Monday, July 28, 2014

အပျိုရည်အဖျက်ခံရတဲ့ တောင်သမန်



ကျွန်တော်တို့ မန္တလေးမြို့ကြီးက မင်းနေပြည်တော် ဖြစ်ခဲ့တာ နဲ့အညီ လည်စရာ ပတ်စရာ သမိုင်း ၀င်နေရာတွေဟာ လွန်စွာမှ ပေါများပါတယ်။ အဲ့ဒီထဲမှာမှ မြန်မာသိ ကမ္ဘာသိ သမိုင်းဝင် ရှေးဟောင်း ဦးပိန် တံတားကြီးလည်း တစ်ခု အပါအ၀င်ပါပဲ။ မန်းလေးကို လာရောက် လည်ပတ်ကြတဲ့သူတိုင်း မသွားမဖြစ် သွားကြတဲ့ နေရာ တစ်ခုလည်း ဖြစ်ပါတယ်။


အထူးသဖြင့် ကမ္ဘာလှည့် ခရီးသွား ဧည့်သည် တွေကို ဆွဲဆောင်နိုင်တဲ့ နေရာ တစ်ခုဆို မမှားပါဘူး။ မန္တလေးကို လာရောက် လည်ပတ်တဲ့သူတိုင်း ဦးပိန် တံတားကို မရောက်ခဲ့ဘူး ဆိုရင် မပြည့်စုံဘူးလို့ ဆိုရလောက်အောင် ပါပဲ။

၁၂၁၁ ခုနှစ် ကုန်းဘောင်ခေတ် ပုဂံမင်း လက်ထက်မှာ မြို့စားရေး မောင်ပိန် တည်ခဲ့တဲ့ ဦးပိန်တံတားကြီးဟာ ယနေ့အခါမှာ ဆိုရင် နှစ်ပေါင်း ၁၆၀ကျော် တိုင်ခဲ့ပါပြီ။ မြန်မာ့ ယဉ်ကျေးမှု ရှေးဟောင်း အမွေအနှစ် တစ်ခု ဖြစ်သလို ကမ္ဘာကျော် ရှေးဟောင်း သစ်သား တံတားလည်း ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ အရှည်းလျားဆုံး ကျွန်းသစ်သား တံတားကြီး ဆိုပြီး ကမ္ဘာအရပ်ရပ်က နိုင်ငံခြား ခရီးသွားတွေ လာရောက် လည်ပတ် မှတ်တမ်း တင်ကြတဲ့ ရှေးဟောင်း သမိုင်းဝင် နေရာတစ်ခုပါ။ မြန်မာ ဗိသုကာ ပညာရှင်များက မြန်မာ့ ဆောက်လုပ်ရေး အတတ်ဖြင့် မြန်မာမှု စစ်စစ် တံတားကြီး အဖြစ် ဦးပိန်တံတားကြီးဟာ အမရပူရ ရှေးဟောင်း မြို့တော်၏ အမှတ် သင်္ကေတ ဖြစ်သလို မြန်မာနိုင်ငံသား အားလုံးအတွက် ဂုဏ်ယူစရာ နေရာတစ်ခုလည်း ဖြစ်ပါတယ်။

ဦးပိန်တံတား တည်ရှိတဲ့ တောင်သမန် အင်းကြီးဟာလည်း နွေ၊မိုး၊ဆောင်း ဥတု သုံးရာသီစလုံး သဘာဝ အလှတရားများနဲ့ ပြည့်စုံတဲ့ နေရာလေး တစ်ခုပါ။ မိုးရာသီ ဆိုရင် ဧရာဝတီမြစ် ရေတက်ချိန်မှာ ရေများ ၀င်ရောက်ပြီး အင်းတစ်ခုလုံး ရေအပြည့်နဲ့ ဦးပိန် တံတားကြီးဟာ လှပလို့ နေပါတယ်။

