Friday, July 18, 2014

“ခွေးသေးပန်းပင်”

Soe Min July 18, 2014 at 11:50am
          ငယ်ငယ်တုန်းက အိမ်နားဝန်းကျင်မှာ ဆော့ကစားတဲ့အခါ အခုလိုမျိုး ပလက်ဖောင်းနဲ့ ကတ္တရာ နေရာမလပ် နှုတ်ခမ်းချင်း ထိစပ်မနေသေးတဲ့ အချိန်မို့လို့ အလေ့ကျပေါက်ပင်ကလေးတွေကို ခူးကာဆိတ်ကာ ရင်းနှီးကျွမ်းဝင်ခဲ့ရပါတယ်။ ထိကရုန်းကလေးတွေ၊ မြေဇာမြက်ကလေးတွေ၊ ကြောင်ဆေးပင်၊ ကြက်ဆူပင်ကလေးတွေအပြင် တော်တော်ကလေး ပေါပေါများများ တွေ့ရတတ်တဲ့အပင်ကတော့
ခွေးသေးပန်းပင်ကလေးတွေပါ။ အဲဒီအပင်ရဲ့ သတ္တုရည်က ရင်ကြပ်ပန်းနာပျောက်တယ် လို့ သိခဲ့ရပေမယ့် သူ့ရဲ့အမည်ကလေးက တကယ်ပဲ နံမယ်ရင်းလား။ ဟိုခွေးက သေးနဲ့လာပန်း သည်ခွေးက သေးနဲ့လာပန်းတတ်တာမို့ အလွယ်ခေါ်လိုက်တဲ့ အနွတ္တသညာလားတော့ သေသေချာချာ မသိပါဘူး။ ဘယ်နေရာမှာတွေ့တွေ့ အဲဒါ ခွေးသေးပန်းပင်လေ လို့တော့ မှတ်မိပါတယ်။ လူပျက်တွေ အငြိမ့်ထဲမှာ ပျက်ကြတာ ကြားဖူးပါတယ်။ “ရုံးအုပ်ကြီးကကွယ် စာရေးကြီးကိုဟောက်။ စာရေးကြီးကကွယ် စာရေးလေးကိုဟောက်။ စာရေးလေးကကွယ် မင်းစေလေးကိုဟောက်။ မင်းစေလေးက မကျေနပ်တော့ ခွေးကလေးကို ပိတ်ကန်။ ခွေးကလေးက မကျေနပ်တော့ တိုင်ကိုသေးနဲ့ပန်း။ ဗြန်း ဗြန်း ဗြန်း။” ဆိုတဲ့အတိုင်း
အဆုံးသတ်မှာတော့ ခွေးသေးပန်းပင်ကလေးတွေ မေတ္တာဖြန်းမှ လန်းဆန်းမယ် ဖြစ်ကြရသတဲ့။ ကိုယ်တို့ဆရာဝန်တွေလည်းပဲ အခုတလောမယ် ခွေးသေးပန်းပင်ကလေးတွေ ဘ၀များ ရောက်နေလေသလား လို့ ခံစားမိပါတယ်။ ပန်းနာတော့ ပျောက်ချင်ပျောက်လိမ့်မယ်။ ဒါပေသိ ဟိုခွေးက သေးနဲ့လာပန်း သည်ခွေးက သေးနဲ့လာပန်း တမျိုးလန်းတဲ့ မညှိုးပန်းဘ၀မဟုတ်လား။

