Monday, July 28, 2014

ဒိုင်ယာရီအပိုင်းအစလေးများ ( ၂ ) ပိုးစုန်းကြူးတစ်ကောင်၏ဆန္ဒ

Ven Pannasami July 12, 2014 at 10:48pm
ရွှေပြည်ကိုပြန်ရောက်၍ မကြာမီပင် တရားဟောပလ္လင်ပေါ်သို့တက်ရသည်။ ရန်ကုန်မြို့ တွင် ရပ်ကွက်တိုင်းလမ်းတိုင်းလိုလိုပင် တရားပွဲများအပြိုင်အဆိုင်ကဲ့သို့ထင်ရလောက်အောင်ပင် ကျင်းပကြသည်။ ပြည်သူများကလည်း နာမည်ကြီးဓမ္မကထိကအကျော်အမော်ဆရာတော်များ၏ တရားတော်များကို အဝါးဝစွာ နာကြားထားကြသဖြင့် မိမိလိုအတွေ့အကြုံနုနယ်သော ဓမ္မကထိက တစ်ပါး၏ ဟောပြောချက်တို့ကို စိတ်ဝင်စားနိုင်ပါ့မလား ဟူသော သံသယစိတ်ကလည်း မဝံ့မရဲဖြစ်အောင် ဆွဲချနေတော့သည်။ သို့သော်  မိမိလေ့လာထားမိသမျှကို ပြောချင် သိစေချင်သော ဆန္ဒကားပြင်းပျလျှက်သာ ရှိသည်မို့ တက်ကြွစွာပင်ဟောပြောဖြစ်ခဲ့သည်။ မိမိ၏ ဟောကွက်ပြောကွက်များမှ အားနဲသည့်အရာများကို မိတ်ဆွေရဟန်းတော်များနှင့်ဒကာ ဒကာမများက အပြုသဘောဆောင်သော စိတ်ထားကောင်းများဖြင့် အကြံပြုဆောင်မကြသောကြောင့် မိမိ၏အားနဲချက်များကို ပြင်ဆင်နိုင်ခဲ့သည်။
သို့သော် မပြီးဆုံးသေးသောပြင်ဆင်မှုများ ဖြည့်စွက်မှုများကို ဆက်လက်လုပ်ဆောင်ရပေအုံးမည်။ တရားဟောရင်း သတိပြုမိသည်မှာ ရွှေပြည်တွင် နိုင်ငံအနှံ့ တောရောမြို့ ပါမကျန် တရားပွဲများကျင်းပ၍ နာယူကြသည်။ ဗီဒီယိုသရုပ်သစ်လေးများအဆက်မပြတ်ပေါ်ထွက်နေလို ဓမ္မကထိကမျိုးဆက်သစ်လေးများကလည်း အစီအရီပေါ်ထွက်နေကြသည်။ ဓမ္မကထိကမျိုးစုံတို့၏ တရားများကို အဆက်မပြတ်နာကြားကြသော်လည်း ပြည်သူတို့၏ နေ့စဉ်ဘဝတွင် တရားနှင့်အတော်အလှမ်းဝေးနေကြသည်ကို တွေ့မိသတိပြုမိသည်။ တနည်းဆိုသော် တရားတော်တို့သည် နားတွင်းသို့သာရောက်၍ နှလုံးသားတွင်းသို့မရောက်ဘဲဖြစ်လေဟန်ရှိသည်။ ထို့ကြောင့်ပင် သွေးသားအရင်းအချာတို့ အချင်းချင်းပင် မယုံရဲ မယုံကြည်နိုင်ဖြစ်နေကြလေသည်။

