Tuesday, July 29, 2014

ဆြာဒင်နှင့်အနီးကပ်ဆုံးရန်သူ

၂၉။၀၇။၂၀၁၄ နေ့ထုတ် ဆဲဗင်းဒေးနေ့စဉ်သတင်းစာ။ ။

ဆြာဒင်နှင့်အနီးကပ်ဆုံးရန်သူ
(မင်းဒင်)

(တစ်)
ကမ္ဘာကျော်ဓာတ်ရှင်မင်းသားကြီး ချောင်ယွန်ဖတ်နှင့်လွန်စွာဆင်တူ၍ အမြဲတမ်း၊မညှိုးပန်းပမာ၊ရှိနေတတ်သည့် ဆြာဒင်တစ်ယောက် နေပူလိုက်မိုးရွာလိုက်၊ဖောက်ပြန်လျက်ရှိသည့် ဥတုသမယကာလ၌ ဇရာ၏မိတ်ဖက် ဗျာဒိတည်းဟူသော တုပ်ကွေးကြောင့် ၊ရုပ်အဆင်း အင်္ဂါသည် ဂျက်စပဲရိုးရုပ်သွင်၊၊ပီကင်းဘဲကင်နှင့်တူနေချိန်တွင် အလိုက်ကန်းဆိုးမသိ၊မသိဆိုးရွားနိုင်လှသော တပည့်ကျော်များက မြွေပူရာကင်းမှောင့်ကြကုန်၏။

“ဆြာဒင့်ကြည့်ရတာ ဝိတ်တွေစွတ်ကျကုန်တယ်ထင်ပါရဲ့၊ဝမ်းတွေဆက်တိုက်များသွားသလားဆြာ၊ဟိုဒင်းလေးဘာလေး စစ်စက် ကြည့်ရင်ကောင်းမယ်နော်၊ဆြာ့ပါးစပ်နည်းနည်းဟပြပါအုံး”

“မိုးတစိမ့်စိမ့်အချိန်၊အိမ်ထဲကုပ်နေရတာပျင်းစရာကောင်းချက်ဗျ။ခရီးယာယီလေးများထွက်ဖို့စိတ်ကူးမရှိလေရော့သလား”

“ဗမာပြည်မှာလွှတ်တော်ဆိုတာကြီးဟာ ဘယ်လိုများကျင်းပကြပါလိမ့်။မသေခင် မျက်ဝါးထင်ထင်မြင်ချင်စမ်းပါဘိ”

ဆြာတို့မည်သည် တပည့်သားမြေးတို့အပေါ်သည်းခံခွင့်လွှတ်ရမည့်၊ဝတ္တရားရှိလေသည်မို့ မမာလျက်ကပင် သင်းတို့သဘောကို စာနာမှု အပြည့်ဖြင့်ဆောကြောရချေသည်။

“ဘာဆေးမှစစ်စရာမလိုပါဘူးလကွဲ့။ခဲတစ်လုံးတည်းနဲ့ငှက်နှစ်ကောင်မှန်အောင် မမာတုန်းမှာ ဝိတ်လျော့နေတဲ့သဘောပါ၊ဘိုလိုဆို ဒိုင်ဗားစတီးဆိုပါတော့။လေယာဉ်တွေကလည်း ခဏခဏအနိစ္စဖြစ်နေတော့  အိမ်မှာကုပ်နေတာကဘေးမကင်းပေဘူးလားမောင်တို့ ရယ်။ လွှတ်တော်ကျင်းပပုံများ စလောင်းကနေကြည့်လည်း ရနေတာပဲဥစ္စာ”

“ဟုတ်သေးဘူးဆြာ၊ဒီရက်ပိုင်းတွေမှာ ပီအာဆိုလားဘာဆိုလား၊အချေအတင်အတော်ပွဲကြမ်းနေတယ်ဆိုပဲ။ စလောင်းကနေကြည့်ရတာ၊ ကိုယ်တိုင်ကိုယ်ကျကွင်းထဲဆင်းကြည့်ရတာနဲ့တော့ဘယ်တူပါ့မတုန်းဆြာဒင်”