          ဇာတိ၊ ဇရာ၊ ဗျာဓိ၊ မရဏဆိုတဲ့ ဒုက္ခသစ္စာတရားကြီးထဲမှာ ဆရာဝန်ဆိုတဲ့သဘောက မနိုင်တဲ့စစ်ကို မဖြစ်ဖြစ်တဲ့နည်းနဲ့ အချိန်ဆွဲတိုက်နေကြရတဲ့ စစ်သည်တွေလို့ ဆိုကြပါတော့လေ။ မွေးတော့လည်း သူပါရတယ်။ အိုမှာစိုးတော့လည်း သူ့ဆီပြေးကြတယ်။ နာရေးဖျားရေးကတော့ သူ့ထမင်းစားလက်မှတ်ပေါ့။ မနိုင်လို့ သေကာမှသေရော မရရတဲ့နည်းနဲ့ အသက်ကို ကယ်ရမှာကလည်း သူ့အလုပ်ပဲတဲ့။ သတ္တ၀ါတို့ရဲ့ ဓမ္မတာကို ထော်လော်ကန့်လန့်တိုက်ချင်တဲ့ သူတို့အတွက် သဘာဝတရားကြီးက ဒဏ်ခတ်တာကတော့ အရာအားလုံးဟာ ဆရာဝန်အသုံးမကျလို့ ဖြစ်ရလေတယ်လို့ အပြစ်ပုံချလိုက်ရင် ခံစားရတဲ့ သောက ပရိဒေ၀တွေ တနည်းတဖုံနဲ့ သက်သာရာရသွားစေသတဲ့။ ကံ၊ စိတ်၊ ဥတု၊ အာဟာရတွေကို ဘယ်သူကမှ မဥပါဒ်ကြပဲ ဆရာဝန်သတ်လို့သေတယ်ချည့် အသားလွတ် စွပ်စွဲကြတယ်။ မယုံမရှိနဲ့။ ဖေ့စ်ဘုတ်ပေါ် စာရေးနေတဲ့ကိုယ့်တောင် လူသတ်ဆရာဝန်ကြီးလို့ ကွယ်ရာမှာ အတင်းတုပ်နေတာ ကိုယ်တိုင်ဖတ်ဖူးသေး။ လူချင်းတောင် တစ်ခါမှ မြင်ဖူးတာ မဟုတ်ပဲနဲ့။

         စိတ်ဆိုးလို့ စကားချေးဆပ်တာ မဟုတ်ပါဘူး။ သည်လိုပဲ သေးပင်လယ်ကြီးထဲမှာ ပက်လက်မျောခဲ့တဲ့အကြောင်း အစဖော်ပေးတာပါ။ အခုလည်း မျောတုန်းမျောဆဲပါပဲ။ လောကကြီး မြန်မာပြည်ကဆရာဝန်တွေလောက် ပညာအရည်အသွေး နိမ့်ကျတာမရှိ။ ခေတ်မမီ၊ ဒိတ်အောက် အားမကိုးလောက်တာမရှိ။ ပိုက်ဆံငမ်းငမ်းတက်ပြီး လူနာတွေအပေါ် ဟောက်စားခြောက်စားလုပ်တာ မရှိ။ မရှိဆင်းရဲသော တိုင်းသူပြည်သားများအပေါ် မျက်နှာလွှဲခဲပစ် ညှာတာမှုကင်းမဲ့လှစွာ ကိုယ်ကျိုးစီးပွားရှာနေတာ မရှိ။ အောင်မယ်မင်း ရှိသမျှမြိုင်တွေ ကုန်အောင် မပြောပရစီနဲ့ မောလှချည်ရဲ့။ လက်သည်းဆိတ်လို့ လက်ထိပ်နာနေတာ မဟုတ်ရပေါင်။ ဆရာဝန်ဘက်ကလည်း ရှေ့နေမလိုက်ချင်တော့ဘူး။ ထောက်ခံမဲပေးမလို့ပါ။ ဟုတ်တယ်။ မှန်တယ်။ အဲသည်အတိုင်းပဲ။ Guilty As Charged လက်ခံပါတယ်။ စီရင်ချက်သာ ချလိုက်ကြပါစို့။ ဘာလုပ်ကြမလဲ။ တခုခုတော့ လုပ်ကြပါ။ ဘာမှမလုပ်ပဲ ထိုင်အပြစ်တင်နေရုံနဲ့တော့ မပြီးဘူး။ ကျုပ်တို့လည်း သေးစော်နံတယ်။ ခင်ဗျားတို့လည်း ခွေးဖြစ်တယ်။
 
