Thursday, July 31, 2014

"ကျနော့်အိမ်ရှင်များ"

1.
ဘွန်လေး ဘက်မှာ နေတုန်းက အိမ်ရှင်က အင်ဒီးယားလူမျိုးတွေ။
အိပ်ခန်း သုံးခန်းပါတော့... Master Bed Room မှာ အိမ်ရှင်မိသားစုနေတယ်။
မိသားစုဆို သူတို့မှာ ၄ နှစ်လောက် သားလေးတစ်ယောက် ရှိတယ်လေ။
တစ်ခန်းက သူတို့လူမျိုး ကျောင်းသူလေး ၂ယောက်နေတယ်။

အဲ့ ကောင်မလေးနှစ်ယောက်က NTU မှာ မာစတာတန်း တက်နေတာ။
နောက်တစ်ခန်းက ကျနော်နဲ့ ချစ်မိုးကြီးနဲ့ နေတယ်။
2.
အဲဒီအိမ်ကိုပြောင်းသွားပြီး ပစ္စည်းတွေချပြီးတော့ အိမ်ရှင်မက ခေါ်ပြောတယ်... ...
"ဒီအိမ်ရဲ့ စည်းကမ်းကို ပြောပြမယ်"
"အင်း... ပြော"
"ဝက်သား အမဲသား မချက်ရဘူး၊ ထမင်းစားခန်းက စားပွဲကို မသုံးရဘူး၊ အိမ်သာကို အလှည့်ကျ သန့ှ်ရှင်းရေး လုပ်ရမယ်"

အမဲသားကတော့ ကိုယ်တွေလည်း မစားလို့ မချက်ရလည်း ကိစ္စမရှိပါဘူး။
ဝက်သားကတော့ ချက်တာပဲ။ သူတို့က မသင်္ကာရင် ချက်နေတဲ့ ဟင်းအိုးကို လာလာကြည့်တယ်။
ဒါပေမယ့် သူတို့ခမျာ ဗမာ့နည်း ဗမာ့ဟန်ကို မလွန်ဆန်နိုင်ဘူး...
ဒီက ဝက်သားဝယ်ရင် အသားချည်းဝယ်တယ်။ ပြီးတော့ ကြက်တောင်ပံ တစ်ချောင်းဝယ်တယ်။
အဲ့ဒီ နှစ်ခုကို ရောချက်လိုက်တယ်။
ချက်နေတုန်း လာကြည့်လေ... ကြက်တောင်ပံကို မခုတ်ပဲ ထည့်ချက်တော့ အိုးထဲမှာ ထိုးထိုးထောင်ထောင်လေး။
ဒီတော့... ချက်နေတာက ဝက်သား၊ ကြည့်လိုက်ရင် ကြက်သား...
ကဲ ကောင်းဘူးလား
အိမ်သာကို အလှည့်ကျဆိုလို့ ဟိုကလေးမတွေနဲ့ တစ်ပတ်တစ်လှည်စီမှတ်နေတာ
ဘယ်ဟုတ်လို့တုန်း... ကျုပ်တို့ နှစ်ယောက်က တစ်လှည့်စီတဲ့
ဟို ၂ယောက်ကို မခိုင်းရဲဘူး ဆိုဘဲ
ထမင်းစား စားပွဲကလည်း အတူတူပဲ
အဲ့ဒီ မမ ၂ယောက်ကို အပိုင်စား ပေးထားတာ။
အိမ်ရှင်က ဧည့်ခန်းကြမ်းပြင်မှာ ထိုင်စားကြတယ်။
ကောင်မလေးတွေနဲ့ သူတို့နဲ့က ဇာတ်မတူဘူးဆိုလား ဘာလား၊ သေချာတော့ မသိပါဘူး။
3.
သူတို့ရဲ့ အိမ်ဖော်ကောင်မလေးကို အင်ဒီယားက ခေါ်လာတာ။
အဲ့ဒီအိမ်က ကလေးရော၊ အိမ်ဖော်ကောင်မလေးရော တစ်ယောက်တမျိုးစီ ရီနေရတာ။
ကလေးလေးက ချစ်စရာလေးပါ။ အသားမဲမဲ လုံးလုံးလေးနဲ့ ချစ်မွှေးပါတယ်။
လူက မူကြိုသွားတက်တော့... ကျောင်းက တတ်လာတဲ့ စကားတွေ အိမ်ပြန်ရောက်တာနဲ့ ပြောတော့တာ...
ခက်တာက သူပြောပြောနေတာတွေက လူနဲ့ တခြားစီ ဖြစ်နေတာပဲ....
'နိဟောင်းမား၊ ဝေါပုကျိသောက်၊ မဲ့အော့ကွမ်းရှိ... ကွိစိ ကွစိ'... နဲ့
... စဉ်းစားသာကြည့်တော့
ထွက်လာတဲ့ စကားနဲ့ လူနဲ့က တခြားစီလေ...
အိမ်ဖော်ကောင်မလေးက အားတဲ့အခါ ကလေးကို အင်္ဂလိပ်စာသင်ပေးတယ်။
သူက ရှေ့ကတိုင်ပေးတယ် ကလေးက နောက်က လိုက်ဆိုတယ်... ..
ကြည့်... ...
"ရေပီပီရယ်လ်ရီး... ရယ်ပဲ"
"ရေပီပီရယ်လ်ရီး... ရယ်ပဲ"
"ရီးရေရာ... ရီးရား"
"ရီးရေရာ... ရီးရား"
"ဘီရိုရိုကေ... ဘွခ်"
"ဘီရိုရိုကေ... ဘွခ်"
အဲ့ဒါ ဘာတွေတုန်း သိကြလား?
ကျနော်လည်း အစကတော့ ဘာစကားတွေ သင်ပေးနေတာလဲလို့ ဇဝေဇဝါပဲ
နောက်တော့မှ သူတို့သင်တဲ့ စာအုပ်ကိုလှမ်းမြင်တော့ အင်္ဂလိပ်စာ သင်ပေးနေမှန်း သိတာရယ်။
သူတို့က 'အ' သံကို မထွက်တတ်ဘူး၊ ဘာလို့လဲတော့ မသိ။
'အ' ကို ထွက်ရင် 'ရ' သံပဲ ထွက်လာတယ်။
E ကို ရီး
M ကို ရမ်
A ကို ရေ... အဲလိုမျိုးကြီး
ဒီတော့ ပန်းသီး (အေ ပီ ပီ အယ်လ် အီး = အဲပဲ ) က နေရင်ထိုင်ရင်း ' ရေပီပီရယ်လ်ရီး = ရက်ပဲ' ဖြစ်ရော...
4.
အိမ်ရှင်ထီးက ဒီလောက်မဟုတ်ပေမယ့် အိမ်ရှင်မက အရမ်းစီးကုပ်တယ်။
ပန်းကန်ဆေးနေလို့ ဘုံဘိုင်ခေါင်းက ရေကျတာများတယ်ဆိုပြီး လာလျှော့လား လျှော့ရဲ့
ဟင်းချက်နေတုန်း မီးများနေတယ်ဆိုပြီး လာလျှော့လား လျှော့ရဲ့။
အဲ့ဒါတွေက သိပ်ပြသနာမရှိပေမယ်...
ရေချိုးနေတုန်း အပြင်ကနေ Heater ခလုပ်ကို ပိတ်သွားတာက ပြသနာရယ်။
ကိုယ်ကလည်း ရေအေးနေရင် ဘယ်လိုမှ မချိုးတတ်တော့တာ (ကြီးကျယ်လာတာလည်း ပါသပေါ့)
ဒီတော့...
သူက Heater ခလုပ်ကို ပိတ်ရင် ကိုယ်က ရေချိုးခန်းတံခါးကိုဖွင့်၊ ကိုယ်တစ်ပိုင်းထွက်ပြီး ခလုပ်ကို ပြန်ဖွင့်ရတယ်။
ရေချိုးနေရင်း ထွက်ဖွင့်ရတာ စဉ်းစားသာကြည့်
သူ့ အိမ်ဖော်က မီးဖိုထဲမှာ နေတာ များတယ်
မီးဖိုနဲ့ ကိုယ့်ရေချိုးခန်းကလည်း တဆက်ထဲ
မရွှေချောကလည်း ခက်တာက တံခါးဖွင့်သံကြားရင် လှည့်လှည့်ကြည့်တယ်
ကိုယ်ကလည်း ကိုယ်တစ်ပိုင်းထွက်တဲ့အခါ ပိုပိုသာသာလေး ထွက်ပေးလိုက်တယ် ဟိ
ဘာပြောကောင်းမတုန်း...
မရွှေချော... လန့်လန့်အော်တာ ခဏခဏပဲ ငိ ငိ
သုံးခါလောက် ရွတ်လိုက်တာ နောက် Heater ကို လာပြီး မပိတ်ရဲတော့ဘူး
5.