 မိမိအဓိက ဟောပြချင်သိစေချင်သောအကြောင်းရာမှာအထူးအဆန်းမဟုတ်၊ အများသိပြီးသားဖြစ်သောအကြောင်းအရာကိုပင် တွန်းအားပေးချင်သောဆန္ဒပင်ဖြစ်သည်။ ၎င်းမှာ  မြတ်ဗုဒ္ဓ၏ဓမ္မတို့သည် လောကီကောင်းကျိုးပွါးတိုးရေးအတွက်သာမက လောကုတ္တရာကောင်းကျိုးပွါးတိုးရေးအတွက်ပါ လက်တွေ့ကျကျအသုံးတည့်ကြောင်း၊ ယနေ့ဖွံ့ဖြိုးတိုးတက်သော နိုင်ငံများကိုကြည့်လျှင် အသွင်သဏ္ဌာန်အားဖြင့်သာသနာမရှိ ဟုထင်မြင်ဖွယ်ရှိသော်လည်း လက်တွေ့ကျင့်သုံးမှုအရ အနှစ်သာရအားဖြင့် သာသနာရှိကြောင်း၊ မိမိတို့နိုင်ငံတွင် အသွင်သဏ္ဌာန်အားဖြင့် သာသနာရှိသည်ဟု ထင်မြင်ဖွယ်ရှိသော်လည်း လက်တွေ့ကျင့်သုံးမှုအရ အနှစ်သာရအားဖြင့် သာသနာအားနဲကြောင်း၊ ထို့ကြောင့် လက်တွေ့သာသနာရှိသောနိုင်ငံများဖွံ့ဖြိုးတိုးတက်ကာ တရားဥပဒေစိုးမိုးကြ၍ မိမိတို့နိုင်ငံသည် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံဖြစ်ရုံမျှမက ကြီးနိုင်ငယ်ညှဉ်း နိုင်ရာစားလောကဖြစ်သော ဖားနိုင်ဖားစား ငါးနိုင်ငါးစားကျင့်ကြသည့် Jungle law or the law of the jungle တောရိုင်းဥပဒေအဆင့်မျှသာ ရှိသေးကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံတွင် သာသနာတော်လာတရားတော်များ အမှန်တကယ်အသက်ဝင်ပါမှသာ အမှန်တကယ်ဖွံ့ ဖြိုးတိုးတက်နိုင်ကြောင်း စသည့်စသည့် အကြောင်းအရာတို့ကို ကွက်ကွက်ကွင်းကွင်းမြင်စေချင်သည်။ သိစေချင်သည်။ အမှန်ပြောရလျှင် မိမိသည် နိဗ္ဗာန်ရောက်ရေးထက် ဗုဒ္ဓဘာသာနာမည်ပညတ်ကိုအခိုင်အမာသုံးစွဲထားသော ရွှေပြည်သူ/သားတို့အား နာမည်ပညတ်ထက် အနှစ်သာရကိုပိုမိုအလေးပြုသောဗုဒ္ဓဘာသာ နိုင်ငံ့သားကောင်းများဖြစ်လာစေရန် ပို၍စိတ်ဝင်စားပါသည်။

  မိမိသည် အမှန်တကယ် ဘာတစ်ခုကိုမျှမစွမ်းဆောင်နိုင်သေးပါဘဲလျှက် ဤစကားမျိုးကိုရေးရ ပြောရသည်မှာ မလျော်ကန်လှပါ။ သို့သော် ရဟန်းတော်တစ်ပါးအနေနှင့် ခံစားချက်နှင့်အမြင်ကို လွတ်လပ်စွာပြောချင်သောကြောင့်သာ ပြောခြင်းဖြစ်ပါသည်။ မှန်၏။ လွတ်လပ်သော အတွေးအမြင်သည်  လွတ်လပ်သော အသိဥာဏ်ပညာကိုဖြစ်စေပါသည်။ လွတ်လပ်သောအသိဥာဏ်ပညာကသာလျှင် စည်းကမ်းပြည့်ဝ အထက်တန်းကျသောဘဝနှင့်လူမှုအဖွဲ့အစည်းကို ဖြစ်စေပါလိမ့်မည်။ အဆိုပါ စည်းကမ်းပြည့်ဝ အထက်တန်းကျသောဘဝနှင့်လူမှုအဖွဲ့အစည်းကသာလျှင် အေးချမ်းလွတ်လပ်သောအရသာကို ပေးစွမ်းနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။  ယနေ့မြန်မာနိုင်ငံတွင် ကြုံတွေ့နေရသော လူမှုဒုက္ခအဝဝသည် လွတ်လပ်သောအတွေးအမြင်နှင့်အသိပညာကို အခြေခံ၍ဖြစ်ပေါ်လာသလော သို့မဟုတ် မြတ်ဗုဒ္ဓ၏ဓမ္မကိုကျင့်သုံးခြင်းကြောင့်လော သို့မဟုတ် အခြားအဘယ်အရာမှမြစ်ဖျားခံလာသနည်းဆိုသည်ကို စာဖတ်သူအလွယ်တကူပင် သိနိုင်မြင်နိုင်ပြီးပင်ဖြစ်သည်။

