Saturday, July 26, 2014

“ဘာကြီးလား”

Soe Min July 26, 2014 at 10:33am
“သြော် ... မင်းသားလေး မောင်စံဖား မောင်စံဖား။ ဟိုကလာငှား နေ့မအား။ သည်ကလာငှား ညမအား။ အရီးစံပုရဲ့သား။ သူ့ခမျာ နင်လားငါလား ကြိုးစားပြီး ကမယ်လို့ အားခဲလာသော်လည်းပဲ … ကျန်းမာရေးက မကောင်း။ ရှေ့ကျွမ်းလေးတစ်မျိုး နောက်ကျွမ်းလေးတစ်မျိုးနဲ့ မရိုးရအောင် ကပြအသုံးတော်ခံလိုက်မဟဲ့ လို့ အားခဲလို့ထားသော်လည်းပဲ … ကျန်းမာရေးက မကောင်း။ ရှေ့ပိုင်းကလေးလည်း အားရပါးရ၊ နောက်ပိုင်းဇာတ်ထုပ်ကလေးလည်း အားရပါးရ၊ ပရိသတ်စိတ်တိုင်းကျ ဌာန်ကုန်အောင် ကမယ်လို့ ကြံလိုက်ပြန်တော့လည်းပဲ … ကျန်းမာရေးက မကောင်း။”

          အဲဒါ ကိုဇာဂနာတို့ အငြိမ့်ထဲမှာ ပြက်တဲ့ ပြက်လုံးပါ။ ကရေကရာမုန့်များလို ပေါင်ဒါတွေဖွေးနေအောင် ရိုက်ထားတဲ့ ဇာတ်မင်းသားလေးစုတ်စုတ်ချွန်းခမျာ သူဘာပဲလုပ်ချင်လုပ်ချင်။ တဆိတ်ရှိ ကျန်းမာရေးက မကောင်းနေတာနဲ့ ကရောကဖြစ်ပါ့ဦးမလား မသိပါဘူး။ ပြောလည်းပြောစရာပါပဲ။ ကျုပ်တို့ ကျန်းမာရေးကလည်း ကောင်းကို မကောင်းတာပါနော့။
ဒီလိုဆိုရင်လည်း ကျန်းမာရေးကောင်းအောင်ပဲ အရင်လုပ်ကြသေးတာပေါ့လေ။ လိုတာပြော။ အားမနာနဲ့။ ကိုယ့်မရှိ အလှူခံပေးမယ်။ ရော့ဟဲ့ အင့်ဟဲ့ ဆိုပြန်သော်လည်းပဲ ကျန်းမာရေးက မကောင်းသေးပြန်ဘူး။ ဆရာဝန်တချို့ပဲ ကောင်းကောင်းသွားတာ လူနာတွေတော့ ဒုံရင်းပါပဲ တဲ့။ နေမကောင်းလို့ ဆရာဝန်လာပြတယ်ဆိုပါမှ လူနာကမကောင်းပဲ ဆရာဝန်က ကောင်းကောင်းသွားတာတော့ ဘယ်ကောင်းပါ့မလဲ ကြီးတော်ရယ်။ တော်ပါပြီ မောင်စံဖားရာ။ ကမနေပါနဲ့တော့။ မင့်ကျန်းမာရေးကလည်း သည်တစ်သက် ကောင်းမယ့်ပုံမရှိပါဘူး။ နောက်ရော ဘာတွေမကောင်းသေးတုန်း။ လို့ မေးမိပြန်တော့ လာပြန်သေးတယ်။ ပညာရေးကလည်း မကောင်းဘူး ဆိုပဲ။ ငါ့နှယ်နော်။ ဟိုစာအုပ်ထဲကအတိုင်းပဲ ပြောထည့်လိုက်တော့မယ်။ “အကောင်းကို ရှာသည်။ အကောင်းကား မရှိတော့ချေ။” လို့။

