Wednesday, July 30, 2014

ဒိုင်ယာရီအပိုင်းအစလေးများ ( ၄ )

Ven Pannasami July 15, 2014 at 11:02pm
ယခင်အာဏာရှင်များ လက်လွန်ခဲ့သော ဧရာဝတီမြစ်ဆုံဆည်အရေးတွင် လျှပ်စစ်မီးကိုပြည်ပသို့ ပုံအော၍ရောင်းစားသည့်ကိစ္စလည်း အရေးတကြီးပါဝင်သောပြဿနာတစ်ရပ်ဖြစ်ခဲ့သည်။ အဆို ပါပြဿနာနှင့်ပတ်သက်၍ သက်ဆိုရာဝန်ကြီးက " လျှပ်စစ်မီးများကိုပြည်ပသို့ရောင်းစားခြင်းသည် ပိုလျှံသောကြောင့်ဖြစ်သည် " ဟူသော အဆင်ခြင်မဲ့စွာ အဖြေကိုပေးခဲ့သည်။ ထိုစကားပြောပြီး၍ မကြာမီပင် လျှပ်စစ်မီးများမလုံမလောက်ဖြစ်၍ ပြည်သူများဆန္ဒပြကြသောအခါ သမ္မတအကြံပေး တစ်ဦးကလည်း " မီးမလာလျှင် ဖယောင်းတိုင်မီး ထွန်းနေပါ " ဟု ကရုဏာမဲ့စွာဆိုပြန် သည်။ ကျေးရွာပေါင်း ခြောက်သောင်း ( ၆၀၀၀၀ ) နီးပါးရှိသော ရွှေပြည်တွင် ကျေးရွာတစ်သောင်း ( ၁၀၀၀၀ ) ကိုလောက်ကိုသော်မှ နိုင်ငံတော်အနေဖြင့် လျှပ်စစ်မီးလင်းအောင် ဆောက်ရွက်မပေးနိုင်ဘဲ ဤစကားမျိုးပြောထွက်သည်ကို အံ့သြမဆုံးဖြစ်မိသည်။

 ကျေးရွာအချို့ တို့တွင် လျှပ်စစ်မီးလင်းရေးအတွက် ဘုန်းတော်ကြီးများဦးဆောင်ကာ ရွာသူရွာသားတို့ စုပေါင်း၍ ကိုယ့်အားကိုယ်ကိုးကြိုးစားနေကြသော်လည်းသက်ဆိုင်ရာ၏ ထောက်ပံ့မှု အားနဲ လွန်းသောကြောင့် သဘာဝလရောင်နှင့်ကြယ်ရောင်ကိုသာ ရှေးရိုးစဉ်လာ မပျက်အားကိုးနေကြရ ဆဲပင်ဖြစ်သည်။ ဖင်လန်နိုင်ငံတွင် တောရောမြို့ ပါမကျန် လူရှိသောနေရာတိုင်း မီးလင်းသော်လည်း လျှပ်စစ်မီးပိုသည်ဟူသောအသံကို မည်သူမျှကြားဖူးကြလိမ့်မည်မဟုတ်ပေ။  အရှင်အနုရုဒ္ဓါအလောင်းလျာ သူငယ်လေးသည် မရှိဟူသော ဝေါဟာရကိုမကြားဘူးသကဲ့သို့ လျှပ်စစ်မီးမရှိ ဟူသောဝေါဟာကိုလည်း ဖင်းလူမျိုးတို့ကြားဖူးကြလိမ့်မည်မထင်။