  ညဥ့်မှောင်မှောင်ဝယ် ပိုးစုန်းကြူးငယ်တစ်ကောင်၏ ပျံသန်းသောခရီးစဉ်သည် အချိန်ကာလအားဖြင့်ရော အကွာအဝေးအတိုင်းအတာအားဖြင့်ရော တိုတောင်းနဲပါးလှပါသည်။ မိုင်ထောင်ချီ၍မပျံသန်းနိုင်ပါ။ သို့သော် သူပျံသန်းနေသော ခရီးစဉ်အတွင်းဝယ် ကြည်လင်တောက်ပသော အလင်းရောင်စဉ်ကို မှိတ်တခါ လင်းတစ်လှည့်ဖြင့် လောကကိုထွန်းညှိပေးပါသည်။ ထိုပိုးစုန်းကြူးငယ်လေး၏ အလင်းနှင့်အဆင်းသည် အပြစ်ကင်းစင်လှသည်။ မည်သူတစ်ဦးတစ်ယောက်ကိုမျှ မထိခိုက်မနစ်နာစေဘဲ သူစွမ်းနိုင်သောအလင်းကို သူ့ဆန္ဒအတိုင်းလွတ်လပ်စွာပေးသည်။ သူ၏အလင်းသည် နေရောင်ကဲ့သို့ ကြီးကျယ်သော ကောင်းကျိုးကိုမပြုစွမ်းနိုင်ပါ။ လရောင်နှင့်လည်း မနှိုင်းစာလောက်ပါ။ နေနှင့်လတို့၏ ကြီးမားသောဒြပ်နှင့်စွမ်းအင်ကိုလည်း မတုပနိုင်ပါ။ သို့သော် ပိုးစုန်းကြူးငယ်လေး၏ အလင်းရောင်ကို မြင်ရသူ လူသားတိုင်း ကျေနပ်နှစ်သက်ကြသည်။ သူ့ထံတွင် ရှိသမျှခွန်အားနှင့်စွမ်းနိုင်သမျှ လောကကိုအလင်းပေးခြင်းသက်သက်သာဖြစ်သည်။ သူ့အတွက် မည်သူ့ကိုမျှတာဝန်မတက်စေရဘဲ လောကအတွက် ဖြူစင်သောစေတနာသက်သက်ဖြင့် သူတာဝန်ယူပေးခြင်းသာဖြစ်သည်။ ပိုးစုန်းကြူးငယ်လေးတိုင်း ဤကဲ့သို့ တာဝန်ကျေကြသည်သာဖြစ်သည်။ ပိုးစုန်းကြူးငယ်လေး၏ ဆန္ဒနှင့်လုပ်ရပ်ကား အားကျဖွယ်ရှိစွ။ ချစ်ဖွယ်ရှိစွ။ ပိုးစုန်းကြူးငယ်လို စွမ်းနိုင်ချင်စမ်းပါဘိ၊ တာဝန်ကျေချင်စမ်းပါဘိ။

Ven Pannasami

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...