          အလကားနေ ကိုယ်ကပဲ အကောင်းမမြင်တတ်တဲ့သူ ဖြစ်နေပါဦးမယ်။ ဒါမျိုးဆိုတာ တောရမ်းမယ်ဖွဲ့ ပြောလို့ရတာမှ မဟုတ်တာ။ Facts & Figures ချက်နဲ့လက်နဲ့ ရေရေရာရာ ပြောနိုင်မှ။ ကိုယ်က ကျန်းမာရေးကလူဆိုတော့ ကိုယ့်တိုင်းပြည်ကျန်းမာရေးကောင်းမကောင်း အမေသေနှုန်း၊ ကလေးသေနှုန်းတွေကို သူများနိုင်ငံစံနှုန်းတွေနဲ့ ယှဉ်ယှဉ်ကြည့်တာပေါ့နော်။ ပညာရေးကျတော့ရော ဘာတွေနဲ့ ယှဉ်ကြည့်နေပါလိမ့်လို့ သိချင်မိတယ်။ တို့အဘတွေ တီဗီထဲပြသလောက်တော့ဖြင့် သူတို့မတက်ခင်က မြန်မာပြည်မှာ တက္ကသိုလ်ကောလိပ် ဟောသလောက်ပဲ ရှိသေးတာ။ ဟော အခုကြည့်စမ်း။ ဟောသလောက် ဟောသလောက်တောင် ရှိလာပြီ။ ကမြင်းနီအထွာကို ဆင့်အထွာကြီးနဲ့ ဂုဏ်ယူဝင့်ကြွားစွာ အနုမောဒနာ ပြုကြပါတယ်။ သူတို့ခေတ်တုန်းကဆို ပညာရေးအသုံးစားရိတ်အဖြစ် GDP ရဲ့ ၀.၅% ကြီးများတောင် ရက်ရက်ရောရော သုံးစွဲခွင့်ပေးထားခဲ့တာ မဟုတ်လား။ ဒါကြီးက အခုဆို သည်ဘက်ခေတ်ထဲမှာ ဘယ်လောက်တောင်တိုးတက်နေပြီ မှတ်သလဲ။ သာဓုပါတော် သာဓုပါ။ ဆက်နားထောင်နေရင် အနောက်နိုင်ငံတွေလို ကျေးဇူးတော်ချီးမွှမ်းသောနေ့တစ်နေ့ ထပ်တိုးမိနေပါဦးမယ်။ မထားတို့ ဘခက်တို့ ဘွဲ့ရပြီး ဘာတွေလုပ်နေကြသလဲ သိပြီးသားဥစ္စာ။

          ခေတ်ကာလ သားသမီးများဟာ တဆိတ်ရှိ အစိုးရအပေါ် အပြစ်ပုံချဖို့ပဲ စဉ်းစားကြတယ်။ သိပ်ဝမ်းနှုပ်ဆေး အားကိုးတာပဲ။ တကယ်ဆို မဆလခေတ် ပညာရေးအသီးအပွင့်တွေကလည်း ငွားငွားစွင့်စွင့် ပွင့်လန်းနေတာကြီးတွေ လက်ညှိုးထိုးမလွဲပေါင်။ ကိုယ့်ဆရာကြီးတစ်ပါးကတော့ သက်သေသက္ကာယနဲ့တောင် ပြဖူးတယ်။ ငယ်ငယ်က ဗိုက်ရွှံ့နဲ့လယ်သမား သားသမီးဆရာဝန်ကလေးဟာ အခုဆိုရင် သူ့သားသမီးတွေ အင်္ဂလန်လွှတ်ကျောင်းထားပြီး သူကတော့ ဂေါက်ကလေးရိုက်လိုက်၊ ဆေးခန်းကလေးပြေးလိုက်နဲ့ ရွှေပြည်တွေသာနေတာမို့ မြန်မာပြည်မှာ ပိုက်ဆံမရှိတဲ့သူတွေ ပညာမတတ်ဘူး။ မကြီးပွားဘူးလို့ ပြောဖို့ခက်သတဲ့။ သူပြောတဲ့သူကို သူရောကိုယ်ရော သိဖူးမြင်ဖူးထားလို့ ကိုယ့်ဆရာကြီး ပေးချင်တဲ့ မတ်စိကို ရလိုက်ပါတယ်။ အဲဒီဆရာလေး ဆရာကြီးရဲ့မေမေဆီမှာ စပီကင်လာကျင့်နေတဲ့အချိန်တုန်းက ကိုယ်တို့က အလုပ်သင်ဆရာဝန်ဘ၀နဲ့ ဆုံခဲ့ဖူးတော့ သူအဲသည်အချိန်တုန်းက ဘယ်လောက်ခက်ခက်ခဲခဲ ရုန်းကန်ကြိုးစားနေရတယ်ဆိုတာ ကိုယ်တွေ့မျက်မြင်ပဲ။ ကိုယ်တို့လည်း သည်အချိန်မှာ ကြိုးစားရုန်းကန်နေရတာဟာ နောင်တစ်ချိန်ကျတော့ အသာစံဖို့ ဖြစ်လာနိုင်တဲ့ မျှော်လင့်ချက်ကလေး ခပ်ရေးရေးတော့ ရှိသေးတာပေါ့။  