        ဘာကလေးဖြစ်လိုက်ဖြစ်လိုက် ကျီးကန်းများ ၀ိုင်းအာသလို ကိုယ့်လူကိုမထိနဲ့ မီးပွင့်သွားမယ်ဆိုတဲ့ စိတ်ဓါတ်မျိုး ဘယ်ဆရာဝန်မှာမှ မရှိပါဘူး။ မပူပါနဲ့။ ကိုယ်ဖြစ်ကိုယ်ခံ ရှမ်းထုံးစံပါ။ အပြစ်ရှိတဲ့သူကို အရေးယူလိုက်လို့ ပါးစပ်တိပ်ကြီးနဲ့ ပိတ်ပြီး ဆန္ဒဖော်ထုတ်တဲ့ဆရာဝန် ဘယ်နှစ်ခါ ကြားဖူးသလဲ။ စုံစမ်းစစ်ဆေးလို့ ပြစ်မှုထင်ရှားရင် မညှာပါနဲ့။ ပြတ်ပြတ်သားသား အရေးယူပလိုက်။ ဆရာဝန်လောကဆိုတာ ညီလေးရဲ့ အကိုကြီးရဲ့ တပတ်စဉ်တည်းဆင်း၊ တနယ်တည်းသားချင်း တစ်နွယ်ငင်လို့ တစ်စင်ပါမလာဘူး။ ခြေမမကောင်းခြေမ လက်မမကောင်းလက်မ ရဲရဲကြီး ဖြတ်ထုတ်လိုက်စမ်းပါ။ ငကန်းတွေသေလည်း ငစွေတွေနဲ့ဆက်ကုကြတာပေါ့။ ရန်ကုန်မန်းလေးဆိုတာ လူနာပွဲစားတွေ ခြေချင်းကိုလိမ်လို့။ ကြိုက်တဲ့နိုင်ငံ သွားကုလို့ရတယ်။ ဘရာသာရေ ဇေပါတယ်။ ငွေသာအရင် မစပါ။

          ဒါဆို ပိုက်ဆံမရှိတဲ့ ဆင်းရဲသားတွေ မြန်မာပြည်မှာ သေရုံသာရှိတာပေါ့ လို့ ပြောမလို့လား။ မပြောပါနဲ့ ရန်ကုန်သား သတင်းထောက်ကြီးရယ်။ အားနာလို့ပါ။ ကိုယ့်ဘာသာကိုယ်ပဲ ပြောပါ့မယ်။ ဟုတ်တယ်။ အဲဒီအတိုင်းပဲ။ ကျုပ်ကိုယ်တိုင် အမ်းမှာ ရခိုင်ရွာ ချင်းရွာက လူနာငမွဲတွေ ကုလာတာပါ။ ပြောလည်းပြောခဲ့ပြီးသားပါ။ ပြည်သူ့ဆေးရုံဆိုတာ ဆင်းရဲသားတွေ လက်လှမ်းမမီပါဘူး။ ဇိမ်ခံပစ္စည်း Luxury ပါ လို့။ အဲဒါ ဆရာဝန်တွေ ဆရာမတွေ ပိုက်ဆံနင်းကန်တောင်းလို့ မဟုတ်ပါဘူး။ တိုင်းပြည်ဆင်းရဲလို့ပါ။ ရွာကနေ လှေဆိပ်ကို စက်လှေငှားရင် သောင်းဂဏန်းပေးရတယ်။ လှေဆိပ်ကနေ ဆေးရုံကို ကားငှားတော့ ရှစ်သောင်းကျတယ်။ သေကောင်ပေါင်းလဲလူမမာ ဆိုင်ကယ်ကယ်ရီနဲ့ တင်မရပဲကိုး။ ထော်လာဂျီငှားရင် နည်းနည်းတော့ သက်သာမှာပေါ့။ သူလည်းပဲ ဘိုင်အိုဒီဇယ်နဲ့မှ မောင်းမရတာ။ ဆီဖိုးတော့ ကုန်တာပဲ။ ဆေးရုံရောက်ရင် လူမမာကို ပြုစုချက်ပြုတ်ကျွေးမွေးဖို့ ထင်းကအစ၊ အိုးခွက်ပန်းကန်ပါ ရွာကသယ်လာရတယ်။ လူလေးငါးယောက် အဖော်ပါရတယ်။ ကိုယ်သာတစ်ပြားမှ မရတာ။ ဆေးရုံတက်နေတဲ့လူနာတွေအားလုံး သိန်းဂဏန်းမကုန်ပဲနဲ့ ပေါ်တီကိုအောက်တောင် ရောက်မလာဘူး။ လိုအပ်လို့ အမ်းကနေ မင်းဘူးထပ်လွှဲတော့ နှစ်သိန်းဗျား။ ကားလမ်းမပေါက်တဲ့ တောင်ပေါ်ရွာကလူတွေအိမ်မှာ သိန်းမျိုးသန်းမျိုး ကြွယ်ဝဖို့ဆိုတာ ဓါးပြတိုက်တဲ့ သူတွေဆိုရင်တော့ မပြောတတ်ဘူးလေ။ ကိုယ်ကအစက မစာနာတတ်တော့ အားကြီးစိတ်ဆိုးတယ်။ “နင်တို့ ငါက အလကားကုပေးနေလျက်နဲ့ စောစောမလာဘူး။ ရွာမှာ ဓါတ်ဆရာနတ်ဆရာဆီသွားတော့ အလကားရသလား ပြောစမ်း” ပေါ့။ ကိုယ်မရတိုင်း သူတို့မကုန်ဘူး မထင်နဲ့။ ဒီလိုပဲ။ သူတို့ကုန်တိုင်းလည်း ကိုယ့်ပေးရတယ် မထင်ကြနဲ့လေ။ မြန်မာပြည်မယ် ပိုက်ဆံမရှိရင် သေရုံပဲရှိမယ်လို့ ပြောချင်ပြော။ လက်ခံတယ်။ ပိုက်ဆံမရှိတာ ဆင်းရဲလို့လို့ မပြောပဲ ဆရာဝန်တွေ ဆရာမတွေ မတရားသဖြင့် ပိုက်ဆံတောင်းလို့လို့ ပြောရင်တော့ နည်းနည်းစဉ်းစားပါဦး။

         မဟုတ်ဘူးလို့တော့ မငြင်းပါဘူး။ ဟုတ်တဲ့နေရာတွေမှာ ဟုတ်သူတွေလည်း ဟုတ်မှာပေါ့။ ပြဿနာက ဟုတ်တဲ့သူတွေမှာ သွားမပြောပဲ မဟုတ်တဲ့သူတွေကို လာလာပြောတဲ့အခါ ဟုတ်လည်းမဟုတ်ပဲ မတရားအပြောခံရတဲ့အတွက် စေတနာတွေ ခမ်းခြောက်ကုန်တယ်။ တကယ်တော့ ဟုတ်တယ် မဟုတ်ဘူးဆိုတာ ဂျာနယ်ထဲပါမှ၊ ဆန္ဒဖော်ထုတ်မှ၊ စုံစမ်းစစ်ဆေးအရေးယူမှ သိရတာမျိုး မဟုတ်ပါဘူး။ ကိုယ်ချင်းကိုယ်ချင်းတော့ အပွေးမြင် အပင်သိပါတယ်။ မိုးကျရွှေကိုယ် တစ်ယောက်မှ ပါတာမှမဟုတ်ဘူး။ လူတိုင်းလူတိုင်းမှာ နောက်ကြောင်းရာဇ၀င်ဆိုတာ ရှိတယ်။ (၀န်ကြီးရုံးကတောင်းလို့ ခြောက်လတစ်ခါ ဖြည့်ပေးရတဲ့ ၀ဖစာရွက်ကို ပြောတာ မဟုတ်) သည်နယ်ပယ်အတွင်းမှာ အတူတကွ အလုပ်လုပ်ဖူးကြတဲ့အခါ လူ့သတင်း လူချင်းဆောင်တယ်။ နေရာတစ်နေရာရာမှာ ကျော်မကောင်းကြားမကောင်းတွေ ဖြစ်လာတဲ့အခါ ကိုယ့်အချင်းချင်း “ဘူလေးလဲဟဲ့” လို့ စနည်းနာလိုက်ပြီးရင် ၅၅၀ နိပတ်တော်ဇာတ်ပေါင်းသလို “ဤသူသည်ကား ယခုမှသာလျှင် ထိုသို့ပြုမူတတ်သည်မဟုတ်။ ရှေးယခင်ကပင်…” ဆိုပြီး အစဆွဲထုတ် ဆင်ခြင်လိုက်ရင် သဘောပေါက်သွားရော။ အမှုသွားအမှုလာမှာ လက်စလက်နကို မြင်ရုံနဲ့ ဒါဘယ်သူ့လက်ရာဖြစ်မလဲဆိုတာလည်း အကဲခတ်တတ်တယ်။ ဒါပေသိ သိတိုင်းထုတ်ဖော်ပြောနေလို့မှ မရတာ။ ကိုယ်သိ ကိုယ့်ဝမ်းထဲကိုယ်ထား။ မော်တော်ပီကယ်တောင် ယူနီဖောင်းမပါပဲ လိုင်စင်ဝှီးတက် စစ်လို့ရတာ မှတ်လို့။ ကိုယ့်ဘယ်သူကမှ လာမစစ်ပဲ သူများအပုပ်ချစရာလား။

          နောက်နှစ်ခါဆို ဆရာဝန်လုပ်သက် အနှစ်နှစ်ဆယ် ပြည့်တော့မယ်။ ရှင်ကြီးဝမ်းလည်း ၀င်ခဲ့ပြီး။ ရှင်ငယ်ဝမ်းလည်း ၀င်ခဲ့ပြီး။ ကိုယ့်ဝမ်းထဲ ၀င်ခဲ့ထွက်ခဲ့သူတွေလည်း တပုံတပင်။ မကောင်းတဲ့သူနဲ့တွေ့ရင် ဘယ်လိုနေရသလဲ မတတ်မရှိပါဘူး။ ကုသိုလ်တို့ အကုသိုလ်တို့ဆိုတာ ကိုယ့်နောက်ကို အရိပ်ပမာ အစဉ်ပါတဲ့အထုပ်တွေ။ ကိုယ့်အထုပ်ကိုယ်ထမ်း ကိုယ့်လမ်းကိုယ်သွားကြရတာချည့်ပဲ။ သူမကောင်းတာလုပ်ရင် သူ့အကုသိုလ်နဲ့သူ ဒုက္ခဖြစ်လိမ့်မယ်။ လိုက်တော့ ကြည့်မနေနဲ့။ အဲ့ဒါဆို သူ့အကုသိုလ်က ကိုယ့်အကုသိုလ် ဖြစ်ကုန်ရော။ ကုသိုလ်အကုသိုလ်ဆိုတာ အချိန်တန်လို့ ရင့်မှည့်တော့မှ အကျိုးပေးတာ။ သူလုပ်ထားတာ အကုသိုလ်ပေမယ့်လည်း အကုသိုလ်က သီးတာပွင့်တာ ရွှေပင်ငွေပင်တွေဆိုတော့ လူကြီးသူမကို သိတတ်လိမ်မာတဲ့အခါ ရာထူးတက် နေရာကောင်းရ ကြီးပွားချမ်းသာနေတာမြင်ရရင် ကိုယ့်မှာ အလကား အကုသိုလ်စိတ်ဖြစ်မယ်။