အင်းထဲမှာ ရေဆင်းချိုးကြ၊ ငါးမျှားကြ၊ ငှက်လေစီးကြနဲ့ တကယ့်ကို ပျော်စရာပါ။ အင်းရေပြင်ပေါ်မှ ဖြတ်ပြီး တိုက်ခတ်လာတဲ့ လေနုအေးလေးကို ရှုရိုက်ပြီး တံတားကြီးပေါ် လမ်းလျှောက်ရတဲ့ အရသာ ဘာနဲ့မှကို လဲလို့မရ အောင်ပါပဲ။

ဆောင်းရာသီမှာ ဆိုရင်လည်း ရေအနည်းငယ်သာ ကျန်တော့ပြီး လယ်ယာ စိုက်ပျိုးကြတဲ့ စိုက်ခင်း လေးတွေနဲ့ ငွေနှင်းမှုန်အောက်မှာ လှချင်တိုင်း လှနေပါတော့တယ်။

နွေအခါမှာ ဆိုရင်တော့ တောင်သမန်အင်းဟာ ရေလုံးဝမရှိတော့ဘဲ စိမ်းစိုနေတဲ့ ကိုင်းခင်း၊ ယာခင်း တွေကြားမှာ ဦးပိန်တံတားဟာ နုပျိုစွာ လှပနေပါတော့တယ်။

ကျွန်တော်တို့ ငယ်ငယ်ကတော့ ပူပြင်းတဲ့ နွေရာသီမှာ စနေ၊ တနင်္ဂနွေတိုင်း မိသားစုနဲ့အတူ ထမင်းချိုင့်တွေ ထုတ်ပြီး တောင်သမန်ကန်စောင်းက မယ်ဇယ်ပင်ရိပ်တွေမှာ ဖျာတွေခင်းပြီး ထမင်းတွေ စားကြ၊ တံတားကြီး အပေါ်တက်ပြီး ဆော့ကြ၊ မောလာရင် မယ်ဇယ်ပင်တွေ အောက်မှာ အိပ်ကြနဲ့ တကယ့်ကို ပျော်ရွှင်စရာ၊ မမေ့နိုင်စရာတွေပါပဲ။ ပူပြင်းလှတဲ့ အညာ နွေရာသီ မှာတော့ တောင်သမန်ဟာ ကျွန်တ်ာတို့ မန္တလေးသားတွေ အတွက်တော့ အပူရှောင်ရန် အိုအေစစ် နေရာလေး တစ်ခုပါပဲ။ ဒီလို နွေ၊ မိုး၊ ဆောင်း သုံးရာသီစလုံး သဘာဝ အလှတရားများနဲ့ ပြည့်စုံနေတာကြောင့် တောင်သမန်ကို “သုံးပန်လှ တောင်သမန်”လို့ တင်စား ခေါ်ဝေါ်ခဲ့ကြတာပါ။

ဒေသခံ ပြည်သူတွေ အတွက်လည်း မိုးရာသီရေရှိတဲ့ အချိန်ဆို ငှက်လှေလှော်ကြ၊ ငါးဖမ်းလုပ်ငန်း လုပ်ကြ၊ ဆောင်းနဲ့ နွေရာသီမှာတော့ သီးနှံတွေ စိုက်ပျိုးကြ၊ ခရီးသွား ဧည့်သည်တွေကို လက်မှု အနုပညာ ပစ္စည်းလေးတွေ ရောင်းကြနဲ့ တောင်သမန်ဟာ ဒေသခံ ပြည်သူတွေ အတွက်တော့ ထမင်းအိုးကြီးပါပဲ။

ဒီလို နွေ၊ မိုး၊ ဆောင်း သဘာဝ အလှတရားများနဲ့ နုပျိုလှပနေတဲ့ တောင်သမန် သမီးပျိုလေးဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ် အတွင်းက စပြီး ဘယ်သူသေသေ ငတေမာရင်ပြီးရော ဆိုတဲ့ စီးပွားရေး သမားတွေနဲ့ စဉ်းစား အသိဥာဏ် မရှိတဲ့ အုပ်ချုပ်သူ အာဏာပိုင်တွေရဲ့ အဓမ္မအကျင့် ခံရပြီး အပျိုရေ ပျက်သွား ခဲ့ရပါပြီ။

