ချီးဒုတ်
မှတ်စုအဟောင်းတွေ ပြန်ဖတ်ရင်း "ချီးထုပ်”ဆိုတဲ့ ဝေါဟာရကို
စတင်ကြားရတဲ့အချိန်၊ အဓိပ္ပါယ်၊ ဖြစ်ပေါ်လာပုံ၊ မွေးဖွားရာဒေသတွေကို
မှတ်ထားတာ ဖတ်ရတယ်။ အခုချိန် ပြန်ဖတ်မိတော့ ဘာမှ အသုံးမဝင်တော့ပါဘူး။
ဒီခေတ်မှာ အဲဒီစကားလုံးက အတော်အသုံးဝင်နေပြီလေ။ ရိုင်းသည်ဖြစ်စေ
ယုတ်သည်ဖြစ်စေ နိမ့်သည်ဖြစ်စေ နှိမ်သည်ဖြစ်စေ ရူပက အလင်္ကာအနေနဲ့
မြန်မာစကားပြောမှာ အသုံးဝင်နေပါပြီ။ တစ်ချို့ဆို “ချီးထုပ်ကြီး
ခေါင်းပေါ်ရွက်ထားမိတာ ဘယ်နား ချရလို့ ချရမှန်း မသိ”ဆိုပြီးတော့ကို
ဥပမာအလင်္ကာအနေနဲ့တောင် သုံးနေပါပြီ။ နာမည်ကြီးသတင်းဌာနမှာတောင် ဒီစကားလုံး
သုံးထားတာ တွေ့နေရပါပြီ။ အကျယ်ပြန်ပြောစရာ မလိုတော့ဘူး ထင်ပါတယ်။
မြန်မာဘန်းစကား "ချီးထုပ်”ဆိုတဲ့ စကားလုံးက သံတူကြောင်းကွဲ(အသံတူ သတ်ပုံကွဲ)အနေနဲ့ ပိဋကတ်စာပေမှာလည်း ရှိတယ်။ ဟာာ ဗယုက်သုက်ခအနေနဲ့ မှတ်ထားရ ပြောရမယ်ဆိုရင် ဦးဇင်းအပြင် နှစ်ပါးမရှိဘူးလို့ မဆော်ကြောပါနဲ့။ ဟာ အဟုတ်ဟ။ ချီးထုပ်နဲ့ ချီးဒုတ်က အသံတူတယ်။
အကြောင်းအရာတော့ ကွဲတယ်။ ချီးဒုတ်ကို ရှေးအသုံးကတော့ “ထင်းကုလားတုံး” ခေါ်တာပေါ့။ အင်္ဂုတ္တိုရ်မြန်မာပြန်မှာလည်း ပါတယ်။ သံယုတ် မြန်မာပြန်မှာလည်း ပါတယ်။ ဥဒါန်းမှာလည်း ပါတယ်။
ကဲ ပိဋကတ်တော်လာ "ချီးဒုတ်”တွေအကြောင်း။ ကြော်ငြာမဝင်ဘူး။ အတော်ကောင်းတယ်။ ဟေ ဟေ့ ဟေး။ ချီးဒုတ်ကောင်းတာ ပြောတာမဟုတ်ဘူး။ ချီးဒုတ်ကို ဥပမာပေး ဟောကြားထားတဲ့ ဒေသနာက ကောင်းတယ်လို့ ပြောတာ။ ပရဟိတတွေ၊ NPOတွေ၊ NGOတွေ၊ INGOတွေ၊ ခေတ်စားလာချိန်မှာ ဒီသုတ္တန်ကို လက်ကိုင်ပြု စဉ်းစား။ ကြီးကြီးကျယ်ကျယ်ပြောရရင် အမျိုးသား အကျိုးစီးပွားတို့ ဘာတို့တောင် ဒီသုတ္တန်နဲ့ အဖြေထုတ်ကြည့်လို့ ရတယ်။
