ဖရီဒါခါလို နှင့် နွယ်မျှင် ဆူးခက် အိပ်မက်
Thet Wai July 15, 2014 at 10:11pm
ဖရီဒါခါလို (Frida Kahlo) ဆိုတဲ့ မက်ဆီကန် ပန်းချီဆရာမ တစ်ယောက် အကြောင်းပါ။ သူ့ကို ၁၉၀၇ ခုနှစ် ဂျူလိုင်လ ၆ ရက်မှာ ဟန်ဂေရီယန်း-ဂျူးလူမျိုး ဖခင်နဲ့ စပိန်-မက်ဆီကို လူမျိုး မိခင်တို့က မွေးဖွားခဲ့ပါတယ်။ သူဟာ အနုပညာသည်တစ်ယာက် ဖြစ်လာဖို့ ရည်ရွယ်ချက်ရှိခဲ့သူတော့ မဟုတ်ပါဘူး။
ဒါပေမယ့် သူ့အသက် ၁၈ နှစ်မှာ ဘတ်စ်ကား အက်ဆီးဒင့်ဖြစ်ပြီး ကျောရိုး၊ ပုခုံးရိုး၊ နံရိုး၊ တင်ပဆုံရိုးနဲ့ ခြေထောက်တွေ ကျိုးနေခဲ့ပြီး အချိန် တစ်နှစ်ကျော်ကြာအောင် အိပ်ယာပေါ်မှာ နေခဲ့ရပါတယ်။ အဲဒါတွေ ပြန်ကောင်းလာဖို့ အကြိမ်ပေါင်း ၃၀ ကျော် ခွဲစိတ်ကုသမှုတွေ ပြုလုပ်ခဲ့ရပါတယ်။
အဲဒီအချိန်တွေမှာ သူဟာ ကိုယ်တိုင်ရေး ပုံတူနဲ့ သက်ငြိမ် ပန်းချီကားတွေ စပြီး ရေးဆွဲခဲ့ပါတယ်။ သူ့ရဲ့ ပန်းချီတွေဟာ ရှေးတုန်းက မက်ဆီကန် လူမျိုးတွေရဲ့ အရောင်ဖွဲ့စည်းပုံတွေကို အသုံးပြုပြီး ရေးဆွဲခဲ့တာ ဖြစ်တယ်။ သူ့အသက် ၂၂ နှစ်မှာ သူ့ထက် အသက် ၂၀ ကျော် ပိုကြီးတဲ့ Diego Rivera ဆိုသူနဲ့ လက်ထပ်ခဲ့တယ်။ ပြီးတော့ ဆန်ဖရန်စစ်စကို ကို ပြောင်းလာခဲ့တယ်။ သို့သော် အကြောင်းကြောင်းတွေကြောင့် သူတို့ရဲ့ အိမ်ထောင်ရေးက အဆင်မပြေခဲ့ဘူး။ ဖရီဒါဟာ သူ့ဘဝမှာ အက်ဆီးဒင့် နှစ်ခုရခဲ့တယ်။ တစ်ခုက ကားကြောင့် ရခဲ့တဲ့ အက်ဆီးဒင့်ဖြစ်ပြီး နောက်တစ်ခုက သူ့အမျိုးသား Diego ကြောင့်ရခဲ့တဲ့ အက်ဆီးဒင့် ဖြစ်တယ်လို့ ပြောပါတယ်။ ကားအက်ဆီးဒင့်ဟာ သူ့ကိုရုပ်ပိုင်းဆိုင်ရာအားဖြင့် ပျက်စီးစေခဲ့ပြီး Diego ကြောင့်ရခဲ့တဲ့ အက်ဆီးဒင့်ဟာ သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာကို ပျက်စီး ကြေမွစေခဲ့တယ်လို့ ပြောပါတယ်။