အိပ်ခန်း သုံးခန်းလုံးမှာ အဲယားကွန်း တပ်ထားပေမယ့် သူတို့က ပန်ကာနဲ့ပဲ နေတာ။
ကိုယ့်အခန်းကတော့ ပိုက်ဆံပိုပေးပြီး အဲယားကွန်း သုံးရတယ်။
အဲယားကွန်းကလည်း နာမည်သာခံထားတာပါ။
မအေးပါဘူး။
ည ၉ နာရီထိုးလို့ အဲယားကွန်းများဖွင့်လိုက်ပြီဆို... Outdoor unit က ထအော်တာ ပတ်ဝန်းကျင်အိမ် အကုန်လန့်တယ်။
တိုက်နံရံတစ်လျှောက် ထော်လာဂျီ မောင်းတက်လာသလား မှတ်ရတယ်။
အထဲက Indoor unit ကလည်း အော်နေတာ နားမခံသာဘူး။
ဂျမ်းဂျမ်း ဂျမ်း၊ ဂျမ်းဂျမ်း ဂျမ်း နဲ့ ရှပ်တာတွေ ရိုက်နေတာ လေ
ဒါနဲ့ သူ့အပေါ် ကျောက်ပြင်ပေါက်စလေးတင်ပြီး တိပ်နဲ့ ကပ်လိုက်တော့မှ အသံနည်းနည်း ငြိမ်သွားတာ။
အဲဒါ သနပ်ခါး သွေးချင်ရင် ထိုင်ခုံခုပြီး အဲယားကွန်းပေါ်က ကျောက်ပြင်မှာ တက်တက်သွေးနေရတာ တစ်လုပ်ရှုပ်ရော......
6.
အိမ်လခရတဲ့နေဆို အိမ်ရှင်မက ဈေးသွားပြီး အစုံပလုံဝယ်ခြမ်းလာတော့တာ။
ပြီးရင် ဧည်းခန်းကြမ်းပြင်မှာ တမိသားစုလုံး တင်ပြင်ခွေကြီးတွေ ထိုင်ပြီး အားပါးတရ စားနေကြတော့တာ။
တရက်ကတော့ ည ၁နာရီလောက် ဖုန်းဆက်ပြီး ဟမ်ဘာဂါ မှာနေသံကြားရတယ်။
ကိုယ့်အိပ်ခန်းက ဧည့်ခန်းနဲ့ တဆက်ထဲဆိုတော့ ဧည့်ခန်းမှာထားတဲ့ ကြိုးဖုန်းနဲ့ လာပြောနေတာကို ကြားနေရတာလေ
မှာပြီးတော့ အိပ်ခန်းထဲ ဝင်သွားတယ်...
ခဏ အသံငြိမ်သွားအောင် စောင့်လိုက်တယ်...
ပြီးတော့ ခုနက ကြိုးဖုန်းနဲ့ ကိုယ်က ဟမ်ဘာဂါထပ်မှာလိုက်တယ်။
၃ စုံစာ၊ ( 3 set ) လာပို့ပါလို့။
လိပ်စာက ဒီအိမ်လိပ်စာ
နာမည်က အိမ်ရှင် ယောက်ျားနာမည်နဲ့ ဟိ ဟိ
သိပ်မကြာပါဘူး.... ဟမ်ဘာဂါ လာပို့ရော...
၂ ယောက်မှာဆိုတော့ ၂ နှစ်ယောက်လာပို့တာပေါ့..
လင်မယားတွေ ကွိစိကွစိနဲ့ စကားများနေသံကြားရတယ်
အခန်းမီးပိတ်ပြီး ခိုးနားထောင်နေတာ
ခဏနေတော့ အခန်းတံခါး လာခေါက်တယ်
ပုဆိုး စွန်တောင်ဆွဲပြီး အိပ်ချင်မူးတူးပုံစံနဲ့ တံခါးဖွင့်ပြီး မေးလိုက်တယ်... ...
"ဘာရဲ..."
"မင်း... ဟမ်ဘာဂါ မှာသေးလား"
"ငင်... ဘာဂျီးဒုန်း၊ မှာ ပါဘူး"
"ဒီမှာ ဒီအိမ်က မှာတယ်ဆိုပြီး လာပို့နေလို့"
"ဘယ်သူမှာတာတဲ့လဲ"
"ဆာရမ်း တဲ့"
"အမ်... ဆာရမ်းဆိုတာ မင်း လေ၊ ငါက သန်၎ကို"
"အေးပါ... အေးပါ၊ မင်းများ မှာသေးလို့ပါ"
ငိ... ငိ... သူ့မိန်းက နှမြောက နှမြောနဲ့ ဆိုတော့ ပွစိပွစိနဲ့ မပြီးနိုင် မစီးနိုင်ရယ်...
သူ့ယောက်ျား မှားမှာတယ်ပေါ့လေ... ... ငေါက်နေတာ
ဟမ်ဘာဂါတွေ တပုံကြီး မကုန်နိုင်မခန်းနိုင် စားနေကြတာများ အားရစရာဂျီး
ဘာရယ် မဟုတ်ပါဘူး... တခါတလေ ပျင်းတဲ့အခါ အဲလိုပဲ စမိတာပါ။
7.
တောင်စဉ်ရေမရ ရေးမယ်ဆိုရင်တော့ အများကြီး ရှိသေးတယ်။
စာရှည်သွားလို့
နောက်မှ.. ...
သန်၎ကို - လျှောက်ရေးတာပါ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...