          မြန်မာပြည်မှာ ပညာတတ်တွေ နေရာမရဘူးလို့တော့ သိမ်းကြုံးပြောလို့မရပါဘူး။ သည်ကနေ့သည်အချိန်မှာ ထိပ်ပိုင်းကနေရာရနေတဲ့ လူကြီးတွေအားလုံး ကိုယ့်ပြည်တွင်းပညာရေးနဲ့ ကြီးပြင်းလာခဲ့ကြတာ ငြင်းစရာမှ မရှိပဲ။ ဒါကြောင့် ပြောချင်းပြောရင် မြန်မာပြည်မှာ ပညာကလေးတတ်ရုံနဲ့တော့ နေရာရဖို့မစဉ်းစားနဲ့ လို့ ပြောမှ ပိုမှန်မယ်။ လူတတ်တတ် မတတ်တတ် လက်ဘက်ထုပ်တတ်ရင်လည်း သူ့ဟာနဲ့သူ အဆင်ပြေသွားတာမို့ လူမစွမ်းတွေက လက်ဘက်ထုပ်မအောင် စီမံရင်းစီမံရင်း လက်ဘက်ထုပ်လူကြီးမင်းများဟာ လက်ဘက်ထုပ်ယဉ်ကျေးမှုကို လက်ဆင့်ကမ်းပေး ဂီတတေးလုပ်ကြတာကြောင့် ကိုယ်တို့ဆီမယ် လူတွေ အရောင်မှိန်သွားရတာ ဖြစ်ပါလိမ့်မယ်။

        ပညာဆိုတာ ကိုယ်တိုင်မတတ်လည်းပဲ ပညာတတ်တဲ့သူတွေကို သူ့နေရာနဲ့သူခိုင်းတတ်ရင် အဆင်ပြေတာပဲ မဟုတ်လား။ အဲ့ဒါလည်း ပညာပဲလေ။ ပညာသည်တွေကို ဆရာကြီးလာလုပ်နေတယ်ဆိုကတည်းက ဆရာကြီးကျလို့ လုပ်နိုင်တာလို့သာ မှတ်လိုက်ပါ။ တို့အဘတွေက ဆေးစက်ကျရာ အရုပ်ထင်တဲ့ ပါရမီပါတယ်။ မြန်မာ့အသံမှာခန့်လိုက်။ အသံလွှင့်ဇာတ်လမ်းပါ သူ့အသံကြီးနဲ့ ၀င်သရုပ်ဆောင်နိုင်သတဲ့။ လူကြမ်းနေရာ လူပြက်နေရာ ကြိုက်တာပြော။ ဆီးဂိမ်းတုန်းကတောင် ၀န်ကြီးလက်ရာ တေးသီချင်းများ နားသောတဆင်ခဲ့ရသေး။ သီချင်းဆိုကောင်းတာလောက်တော့ လာမပြောလေနဲ့။ ဂျိန်းစဘွန်းကားထဲကလို အရေးအကြောင်းဆို ပါးစပ်ထဲ နှင်းဆီပန်းကြီးကိုက်ပြီး ဂါဝန်အတိုမလေးနဲ့ တန်ဂိုတွေဆွဲရမ်းပလိုက်နိုင်တဲ့ စွမ်းရည်တွေလည်း ရှိချင်ရှိနေမှာ။ ရှိတဲ့ပညာတွေ အိပ်သွန်ဖာမှောက် ထုတ်မသုံးခင် ခေသောသူမဟုတ် လို့သာ ကိုယ့်ဘာသာ သဘောပေါက်ထားလိုက်ကြပါ။ နောက်ကို မြန်မာတွေ ပညာမတတ်ဘူး လာပြောမနေနဲ့။ တတ်လိုက်သမှ တတ် တတ် တတ် တတ် နဲ့ကို မြည်နေတာ။ ကိုယ်သာ ပညာပေး အစီအစဉ်ထဲ အထည့်ခံနေရဦးမယ်။

          ဒါကတော့ တစ်ဦးချင်း တစ်ယောက်ချင်းရဲ့ စွမ်းရည် နဲ့ ကံ၊ ဥာဏ်၊ ၀ီရိယအပေါ်မှာ တည်တာပေါ့လေ။ အခုပြောနေတာ စံနစ်ကို ပြောနေတာဆိုတော့ အဲသည် လက်တစ်ဆုပ်စာ ပညာတတ်ကလေးတွေကိုပဲ ကြည့်ပြီး မိုးကြိုးပစ်ရာ ထန်းလက်ကာနေလို့မရဘူး။ ကိုယ်တို့မြန်မာလူမျိုး အများစုမှာ ပညာသင်နိုင်တဲ့၊ ပညာနဲ့ အသက်မွေးဝမ်းကျောင်းပြုနိုင်တဲ့ အခွင့်အလမ်း ဘယ်လောက်ရှိသလဲဆိုတာကို ပြန်ကြည့်ရတာပေါ့။ စာမတတ်သူ ပပျောက်ရေးဆိုတာ ကိုယ်တို့ဖေဖေမေမေတွေလက်ထက်ကတည်းက အင်တိုက်အားတိုက်ကြိုးစားခဲ့တာမို့ အခုဆိုရင် မြန်မာပြည်မှာ စာမတတ်တဲ့သူ မရှိသလောက် ဖြစ်နေပြီလို့ စာရင်းဇယား ကိန်းဂဏန်းနဲ့ ပြောနေကြပြီ။ လုပ်စမ်းပါဦး။ အဲသည်လူတွေ ဘယ်နှစ်တန်းအထိ ပညာတွေ တတ်သွားကြသလဲ။ တနိုင်ငံလုံးအတိုင်းအတာနဲ့တွက်ရင် လေးတန်းအောင်တဲ့အခါ ခေါက်ချိုးမကျန်တော့ဘူး။ ရှစ်တန်းမှာ နောက်တ၀က်ထွက်ကုန်တယ်။ ဆယ်တန်းအောင်ပြီး တက္ကသိုလ်ရောက်မလာနိုင်တာတွေက သူ့ထက်ဝက်မကဘူး။ ဆယ်တန်းအောင်ချက်ရာနှုန်းကို တစ်ရာထဲကနှုတ်ကြည့်လိုက်ရင် ကျန်တဲ့သူတွေ ဘယ်ရောက်ကုန်မလဲ။ ပြန်ဖြေကျောင်းသားရာနှုန်းနဲ့ တွက်ကြည့်ရင်လည်း ပြန်မဖြေကျောင်းသားတွေကို သိနိုင်တာပဲ။ အဲဒီကိန်းဂဏန်းတွေကြည့်တာနဲ့တင် ကိုယ်တို့ပညာရေးဟာ အသုံးလုံးကျေ ပညာရေးလောက်အဖြစ်နဲ့ ကျေနပ်တင်းတိမ်နေရတာ သွားတွေ့တာပေါ့။ ကလေးတွေ အာဟာရပြည့်မပြည့် ကိုယ်အလေးချိန် ဇယားကွက်ကလေးနဲ့မှတ်သလိုပဲ ကိုယ့်တိုင်းပြည် ဦးနှောက်ပြည့်မပြည့် အဲသည် ကျောင်းတက်နှုန်း နဲ့ အောင်ချက်ဇယားကွက်ကလေးတွေကို ကြည့်။ အနီလား။ အ၀ါလား။ အစိမ်းလား တွေ့ရမယ်။

            ကိုယ်ကတော့ မြို့မှာနေပြီး မြို့ကျောင်းပညာရေးနဲ့ ကြီးပြင်းခဲ့သူမို့ သူတို့ပြောတဲ့ ကိန်းဂဏန်း အချက်အလက်တွေက မယုံနိုင်စရာပါပဲ။ ကိုယ်တို့ကျောင်းမှာတော့ သူငယ်တန်းကတည်းက အတန်းဖော်သူငယ်ချင်းတွေက ဆယ်တန်းရောက်တဲ့အထိတော့ ထွက်သွားရတယ်ဆိုတာ မရှိဘူးလေ။ ရန်ကုန်နေပြီး ကိုယ့်သားသမီးမှ ကျောင်းမထားနိုင်လို့ နှုတ်သွားရတယ်ဆိုတာ မတွေ့ဖူးပဲကိုး။ ရွာတွေမှာတော့ အဲသည်အချက်က ပြောင်းပြန်ပါ။ ကိုယ်တို့အမေကိုယ်တိုင်လည်း လေးတန်းအောင်ပြီးတဲ့အခါ အဖေဆုံးလို့ အိမ်မှာ အလုပ်လုပ်မယ့်သူ မရှိလို့ ကျောင်းထွက်လိုက်ရတာ။ ညီအမတွေအကုန်လုံး ကျောင်းချည့်တက်နေရင် ထမင်းငတ်ကုန်မှာပေါ့။ ကိုယ့်မွေးချင်းထဲမှာ ထူးချွန်ပေါက်မြောက်မယ့်သူကို ဦးစားပေးပြီး ကျန်တဲ့သူက အနစ်နာခံရတယ်။ ကလေးတစ်ယောက် ကျောင်းထားရတဲ့စားရိတ်ဟာ တောနဲ့မြို့ ကုန်ကျတာချင်း မကွာလှပေမယ့် တောကလူတွေမှာ ခံနိုင်ရည်အင်အားက မြို့ကလူတွေနဲ့ မယှဉ်နိုင်ဘူး။ တောဆိုတာ ဘုံဘိုင်ဖွင့်လို့ ရေမလာဘူး။ ခလုပ်ဖွင့်လို့ မီးမလင်းဘူး။ ထင်းခွေ၊ ရေခပ်၊ ထမင်းချက်၊ နောက်ချေးကျုံးဆိုတဲ့ ပိုက်ဆံမရပဲ နေ့စဉ်လုပ်နေရတဲ့ ဗာဟီရကိစ္စတွေအတွက် လုပ်အားလိုတယ်။ မိဘက လွန်ကျွံရော လိုက်ရောနိုင်လှရင် ကျောင်းသွားတက်ဖို့ ခွင့်ပေးရုံပဲ ရှိမယ်။ ပြန်လာရင် စာအုပ်ပစ်ပြီး ကိုယ့်အလုပ်ကို လုပ်ရတယ်။ စိုက်ချိန်ပျိုးချိန် ပေါ်ချိန်သီးချိန်ဆို ကျောင်းတောင် ပျက်ရရော။ ကောက်စိုက်၊ ပျိုးနှုတ်၊ ကောက်သင်းကောက်၊ သူရင်းငှားလိုက်ဆိုတဲ့ ပိုက်ဆံရတဲ့ အလုပ်တွေ လုပ်နိုင်လာတဲ့အခါ ကလေးဘ၀မှာ ပညာရေးဆိုတာ အလိုလို အရောင်မှိန်သွားရတယ်။ သူများနိုင်ငံတွေမှာ အသက်မပြည့်သေးတဲ့ ကလေးတွေကို အလုပ်သမားအဖြစ်နဲ့ခိုင်းတာကို ကလေးသူငယ်အခွင့်အရေးတွေနဲ့ ကာကွယ်စောင့်ရှောက်ထားပေမယ့်လည်း ကိုယ့်ဆီမှာတော့ သည်အရွယ်ကလေးတွေကို အလုပ်ပေး ထမင်းကျွေးပြီး ခိုင်းတဲ့သူကို ကျေးဇူးတောင် တင်နေကြရတာ။ သူများတွေမြှောက်ပေးတိုင်း နားယောင်နေလို့မဖြစ်။ လက်လှုပ်မှ ပါးစပ်လှုပ်ရမယ့်ဘ၀။