ဤသို့လျှင် တပည့်အား ဆြာမဆန်သာသည်ကတစ်ကြောင်း၊ဆြာကိုယ်တိုင်လည်း အခန်းအောင်းရသည့်ဒုက္ခကို ဆက်လက်မခံစားနိုင် သည်ကတစ်ကြောင်းတို့ကြောင့်၊ဖူးခက်မြို့နေထိုင်းမိတ်ဆွေသူကြွယ်တစ်ဦးထံမှမေတ္တာရပ်ခံငှားရမ်းခဲ့သည့် နောက်ဆုံးပေါ် မားစီဒီးကား ကြီးတစ်စီးဖြင့် လွှတ်တော်အစည်းအဝေးကျင်းပလျက်ရှိသည့် နေပြည်တော်သို့ ဆြာတပည့်တစ်သိုက်တပျော်တပါး ခရီးသွား ဖြစ်ခဲ့ကြရပြန်ချေ၏။

(နှစ်)
မားစီးဒီးကားကြီး၊ဇာတိနိုင်ငံနယ်စပ်သို့ဖြတ်ကျော်ပြီးချိန်တွင်ကား တောင်တော်ရယ်သာ၊မာလာကငုံဖူးလေသည့် တောတောင်စိမ်းစိမ်း တို့ကြား၊တပည့်ကျော်တို့မှာ အိုင်ယာလန်ထီပေါက်သည့်မျက်နှာပေး ကိုယ်စီဖြင့် တေးတကျော်ကျော်၊ ဟစ်ကာအော်၊ ပျော်ချင်တိုင်း ပျော်လျက်ရှိကြလေရာ ဆြာဒင်ခံစားနေရသောတုပ်ကွေးဝေဒနာပင် ပိန်းကြာရေမတင် ရုတ်ခြည်းယူပစ်သလိုပျောက်ကင်းဟန်ရှိလေ၏။

“ဆြာဒင့်အကြံလွှတ်ကောင်းဗျာ။ ကားနဲ့ဆိုတော့ မြေပြင်ကနေ ဝေဟင်ကိုလှမ်းပစ်မဲ့ဒုံးကျည်ရန်ကြောက်စရာမလိုတော့ဘူးခင်ဗျ။ ကားကြီးကလည်း ကောင်းလိုက်တာရက်စက်ချက်”

“ဒါနဲ့ ဆြာဒင်၊လာမဲ့ ၂၀၁၅ရွေးကောက်ပွဲမှာသုံးသင့်မသုံးသင့် အခြေအတင်၊ငြင်းခုန်နေကြတဲ့ပီအာစံနစ်ဆိုတာ ဘယ်လိုဟာတုန်းဗျ”

ကပ္ပလီငယ်၏မေးခွန်းကြောင့်၊ရှပ်ထွေးပွေလီလှသောထိုပီအာစံနစ်ကိုဥာဏ်မမီလေသည့် ဆြာဒင့်ခမျာငယ်ထိပ်မြွေပေါက်သလိုဖြစ်ရုံမက တုပ်ကွေးဖျားပါပြန်ပေါ်ချင်စိတ်ပေါက်လာ၏။သို့သော်ဆြာစာရင်းဝင်ပီပီ ဆြာသိသမျှကိုကား ဟိတ်ဟန်မပျက်၊သတိကြီးစွာဖြင့်မှင်သေ သေတုန့်ပြန်ရသည်။

“ဒါကဒီလိုရှိတယ်ကွ။အမှန်က နိုင်ပုံမပေါ်လို့ ထွင်တဲ့ဇာတ်လမ်းဖြစ်ပုံရတယ်။နာဂစ်နည်းတွေ၊အကြံအဖန်ကြိုတင်မဲတွေနဲ့ ကလိမ်ကကျစ် ကျနည်းတွေက အားလုံးရိပ်မိနေလို့ကွ။နိုင်ရင်ပြီးရောဆိုပြီးအကွက်ဇယားဆွဲဖို့ကြိုးစားကြတယ်ထင်ပါရဲ့”

“ဟား၊ဆြာဒင်ရှင်းကာမှ ပိုရှုပ်ကုန်ပါပြီ။လူနားလည်အောင်ဒဲ့ရှင်းစမ်းပါဆြာရယ်”

