Tuesday, July 29, 2014

ဒိုင်ယာရီအပိုင်းအစလေးများ ( ၃ ) ရွှေပြည်တွင် တွေ့ကြုံမိသမျှ

Ven Pannasami July 15, 2014 at 12:01am
ရွှေပြည်ကိုပြန်ရောက်လျှင်ရောက်ချင်း အဓိကအသုံးပြုလိုသည့်ဆန္ဒမှာ ဖုန်းနှင့်အင်တာနက်ဖြစ်သည်။ ဖုန်းနှင့်အင်တာနက်ဆက်သွယ်ရေးသည် ယနေ့ခေတ်ကာလတွင် ပညာရေးလေ့လာမှုများ လူမှုရေးလုပ်ငန်းများ၊ စီးပွါးရေးလုပ်ငန်းများ နိုင်ငံရေးလုပ်ငန်းများစသည့်စသည့်အရေးအရာတို့အတွက် မရှိမဖြစ် အရေးကြီးသောအခန်းကဏ္ဍတွင်ပါဝင်နေသော်လည်း ရွှေပြည်သူ/သားများတို့အတွက်မူ တမူထူးနေလေသည်။ အင်တာနက် အင်တာဖြူတို့ထက် နေ့စဉ် မိသားစုစားဝတ်နေရေးပြဿနာကိုသာ အလေးပေးနေရသည်ကိုတွေ့မိသည်။ အကယ်၍ အင်တာနက်ကိုသုံးသည်ဆိုလျှင်လည်း စီးပွါးရေး ကြီးပွါးရေး ဆက်သွယ်ရေး သွားလာရေး ပညာရေးစသည်တို့အတွက် အသုံးပြုမှုထက်  ဂိမ်းဆော့ဖို့ အရေးနှင့်  အီစီကလီအရေးစသော အချိန်ဖြုန်းသည့်လုပ်ငန်းများတွင်သာ အများစုအသုံးပြုနေကြကသည် ကိုတွေ့မြင်ကြားသိရသည်။ ဤအချက်က အင်တာနက်ဆက်သွယ်ရေးသည် နေ့စဉ်လူမှုဘဝ၏ဖြတ်သန်းမှု ထဲသို့ လက်တွေ့ကျကျ ထဲထဲဝင်ဝင်မရောက်သေးကြောင်းကို ဖေါ်ပြနေခြင်းပင်သည်။
ထို့ကြောင့်ပင် အချိန်နှင့်တပြေးညီသိရမည့်အချက်အလက်များကို မသိနိုင်ကြ၊ ခေတ်နှင့်လျော်ညီသော အတွေးအခေါ်များလည်း ပွင့်လန်းမလာကြတော့ပေ။ ပွင့်လန်းလတ်ဆတ်၍ ကျယ်ပြန့်သော အတွေးအမြင်များမရှိဘဲ  ̔ခေတ်မီဖွံ့ ဖြိုးတိုးတက်သောနိုင်ငံတော်သို့ ̕ ဟူသောဆိုင်းဘုတ်ကို ကိုင်ဆောင်၍ကြွေးကြော်ဟစ်အော်နေခြင်းသည် ယုတ္တိမဲ့စွာ ကြမ်းပိုးကို လိပ်ဖြစ်အောင်ပြောနေသည်နှင့်တူလှတော့သည်။

