆင်းလိုက်ပါတယ်။ အနောက်ဖက်ကို လျှောက်ကြည့်လိုက်တော့ ကျွန်မကား အနောက် ဗန်ပါတစ်ခုလုံး ချိုင့်ဝင်သွားလိုက်တာ ပုံဆိုးပန်းဆိုးပါပဲ။ သူ့ကားကတော့ ပေါင်မုန့်ကားလိုမျိုး ဒါပေမဲ့ ဘာမှ မဖြစ်ဘူး။ သူက နောက်က ၀င်တိုက်တာမို့ သူ လျော်ရမှာပေါ့။ ဒီက စနစ်အရ စကားတွေ အများကြီးပြောစရာမလို၊ သူမှန်သည် ကိုယ်မှားသည် ဘာမှ အငြင်းပွားစရာ မလို၊ ကားနှစ်စင်း အနေအထားကို ဓါတ်ပုံရိုက်၊ ပြီးတော့ ကားတွေကို လမ်းဘေးချရပ်၊ ဖုန်းနံပါတ်ချင်း လဲ၊ အာမခံ နဲ့ပတ်သက်တဲ့ ပုံစံတစ်ချို့ ဖြည့်၊ လက်မှတ်ထိုး ဘာညာ လုပ်ကြပါတယ်။ အားလုံးပြီးတော့ ကျွန်မ ဆက်မောင်းပြီး အိမ်ပြန်လာခဲ့ပါတယ်။ အိမ်ပြန်ရောက်တော့ စီးလာတဲ့ဖိနပ်အသစ်ကလေးကို ချွတ်ပြီး စင်ပေါ်ကို ကောက်အတင်မှာ ဒီဖိနပ်ကလေး အရည်ပျော်သွားတဲ့အိပ်မက်ကို ကျွန်မ ချက်ချင်း သတိရသွားတာ။

******

အဲဒီညနေက မေမေနဲ့ စကားပြောဖြစ်တယ်။ မေမေက ကျွန်မတို့ ဆွေမျိုးအရင်းအချာ ဦးဦးတစ်ယောက်ရဲ့ ကျန်းမာရေးအခြေအနေ အချိန်တိုတိုအတွင်းမှာ ရုတ်ချည်း ချို့ယွင်းလာတဲ့ အကြောင်းကို စိတ်မကောင်းစွာပြောပြနေခဲ့တာ။ ဖုန်းထဲမှာ မေမေ့ကို အားပေးနှစ်သိမ့်ရင်း စကားတွေ တော်တော်ကြာကြာ ပြောဖြစ်ခဲ့တယ်။ ဒီလိုနဲ့ နောက်တစ်နေ့ မနက် အိပ်ရာကနိုးလာတော့ ကျွန်မ ညက အိပ်မက်မက်ခဲ့တယ်လို့ သိလိုက်တယ်။ အိပ်မက်ကိုလည်း ထင်ထင်ရှားရှား မှတ်မိနေခဲ့တယ်။ ပြီးတော့ ကျွန်မ တစ်ယောက်တည်း တိတ်တိတ်ဆိတ်ဆိတ် ၀မ်းနည်းနေခဲ့တယ်။

အိပ်မက်ထဲမှာ ကျွန်မက မီးတွေထိန်ထိန်လင်းနေတဲ့ တိုက်တစ်လုံးကို လမ်းတဖက်ခြမ်းကနေ ခြေစုံရပ်ပြီး မော့ကြည့်နေတာ။ တိုက်က လူနေအိမ်ခန်းတွေ အများကြီးပါတဲ့ တိုက်ဆိုတော့ ညအချိန်မှာ အိမ်ခန်းတွေအားလုံး မီးပွင့်တွေ လင်းနေကြတာပေါ့။ ညနေက မေမေပြောပြတဲ့ နေမကောင်းဖြစ်နေတဲ့ ကျွန်မရဲ့ ဦးဦးက အဲဒီ့တိုက်မှာ နေတာမို့ ကျွန်မက သူ့ဆီကို လာတာတဲ့။ ကျွန်မ မော့ကြည့်နေတဲ့ အချိန်မှာပဲ အခန်းတစ်ခန်းက ရုတ်တရက် မီးငြိမ်းပြီး အမှောင်ကျသွားတယ်။ ကျွန်မ သိလိုက်တယ် အဲဒီအခန်းက ကျွန်မရဲ့ ဦးဦးနေတဲ့ အခန်းဆိုတာ။ နောက်ရက်တွေမှာ ကျွန်မ ဘယ်လိုမှ နေလို့ မပျော်တော့ပဲ အဲဒီ့အိပ်မက်ကို မကြာခဏ သတိရနေခဲ့တယ်။