            သည်တောင်ကို မောင်ကျော်လို့ အလယ်တန်းပညာရေးအထိ တက်လှမ်းနိုင်တဲ့ ကလေးတွေကျတော့ ဂိမ်းကစားသလိုပါပဲ။ နောက်အဆင့်ကလေးတွေ တက်တက်ပြီး ခက်လာတယ်။ ရွာတိုင်းမှာ မူလတန်းကျောင်းလောက်တော့ ရှိတာပေါ့။ သိပ်မခေါင်ရင် မူလွန်လောက်အထိတော့ ရှိသေးတယ်။ ရှစ်တန်းလောက်ဆိုရင်တော့ ရွာနီးချုပ်စပ်ကို သွားရတော့မယ်။ အလယ်တန်းပြဆရာဆိုတာ မူလတန်းပြဆရာတွေလိုတော့ လွယ်လွယ်ကူကူ ဆွဲခန့်လို့ မရနိုင်တော့ဘူး။ သည်အတန်းလောက်ရောက်ရင် ကလေးတွေစိတ်ထဲမှာကိုက ကျောင်းကသင်တာသက်သက်နဲ့ လုံလောက်တယ် မထင်တော့ဘူး။ စာတွေက ခက်လိုက်တာလို့ ထင်လာတယ်။ နောက်နှစ်ရောက်ရင် ၀ိဇ္ဖာ နဲ့ သိပ္ပံ ခွဲသင်ရတော့မယ် ဆိုတာကို ဘ၀တစ်ဆစ်ချိုးလမ်းဆုံ ရောက်နေသလောက် စိတ်လှုပ်ရှားကြတယ်။ ဘိုင်အိုဆိုတာကြီးတွေက တော်တော်ခက်သလား။ အီကိုဆိုတာကြီးက ကျက်လို့ရနိုင်ပါ့မလား။ သူတို့ဘ၀မှာ အဲသည် ဘာသာရပ်ဆိုတာကြီးတွေကို အခုမှ ကြုံရတာမို့ စိမ်းစိမ်းကြီးနဲ့ကို တွေးကြောက်နေကြတယ်။ ကိုယ်ဝါသနာပါတာ ဘာမှန်းမသိဘူး။ ကိုယ်ဖြစ်ချင်တာ ဘာမှန်းမသိဘူး။