  လူများစုကြီးဖြစ်သော တောရပ်ဒေသများတွင် အင်တာနက်ကို မသုံးတတ်ကြ၊ မြင်လဲမမြင်ဘူးကြပေ။ သို့သော် အင်တာနက်ဟူသော အခေါ်အဝေါ်ကိုနားရည်ဝအောင် ကြားဖူးနေကြသည်ကိုပင် တိုးတက်မှုအပိုင်းအစတစ်ခုဟု ဆိုရပေမည်။ ထို့ပြင် ရွှေပြည်တွင် ဖုန်းခကလည်းဈေးကြီးလှသည်။ ယခု ဖင်လန်နိုင်ငံတွင် မိမိအသုံးပြုနေသောလိုင်းမှာ တစ်လလျှင် ယူရိုငွေ ၂၀ သာလျှင်ကုန်ကြပါ သည်။ မြန်မာငွေနှင့်ဆိုလျှင် ( ၂၆၀၀၀ ) နှစ်သောင်းခြောက်ထောင် ကျော်ကျော်လေးမျှသာဖြစ်သည်။ တစ်လလုံးလုံး ( ၂၄ ) နာရီ ( ပြည်တွင်း ) စိတ်တိုင်းကျဖုန်းဆက်နိုင်သည်။ အင်တာနက်ကို အမြဲတန်းဖွင့်ထား၍ ( ၂၄ ) နာရီသုံးနိုင်သည်။  ရွှေပြည်တွင်ထိုကဲ့သို့ အသုံးပြုပါက တစ်သိန်းလဲ မလောက် နှစ်သိန်းလဲမလောက်ဖြစ်မည်မှာသေချာသည်။ ပြန်လာခါနီးတွင် ဖုန်းနှင့်ပတ်၍ ဤသို့ကြုံရသည်။ ( ၁၅၀၀ ) တစ်ထောင့်ငါးရာတန် WCDMA ဖုန်း ဆင်းကဒ်များကို ဘုန်းကြီးကျောင်းများတွင် ဗုံးဘောလအော လိုက်ရောင်းနေသည်။ ရပ်ကွက်များတွင်လည်း အရင်ထက် အများကြီး ဖုန်းကဒ်များချပေးနေသည်ဟုသိရသည်။ ယခင်ကလို တစ်ရပ်ကွက်လျှင် နှစ်ကဒ် သုံးကဒ်မဟုတ်တော့။ သံဃာများသော စာသင်တိုက်ဘုန်းကြီးကျောင်းများအတွက် တစ်ကဒ် နှစ်ကဒ်မဟုတ်တော့။ သို့သော် တစ်လလျှင် အနည်းဆုံး ( ၂၅၀၀ ) နှစ်ထောင့်ငါးရာကျပ်ကုန်အောင် သုံးကိုသုံးရမည်။ ဖုန်းဆင်းကဒ် တစ်ခုခုချွတ်ယွင်းမှုဖြစ်ခဲ့လျှင် သုံးစွဲသူကသာ တာဝန်ယူရမည်၊ သူတို့ ၌တာဝန်မရှိချေ။ စာချုပ်တွင်ဤအတိုင်းပါသည်။ အစောပိုင်းတွင် ပြည်သူအပေါ်တော်တော်စေတနာကောင်းလာပြီ၊ လုပ်စားကိုင်စားများနဲသွားပြီဟု ချီးကျူးကာ သာဓုခေါ်မိသည်။( ၈) လပိုင်း ( ၉ )  လပိုင်းလောက်တွင် အော်ရီဒူးနှင့် တယ်လီနောကုမ္မဏီတို့မှ ဟန်းဆက်ဝယ်လျှင်ဖုန်းဆင်းကဒ်အခမဲ့ပေးမည်ဟူသော သတင်းကောင်းကို ကြိုတင်ပူဆွေးကြလျှက် ကတိုက်ကရိုက် လိုက်၍ညစ်နေကြတာပါလားဟု နောက်မှစဉ်းစားမိရင်း သံဝေဂယူရတော့သည်။