  ထို့ပြင် (၂၀၁၂ ) ခုနှစ်တွင် အာတိက်စက်ဝိုင်းကိုကျော်ဖြတ်၍ မြောက်ဝင်ရိုးစွန်းသို့ အလည်အပတ်သွားရောက်ခဲ့စဉ် ဖင်လန်နိုင်ငံထိပ်ဖျားမှ နော်ဝေနိုင်ငံသို့ဖြတ်ကူးဝင်ရသည်။ ဗီဇာမဲ့ဇုန်ဖြစ်သဖြင့် နယ်စပ်တွင်ဘာတစ်ခုမျှစစ်ဆေးမှုမရှိဘဲ လွတ်လပ်စွာဝင်ထွက်သွားလာခွင့်ရှိသည်။ မြို့ တိုင်းတွင် မြို့ ဝင်ကြေးကောက်ခံသော ဂိတ်မရှိ၊ လမ်းမကြီးတိုင်းတွင် လမ်းဖြတ်ကူးခ ကောက်ခံသော ဂိတ်များလည်ူးမည်သည့်နေရာမျှမရှိသောကြောင့် လမ်းခရီးဖင့်နှေးမှုမရှိဘဲ လွယ်ကူလွတ်လပ်စွာသွားလာခွင့်ရသည်မှာလည်း စိတ်ကျေနပ်ဖွယ်ရာအချက်တစ်ခုဖြစ်သည်။ ထို့ပြင် လမ်းဟူသမျှသည် လှိုင်းတွန့်နှင့်အချိုင့်အခွက်များမရှိသောကြောင့် ပို၍သက်သောင့်သက်သာမှုရှိလေသည်။ ရန်ကုန်မန္တလေး အမြန်လမ်းမကြီးလည်း ထိုကဲ့သို့ဖြစ်လျှင် ကောင်းလေစွဟု စိတ်မကောင်းစွာရေရွတ်မိသည်။ နော်ဝေနိုင်ငံ၏ မြောက်ဝင်ရိုးစွန်းဒေသသည် သဘာဝတောတောင်ကြီးများ လျှိုမြောင်စိမ့်စမ်းများ သစ်ပင်သစ်တောကြီးများတို့ဖြင့် အုံးဆိုင်း၍သိုင်းသိုင်းဝိုင်းဝိုင်းအံ့သြလောက်စွာ လှချင်တိုင်းလှနေတော့သည်။ အဆိုပါ တောနက်ကြီးထဲတွင် ကျေးရွာလေးများသည်လည်း နေချင့်စဖွယ် ရင်ဝယ်စွဲငြိလောက်အောင်ပင် သစ်လွင်လှပနေသည်ကို တမူထူးစွာတွေ့ရသည်။ ပို၍အံ့သြဖွယ်ကောင်းသည်မှာ ဝေးလံသီခေါင်သော ထိုတောနက် တောင်တန်းကြီးများတွင် လျှပ်စစ်မီးလင်းနေခြင်းပင်ဖြစ်သည်။ ယနေ့ နှစ်ဆယ့်တစ်ရာစုထိတိုင် ညဥ့်အမှောင်ကိုအံတု၍ သဘာဝရွှေလရောင်ကိုသာ အမှီပြုနေရဆဲဖြစ်သော ကျေးလက်နေ ရွှေပြည်သူ/သားတို့အား သနားမိသလို ကွာခြားချက်ကြိးမားမှုကိုလည်း သိစေချင်လှသည်။

  ဖွံ့ဖြိုးပြီးနိုင်ငံတို့သည် ခေတ်မီနည်းပညာများကိုလည်းတတ်မြောက်နားလည်ကြသည်။ သူတို့သည် ခေတ်မီပညာရပ်များကို အမြဲသစ်နေအောင်ကြံဆောင်ကာ အဆင့်မြင့်အောင်လည်း မြှင့်နေကြသလို သဘာဝတောတောင်တို့၏ တန်ဘိုးကိုလည်းသိမြင်လက်ခံကာ ထိန်းသိမ်းကြသည်။ တနည်းဆိုသော် ရှည်လျားသောအနာဂတ်
မျိုးဆက်သစ်များ၏ လူမှုဘဝအတွက် အကြင်နာတရားနှင့်အသိပညာတို့ပေါင်းစပ်ကာ လျှောက်လှမ်းနေကြသည်။ မိမိ ဟယ်ဆင်ကီမြို့ တွင် သီတင်းသုံးစဉ် ညဥ့်အခါ ကျောင်းဝင်းထဲသို့ ယုန်ကလေးများဝင်လာတတ်ကြသည်။ လူနေရပ်ကွက်အနီးတွင် ယုန်ကလေးများရှိနေခြင်းသည်ပင် ပြည်သူတို့၏လူပီသသောစိတ်ဓာတ်ကြောင့်
တိရစ္ဆာန်များနှင့်ချစ်ကြည်စွာအတူယှဉ်တွဲနေထိုင်နိုင်ခြင်းဖြစ်သည်။ ၎င်းသည်ပင်အလှတရားမဟုတ်ပါလော။ ပြောလိုသည်မှာ ဖင်လန်နိုင်ငံသည် သဘာဝအရင်းအမြစ် သစ်ပင်သစ်တောကို ထိန်းသိမ်းထားနိုင်သည်။ တစ်နိုင်ငံလုံးသစ်တောများလွှမ်းဖုံးထား၍ မြို့ဟူသည်မှာလည်း တောထဲတွင်သာတည်ရှိနေလေသည်။ သဘာဝတောတောင်မှ သန့်စင်သောလေကို အားပါးတရရှုရှိုက်ခွင့်ရသလို ခေတ်မီစွာဖွံ့ဖြိုးခြင်း၏အသီးအပွင့်ကိုလည်း တန်းတူညီမျှစွာခံစားခွင့်ရှိလေသည်။ ကမ္ဘာတွင်အရှားပါးဆုံးသော မြန်မာ့ကျွန်းသစ်အပါအဝင် အဖိုးတန်သဘာဝသစ်တောကြီးများ ပြောင်တလင်းခါအောင်ကုန်ဆုံးပျက်ပြုန်းသွားခဲ့ရသော ရွှေပြည်ကြီးအဖို့မှာတော့ နှမြောတသဝမ်းနဲရုံမှတပါး မည်သို့တတ်နိုင်ပါတော့မည်နည်း။