တပည့်ကျော်တို့၏မချင့်မရဲဖြစ်သံအဆုံးတွင် တဗျင်းဗျင်းကုပ်နေမိသော ဆြာဒင်၏ဦးခေါင်းအတွင်းသို့ ရတနာပုံဇာတိ၊ရှစ်ဆယ့်ရှစ် မျိုးဆက်ဟောင်း ကိုရင်ပဏ္ဍိတ်ထွန်း၏ဖေ့စ်ဘွတ်ပါစတေးတပ်တစ်ခုသည်လျှပ်ပြက်သလိုဝင်ရောက်လာခဲ့လေရာ အဖိုးတန်လှသော ကောက်ရိုးတမျှင်ကို ဆြာဒင်အချိန်မီဆွဲယူလိုက်ရပါ၏။

“ပဏ္ဍိတ်ထွန်းဆိုတဲ့မဟာပညာကျော်လေးကတော့ ဒီလိုဆိုသဟ၊” 

“ဘယ်လိုများပါလိမ့်။ကြားပါရစေဆြာ”

“မြန်မာပြည်မှာ PR စနစ်ကိုကျင့်သုံးဖို့ကြံစည်နေတာဟာ ဓမ္မတာတောင်မလာသေးတဲ့ မိန်းမငယ်လေးကို လင်ပေးစားဖို့ကြံနေကြ တာပါလားလို့ နားလည်လိုက်ပါတယ်။ ဒီလိုစဉ်းစားတာဟာ ကိုယ့်သမီးအရင်းမဟုတ်လို့ပါ။ ဒီလိုလုပ်လိုက်ခြင်းအားဖြင့် ရှေ့ဆက် ဘာတွေဖြစ်မယ်ဆိုတာသိသိချည်းနဲ့ လုပ်နေကြတာပါ။ မိန်းမငယ်အတွက်မစဉ်းစားပဲ ငတေမာပြီးရောစဉ်းစားချက်ပါ။ မိဘအရင်းက တော့ လင်ပေးစားတောင် ကိုယ့်သမီးရဲ့အသက်အရွယ် ရင့်ကျက်မှု အိမ်မှုကိစ္စနိုင်နင်းမှု အသိပညာ စသဖြင့်ပေါ့လေ၊ တော်၏မတော်၏
ဘက်ပေါင်းစုံက စဉ်းစားမှာပါ။ ကျနော်ကတော့လက်ရှိမြန်မာပြည်နဲ့ PR လို့ခေါ်တဲ့ လွှတ်တော်တွင်း အချိုးကျကုလားထိုင်လုရေး စနစ် ကို ဤသို့ ဤပုံဟု နားလည် ပါကြောင်း...၊တဲ့ဗျား”

“အမလေးလေး၊ရှင်းချက်တော့ ဂျပန်ရေချိုးသလို ကွင်းကွင်းကွက်ကွက်လင်းလက်သွားတာပါပဲကလား။ လူပုသလောက်တယ် ဥာဏ်ကြီးသကိုး။အမြည်းပေးတာနဲ့တင် ဝမ်းသုံးခါသွားပါတယ်ဆြာ။လွှတ်တော်ထဲရောက်မှ ဆက်ပြီးစပ်စုကြအုံးစို့ရဲ့” 

(သုံး)
နေပြည်တော်ဟူသည်ကား ပြည့်ရှင်မင်းတို့စံရာအရပ်ဟုဆိုသော်ရနိုင်လေသည်။ စိတ်သည်ဆန်းကြယ်လှချေ၏။ နိုင်ငံ့အရေး အရာ ကိစ္စကြီးငယ်မှန်သမျှ ဆွေးနွေးတိုင်ပင်ဆုံးဖြတ်ရာလွှတ်တော်အဆောက်အဦးကြီးထည်ဝါခန့်ငြားလျက်ရှိဟန်ကို မြင်ရသည့် ဆြာဒင်မှာ ဂေါပကဂိုက်ဇွတ်ဖမ်းနေသော၊ဖိုးတွမ်တီး စစ်စစ်ကြီးကို မြင်ရသလို မဆီမဆိုင်ခံစားမိလေ၏။

မာစီးဒီကားကြီးနှင့် သစ်လွင်တောက်ပနေ သောဥရောပဝတ်စုံအသီးသီး၊(NOTE BOOK)ကိုယ်စီဖြင့် လူကြီးလူကောင်းစတိုင်ပေါက်နေသော ဆြာဒင်နှင့်အဖွဲ့အား သက်ဆိုင်ရာ လုံခြုံရေးတို့က လွှတ်တော်ကိုလာရောက်လေ့လာသည့်နိုင်ငံတကာဂုဏ်သရေရှိ ဧည့်သည်တို့နှင့်ထင်မှတ်မှားကာ အလွယ်တကူ ဝင်ရောက်ခွင့်ပြုခဲ့ကြပါ၏။