မိုးရာသီ ဧရာဝတီမြစ်ရေတိုးတဲ့ အချိန်မှာသာ ရေရှိတဲ့ တောင်သမန်အင်းကြီးဟာ အခုချိန်မှာတော့ ရေပြန်ကျတဲ့ အချိန်မှာ ရေပြန်မကျသွားအောင် ရေထိန်း တံခါးကြီးတွေ ဆောက်ပြီး ဆယ့်နှစ်လ ရာသီစလုံး ရေတွေရှိအောင် လုပ်ပြီး ငါးမွေးတဲ့ ငါးမွေးကန်ကြီး ဖြစ်သွားပါပြီ။ ရေသေကန်ကြီးဖြစ် သွားတဲ့ အတွက် အမှိုက်သရိုက်များနဲ့ ညစ်ပတ် နေပါတော့တယ်။ မန္တလေး စက်မှုဇုန်က ရေဆိုးများ ၀င်ရောက်မှုကြောင့်လည်း ရေများ ညစ်ညမ်းပြီး အနံ့အသက်များ မကောင်းတော့ဘဲ ရေသိုးနံ့၊ ငါးညီ၊ နံ့တွေနဲ့ စိတ်ပျက်စရာ ကောင်းသွားပါတော့တယ်။ လူသားတွေရဲ့ အသိဥာဏ် အမြော်အမြင် ကင်းမဲ့စွာ ပြုလုပ်လိုက်ခြင်းကြောင့် တောင်သမန်ဟာ ရုပ်ဆိုးအကျည်းတန် သွားခဲ့ရပါပြီ။ အရင်က ခြင်ထောင်တောင် မအိပ်ရတဲ့ တောင်သမန် ဒေသဟာ အခုဆိုခြင်တွေ ပေါများလာပါလို့ ခြင်ထောင်နဲ့ အိပ်နေရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

တစ်နှစ်ပတ်လုံး ရေရှိနေတဲ့ အတွက်ကြောင့် နှစ်ပေါင်း ၁၆၀ ကျော် သက်တမ်းရှိတဲ့ သစ်သား တိုင်တွေဟာ အောက်ခြေများ ဆွေးလာပြီး တံတားကြီးဟာ တစ်စတစ်စနဲ့ ယိုယွင်း ပျက်စီး လာပါပြီ။ ဒီလိုပုံမျိုးနဲ့ ဆိုရင်တော့ ဒီတံတားကြီးရဲ့ သက်တမ်းဟာ အလွန် တိုတောင်းသွားပြီး လာမယ့် ဆယ်စုနှစ် အနည်းငယ် အတွင်း ပျောက်ကွယ်ဖို့ပဲ ရှိပါတော့တယ်။

တစ်နှစ် တစ်နှစ် အင်းလေလံ ကြေးက ရရှိတဲ့ ငွေမျက်နှာ တစ်ခုတည်း ကြည့်ပြီး အသိဥာဏ်မဲ့စွာ လုပ်ဆောင်မှုကြောင့် ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် တစ်ခုပျက်စီး ပျောက်ကွယ်တော့မယ့် အခြေအနေကို ရင်ဆိုင်နေရပါပြီ။