ဟုတ်ပါတယ်… လိုအပ်သမျှ ဆေးဝါးပစ္စည်း အထောက်အပံ့ အစုံအလင်နဲ့ အစွမ်းကုန် ကုသပေမဲ့ နောက် တစ်ပတ်အကြာမှာ သူကွယ်လွန်သွားခဲ့ပါတယ်။ နေမကောင်းဘူးဆိုတာ သိနေပေမဲ့ အဲဒီလောက် မြန်မြန်ဆန်ဆန်ကြီး ထွက်ခွာသွားလိမ့်မယ်လို့တော့ သူ့ မိသားစုကရော ကျွန်မတို့ကပါ မျှော်လင့်မထားတာအမှန်ပါ။ အဲဒီအချိန်မှာ ကျွန်မတို့ တတ်နိုင်တာ တစ်ခုကတော့ ဆုတောင်းခြင်းပါပဲ။

အဲဒီလို စိတ်ထိခိုက်စရာ အိပ်မက်တွေအပြင် ပျော်စရာ စိတ်ပေါ့ပါးစရာ အိပ်မက်မျိုးတွေလည်း ရံဖန်ရံခါ မက်တတ်ပါသေးတယ်။ တစ်ယောက်တည်း လှေခါးထစ်တွေ အများကြီးကို တထစ်ချင်း တလှမ်းချင်း လှမ်းတက်သွားတဲ့ အိပ်မက်မျိုးတွေ၊ ခြုံနွယ် ပိတ်ပေါင်းတွေ အပြည့်နဲ့ လမ်းပေါ်မှာ ဒါးရှည်တစ်လက်ကိုကိုင်ပြီး ဘယ် ညာ လွှဲယမ်းလို့ လမ်းကို ကိုယ်တိုင်ကိုယ်ကျ ရှင်းလင်းရင်း လျှောက်သွားရတဲ့ အိပ်မက်မျိုးတွေ ဆို ကျွန်မ ကျေနပ်စွာနဲ့ ပျော်ရွှင်မိပါတယ်။ အချိန်တော်တော်များများမှာ ကိုယ့်ကိုယ်ကိုယ် သိပ်အားမကိုးပဲ သူများကို အားကိုးတကြီး မှီတွယ်တတ်ပေမဲ့ တချို့အချိန်တွေမှာတော့ ကိုယ့်ကိုယ်ကိုယ် အားကိုးချင်စိတ်ကလေး အနည်းငယ် ကျန်ရှိနေပါသေးလားလို့လည်း အားတက်ရပါတယ်။

အဲဒီလို အိပ်မက်မျိုးတွေ မက်ပြီးမကြာခင်မှာ ကျွန်မ အလုပ်မှာ အနည်းငယ် စိတ်မောလူမော ဖြစ်စရာကောင်းတဲ့ ပရိုဂျက်အသစ်တွေ ရလာတတ်ပါတယ်။ စိတ်ဖိစီးမှုများပြီး အတော်လေး ပင်ပန်းနေပေမဲ့ အောင်မြင်ရမယ်ဆိုတဲ့ စိတ်ကလေးနဲ့ ယုံယုံကြည်ကြည် လုပ်ဖြစ်ပါတယ်။ တကယ်လည်း ခဲရာခဲဆစ် အခြေအနေတွေ၊ အခြေအတင် ပြောရ ဆိုရ ငြင်းခုန်ရတဲ့ အဆင့်တွေ ကိုကျော်လွန်ပြီး အချိန်တန်ရင် အဆင်ပြေပြေ ပြီးသွားခဲ့တာမျိုးတွေပါ။

တစ်ခါက အိပ်မက်ထဲမှာတော့ ကျွန်မကို ကြောင်ကလေးတစ်ကောင်က ၀င်တိုးတာ ကျွန်မက နေရာမှာ ခြေစုံရပ်နေရာကနေ အနည်းငယ် ယိုင်သွားသတဲ့။ ပြီးတော့ ကျွန်မ ဟက်ဟက်ပက်ပက် ရယ်နေလိုက်တာ။ အော်… ဖြစ်မှ ဖြစ်ရလေ… ကြောင်ကလေးတစ်ကောင် ဝင်တိုက်တာများ ယိုင်နဲ့ သွားရသတဲ့ ဆိုတဲ့အတွေးနဲ့ ကျွန်မ အသံထွက် ရယ်မောနေခဲ့တဲ့ အိပ်မက်ပါ။