          ကိုယ်ကိုယ်တိုင်လည်း အကုသိုလ်မကင်းလို့ ထင်ပါရဲ့။ ဘူတန်အပါအ၀င် ဆရာဝန်ဘ၀နဲ့ နယ်ကို သုံးခါထွက်ခဲ့ဖူးတယ်။ သုံးနေရာစလုံးမှာ ဆရာဝန်ကို တိုင်ကာတောကာ တရားစွဲတာ မြင်ခဲ့ဖူးတယ်။ ထူးဆန်းတာလား မထူးဆန်းတာလားတော့ မသိဘူး။ သုံးခါစလုံးမှာ လူနာက မကျေနပ်တာ မဟုတ်ပဲ ဆေးရုံက အတွင်းလူ တစုံတယောက် ဒါမှမဟုတ် တစ်စုတစ်ဖွဲ့က တိုင်စာရေးပေးပြီးတိုင်တာ။ ဆိုလိုတာက အကုန်ရှို့မီးချည့်ပဲ။ အတွင်းလက်သည် ပါကိုပါတယ်။ ထားပါတော့လေ။ ဘာကြောင့်ပဲဖြစ်ဖြစ် အမှုရယ်လို့ ဖြစ်လာရင် မကျေနပ်မှု တစ်ခုခုကို အရင်းတည်ပြီး ဖြစ်လာတယ်။ ကိုယ်က ကောင်းတာလုပ်တိုင်းလည်း ကိုယ့်အပေါ် မကျေနပ်တဲ့သူ မရှိဘူးလို့ ဘယ်သောအခါမှ မမှတ်နဲ့။ ကိုယ်ကောင်းတာလုပ်တာလည်းပဲ အကျိုးစီးပွား ထိခိုက်သွားတဲ့သူတွေရှိရင် အဲသည်လူတွေက ဘယ်လိုမှ မကျေနပ်နိုင်ဘူး။ ဒန့်ဒလွန်သီး အလကားဝေတောင် အဝေမညီရင် ရန်ထဖြစ်ကြတဲ့ လူ့မနောအကြောင်းလည်း သိသားနဲ့။ နောက်ဆုံးတော့ ကိုယ့်ရဲ့နတ္ထိပစ္စယောကိုပဲ သူတို့အလိုရှိလာကြလိမ့်မယ်။ သည်နေရာမှာ အရေးကြီးလာတာက အဲသည် “သူတို့” ဆိုတာ ဘယ်သူတွေလဲ သေသေချာချာ စဉ်းစားပါ။ ဘာလို့ဆိုတော့ အကျိုးဆက်တွေ ခံစရာရှိရင် အဲသည်တိုင်တဲ့တောတဲ့သူတင်မကဘူး။ တရပ်လုံးတရွာလုံး အတူတူ ခံကြရလိမ့်မယ် လို့ နားလည်ထားပါ။

          ပထမဦးဆုံးကတော့ အတိုင်ခံရတဲ့အခါ အလုပ်တွေ ရပ်သွားပါတယ်။ တကယ်တမ်းစေတနာနဲ့ အလုပ်လုပ်နေပြီး ရပ်ရွာအတွက် အားကိုးရတဲ့သူများဖြစ်နေခဲ့ရင် စောစောက တိုင်ကြားသူ တစ်ဦးတစ်ယောက်အတွက်နဲ့ တရပ်တရွာလုံး နစ်နာပါလိမ့်မယ်။ အမှန်တကယ် ကိုယ့်ရပ်ကိုယ့်ရွာမှာ မရှိသင့်တဲ့သူဆိုတာ သေချာမှတိုင်ပါ။ ဘေးတီးလို့ သွေးနီးမပြပါနဲ့။ အဲသလိုတိုင်လိုက်ပြီးရင် အတိုင်ခံရသူက အပြစ်မရှိကြောင်း စစ်ဆေးသက်သေခံပြီးရင်တောင် အဲသည်အရပ် အဲသည်ဒေသမှာ ရှေ့ဆက် အလုပ်လုပ်ချင်စိတ်တွေ ကုန်ခမ်းသွားပါတယ်။ အပြစ်နဲ့ရွှေ့တာ မခံချင်လို့သာ အမှုပြီးအောင် ကျိတ်မှိတ်နေမှာ။ သံသယရှင်းတာနဲ့ သူ့ဘက်က တာ့တာပြမှာပါ။ သေချာတာကတော့ သူပြီးရင် နောက်လူလာတဲ့အခါ အလုပ်လုပ်ဖို့ တော်တော်ကြီး စဉ်းစားသွားပါလိမ့်မယ်။ ဒါကြောင့် ကိုယ့်မြို့ကိုယ့်ရွာမှာ ဆေးရုံကို အတိုင်အတော တစ်ခုခုရှိခဲ့လို့ရှိရင် “ကောင်းတယ်လေ။ ထိပြီ မဟုတ်လား။ နည်းတောင်နည်းသေးတယ်။ ငါတို့ဆီ ဒါမျိုးလာလုပ်လို့ကတော့ လောက်တောင် မလောက်ဘူး။” ဆိုတာမျိုး လက်ဘက်ရည်ဆိုင်ထိုင် လေဖောမနေပါနဲ့။ ဘယ်သူတိုင်တာလဲ။ ဘာလို့တိုင်တာလဲ။ တကယ်ဟုတ်သလား။ သေသေချာချာ စုံစမ်းပါ။ အဲသည်အကျိုးဆက်က ကိုယ့်အပေါ်မှာလည်း မလွဲမသွေ ကျရောက်လာတော့မှာမို့ပါ။ တကယ်မှန်သလား။ အကျော်မကျွေးနဲ့။ အားကြိုးမာန်တက် အပြုတ်သာတိုက်လိုက်။ နို့မို့ နောက်တစ်နေရာရောက်လည်း နောက်လူတွေ ဒုက္ခဖြစ်နေမယ်။

          အဲသလို မဟုတ်ပဲနဲ့ တစုံတယောက်သောသူက သူ့ကိုယ်ကျိုးစီးပွား ထိခိုက်တဲ့အတွက် ပဒူအုံ တုတ်နဲ့ထိုးပြီး ဖွတာဆွတာမျိုးဆိုရင် နာစရာရှိ ကိုယ်ပဲနာမှာကို မမေ့ပါနဲ့။ နောက်ကွယ်က ကြိုးကိုင်သူ လက်မည်းကြီးဆိုတာ သည်နေရာမှာရော မရှိဘူး မှတ်လို့လား။ ဆေးရုံမိုးယိုတာနဲ့ ဆေးရုံအုပ် မညွှန်ကြားပဲ ၀န်ကြီးကုလားထိုင် မီးတက်ရှို့ခိုင်းတဲ့သူတွေ မြင်ဖူးဘူးလား။ ဖေ့စ်ဘုတ်လေး မှန်မှန်သုံးရင် နောက်ဆို သည်လိုကလေးကွက်တွေ သဘောပေါက်လာမှာပေါ့။ မန္တလေးက ဒေါသထွက်နေသော လူအုပ်ကြီးဟာ မန္တလေးသားစစ်စစ်များသာ လို့ အာမခံနိုင်သလား။ မြောင်းမြက ဗီနိုင်းတွေထဲရော သုံးထောင်စားတွေ မပါတာ သေချာသလား။ သေချာရင် လုပ်ဗျာ။ အားပေးတယ်။ မသေချာရင် ကိုယ်အကိုယ်ခံ ခံကြ။ တို့ကတော့ အရပ်ထဲနေတာ ကြာမှပဲဟာ ဟောင်သံကြားရုံနဲ့ ဘယ်အိမ်ကခွေးမှန်း တန်းသိတယ်။