"ရဟန်းတို့ နှစ်ဖက်မှ ရဲရဲလောင်နေသော အလယ်မှ မစင်ပေနေသော သူကောင်မြှိုက် ထင်းကုလားတုံးမီးစသည် ရွာ၌လည်း ထင်းကိစ္စကို မပြီးစေနိုင်၊ ဗတာ၌လည်း ထင်းကိစ္စကို မပြီးစေနိုင် သကဲ့သို့”
သစ်သားတိုလေး တစ်စ၊ ထင်းချောင်းလေး တစ်ချောင်းတဲ့။ နေရာက သုဿန်မှာ။ သူသေကောင် မီးသင်္ဂြိုဟ်ရာမှ ကြွင်းကျန်ရစ်တာတဲ့။ အဲဒါကို နွားကျောင်းသားက မစင်ကုန်းထားသေးတယ်။ ထိပ်နှစ်ဖက်က မီးလောင်း၊ အလယ်က မစင်လူး။ အဲဒါကို “ချီးဒုတ်” ခေါ်တာပဲ။ ဘယ်လိုလူမျိုးတွေကို "ချီးဒုတ်”ခေါ်တာလည်းဆိုတော့ သံယုတ်တို့ ဥဒါန်းတို့မှာ လာတဲ့ ဥပမာကို ချန်ပြီး အင်္ဂုတ္တိုရ်က သုတ္တန်အတိုင်းပြောရအောင်။
ရဟန်းတို့ လောကကြီးမှာလေ လူလေးမျိုးပဲ ရှိတယ်ကွ။(မိုးအေးအေးနဲ့ မိုးကြိုးတွေများ ပွတ်ခံရမလား မသိ)
(၁) ကိုယ်ကျိုးလည်း မကျင့်၊ သူကျိုးလည်း မကျင့်။
(၂) ကိုယ်ကျိုးတော့ မကျင့်၊ သူကျိုးတော့ ကျင့်။
(၃) ကိုယ်ကျိုးတော့ ကျင့်၊ သူကျိုးတော့ မကျင့်။
(၄) သူကျိုးလည်း ကျင့်၊ ကိုယ်ကျိုးလည်း ကျင့်။
ပါဠိလိုတော့ ဒေသနာက္ကမခေါ်တယ်။ ဟောပြောသွားတဲ့ အစီအစဉ်။ ဒီသုတ္တန်မှာ ပုဂ္ဂိုလ်လေးယောက်ကို အထက်အောင် စဉ်ချင်သလို စဉ်ပြီး ဟောသွားတာ မဟုတ်ပါ။ အကြောင်းရှိတယ်။ လုပ်ပြီဗျ။ စာကိုတော့ သေချာ မဖတ်ဘူး။ သူများ ထောက်ပြမှ ပြန် ပြန် မှတ်နေတာ မဟုတ်လား။ ပြီး ဟုတ်တာလဲ မဟုတ်ဘဲနဲ့။ အစကတည်းက သေချာဖတ်ခဲ့။
(၁)ပုဂ္ဂိုလ်က အယုတ်ဆုံး၊ အညံ့ဆုံး။ ချာတူးအလန်ဆုံး။ "ချီးဒုတ်”ခေါ်တဲ့ ပုဂ္ဂိုလ်ပဲ။
(၂)ပုဂ္ဂိုလ်က (၁)ပုဂ္ဂိုလ်ထက်တော့ မြတ်သေးတယ်။ ကိုယ်ကျိုးမရှိပေမဲ့ သူကျိုးရှိသေးလို့တဲ့။
(၃)ပုဂ္ဂိုလ်က အထက်က နှစ်ယောက်ထက် ပိုမြတ်တယ်။
(၄)ပုဂ္ဂိုလ်ကတော့ အမြတ်ဆုံးပေါ့။
စဉ်းစားမိလိုက်လား။ ပုဂ္ဂိုလ်လေးယောက်ကို အယုတ်အမြတ်စဉ်ရာမှာ sortingလုပ်ရာမှာ ကိုယ်ကျိုးပဲ ကြည့်တဲ့ ရှိတဲ့ ပုဂ္ဂိုလ်က သူကျိုးပဲ ကြည့် သူကျိုးပဲ ရှိတဲ့ ပုဂ္ဂိုလ်ထက် မြင့်မြတ်နေတယ်ဆိုတာ။ ရမ်းမလုပ်နဲ့။ သဘာဝကျကျစဉ်းစား။ သုတ္တန်ဒေသနာဆိုတာ လူ့သဘောတွေကို အတိအကျဟောတဲ့ ဒေသနာ။ ချီးခြောက်စား လေကြီးပြီး လျှောက်လျှောက် အော်တာကို နားယောင်မနေနဲ့။ ဘုရားက ဟောထားတာ မမှားလောက်ဘူး။ ကိုယ့်ဘာသာ သဘောဆိုက်သည်အထိ စဉ်းစားဟ။
အတ္တကြီးဖို့ ပြောနေတာ မဟုတ်ဘူး။ လူတိုင်းလူတိုင်းမှာ ကိုယ်ရဲ့ အကျိုးစီးပွားကို ထည့်တွက်ကြတယ်။ အခြားသူများလည်း သူ့အကျိုးစီးပွားကိုပဲ အဓိကထား စဉ်းစားလိမ့်မယ်။ ဒီတော့ ကိုယ့်ကို ကူညီတဲ့သူ ကိုယ့်အကျိုးစီးပွားကို ဆောင်ရွက်ပေးတဲ့သူဆိုရင် ဘုရားဟောအတိုင်း သူ့အကျိုးစီးပွားကို မှန်မှန်ကန်ကန် ကိုယ်ကလည် ပြန်လည် ပြီးမြောက်စေရမယ်လို့ နားလည်စေချင်တာ။ အလကား ဘယ်သူမှ မကူညီဘူးဆိုတာ သတိချပ်သင့်တာ။ ကိုယ်က အတ္တတအားကြီးနေရင်တော့ အစွန်းလွတ်အောင် သွားဖို့၊ လိုက်နာဖို့၊ သဘောပေါက်ဖို့ မလွယ်လောက်ဘူး။ နေရာတကာ ငါ,ငါဆိုတာနဲ့ ကိုယ့်ကျိုးဆိုတာက မတူဘူး။ ပြောရင်း ပြောရင်း ရှည်ရှုပ်ကုန်တော့မယ်။ ခဏလေး အတ္တကို ခွာထားဗျာ။
ဓမ္မပဒမှာ ဟောသွားတာကျတော့ ဒါထက်တောင် ပိုတောင်ကောင်းသေး။
အတ္တဒတ္ထံ ပရတ္ထေန, ဗဟုနာပိ န ဟာပယေ။
အတ္တဒတ္ထမဘိညာယ, သဒတ္ထပသုတော သိယာ။
သူတစ်ပါး၏ များစွာသော အကျိုးစီးပွါး အတွက်ကြောင့် မိမိ၏ အကျိုးစီးပွါးကို (အနည်းငယ်မျှ) မဆုတ်ယုတ် စေရာ၊ မိမိ အကျိုးစီးပွါးကို သိ၍ မိမိ အကျိုးစီးပွါးကို တိုးပွါးအောင် လေ့ကျက် အားထုတ်ရာ၏။