             အဲ့သည်နှစ်ခုက ဟိုးတုန်းက ပြောခဲ့ဖူးသလိုပဲ ပေါင်းချင်တဲ့အခါလည်း ပေါင်းတယ်။ မပေါင်းချင်တဲ့အခါလည်း သပ်သပ်စီပဲ။ ဘယ်နှစ်ခါပြန်ပေါင်းပြီး ဘယ်နှစ်ခါ ပြန်ကွဲသလဲဆိုတာတောင် ဘယ်သူမှ မမှတ်မိတော့ဘူး။ သူတို့ဟာသူတို့ ပေါင်းပေါင်းကွဲကွဲပါ။ အခုမှ စလုံးရေစရတဲ့အခါ နားမလည်လည်း ဘာအရေးလဲ။ အလွတ်ကျက်ကြတာပေါ့။ ဆရာတွေကရော စာမေးပွဲစစ်တဲ့ ပုံစံကရော ကျောင်းသားတစ်ယောက် ဘယ်လောက်နားလည်သလဲ ဆိုတာထက် ဘယ်လောက်များများ မှတ်မိသလဲ ဆိုတာကို ဦးစားပေး ဆန်းစစ်တယ်။ စာတစ်ကြောင်းချင်း နှုတ်တိုက်ချပေးပြီး အလွတ်မရမချင်း အတူတူလိုက်ဆိုပေးတဲ့ ကျူရှင်ဆရာများဟာ သိပ်အောင်မြင်တာပဲ။
သည်အဆင့်မှာ မြို့ကျောင်းသားတွေ မထောင်းတာပေမယ့် တောကျောင်းက ကလေးတွေ ကျောင်းခန်းအပြင်က လောကကြီးကို မျက်စပစ်ကုန်တာ အဲ့ဒါတွေကြောင့်ပဲ။ တောင်ပေါ်ကကလေးတွေ၊ အိမ်မှာမြန်မာလို မပြောတဲ့ကလေးတွေဆို မြန်မာစကားကိုတောင် လေးလုံးကွဲအောင် မနည်းပြောနေရတာမို့ ဘာသာရပ်ဆိုင်ရာ အခေါ်အဝေါ် အသုံးအနှုန်းတွေကို ပိုပြီး ပင်ပန်းကြီးစွာ ကျက်မှတ်နေကြရတယ်။ သူတို့အတွက်တော့ သည်စာတွေဟာ ခက်ကိုခက်တယ်။ ဆရာတွေကလည်း ပြောပါတယ်။ ဟုတ်တယ်။ ခက်တယ်။ တတ်နိုင်ရင် ကျူရှင်ယူကြ။ မတတ်နိုင်ရင် ကျောင်းမှာ အချိန်ပိုသင်မှရမယ်။ ကျူရှင်ပဲသင်သင်၊ အချိန်ပိုပဲ သင်သင် သင်ပေးမယ့်ဆရာ ရှိနေရင် လက်အုပ်ချီမိုး ရှိခိုးထိုက်ပါတယ်။ ဆရာ မရှိလို့ ငုတ်တုတ်မေ့နေတဲ့ တောင်ပေါ်ကျောင်းကလေးတွေ တပုံကြီးရှိတဲ့အကြောင်း တောင်ပေါ်ကို ကိုယ်တိုင်ရောက်မှ သိရတယ်။ တချို့ဆွဲခန့်ဆရာလေးတွေက သူတို့ကိုယ်တိုင်လည်း အဝေးသင်ကျောင်းသားတွေမို့ အဝေးသင်ချိန်ဆို သူတို့လည်း ကျောင်းသားတလှည့် ပြန်လုပ်ကြရသေးသတဲ့။ ကလေးများအားလုံးလည်း စာသင်မယ့် ဆရာကိုမျှော်နေဆဲ။ စာသင်ခုံတွေလည်း ဖရိုဖရဲ ပိုးစားခြကိုက်နေ ဆိုတဲ့ ကျောင်းတွေ ဘယ်နှစ်ကျောင်းတောင် ရှိနေသလဲ မသိပါဘူး။ တရပ်တကျေးက လာရတဲ့ ဆရာဆရာမတွေကို အားကိုးတာထက် ကိုယ့်ရပ်ကိုယ့်ရွာကလူတွေကို ဆွဲခန့်ပြန်တော့လည်း မသိတဲ့သူကို မတတ်တဲ့သူက သင်တဲ့ဒုက္ခလို့ ပြောကြပြန်တယ်။ ဆရာဖြစ်ချင်တဲ့သူဆိုတာ ဆရာဖြစ်သင်တန်းတော့ တက်ဦးမှ ဖြစ်တာကိုး။