  ဖုန်းဆက်သည့်အခါ မကြခဏဆိုသလို ဖုန်းလိုင်းအသံမကြည်လင်မှုနှင့်ကြုံရသည်။ ဆက်သွယ်မှုဧရိယာပြင်ပသို့ရောက်ရှိနေပါသဖြင့် ခေါ်ဆို၍မရနိုင်ပါရှင် ဟူသော မုသာဝါဒအသံများဖြင့်လည်း မကြာခဏနှောက်ယှက်ကျီစယ်တတ်ကြသည်။ ဆက်သွယ်မှုလိုင်းများ မအားသေးရှင် ဟူသော တာဝန်မဲ့စွာတုန့်ပြန်သည့် အသံများကိုလည်း အမြဲလိုလိုကြားနေရတတ်သည်မှာ ရွှေပြည်၏ ( ၂၁ ) ရာစု ဆက်သွယ်ရေးယဉ်ကျေးမှုပင်ဖြစ်တော့သည်။ ဤသို့သောအခြေအနေရှိသည့်ရွှေပြည်ကြီးကို " နယ်တကာလှည့်ပါးရိုက်ရဲတယ် " ဟု အပြစ်မဲ့ပြည်သူကို ကြိမ်းမောင်းရဲသော ( ဂျာနယ်များများမှပေးသဖြင့် ) အာဇာနည် ပါးရိုက်ချန်ပီယံဘွဲ့ ရ ဝန်းကြီးတစ်ဦးက " မြန်မာပြည်မတိုးတက်ဘူးလို့ ပြောတဲ့သူတွေဟာ ရူးလို့ပြောတာ " ဟု ရူးသွပ်မိုက်မဲစွာ ဒေါသအိုးဖေါက်ခွဲပြသောကြောင့် ဒေါသအခိုးအငွေ့များ ဂျာနယ်ပေါ်မှရှုရှိုက်ခဲ့ရသည်။ အမှန်စင်စစ် အနှီဝန်ကြီးဆိုသူသည် ဖင်လန်နိုင်ငံမှ သာမန်ရုံးဝန်ထမ်းတစ်ယောက်၏ နှလုံးရည်အဆင့်မျှမမီချေ။ ဖင်လန်နိုင်ငံတွင် အကြောင်းကိစ္စတစ်ခုခုကြောင့် အစိုးရ ရုံးများသို့သွားသောအခါ နေရာတွင်ထိုင်လျှင်ထိုင်ခြင်းပင် အပြုံးဖြင့်ကြိုဆိုသည်။ မေးသမျှ ယဉ်ကျေးစွာဖြေသည်။ စိတ်မရှည်ဘဲ ဒေါသဖြင့်တုန့်ပြန်ခြင်း ဟိတ်ဟန်ထုတ်ခြင်း ကောက်ကျစ်ခြင်း လာဘ်မျှော်ခြင်း ပုဒ်မလေး ပေးမှလုပ်ခြင်း စသော မနှစ်မြို့ ဖွယ်ရာအပြုအမူများ အလျဉ်းမတွေ့ဘူးပါ။ ကိုယ့်ကိစ္စပြီးစီး၍ ထပြန်သောအခါတွင်လည်း သက်ဆိုရာ အစိုးရ ရုံးဝန်ထမ်းမှ ဖေါ်ရွေသောအပြုံးဖြင့်ကျေးဇူးတင်ကြောင်း နှုတ်ဆက်လိုက်သေးသည်။  ထို့ပြင် (၂၀၁၃ ) ခုနှစ်က ဖင်လန် နိုင်ငံခြားရေးဝန်ကြီးနှင့်
ဟယ်ဆင်ကီတွင်တွေ့ဆုံဖူးသည်။ ပရိသတ်များအတွက်စီမံထားသော အစားအစာထဲမှ သူ၏ကိုယ်တာကျအစုကို သူကိုယ်တိုင်ယူစားသည်။ အများပြည်သူရှေ့  အစည်းဝေးခန်းမတွင် နောက်လိုက်အခြွေအရံများ တစ်ယောက်မျှမပါဘဲ လွတ်လပ်စွာပြည်သူနှင့်တွေ့သည်။  အများပြည်သူပြောသည်ကို စိတ်ရှည်စူးစိုက်စွာနားထောင်ကာ အသေအချာမှတ်သားပြီးမှ အသင့်တော်ဆုံးဖြစ်မည့်အရာကို ဆုံးဖြတ်ချက်ချ၍ ဝန်ဆောင်မှုကိုပေးသည်။ သူ၏ဝန်ဆောင်မှုသည် ကြီးမားသော နှလုံးသားတွင်အခြေတည်သောကြောင့် ဝန်ကြီးဟူသောဂုဏ်ပုဒ်နှင့်ဆီလျော်လှသည်။ မှန်ပါသည်။ နှလုံးသားကြီးကြီး ဥာဏ်ပညာကြီးကြီးဖြင့် တာဝန်ကြီးကြီးကိုဆောင်ရွက်နိုင်ပါမှ ဝန်ကြီးဖြစ်ထိုက်သည်ဟု နားလည်ခံယူသည်။  ရွှေပြည်မှဝန်ကြီးနှင့်ခြားနားပေစွတကား။