ဦးပိန်တံတားဟာ စစ်အစိုးရ လက်ထက်မှာ အုပ်ချုပ်သူ လူကြီးမင်းများရဲ့ ဖျက်ဆီးချင်းကို အကြိမ် ကြိမ်ခံ ခဲ့ရတာပါ။ ဦးပိန် တံတားကြီးကို စတည်ကည်းက အပေါ်ပိုင်း ထွက်နေတဲ့ တိုင်တွေဟာ အတိုအရှည် မညီပါဘူး။ ဒါကို မန္တလေးတိုင်းမှူး ဗိုလ်ချုပ်ရဲမြင့် လက်ထက် မှာ အစွန်းထွက်နေတဲ့ တိုင်တွေကို အတိုအရှည် ညီအောင်လို့ ဆိုပြီးတော့ ရွှေဥာဏ်တော်စူး ရောက်ကာ လွှနဲ့ဖျက်ပစ်တော်မှု ခဲ့ပါတယ်။ အံသြကုန်နိုင်ဖွယ် မရှိပါပဲဗျာ။ စစ်အစိုးရ လက်ထက် လူကြီးမင်းများရဲ့ ဒီလိုမျိုး အသိဥာဏ်မဲ့စွာ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် လက်ရာတွေကို ဖျက်ဆီးပစ်တာဟာ အဆန်းတော့ မဟုတ်တော့ပါဘူး။ စစ်ကိုင်းမြို့ရဲ့ ထင်ရှားတဲ့ နေရာတစ်ခုဖြစ်သော ထုံးဖြူဖြူနဲ့ အလွန်ကြည်ညို သပ္ပာယ်စရာကောင်းတဲ့ ကောင်းမှုတော် စေတီကြီးကိုတောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ယတြာခြေသလို ဘာလိုလိုနဲ့ ရွှေရောင် သုတ်လိုက်ဆိုပြီး သုတ်လိုက်လို့ ဒေသခံတွေရော မြန်မာ တစ်နိုင်ငံလုံးက ပြည်သူတွေပါ ရင်ထုမနာ ဖြစ်ခဲ့ရရှာ ပါတယ်။

သနပ်ခါး ပါးကွက်ကြား ဆံရစ်ဝိုင်းလေးနဲ့ တောသူ လုံမေလေးကို ဆံပင်ဖြောင့်ပေးပြီး မိတ်ကပ်တွေ အတင်းလူးပေး လိုက်သလို မြင်ရသူ အပေါင်း နှမြောတသ ၀မ်းနည်းမဆုံး ဖြစ်ရပါတယ်။ ဒီလို အုပ်ချုပ်သူတွေရဲ့ စဉ်းစား အတွေးအခေါ်မရှိ လုပ်ရပ်တွေကြောင့် မြန်မာပြည်ရဲ့ ရှေးဟောင်း အမွေအနှစ်တွေ သဘာဝ သံယံဇာတ တော်တော်များများဟာ ပျက်စီး ယိုယွင်းပြီး တိမ်ကော ပျောက်ကွယ်ကုန်တာ မရေတွက် နိုင်အောင်ပါပဲ။

ရှေးဟောင်း အမွေအနှစ် ဦးပိန်တံတားကြီးရဲ့ သဘာဝ အလှတရားကို မိုက်မိုက်မဲမဲ ဖျက်ဆီးမှုကြီး ကတော့ နှစ်ပေါင်းများစွာ ကြာလာလို့ ပျက်စီးယိုယွင်းနေတဲ့ တံတားကြီးရဲ့ တိုင်တွေနေရာမှာ ကွန်ကရစ်တိုင်တွေနဲ့ အစားထိုး လိုက်ပါတယ်တဲ့။ သေရောဗျာ။ သဘာဝအတိုင်း နုပျိုလှပနေတဲ့ မိန်းမပျို မျက်နှာလေးကို ဓားနဲ့မွှန်း လိုက်သလိုပဲ ရင်ထဲမှာ နာကျင်ခံစား သွားရပါတယ်။ အပြစ်ကင်းစွာ သဘာဝအတိုင်း လှနေတဲ့ ဦးပိန်တံတားကြီးဟာ သေရာပါ အမာရွတ်ကြီး စွဲထင်သွားခဲ့ပါပြီ။

ရှေးဟောင်း ယဉ်ကျေးမှု လက်ရာကြီးကို ရက်ရက်စက်စက် ဖျက်စီးပစ်ရက်တယ်ဗျာ။

ဘယ်လို အသိဥာဏ် အတွေးအခေါ်မျိုးနဲ့ လုပ်လိုက်သလဲလို့ ယနေ့ထိ စဉ်းစားလို့ မရအောင်ပါပဲ။