သူ့ဘဝတစ်လျှောက်မှာ ဆေးရေးပန်းချီကား နဲ့ ပုံကြမ်းပေါင်း စုစုပေါင်း ၂၀၀ ကျော် ဖန်တီး ရေးဆွဲခဲ့ပါတယ်။ ပန်းချီကားတွေတိုင်းမှာ သူ့ဘဝရဲ့ အတွေ့အကြုံတွေ၊ ရုပ်ပိုင်းဆိုင်ရာ နဲ့ စိတ်ပိုင်းဆိုင်ရာ နာကျင်မှုတွေ၊ တခြားနိုင်ငံမှာ အခြေချနေထိုင်ရင်း မိမိနိုင်ငံကို လွမ်းဆွတ် တမ်းတနေရခြင်းတွေ၊ အိမ်ထောင်ရေးနဲ့ ပတ်သက်တဲ့ အမျိုးသားရဲ့ ပြင်ပ အရှုပ်အထွေးတွေ နဲ့ နာကျင်မှု ခါးသီးမှုတွေကို ပုံဖေါ်ရေးဆွဲခဲ့တာဖြစ်တယ်။ ပြီးတော့ သူ ရေးခဲ့တဲ့ ဆေးရေးပန်းချီကား ၁၄၀ ကျော်မှာ ၅၅ ပုံက ကိုယ်တိုင်ရေးပုံတူတွေ ဖြစ်တယ်။ ဘာကြောင့် ကိုယ်တိုင်ရေး ပုံတူတွေ များရသလဲ လို့ သူ့ကိုမေးကြည့်တော့ သူက သူ တစ်ယောက်ထဲနေရတဲ့ အချိန်တွေ များတာက တစ်ကြောင်း၊ သူကိုယ်တိုင်က သူ့ပန်းချီကားတွေအတွက် သူ အသိဆုံးနဲ့ အကောင်းဆုံး subject တစ်ခုဖြစ်နေတာက တစ်ကြောင်းတို့ကြောင့်ပါ လို့ ဖြေပါတယ်။
သူ့ရဲ့ တစ်ကိုယ်တော် ပန်းချီပြပွဲကို ၁၉၅၃ ခုနှစ်မှာ မက်ဆီကိုမှာ ကျင်းပခဲ့ပါတယ်။ ဝေဖန်သူတစ်ယောက်ကတော့ သူမရဲ့ ပန်းချီကားတွေဟာ သူမရဲ့ ကိုယ်ရေး အထုပ္ပတ္တိပါပဲ လို့ ဆိုပါတယ်။ ပြပွဲကျင်းပနေတဲ့ အချိန်မှာ သူဟာ ကျန်းမာရေး အခြေအနေကြောင့် အိပ်ယာထဲမှာပဲ နေရမယ်လို့ ဆရာဝန်က ပြောထားတဲ့ အချိန်ပါ။ သို့သော် သူက အဲဒီပွဲကို လူနာတင်ယာဉ်နဲ့ အရောက်လာခဲ့ပါတယ်။ သူက ကုတင်ပေါ်မှာ၊ ကုတင်ကို အဲဒီလူနာတင်ယာဉ်ပေါ်မှာ တင်ပြီး ပြပွဲအရောက်မှာ လူ လေးယောက်က ကုတင်ကို မ ယူလာပြီး ပြပွဲလာ ဧည့်ပရိသတ်တွေနဲ့ တွေ့ဆုံစေခဲ့ပါတယ်။ အဲဒီ ပြပွဲကျင်းပပြီး နောက် တစ်နှစ် အကြာ ၁၉၅၄ ခုနှစ် ဂျူလိုင်လ ၁၃ ရက်နေ့ သက် ၄၇ နှစ်အရွယ်မှာ သူ ကွယ်လွန်ခဲ့ပါတယ်။
သူ မကွယ်လွန်ခင်က သူ ကွယ်လွန်ခဲ့ရင် သူ့ ရုပ်ကလာပ်ကို ဘာလုပ်ရမလဲ လို့ မေးတော့ သူက "မီးသဂြိုလ်လိုက်ပါ… သူ့ဘဝရဲ့ အချိန်တော်တော်များများမှာ အိပ်ရာပေါ်မှာ လဲလျောင်းရင်း ကုန်ဆုံးခဲ့ရတာမို့ သူ သေဆုံးတဲ့ အခါမှာ မြေကြီးထဲမှာ ထပ်ပြီး မလဲလျောင်းပါရစေနဲ့... မီးသဂြိုလ်လိုက်ပါ…" လို့ ပြောခဲ့ပါတယ်။ သူ့ရဲ့ နေ့စဉ်မှတ်တမ်းမှာ သူနောက်ဆုံး ရေးခဲ့တာကတော့ “I hope the end is joyful and I hope never to return..” တဲ့…။