နိုးလာတော့ ကျွန်မ စဉ်းစားတယ်။ ကောင်းတဲ့ အိပ်မက်လား မကောင်းတဲ့ အိပ်မက်လား လို့…။ ယိုင်နဲ့သွားအောင် တွန်းတိုက်ခံရတယ် ဆိုပေမဲ့ ဝင်တိုက်တဲ့ သူက ချစ်စရာ ကြောင်ကလေး ဖြစ်နေတာရယ် ကျွန်မကလည်း ရယ်မောနေခဲ့တယ် ဆိုတာရယ်ကို ပေါင်းလိုက်တော့ သိပ်တော့ နာနာကျင်ကျင် မဖြစ်တန်ရာလို့ မှန်းဆရပါတယ်။ အဲဒီနောက် သိပ်မကြာခင်မှာပဲ ကျွန်မတို့ လက်ရှိနေနေတဲ့ အိမ်ခန်းကလေးကို ရောင်းပြီး သူ့ထက် နည်းနည်း ပိုကျယ်တဲ့ နောက်ထပ်အိမ်ခန်းတစ်ခုကို ရွှေ့ပြောင်းဖို့ ဖြစ်လာပါတယ်။ ဒီတော့မှ အနည်းငယ် လှုပ်ရှားယိုင်နဲ့သွားချိန်မှာ ပျော်ရွှင်စွာ ရယ်မောနေနိုင်ခဲ့တဲ့ အိပ်မက်ကို ခေါင်းတညိတ်ညိတ်နဲ့ နှစ်သက်ရမှန်း သိလာတော့တာ။ အဲဒီနောက်ပိုင်းမှာတော့ သွားရင်းလာရင်း လမ်းဘေးမှာ အမူအရာမျိုးစုံနဲ့ ရှိနေတတ်တဲ့ ကြောင်ကလေးတွေကို တွေ့တိုင်း သူတို့လေးတွေကို ချစ်ခင် နှစ်လိုစိတ်နဲ့ ကျွန်မအမြဲ ရယ်မောနေမိတော့တာပါပဲ။

******

မှတ်မိသေးတယ်။
လွန်ခဲ့တဲ့ လေးနှစ်လောက်က မက်သမျှ အိပ်မက်တွေထဲမှာ ကျွန်မဟာ မေမေ့လက်ကို ခပ်တင်းတင်း ဆွဲထားပြီး လမ်းတွေပေါ်မှာ လျှောက်သွားနေခဲ့တယ်။ သွားခဲ့သမျှ လမ်းလေးတွေကတော့ သိပ်အနှောက်အယှက်မရှိပဲ ပြေပြေပြစ်ပြစ်ပါ။ မှတ်မိသလောက်မှာလည်း လမ်းတလျှောက်လုံး မေမေ့ကို ဖေးမ အားပေးတဲ့စကားတွေ ပြောနေခဲ့တာတို့၊ မေမေ ဟင်းချက်နေတာကို သိပ်လည်း မလိုအပ်ပါပဲနဲ့ ဘေးကနေ အတင်း လိုက်ကူညီနေခဲ့တာတို့ အဲဒီလိုတွေချည်းပါပဲ။ တစ်ခါတစ်ခါမှာဆို ကျွန်မသာမက ကျွန်မ အမျိုးသားကပါ မေမေ့ကို ဝင်ရောက် ကူညီနေ၊ စောင့်ရှောက်နေတဲ့ အိပ်မက်မျိုးကို မက်ရတော့ ကျွန်မစိတ်ထဲမှာ ဘာမှန်း မသိ၊ အမျိုးအမည် မဖေါ်ပြတတ်တဲ့ ခံစားမှုတွေ၊ ပူပန် ကြောင့်ကြမှုတွေ အပြည့်နဲ့ပေါ့။ ရှားရှားပါးပါး အိပ်မက်တစ်ခုမှာတော့ ဖေဖေဟာ ကျွန်မနဲ့ မေမေ့ကို ခပ်လှမ်းလှမ်းကနေ ပြုံးကြည့်နေခဲ့ပါတယ်။

ဘာလို့ပါလိမ့်… ဘယ်လိုအိပ်မက်မျိုးတွေပါလိမ့် ဆိုတဲ့ အတွေးတွေ အပြင် အင်မတန် ကျန်းမာရေးကောင်းတဲ့ ဖေဖေ့အတွက်လည်း မရဲတရဲ စိုးရိမ်နေမိပြန်ပါတယ်။ အို… ဘာစိုးရိမ်စရာရှိလို့လဲ ကိုယ့်မိဘနှစ်ပါး ကိုယ့်မျက်စိရှေ့မှာ စိတ်အေးချမ်းသာ ရှိနေကြတာပဲ ဆိုပေမဲ့ အဲဒီအိပ်မက်တွေကို သတိရလိုက်တိုင်း ဘာကိုမှန်းမသိ ကျွန်မ စိုးရွံ့ထိတ်လန့်နေခဲ့ရတာပါ။