          ဆရာဝန်လောကဆိုတာလည်း တခြားတခြားသော ၀န်ထမ်းလောကတွေနဲ့ ထူးပြီး မကွာခြားပါဘူး။ ကောင်းတဲ့သူလည်း ရှိတယ်။ ဆိုးတဲ့သူလည်း ရှိတယ်။ ကောင်းတဲ့သူတွေများတဲ့ ပတ်ဝန်းကျင်မှာဆို ဆိုးတဲ့သူကလည်း စိတ်ထင်တိုင်း မသောင်းကျန်းရဲဘူး။ ဆိုးတဲ့သူတွေကြီးစိုးတဲ့ ပတ်ဝန်းကျင်မှာလည်း ကောင်းတဲ့သူက စိတ်သွားတိုင်း ကိုယ် မပါနိုင်ဘူး။ ဒါကြောင့်မို့လို့ ဖြစ်နိုင်ရင် ကောင်းတဲ့သူတွေ ကိုယ့်ပတ်ဝန်းကျင်မှာ မြဲနိုင်သလောက်မြဲနေအောင် ကြိုးစားရတယ်။ ကောင်းပြီလေ။ လူဆိုး နဲ့ လူကောင်း တွေ့ရင်ကော ဘယ်သူက အားသာမယ် ထင်သလဲ။ အပေါ်က စိုးမိုးထားတဲ့ နေလနက္ခတ် အစီအရင်တွေကို ပြန်ကြည့်လိုက်။ ကောင်းတဲ့အစိုးရဟာ ကောင်းတဲ့ဝန်ထမ်းကို တန်ဖိုးထားတယ်။ ဆိုးတဲ့အစိုးရဆိုရင် ၀န်ထမ်းကောင်းနဲ့ သဟဇာတ မဖြစ်ဘူး။ သူ့ယန္တယားဟာ လာဘ်ပေးလာဘ်ယူ၊ ဝေစားမျှစား၊ ဆရာမွေးတပည့်မွေး စံနစ်နဲ့ တည်ဆောက်ထားတာ ဖြစ်တဲ့အတွက် ဆီမလာပဲမလာ ငွေမရှာတတ်တဲ့ ကန့်လန့်ကောင်တွေကို ထားရတာ မျက်စိလည်း စပါးမွှေးစူးတယ်။ အလုပ်လည်း မဖြစ်ဘူး။ ကိုယ့်အပေါ်လည်း ကျိုးနွံမှာ မဟုတ်ဘူး။ သူတို့မရှိမှ အေးမယ်။ (အဲသလို ဖြစ်နေတယ် လို့ မဆိုလိုဘူးနော်။ ဖြစ်ခဲ့သည်ရှိသော် လို့ ပြောတာ)

          ဒါကြောင့်မို့လို့ တရားနာပရိသတ်ရေ။ ဆရာဝန်ကောင်းကလေးတွေ လိုချင်တယ်ဆိုရင် အစိုးရကောင်း စံနစ်ကောင်းကလေးတွေကိုလည်း ပျိုးထောင်ကြပါဦး။ ရေမြင့်မှ ကြာတင့်မှာ မဟုတ်လား။ လာဘ်မစားသော၊ ပြည်သူလူထုအပေါ် စေတနာထားသော၊ အမျှော်အမြင်ကြီးသော၊ အစိုးရမင်းများလက်အောက်မှာ (အခုလက်ရှိအစိုးရကြီးပေါ့ မဟုတ်ဘူးလားဗျာ) လူနာများအပေါ် ရင်ဝယ်သားပမာ ကြင်နာယုယ ပြုစုကုသပေးသော၊ အလုံးစုံလွှမ်းခြုံနိုင်သော အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုစံနစ်ကြီးဖြင့် ပြည်တော်သာလိုက်ကြပါစို့ခင်ဗျာ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...