ရှေးအစဉ်အဆက် ကလည်း ဒီတံတားကြီးဟာ အကြောင်း အမျိုးမျိုးကြောင့် ပျက်စီးယိုယွင်းလို့ အကြိမ်ကြိမ် ပြုပြင်ခဲ့ရ ဖူးပါတယ်။ ဒါပေမယ့် ခေတ်အဆက်ဆက် တာဝန်ရှိသူတွေဟာ ရှေးမူ မပျက်အောင် ထိန်းသိမ်းပြီး ပြုပြင်ခဲ့ ကြတာပါပဲ။ စစ်အစိုးရ လက်ထက်ကြမှ ဒီလိုမျိုး သဘာဝ အလှပျက်သွားအောင် လုပ်ပစ် လိုက်ကြတာဟာ ဒီတံတားကြီးကို တည်ဆောက်ခဲ့တဲ့ မြန်မာ ပညာရှင်တွေတောင် အားနာဖို့ ကောင်းလှပါတယ်။

ဒီလိုမျိုး အုပ်ချုပ်သူ လူကြီးမင်းများရဲ့ လုပ်ရပ်တွေ မြင်ရ ကြားရတော့ သီတဂူ ဆရာတော် ဘုရာကြီး ဟောကြားခဲ့တဲ့ တရားတော်ထဲက မျောက်ကို ဥယျာဉ်မှူး ခန့်ထားတဲ့ ပုံပြင်လေးသွား သတိရမိတယ်။ ပုံပြင်ထဲမှာ ဥယျာဉ် အလုပ်သမား မျောက်တွေက နေ့စဉ် ဥယျာဉ်ထဲမှာရှိတဲ့ ငှက်ပျောပင်တွေကို ရေလောင်း ကြပါတယ်။ ဒါကို ဥယျာဉ်မှူး မျောက်က မြင်တဲ့အခါ အဲ့ဒီလို ရေလောင်းတာထက် အပင်တွေပိုပြီး ရေ၀၀လင်လင် သောက်ရအောင်ဆိုပြီး ရေလောင်းတဲ့ အခါတိုင်း အပင်တွေရဲ့ အမြစ်တွေကို နုတ်ပြီး တိုက်ရိုက်ရေလောင်း စေခဲ့ပါတယ်။ ဥယျာဉ်မှူးမျောက်ရဲ့ ပိုကောင်းအောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ခဲ့တာ နောက်ဆုံး ဥယျာဉ်ကြီး တစ်ခုလုံး ပျက်စီးသွားတော် မှုခဲ့ပါတယ်တဲ့။ ဒီလိုမျိုး ဥယျာဉ်မှူးတွေ ကျွန်တော်တို့ နိုင်ငံမှာ ဘယ်လောက် များနေပြီလည်း မသိတော့ပါဘူး။

ဦးပိန်တံတားကြီးရဲ့ ပျက်စီးယိုယွင်းသွားတဲ့ တံတားတိုင်တွေကို ကွန်ကရစ်တိုင်တွေနဲ့ အစားထိုး စေခဲ့တဲ့ လူကြီးမင်းများကို ကျွန်တော် မေးချင်တာက ဒီလောက် တံတားတိုင် အနည်းငယ်လေးကို အစားထိုး လဲလှယ်ဖို့ ကျွန်တော်တို့ နိုင်ငံမှာ ကျွန်းသစ်တွေ မရှိလောက်အောင် ရှားနေလို့လား။ ကမ္ဘာပေါ်မှာ မြန်မာနိုင်ငံဟာ ကျွန်းသစ်အများဆုံး ထွက်တဲ့ နိုင်ငံတစ်ခုပါ။ ဦးပိန်တံတားဟာ တိုင်ပေါင်း ဇရပ်အခန်းက တိုင်များ အပါအ၀င်မှ တိုင်ပေါင်း ၁၀၈၆လုံးပဲ ရှိတာပါ။ နိုင်ငံခြား တင်ပို့ဖို့ ရန်ကုန်ဆိပ်ကမ်းမှာ ပုံထားတဲ့ သစ်တစ်ပုံစာတောင် မရှိပါဘူး။ ဒီလိုတံတားမျိုး နောက်ထပ် အစင်း ၁၀၀ထပ် ဆောက်တောင် ဆောက်နိုင်တဲ့ မြန်မာနိုင်ငံမှာ ဒီလို ရှေးဟောင်း အမွေအနှစ် သစ်သား တံတားကြီးရဲ့ ပျက်စီးသွားတဲ့ တိုင်တွေ နေရာမှာ ကွန်ကရစ်တိုင်တွေနဲ့ အစားထိုး လိုက်တာဟာ အလွန်တရာမှ အသိဥာဏ် ကင်းမဲ့ပြီး မိုက်မဲတဲ့ လုပ်ရပ်လို့ပဲ မြင်မိပါတယ်။