အထက်က ပြောသလို အစွန်းလွတ်ဖို့ အတော်တော့ ခက်ခဲပါတယ်။ မာသာထရီဇာတို့လို့ သူတော်စင်ကြီးတွေလည်း အများအပြားရှိပါတယ်။ အဲဒီကိုယ်ကျိုးဆိုတာက မာသာထရီဇာက သူ့ဘဝ တစ်ကိုယ်ရေစာပဲ ကောင်းစားသွားအောင် လုပ်တာကို ပြောတာ မဟုတ်ဘူး။ အခြားဘာသာတွေအလိုဆိုရင် ဗြဟ္မာကြီးတွေ ဖန်ဆင်းရှင်ကြီးတွေဆီက ရလာတဲ့ ကိုယ့်ရဲ့ အတ္တမကိုပဲ စင်ကြယ်သည်ထက် စင်ကြယ်အောင် လုပ်သွားတာကို ပြောတာ။ ဗုဒ္ဓဘာသာဆိုရင် မဂ်ဖိုလ်နိဗ္ဗာန်တွေအထိ ဆောင်ကြည်းပေမဲ့ ကိုယ့်အစွမ်းအစကို ပြောတာပါ။
နှိုင်းယှဉ်မှုအရ သူက မြတ်တယ် ငါမြတ်တယ်ဆိုတာ ဖြစ်လာတာပါ။ သူ့အကျိုးစီးပွားပဲ ကြည့်သူထက် ကိုယ့်အကျိုးစီးပွားပဲ ကြည့်သူက မြတ်တယ်ပေါ့။ မေတ္တာစိတ်လေး မွေးပြီး ဖြည့်တွေးလိုက်ပေါ့။
ဪ ဘုရားဟောတာက လူတိုင်းလူတိုင်းက ကိုယ့်အကျိုးစီးပွားပဲ ပိုပို ကြည့်တတ်သတဲ့။ ဒါဆို ငါကလေ သူ့အကျိုးစီးပွားလေး ပြည့်သွားအောင် ဖြည့်ပေးလိုက်မှပါ-
လို့ တွေးပေါ့။ အဲဒီမှာ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုတဲ့ ဗြဟ္မစိုရ်တရားတွေက ကိုယ်ကျိုးတွေပဲ။ ကိုယ်ကျိုးကို ကောင်းကောင်းဖြည့်ကျင့်တဲ့အတွက် ဘုရားခေါ်ခဲ့တဲ့ "ချီးဒုတ်”ဘဝ၊ မြန်မာတွေ ပြောပြောနေတဲ့ "ချီးထုပ်”ဘဝကနေ လွတ်သွားပြီပေါ့။
ဟာနောပါဒခေါ်တဲ့ နှိုင်းဆဥပမာအရ ဒီသုတ္တန်မှာ အယုတ်အမြတ်ဆိုတာ ဖြစ်လာတာပါ။ သုတ္တန်နိဂုံးကိုတော့ မူရင်းအတိုင်း ဖတ်ကြည့်ပေါ့။
"ရဟန်းတို့ နွားမမှ နို့ရည် နို့ရည်မှ နို့ဓမ်း နို့ဓမ်းမှ ဆီဦး ဆီဦးမှ ထောပတ် ထောပတ်မှ ထောပတ်ကြည် ဖြစ်၏၊ ထိုသို့ဖြစ်ရာ၌ (အဆင့်ဆင့်) မြတ်၏ဟု ဆိုအပ်သကဲ့သို့၊ ရဟန်းတို့ ဤအတူသာလျှင် အကြင် ပုဂ္ဂိုလ်သည် မိမိ အကျိုးစီးပွါး အလို့ငှါလည်း ကျင့်၏၊ သူတစ်ပါး၏ အကျိုးစီးပွါး အလို့ငှါလည်း ကျင့်၏၊ ထို လေးဦးတို့တွင် ဤ(စတုတ္ထ) ပုဂ္ဂိုလ်သည် ကဲလွန်၏၊ မြတ်၏၊ အကြီးအမှူး ဖြစ်၏၊ မြင့်မြတ်၏၊ လွန်မြတ်၏။ ရဟန်းတို့ လောက၌ ဤပုဂ္ဂိုလ်လေးမျိုးတို့သည် ထင်ရှားရှိကုန်၏ဟု (မိန့်တော်မူ၏)။"

0 comments:
Post a Comment