“ဆြာ၊ဆြာ၊ဟိုမှာ ဘူးလက်၊ဂျနီဖာ၊မသာကြီးဗျ”

တပည့်ကျော်တို့၏အလန့်တကြားအသံကြောင့် သင်းတို့လက်ညှိုးညွန်ရာအရပ်သို့ ဆြာဒင်လှမ်းကြည့်မိချိန်တွင်ကား သတင်းမီဒီယာ စာမျက်နှာများတွင် ပြောင်မြောက်သောစကားလုံးတို့ဖြင့်အထူးရေပန်းစားလျက်ရှိသော ကြံ့ခိုင်ရေးအမတ်မင်းစစ်ဗိုလ်လူထွက်ကြီးအား တွေ့မြင်ရပါ၏။”ဗိုလ်ချုပ်မှူးကြီးဟောင်းကွယ်လွန်ပါကနိုင်ငံတော်ဈာပနအဖြစ်ကျင်းပပေးရန်၊နိုင်ငံတော်အလံကိုတိုင်တစ်ဝက်လွှင့်ထူ ရန်နှင့်မြန်မာကိုကမ္ဘာကသိစေခဲ့သော ခေါင်းဆောင်တစ်ယောက်အဖြစ် ကျောင်းသုံးပြဌာန်းစာအုပ်များတွင်ထည့်သွင်းလိုသည်”ဟု  သူမကြာခင်ရက်ပိုင်းကမှ ဖွင့်ဟခဲ့သော ဂန္ထဝင်စကားတစ်ချို့ကိုလည်း ဆြာဒင်ကြားယောင်မိပါ၏။မည်သို့ပင်ဆိုစေ၊ဆြာပီသစွာ တပည့် တို့ကို ဆြာဒင်ဆိုဆုံးမရချေသည်။

“ဥပဓိရုပ်ကတော့လူပုံချောကွ။သူ့ဆရာသေတော့မှာကိုသူကြိုသိနေတယ်ထင်ပါရဲ့။ဆရာကောင်းတပည့်ပီသရှာပါပေတယ်။အာချောင်တာကို နည်းနည်းလျော့ကြကွယ်တို့”

ထို့နေ့လွှတ်တော်အစည်းအဝေးကား ပီအာစံနစ်အပေါ်အခြေအတင်စတင်ဆွေးနွေးကြမည့်နေ့ဖြစ်ရာ ဆြာဒင်တို့လာရကျိုးနပ်သည်ဟု ဆိုရပေမည်။တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်သုံးဆယ်ကျော်ကား ထိုနေ့တွင်ဆွေးနွေးမည့်အဆိုပါခေါင်းစဉ်ကြောင့် အစည်း အဝေးကို ခွင့်တင်သပိတ် မှောက်ကြသည်ဆိုပါ၏။ပီအာကျင့်သုံးသင့်ကြောင်း အဆိုပြုချက်အဆုံးတွင်ပင် အန်အယ်ဒီလွှတ်တော်ကိုယ် စားလှယ်အားလုံး တစ်ညီတစ်ညွတ်တည်းမတ်တတ်ရပ်ကန့်ကွက်ကြလေပြီ။ 

အန်အယ်ဒီကိုယ်စားလှယ်ဒေါ်ခင်သန္တာ၏ ကန့်ကွက် အဆိုကား ထိရောက်ပြတ်သား လှချေ၏။

“အခုလက်ရှိ အခြေအနေမှာလည်း၊ ကျွန်မတို့ရဲ့ အုပ်ချုပ်ရေးဖွဲ့အစည်းအဆင့်ဆင့်ကိုလည်းပဲ ကျွန်မတို့ပြည်သူတွေက ရွေးချယ်ခွင့် မရပါဘူး။တရားစီရင်ရေး မဏ္ဍိုင်မှာလည်းပဲ ပြည်သူ့ဆန္ဒမပါပါဘူး။အခုတခါ ဥပဒေပြုရေးမှာပါ ဒီစနစ်ကြောင့် ပြည်သူ့ကိုယ်စားလှယ်များ ကို တိုက်ရိုက်မဲပေးခွင့် တိုက်ရိုက်ရွေးချယ်ခွင့် မရှိတော့ဘူးဆိုရင် ကျွန်မတို့နိုင်ငံဟာ ဘာနိုင်ငံဖြစ်နေပြီဆိုတာ ကမ္ဘာမှာချပြဖို့ အင်မတန် ခက်ခဲပါလိမ့်မယ်။ဒီမိုကရေစီနိုင်ငံပါလို့ ကြွေးကြော်ပြရုံသက်သက်ပဲဖြစ်နေပါလိမ့်မယ်။