            အထက်တန်းကျောင်းဆိုတာကတော့ တော်ရုံတန်ရုံ ရွာကလေးတွေမှာ မရှိနိုင်ပါဘူး။ ကျိုက်ထိုမှာတုန်းကတော့ ကလေးတွေ သွားလိုက်ပြန်လိုက် ကျောင်းမတက်နိုင်လို့ ကိုးတန်းရောက်ရင် ကျိုက်ထိုက အသိတစ်ယောက်ယောက် အိမ်မှာ ဆန်နဲ့ဆီနဲ့ သွားအပ်ထားပေးရတယ် လို့ သိခဲ့ရတယ်။ အဲသလို ကျောင်းတက်ဖို့ပို့ထားနိုင်တဲ့အိမ်ဆိုတာ ငွေပိုငွေလျှံ ရှိမှ ဖြစ်တာ လို့ ဆိုပါတယ်။ ကိုယ်တို့ ပြည်သူ့ဆေးရုံတွေကမှ Luxury ဖြစ်တာ မဟုတ်ဘူး။ အထက်တန်းပညာရေးဆိုတာလည်း သူတို့အတွက်တော့ Luxury ဖြစ်တာပါပဲ။ ကိုယ်ကပေးသလောက် ပြန်မရတာကို ပညာရေး လို့ ခေါ်သလား လို့ မေးချင်စရာကြီး။ ကိုးတန်း ဆယ်တန်းမှာ ကျူရှင်မကူ သယမ္ဘူနဲ့ ဖြေဖို့ဆိုတာ တော်တော့ သတ္တိမှတ်လို့။ မြန်မာပြည်ပညာရေးမှာ အကြီးဆုံးကျူရှင်ဈေးကွက်ကြီးဟာ အဲသည် ကိုးတန်းဆယ်တန်းမှာ ရှိတယ်။ တစ်ကျောင်းလုံးနေလို့ ဆယ်ယောက်မအောင်တဲ့ ကျောင်းကလေးတွေကနေ ဘာသာစုံဂုဏ်ထူးရှင်တွေ ရာချီထွက်တဲ့ကျောင်းကြီးတွေအထိ ကွာခြားချက် မြင့်မားတယ်။ ကလေးတွေရဲ့ ဘ၀ခရီးလမ်းကို သည်စာမေးပွဲကြီးက အဆုံးအဖြတ်ပေးမှာလို့ ဆရာ၊ မိဘ၊ ကျောင်းသား သုံးဦးသုံးဖလှယ် မျှော်လင့်နေကြတယ်။ ကြော်ငြာထဲမှာ ဦးမိုးဒီကြီးပြောသလို “သည်ခေတ်ကြီးထဲမှာ ဆယ်တန်းလေးမှ အောင်မထားရင် လိပ်ပက်လက်လှန်ထားသလို ယက်ကန်ယက်ကန် ဖြစ်နေမှာပေါ့ကွ။” လို့ လူတိုင်းက အရိုးစွဲနေအောင် ယုံတယ်။ ကိုယ့်သားသမီးကိုယ် ပညာတတ်ကြီးဖြစ်အောင် ကျောင်းထားမယ်ဆိုတဲ့ မိဘများကတော့ ကိုယ်မစားရရင် ချိုးခြံပြီး ဆယ်တန်းကလေးလောက်တော့ မအောင်အောင်အောင် ထားကြပါတယ်။ ဒါတောင်မှပဲ ဆယ်တန်းအောင် တက္ကသိုလ်ဆက်တက်နိုင်တဲ့ ကျောင်းသားက ယက်သဲ့ကြား ငါးတင်။ တင်တဲ့ငါး ကြောင်စားပြီး ကျန်သလောက်။ လေးတန်းအောင် သေစာရှင်စာနဲ့ ထွက်ရတာထက်စာရင်တော့ ကိုယ်တို့မြန်မာကလေးတွေရဲ့ အနိမ့်ဆုံး ပညာရေးဟာ ဆယ်တန်းအဆင့်လောက် ရှိနေမယ်ဆိုရင်တော့ ဘယ်လောက်ကောင်းလိုက်မလဲ။

            တကယ်တမ်းကျတော့ စာသင်ကျောင်းကလေးတွေရဲ့ အဓိပ္ပါယ်ဟာ မေးတာတွေ ကျေနပ်လောက်အောင် ဖြေဆိုပြီး အောင်လက်မှတ်ထုတ်ပေးလိုက်တဲ့ သင်ကြားရေးဌာနကြီးသက်သက်လို့ ကိုယ်ကတော့ မယူဆပါဘူး။ ကလေးတွေရဲ့ဘ၀မှာ သိသင့်သိထိုက်တဲ့ အခြေခံသဘောတရားကလေးတွေကို မြေစမ်းခရမ်းပျိုးပေးလိုက်တဲ့သဘော၊ ၀မ်းလျားမှောက် အရွယ်ကစလို့ လေးဘက်ကလေးတွားတတ်အောင် နောက်တော့ ကိုယ့်ဘာသာကိုယ် လမ်းလျှောက်တတ်လာအောင် လေ့ကျင့်ပေးတဲ့နေရာတစ်ခု လို့ မြင်ပါတယ်။ နောင်တစ်ချိန်ကျ လူကြီးဖြစ်လာမယ့်ကလေးတစ်ယောက်ကို ဘယ်လိုလူကြီးမျိုး ဖြစ်လာစေချင်သလဲဆိုတာကို စပြီး ပုံသွင်းမိတဲ့နေရာ လို့လည်း မြင်ပါတယ်။ ကိုယ်တို့ဆီမှာက သင်ရိုးကို အာရုံစိုက်လွန်းပြီး ပဲ့ပြင်မှုအပိုင်းက တော်တော်လေး အားနည်းနေပါတယ်။ ပညာရေးရဲ့ ရလပ်ကို အောင်ချက်တစ်ခုတည်းနဲ့တိုင်းတာဆိုတော့ အောင်ချက်ကိုပဲ အာရုံထားတာပေါ့လေ။