   ထို့ပြင် အသက် ( ၂၅ ) ဝန်းကျင်ရှိလူငယ်လေးများသည် တိုးတက်ချင်သောဆန္ဒကောင်းလေးများကြောင့် ထိုးထွက်နေကြသည်ကိုတွေ့ရသည်။ သို့သော် ရွှေပြည်အတွင်းတွင် ထိုးစရာအပေါက်မရှိသေးပေ။ ထွက်စရာလမ်းစလည်း ပိတ်နေဆဲသာဖြစ်သည်ဟုမြင်မိသည်။ လူငယ်လေးများတွင် တက်ကြွသောစိတ်ဓာတ်ကလေးများ မြူးထူးစွာပွင့်လန်းနေကြသည်ကို မြင်ရသောကြောင့် တိုးတက်ခြင်း၏ မျိုးစေ့တော့ သန်နေပြီဟု သုံးသပ်မိသည်။ သို့သော် ထိုမျိုးစေ့ကို ယခင်ကလို အာဏာမှလွဲလျှင်ဘာကိုမှ မဆင်ခြင်တတ်ကြသော လူတစ်စု၏ အညွန့်ချိုးမှုကိုမခံရအောင် ဝိုင်းဝန်းကာကွယ်တတ်ကြဘို့တော့လိုပေမည်။ အထူးသဖြင့် ရဟန်းတစ်ပါးအနေနှင့်
ပို၍တွေ့ရသည်မှာ လူငယ်တရားနာပရိသတ်ဖြစ်သည်။ ယခင်ကဆိုလျှင် လူကြီးသူမများသာ တရားနာလေ့ရှိသော်လည်း ယနေ့တွင်မူ လူငယ်များက တရားပွဲများကိုဦးဆောင်ကျင်းပနေသည်ကိုပင်တွေ့မြင်ရသည်။ ထိုလူငယ်လေးများကို မြင်ရသည်မှာ အနာဂတ်နိုင်ငံတော်နှင့်သာသနာတော်အတွက်  ကျေနပ်ဖွယ်ကောင်းလှသည်။  သူတို့သည် မြတ်ဗုဒ္ဓသာသနာတော်အတွက် စိတ်အားထက်သန်စွာလုပ်ဆောင်နေကြသည်။ ကုသိုလ်ရေးမို့လည်း စေတနာရေစီးတွေသန်နေကြသလို အမျိုး ဘာသာ သာသနာဟူသောလှိုင်းလုံးကလည်း သူတို့၏ဘာသာရေးလုပ်ငန်းများကိုပို၍တက်ကြွစေသည်ဟုသုံးသပ်မိသည်။ ထို့ပြင် ယခင်မိမိတို့ငယ်စဉ်က ဘုရားပွဲကျောင်းပွဲများတွင် သံဃဝေယျာစ္စများကို အမျိုးသားများသာလုပ်ဆောင်ကြသော်လည်း ယခုတွင်မူ အမျိုးသမီးများက အစားထိုးဝင်ရောက်လာသည်ကိုတွေ့ရသည်။ အမျိုးသမီးများ၏ ဝေယျာဝစ္စလုပ်ဆောင်မှုသည် သေသပ်ကျန၍ ထောင့်စေ့အကွက်စေ့လုပ်ဆောင်တတ်ကြသည်။ အထူးသတိပြုမိသည်မှာ ရွှေပြည်၏ လူမှုအဝန်းအဝိုင်းသည် လှုရေးတန်းရေး ကိစ္စတို့တွင် ရက်ရောစွာပေးလှုတတ်ကြသော်လည်း အများပြည်သူအတွက် ရိုးသားဖြောင့်မတ်မှုနှင့်ယှဉ်တွဲသော ထက်မြက်စွာဆောင်ရွက်မှုမျိုးကား ရှားပါးလှသည်။ အမှန်စင်စစ် လူသားအရင်းအမြစ်၏ အခြေခံသည် ရိုးသားဖြောင့်မတ်မှုကိုအခြေခံသော ထက်မြက်မှုပင်ဖြစ်သည်ဟု ဆိုချင်သည်။

( ဆက်ရန် )
Ven Pannasami

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...