နိဂုံးချုပ်အနေနဲ့ တင်ပြလိုတာကတော့ ဒီမိုကရေစီစနစ်မှာ ကျွန်မတို့တွေအားလုံးဟာ အနိုင်အရှုံးကို ရင်ဆိုင်ရဲရပါလိမ့်မယ်။ပြည်သူရဲ့ ရွေးချယ်မှုကို သတ္တိရှိရှိ၊သိက္ခာရှိရှိ လက်ခံ ရပါလိမ့်မယ်။အမြဲတမ်းအနိုင်အမြဲတမ်းအရှုံးဆိုတာ ဒီမိုကရေစီမှာ ရှိမှာမဟုတ်ပါဘူး။ကျွန်မတို့ ရွေးကောက်ခံကိုယ်စားလှယ်များရဲ့ သတ္တိနဲ့ သိက္ခာကို ရွေးကောက်ပွဲစနစ်တစ်ခုကို ပြောင်းလဲကျင့်သုံးစေခြင်းဖြင့် အပြစ်မဟုတ်သလို မဖုံးကွယ်ပါရစေနဲ့။ မဖုံးကွယ်ကြ ပါနဲ့လို့ တိုက်တွန်းရင်း အဆိုကိုကန့်ကွက်ကြောင်း အဆိုပြုတင်ပြအပ်ပါတယ်ရှင်”

ဆြာဒင့်တပည့်ကျော်တို့ကား ဖြေဆည်ရာတစ်စုံတစ်ခုကို ရှာဖွေတွေ့ရှိကြလေသည်ထင့်။မျက်လုံးရောနားရွက်ပါမခတ်၊အသက်ကို ပင်ရှူကြအံ့မထင် ပါးစပ်အဟောင်းသားဖြင့် ဝမ်းသာအားရအမူအယာကိုယ်စီရှိကြကုန်လေ၏။

(လေး)
တစ်ဆက်တည်းမှာပင် ဆြာဒင်နှင့်တပည့်ကျော်တစ်သိုက် မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ကြီး ဒေါ်အောင်ဆန်းစုကြည်၏ မှတ်သားထိုက် သောလိုတိုရှင်းအောက်ပါအဆိုအမိန့်ကိုလည်း ကြားနာခွင့်ကြုံခဲ့ပြန်ပါသည်။အဆိုပါမိန့်ခွန်းကား ….၊

“ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်ချင်ဘူးဆိုပြီးတော့ တောင့်ခံနေတဲ့ ပုဂ္ဂိုလ်များဟာ အကြောင်း(၃)ကြောင်းပဲရှိရမယ်။တစ်ခုကတော့ စေတနာမရှိလို့ပဲ။ကျွန်မတို့ပြည်သူတွေအပေါ်မှာ စေတနာမရှိလို့ ကိုယ့်အတွက်ပဲ ကိုယ်စေတနာရှိလို့ မပြင်ချင်တဲ့သူတွေ ဖြစ်ရမယ်။ နောက်တစ်ကြောင်းကတော့ ပညာမရှိလို့ဖြစ်ရမယ်။သေသေချာချာ စဉ်းစားဆင်ခြင်ပြီးတော့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေဟာ ကျွန်မတို့ နိုင်ငံအတွက် မကောင်းဘူးဆိုတာကို မဆင်ခြင်တတ်လို့ရင်လည်း ဖြစ်ရမယ်။နောက်ဆုံးတစ်ခုကတော့ စေတနာလည်း ရှိပါရဲ့၊ ပညာလည်းရှိပါရဲ့။သတ္တိမရှိလို့ မပြင်ရဲတဲ့သူတွေလည်း ရှိနိုင်တယ်လို့ ကျွန်မပြောပါမယ်။