          သူငယ်တန်းကလေးကို ကျောင်းမှာစာသင်ရုံနဲ့ အားမရဘူး။ အိမ်မှာလုပ်ရအောင် အိမ်စာတွေ အများကြီး ပေးလိုက်တယ်။ အိမ်စာမပြီးရင် ကလေးကိုလည်း အပြစ်ပေးတယ်။ မိဘဆီကိုလည်း အိမ်စာတွေ မပြီးပါဘူး လို့ တိုင်စာရေးပြီး လက်မှတ်ထိုးခိုင်းတယ်။ ကလေးက ကျောင်းမှာလည်း တစ်နေကုန်ထိုင်ရေးလာခဲ့တော့ အိမ်ပြန်ရောက်ရင် မရေးချင်တော့ဘူး။ ဆော့ချင်တယ်။ မိဘက ဆရာမအတိုင်ခံရလို့ အရှက်ရနေတော့ ရိုက်မောင်းပုတ်မောင်း ရေးခိုင်းတယ်။ ခိုင်းမရရင် ဆရာမဆီ ကျူရှင်ပို့လိုက်တော့ အေးရော။ သူပေးတဲ့ အိမ်စာ သူကိုယ်တိုင် ရေးခိုင်းမှ နေရာကျတယ်။ သူများဆီသွားသင်ရင် တသန်လင်းချိတ်တောင် အဆံမတူလို့ ပြန်ရေးခိုင်းရော။ ကကြီးကလေးငယ် ချစ်စဖွယ်က တစ်နေ့ရှစ်နာရီမက သင်ယူရလောက်အောင် ခက်နေမှတော့ ကျောင်းနေပျော်၍ စာတော်သောကလေးဆိုတာ အိပ်မက်မက်ချင်သေးသလား။

           မနီကလေး စာသင်ကျောင်းကိုသွားတာ စာရေးစာဖတ်တတ်ဖို့ သက်သက်ပဲ လို့ ထင်နေတာ သိပ်မှားတာပဲ။ ကျောင်းမှာ သူနဲ့ သက်တူရွယ်တူ သူငယ်ချင်းတွေ ရှိမယ်။ အဲသည်ကလေးတွေနဲ့ ရွယ်တူချင်း ပြောဆိုဆက်ဆံပြီး ကလေးရဲ့ လူမှုဝန်းကျင်ကို စတင်တည်ဆောက်ရမယ်။ ပျော်ပျော်ပါးပါး ဆော့ရင်းကစားရင်း ကိုယ်ကာယတွေ ကြံ့ခိုင်ဖွံ့ဖြိုးလာစေမယ်။ မိသားစုမှ အပဖြစ်သော ကမ္ဘာလောကကြီးကို သိမြင်ရင်းနှီးစေရမယ်။ ဂျပန်က မူလတန်းကျောင်းကလေးတွေဆို အဲသည်အရွယ်ကလေးတွေကို သိပ်ဂရုစိုက်တာပဲ။ အဓိကသင်ကြားပေးတာကတော့ ဂျပန်နိုင်ငံသားကောင်းတစ်ယောက် ပီသအောင်လို့တဲ့။ စည်းကမ်းရှိအောင် အရင်အကျင့်လုပ်တယ်။ ကိုယ့်တာဝန်ကိုယ်ယူတတ်အောင် လေ့ကျင့်ပေးတယ်။ ပြည်သူ့နီတိတွေကို ကလေးနားလည်အောင် ရှင်းပြပြီး လိုက်နာအောင် သွန်သင်တယ်။ သူတို့လိုချင်တာ သွက်လက်တက်ကြွပြီး အနာဂတ် ဂျပန်နိုင်ငံတော်အတွက် အားကိုးလောက်တဲ့ လူငယ်သွေးသစ်ကလေးတွေ။ လူမှုရေး နားမလည်ပဲ တစ်ကိုယ်ကောင်းဆန်တဲ့ စာဂျပိုးကလေးတွေ မဟုတ်ဘူး။
ကိုယ်စိုက်ပျိုးတဲ့ ကောက်ပင်ကို ကိုယ်ပြန်ရိပ်သိမ်းရတဲ့ တရားသဘောအတိုင်း ကိုယ်တို့နိုင်ငံတော်ကြီးလည်းပဲ သူစိုက်ပျိုးထားသော ပညာရေး အသီးအပွင့်များကို လိုချင်ချင် မလိုချင်ချင် ရိပ်သိမ်းနေရဦးမှာပဲ။ သည်အသီးအပွင့်က မျိုးဆက်တစ်ဆက်တစ်ဆက် ကြာတာမို့လို့ ဒီဟာကို မလိုချင်ဘူး။ ဟိုလိုမျိုးလိုချင်တယ်ဆိုလို့ရှိရင် အခုကတည်းက ပြင်နိုင်မှ နောက်မျိုးဆက်တစ်ဆက်ကြရင် ကိုယ်လိုချင်တဲ့ အသီးအပွင့်ရမယ်။ ပေလာယျကံ သဘောထားရင် အလေ့ကျပေါက်ပင်နဲ့ပဲ ညားမယ်။ သူ့မြေမှာ နီဝါပွင့်ရင် ကိုယ့်မြေမှာ ဖြူပြာတင့်ရမယ် လို့ ကြွေးကြော်လာတာ ငွေတာရီ မြ၀တီခေတ်ကတည်းက။ ဘာမင်းကြီးတို့ ဘာပင်တွေစိုက်ပြီး ဘာသီးကြီးတွေသီးနေတာ သိတော်မူကြစေဖို့ ဘာတွေမှန်းမသိ ရေးမိပြန်ပါသလေ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...