အဲဒီနေ့က ဖေဖေ့ရဲ့ ပုံမှန်ကျန်းမာရေး ဆေးစစ်ရမဲ့ရက်မို့ ခါတိုင်းလိုပဲ ဆေးရုံကို သွားကြပါတယ်။ သွေးတိုး၊ ကိုလက်စထရော၊ အသည်း စတဲ့ အထွေထွေ ဆေးစစ်တာမျိုးပါ။ ခြောက်လတစ်ခါ ပုံမှန်စစ်နေကျမို့ အားလုံး သက်တောင့်သက်သာ အေးအေးဆေးဆေးပါပဲ။ ဒါပေမဲ့ မထင်မှတ်တဲ့ အလှည့်အပြောင်းတစ်ခုကြောင့် ဖေဖေ ရုတ်တရက် ခွဲစိတ်ဖို့ ဖြစ်လာပါတယ်။ နာမည်ကြားလိုက်ရရင် ပေါ့သေးသေးရောဂါတစ်ခု မဟုတ်မှန်း လူတိုင်း သိကြတဲ့ ရောဂါပါ။ ဒါပေမဲ့ သိတာ သိပ်စောတဲ့အတွက်ကြောင့်ရော၊ သိသိချင်း အချိန်မီ ခွဲစိတ်ကုသလိုက်နိုင်တဲ့အပြင် ဖေဖေ့ရဲ့ ကုသိုလ်၊ ကျွန်မတို့ မိသားစုရဲ့ ကုသိုလ် လို့ ပြောရမှာပေါ့။ ခွဲစိတ်မှုရော နောက်ဆက်တွဲ စစ်ဆေးမှုတွေပါ အစစ အရာရာ ချောချောမွေ့မွေ့နဲ့ အောင်မြင်ခဲ့ပါတယ်။ ခုချိန်အထိလည်း ဖေဖေဟာ နောက်ထပ် ဘာပြဿနာမှ မရှိပဲ ရောဂါဘယ ကင်းစင်စွာ ကျန်းမာသန်စွမ်းလျှက်ပါ။ အဲဒီတော့မှ ကျွန်မရဲ့ အိပ်မက်တွေထဲမှာ ဘာဖြစ်လို့ မေမေ့ကို ဒီလောက် အားပေး ကူညီနေရတာပါလိမ့် ဆိုတာ ထင်ထင်ရှားရှား သိနားလည်လိုက်ရပါတယ်။ ကြည့်ပါအုံး…ကျွန်မ အိပ်မက် မမက်ချင်တာ ဘာများ ဆန်းလို့လဲ။

******

ကျွန်မ အစမှာ ပြောခဲ့သလို အိပ်မက် မက်ရမှာ ကြောက်တယ်၊ အိပ်မက် မမက်ချင်ဘူး၊ အိပ်မက် မက်ခဲ့ရင်လည်း နိုးလာတဲ့အချိန်မှာ စွဲမြဲ မှတ်မိမနေချင်ဘူး ဆိုတာ တကယ်ပါ။ ကျွန်မ အအိပ်နည်းတာ အိပ်မက် မက်ရမှာ ကြောက်လို့ အိပ်ချိန်တွေကို ရှောင်နေတာများလား လို့ခပ်ကြောင်ကြောင် တွေးယူမိတဲ့အထိပါပဲ။ အိပ်မက်မက်တယ်ဆိုတာ ဘယ်သူ့အတွက်မှ ထူးဆန်းတဲ့အဖြစ်မျိုး မဟုတ်သလို ကျွန်မအတွက်လည်း ဘာမှ မထူးဆန်းချင်ပါဘူး။ အများသူငါတွေလို အိပ်မက်က နိုးထလာခဲ့ချိန်မှာ မေ့မေ့ပျောက်ပျောက် ဖြစ်သွားတဲ့ အိပ်မက်မျိုး၊ဒါမှမဟုတ် ဆောင်းတွင်း အိပ်မက် ကယောက်ကယက် ဆိုတာလို ဟိုရောက် ဒီရောက်နဲ့အဆက်အစပ်မမိတဲ့ အိပ်မက်မျိုး၊ ဒါတွေမှမဟုတ်လည်း အိပ်မက်ရဲ့ နောက်ဆက်တွဲတွေ ဘာတစ်ခုမှ ပါမလာတဲ့ သာမန် ရိုးရိုးရှင်းရှင်း အိပ်မက်တစ်ခုသာ ဖြစ်ဖို့ အထပ်ထပ် ဆုတောင်းနေမိပါတော့တယ်။

သက်ဝေ
(၂၅ ဇူလိုင် ၂၀၁၄)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...