ကျွန်မတို့ရဲ့ ပြည်သူတွေအားလုံးဟာ စေတနာရှိရှိပညာရှိရှိ သတ်္တိရှိရှိနဲ့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေ၊ကျွန်မတို့နိုင်ငံရဲ့ အနာဂတ်အတွက် နောင်လာမဲ့မျိုးဆက်တွေရဲ့ ကောင်းကျိုး အတွက် ပြင်ဖို့ကို ဝိုင်းဝန်းပြီးတော့ ထောက်ခံကြပါ” ဟူ၏။
တပည့်ကျော်တို့မှာ အဆိုပါမြွက်ဟစကားကြောင့် စိတ်ဓာတ်အင်အားမိုးထိမယောင်အထိတက်ကြလျက် ဆြာဟန့်တားနေသည့်ကြား မှပင် တီးတိုး တီးတိုးသဖန်းပိုးလုပ်လာကြလေတော့သည်။
“လက်စသတ်တော့ ပီအာစံနစ်ဟာ မကြာခင်ရောက်လာတော့မဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲအတွက် အနီးကပ်ဆုံးရန်သူပဲဆြာ ဒင်ရ”

“ဒီစံနစ်ကို ဘယ်သူကများ ရွှေဥာဏ်တော်စူးရောက်ပြီးလွှတ်တော်တွင်းအဆိုအဖြစ်ရောက်လာအောင်ဆောင်ကြဉ်းခဲ့ပါလိမ့်ဗျာ”
“စစ်ဗိုလ်ချုပ်ဟောင်းကြီးကို ဗြောင်သဘောကျနေတဲ့ ခေါင်းဖြူစွယ်ကျိုးဘွားတော်ကြီုးလို့ကြားတယ်ဆြာဒင်၊ ဟုတ်လားဗျ။ ဒါခမောက် သူခိုးတွေ ဂဠုန်ဆားချက်တဲ့ဂွင်ဖြစ်ရမယ်ဗျ”

“ကဲ ကဲမောင်တို့။အသံကြောင့်ဖားသေသတဲ့ကွယ်ရို့၊အခုငတို့ရောက်နေတာ လွှတ်တော်ခန်းမကြီးထဲမှာကွဲ့။ နှုတ်ကိုစောင့်စည်းကြပါ လော့ ငါ့ရှင်တို့”

ဆြာဒင်ကား အချိန်မရွေးကျရောက်လာနိုင်သည့်ဘေးကို တွေးမြင်သည့်အလျောက် တပည့်ကျော်တို့အား ကြိမ်ဖန်များစွာ သတိပေးတား မြစ်စကားဆိုခဲ့ပါသော်ငြား ငယ်နုသူတို့ဖြစ်သည့် အားလျော်စွာ ခံစားချက်ကိုမမြိုမသိနိုင်ကြလေသည့် တပည့်ကျော်တို့၏မမျှော်လင့် ထားသည့်လုပ်ရပ်ကြောင့် ဆြာဒင်တစ်ယောက်၊တစ်ခေါင်းလုံးရှိဆံပင်ဖြူများပင်ထောင်ကာ မျက်လုံးမျက်ဆံပြူးရသည့် ကိန်းဆိုက်ရ သည်မှာ လေမင်းသား၏နုတ်ဘုတ်(NOTE BOOK)အတွင်းမှထွက်ပေါ်လာသည့် အောက်ပါအသံကြောင့်ဖြစ်လေရာ ယင်းအသံသည် လွှတ်တော်ခန်းမ တစ်ခုလုံးကိုဖုံးလွှမ်းသွားခဲ့လေသည်။

(ငါး)
“တိုင်းရင်းသားစည်းလုံးရေးညီညွတ်ရေး၊ပြည်သူလူထုညီညွတ်ရေး၊အဲဒီညီညွတ်ရေးမတည်ဆောက်နိုင်ကြသမျှကာလပတ်လုံး၊ဘယ်ပါတီ တက်တက်၊ဘယ်အစိုးရတက်တက် ဖာသည်လိုနိုင်ငံမျိုးဆက်ဖြစ်ဦးနေမှာပဲ။ဒီတော့ကာ အဲဒီနှစ်ချက်ကို ခင်ဗျားတို့ဖက်က မပျက်ကြပါ စေနဲ့။စားဖားတွေညီညွတ်တာ ကျုပ်မလိုချင်ပါဘူး။ဒီနေ့ကစပြီး ခင်ဗျားတို့ အကျင့်ဆိုးတွေ၊အကျင့်ဟောင်းတွေ စောက်ကျင့်တွေကို ပြင်ကြဖို့လိုပြီဟု ဒီနေ့ကျနော်ပြောခဲ့ချင်တယ်”