သူ့ရဲ့ အရိုးပြာကို သူ ငယ်စဉ်က နေထိုင်ကြီးပြင်းခဲ့ပြီး သူ့ရဲ့နောက်ဆုံးနေ့ရက်တွေမှာ နေထိုင်ခဲ့တဲ့၊ သူ့ ဖခင် ဆောက်ထားခဲ့တဲ့ မက်ဆီကိုနိုင်ငံက Blue House ဆိုတဲ့ မိသားစု နေအိမ်ကြီးမှာ ထားပါတယ်။ သူကွယ်လွန်ပြီး တစ်နှစ်အကြာမှာ သူ့ အမျိုးသားက အဲဒီအိမ်ကြီးကို မက်ဆီကို နိုင်ငံ အစိုးရကို ပြတိုက်လုပ်ဖို့ ပေးလှူခဲ့ပါတယ်။ ၁၉၅၇ ခုနှစ် မှာ Diego ကွယ်လွန်ခဲ့ပြီး ၁၉၅၈ ခုနှစ်မှာ Museum of Frida Kahlo ကို ဖွင့်လှစ်နိုင်ခဲ့ပါတယ်။
သူရေးဆွဲခဲ့တဲ့ ပန်းချီကားတွေဟာ သူ့ရဲ့ ဘဝဇာတ်ကြောင်းကို တကယ်ပဲပေါ်လွင် ထင်ရှားအောင် ဖေါ်ပြနိုင်ခဲ့တာပါ။ သူ့ပန်းချီကားတွေထဲက တချို့ကို အောက်မှာပြထားပါတယ်။
ဒီပုံကတော့ သူမ အသက် ၂၀ မှာ ရိုက်ထားခဲ့တဲ့ ဓါတ်ပုံပါ။
ဒီပုံကတော့ ၁၉၃၂ ခုနှစ် လက်ထပ်ပြီး ၃ နှစ်အကြာမှာ ရိုက်ထားတဲ့ Frida တို့ ဇနီးမောင်နှံရဲ့ ဓါတ်ပုံပါ။
ဒါတွေကတော့ သူ့ရဲ့ ကိုယ်တိုင်ရေး ပုံတူတွေထဲက တချို့ပါ။
ဒါကတော့ သူနဲ့ သူ့ အမျိုးသားတို့ရဲ့ ပုံတူပါ။ သူတို့မင်္ဂလာဆောင်တုန်းက ပုံကို အခြေခံပြီး ဆွဲထားတယ်လို့ သိရပါတယ်။
ဒီပုံကတော့ သူ့ရဲ့ အစောပိုင်းလက်ရာတွေထဲက သက်ငြိမ်ပန်းချီကား တစ်ခုပါ။ ၁၉၂၅ ခုနှစ် သူ့အသက် ၁၈နှစ်မှာ ရေးဆွဲခဲ့ပါတယ်။ နာကျင်ခြင်းကို ပြထားပါတယ်။ သူနဲ့ သူ့ချစ်သူနဲ့ အဆင်မပြေချိန်၊ သူ့ချစ်သူက တခြား အမျိုးသမီးတစ်ယောက်နဲ့ တွဲနေချိန်မှာ ရေးဆွဲခဲ့တာ ဖြစ်တယ်။ ပန်းအိုးထဲက ပွင့်လန်းနေတဲ့ နှင်းဆီနှစ်ပွင့်ဟာ သူ့ချစ်သူနဲ့ တခြားအမျိုးသမီးတစ်ယောက်ကို ကိုယ်စားပြုပြီး စားပွဲပေါ်မှာ လဲကျနေတဲ့ နွမ်းလျနေတဲ့ နှင်းဆီဖူး အနွမ်းလေးကတော့ သူ့ ကိုယ်သူ ကိုယ်စားပြုတယ် လို့ဆိုပါတယ်။