ကမ္ဘာလှည့် ခရီးသွားတွေ ဦးပိန်တံတားကို လာရောက် လည်ပတ်တာက ရေမရှိတဲ့ တံတားကြီး ကျွန်းသစ်သားတိုင်တွေနဲ့ လုပ်ထားတဲ့ သဘာဝ ရှေးဟောင်း တံတားကြီးဆိုပြီး လာရောက် လည်ပတ်ကြတာပါ။ တောင်သမန်ရဲ့ သဘာဝ အလှတွေကို လေ့လာခံစားချင်လို့ မှတ်တမ်းတင်ချင်လို့ လာရောက် ကြတာပါ ။

ဦးပိန်တံတားကို ကမ္ဘာကို ကြေညာခဲ့တဲ့ ခရီးသွား လမ်းညွန် စာအုပ်တိုင်းကို ကြည့်ကြည့်ပါ ရေအပြည့်နဲ့ ရိုက်ထားတဲ့ပုံ မရှိပါဘူး။ ဒီပုံတွေကို ကြည့်ပြီး လာရောက် လေ့လာ မှတ်တမ်းတင်ချင်တဲ့ နိုင်ငံခြားသား ခရီးသွား ဧည့်သည်တွေကို လိမ်ညာရာ ရောက်နေပါတော့တယ်။

အခုလည်း တောင်သမန် တံတားကြီးရဲ့ ပျက်စီးယိုယွင်းမှုတွေကို ယဉ်ကျေးမှုဝန်ကြီးဌာနက ပြင်ဆင်ထိန်းသိမ်းဖို့ လုပ်နေကြပါတယ်လို့ သတင်းကြား ရပါတယ်။ ကျွန်တော်ကတော့ နေ့စဉ်ဘုရားတ နေရပါတယ်။ သစ်ပင်တွေရေ ပိုသောက်ရအောင် အမြစ်နုတ်ပြီး ရေလောင်းခိုင်းတဲ့ ဥယျာဉ်မှူး မျောက်လုပ်သလို ဦးပိန်တံတားကြီး ရေရှည် တည်တံ့ ခိုင်ခန့်အောင်ဆိုပြီး ဥာဏ် အမြော်အမြင်ကြီးစွာနဲ့ တံတားကြီးရဲ့ သစ်သားတိုင်တွေ အလုံးကို ကွန်ကရစ်တိုင်တွေနဲ့ အစားထိုးလဲပစ်မှာ စိုးကြောက် နေမိပါတယ်။

ကမ္ဘာကျော် ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် တစ်ခု ထပ်မံ မပျက်စီး မကွယ်ပျောက်သွားရေး အတွက် တာဝန်ရှိ လူကြီးမင်းများက အချိန်မီ အမြန်ဆုံး ထိန်းသိမ်း ကာကွယ်ပေးကြပါလို့ မေတ္တာရပ်ခံ ချင်ပါတယ်။ “သုံးပန်လှ တောင်သမန်” တစ်ဖန် အပျိုရည် သွေးနိုင်စေဖို့ အားလုံးဝိုင်းဝန်း ကယ်တော် မူကြပါလို့ အော်လိုက်ပါရစေတော့…..။

ချစ်ခြင်းအားဖြင့် . . .
ကျော်ကြီး(MDY)
credit to Tomorrow News Journal

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...