“ကဲ၊လွှတ်တော်အထူးလုံခြုံရေးတွေ ရောက်မလာခင်၊လစ်ကြစို့ဆြာဒင်”

တပည့်ကောင်းပီသလှကြပေစွ။ဘယ်အချိန်က ဘယ်လိုလက်ဆော့စီစဉ်လိုက်ကြသည်ကို ဆြာကိုယ်တိုင်ပင် မသိလိုက်ရပဲ တပည့်ကျော် တို့ကိုယ်ပိုင်အစီအစဉ်ဖြင့်ရင်ဖွင့်လိုက်ကြသော အမျိုးသားခေါင်းဆောင်ကြီး၏ မိန့်ခွန်းသံအဆုံး လွှတ်တော် စင်မြင့်ရှေ့တည့်တည့်မှ အပြေးတစ်ပိုင်းခတ်သုတ်သုတ်လစ် ထွက်သွားကြလေသည့် သင်းတို့နောက်သို့ ဆြာဒင်ခမျာ နလံထဝေဒနာနှင့်ပင် ဒရောသောပါး နောက်တော်က မှီအောင် ခြေကုန်သုတ်လိုက်ခဲ့ရသည်မှာ အသက်ထွက်မတတ်ဟောဟဲလိုက်ချေပြီတည်း။

ဖူးခက်မြို့တစ်ခိုတွင်ထိုင်းပုလိပ်ရန်စွယ်ကို ရှောင်တိမ်းနေကြစစ်ရည်ဝနေကြသည့် တပည့်ကျော်တို့ကား မလွယ်ပေါက်ကို ကြိုတင်ရှာ ဖွေထားကြပြီးဖြစ်သည့်အလျောက်၊မားစီးဒီးကားကြီးပေါ်တွင် လေချွန် မပျက်အငြိမ့်သားရောက်နေကြချိန်တွင် ဆြာဒင်လည်း ဟောဟဲလိုက်နေသည့်ကြားမှကားကို အလျင်အမြန်စက်နှိုး၍လီဗာကုန်စွတ်တင်ကာ မြဝတီနယ်စပ်သို့ ဦးတည် မောင်းနှင်လိုက်ရ လေတော့သည်။

အချိန်မည်မျှကြာအောင်၊မည်သို့မည်ပုံ ကားကို မောင်းနှင်ခဲ့လေသည်ကို ဆြာဒင်ကိုယ်တိုင် လုံးဝမှတ်မိခြင်းမရှိတော့သည့်နောက် မြဝတီ မဲဆောက်ထိုင်းမြန်မာနယ်စပ်ချစ်ကြည်ရေးတံတားကြီးကို ဖြတ်ကျော်ပြီးချိန်တွင်ကား တပည့်ကျော်တို့သည် အမျိုးသားရေးတာဝန် တစ်ရပ်အားကျေပွန်ခဲ့သည့် မျက်နှာပေးကိုယ်စီဖြင့် ငိုက်မျဉ်းလိုက်ပါနေစဉ်မှာပင် “ပီအာအလိုမရှိ၊ပီအာအလိုမရှိ”ဟု ယောင်ယမ်း ရေရွတ်ဆဲ ရှိ ကြကုန်၏။

(တစ်)
ကမ္ဘာကျော်ဓာတ်ရှင်မင်းသားကြီး ချောင်ယွန်ဖတ်နှင့်လွန်စွာဆင်တူ၍ အမြဲတမ်း၊ မညှိုးပန်းပမာ၊ရှိနေတတ်သည့် ဆြာဒင်တစ်ယောက် နေပူလိုက်မိုးရွာလိုက် ၊ဖောက်ပြန်လျက်ရှိသည့် ဥတုသမယကာလ၌ ဇရာ၏မိတ်ဖက် ဗျာဒိတည်းဟူသော တုပ်ကွေးကြောင့် ၊ရုပ်အဆင်း အင်္ဂါသည် ဂျက်စပဲရိုးရုပ်သွင်၊၊
ပီကင်းဘဲကင်နှင့်တူနေချိန်တွင် အလိုက်ကန်းဆိုးမသိ၊မသိဆိုးရွားနိုင်လှသော တပည့်ကျော်များက မြွေပူရာ ကင်းမှောင့်ကြကုန်၏။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...