ဒီလို သစ်သီးလေးတွေပါတဲ့ သက်ငြိမ်ပန်းချီလေးတွေကတော့ သူ့အတွက် ဆွဲရတာ လွယ်ကူပြီး ရောင်းတဲ့အခါမှာလဲ လွယ်ကူတာက တစ်ကြောင်း၊ ရောင်းလို့ရတဲ့ ငွေကို Diego ကို သူ့အတွက် ဆေးကုသစရိတ် ပေးနိုင်တာက တစ်ကြောင်းတို့ကြောင့် ဒီလိုပုံတွေကို မကြာခဏ ဆွဲဖြစ်တယ်လို့ ဖရီဒါက ပြောပါတယ်။ သူ အိပ်ရာထဲက မထနိုင်တဲ့ အချိန်တွေမှာ သူ့ခြံထဲက အသီးတစ်ချို့နဲ့ ဈေးမှာ ဝယ်လို့ရတဲ့ အသီးတစ်ချို့ကို အိပ်ယာဘေးမှာ ပြင်ဆင်ပြီး ဆွဲခဲ့တယ်လို့ ပြောပါတယ်။ ဒါကတော့ သူ မကွယ်လွန်ခင် တစ်နှစ် အလိုက ဆွဲခဲ့တဲ့ ပန်းချီကားတွေပါ။ Still Life with Parrot and Fruit နဲ့ Still Life with Parrot and Flag လို့ နာမည်ရပါတယ်။
ဒါကတော့ သူ့ရဲ့ နောက်ဆုံး ပန်းချီပါ... Viva La Vida လို့ အမည်ရပါတယ်။ မကွယ်လွန်ခင် ၈ ရက်အလိုက ဆွဲထားတယ်လို့ သိရပါတယ်။
ဒီ အောက်က ပန်းချီကားကတော့ ဖရီဒါရဲ့ နာမည်ကျော် ပန်းချီကားတွေထဲက တစ်ခုပါ။ ကိုယ်တိုင်ရေး ပုံတူ လို့လဲ ဆိုနိုင်ပါတယ်။ The Dream လို့ အမည်ရပါတယ်။
ဘဝတွေထဲမှာ ရှောင်လွှဲလို့မရတဲ့ ရှင်သန်ခြင်း၊ သေဆုံးခြင်းနဲ့ အသစ်တဖန် မွေးဖွားခြင်းတို့ကို ပြထားပါတယ်။
သစ်ခက်တွေက အသစ်တဖန်မွေးဖွားခြင်းကို ကိုယ်စားပြုပြီး လူအရိုးစုကတော့ သေဆုံးခြင်းကို ပြနေပါတယ်။ ရစ်ပတ် ချည်နှောင်တတ်တဲ့ နွယ်မျှင်တွေ၊ ဆူးခက်တွေဟာ ဒီပန်းချီကားရဲ့ အသက်ပဲလို့ ကျွန်မ တွေးမိပါတယ်။
အသက် ငယ်ငယ်လေးနဲ့ ဆုံးပါးသွားရတဲ့ ဖရီဒါခါလို အကြောင်းကို တွေးမိတိုင်း သူ့အနုပညာကို နှမြောသလို ခံစားရပြီး တချိန်တည်းမှာပဲ ဘဝရဲ့ခါးသီးမှုတွေထဲ ဆက်လက် ရှင်သန်နေရမယ့်အစား စောစောစီးစီး ဘဝတစ်ခု အဆုံးသတ် ချုပ်ငြိမ်းသွားတာက ပိုများ ကောင်းလေသလားလို့လဲ တွေးမိပါတယ်...။ အမှန်ကတော့ ဘယ်ဟာမှ မကောင်းပါဘူး။ ဒါကြောင့် ဘာကိုမှ ကြိုတင် မမြင်နိုင်တဲ့ ကိုယ်စီဘဝတွေမှာ အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင်၊ ပြီးတော့ စိတ်နှလုံး အေးအေးချမ်းချမ်း၊ အကုသိုလ် ကင်းကင်းနဲ့ နေထိုင်သွားနိုင်ဖို့ကိုပဲ ဆုတောင်းနေမိပါတယ်။သက်ဝေ
(၁၄ ဒီဇင်ဘာ ၂၀၁၀)
0 comments:
Post a Comment