  ၎င်းပြင် ဖင်လန်တွင် အစိုးရပိုင်သစ်တောများလည်းရှိသလို ပုဂ္ဂလိကပိုင်သစ်တောများလည်းရှိသည်။ မည်သည့်သစ်တောပင်ဖြစ်စေ ဥပဒေအရ တစ်ပင်ခုတ်လျှင်တစ်ပင်ပြန်စိုက်ရသည်။ ခရစ်စမတ်ပွဲတော်တွင် ခရစ်စမတ်သစ်ပင်ကိုပင်လျှင် ခုတ်ခွင့်မရှိပေ။ ခရစ်စမတ်ပင်ရောင်းသည့်နေရာတွင်သာ ဝယ်ယူ၍အသုံးပြုကြရသည်။ ကုန်ကုန်ပြောရလျှင် ကိုယ်ပိုင်ခြံဝင်းထဲမှ သစ်ပင်ကိုပင်လျှင် ခုတ်ခွင့်မရှိ၊ သက်ဆိုင်ရာသို့ ခိုင်လုံသောအကြောင်းပြချက်ကို တင်ပြပြီးမှသာခုတ်ခွင့်ရှိလေသည်။ သို့သော် ဖင်းလူမျိုးတို့သည် ယခုအခါ ဥပဒေ၏တားမြစ်ချက်ကြောင့်မဟုတ်ဘဲ သစ်ပင်ကိုထိန်းသိမ်းခြင်းသည် သူတို့၏ ယဉ်ကျေးမှုသဖွယ်ဖြစ်လာခဲ့သည်ကို သိရှိရသည်။  သဘာဝသစ်တောနှင့်ပတ်ဝန်းကျင်ကိုထိန်းသိမ်းခြင်းသည် လူ့အဖွဲ့အစည်းကို ထိန်းသိမ်းခြင်းဖြစ်ကြောင်း သူတို့ကောင်းကောင်းနားလည်ကာ လက်တွေ့ကျင့်သုံးနေကြသည်။ အမှန်စင်စစ် လူသားသတ္တဝါသည် သဘာဝကိုအမှီပြု၍သာ အသက်ရှင်သန်နေကြရသည်မဟုတ်ပါလော။ သဘာဝပျက်ဆီးလျှင် လူအဖွဲ့အစည်းလည်း ပျက်ဆီးမည်သာဖြစ်သည်။ ထို့ကြောင့် သဘာဝကိုချစ်တတ်ဖို့ နားလည်တတ်ဖို့ ခံစားတတ်ဖို့ အရေးကြီးလှလေပြီ။ မြတ်ဗုဒ္ဓသည်ပင် တောမှာမွေးဖွားခဲ့သည်။ တောမှာ တရားကျင့်ခဲ့သည်။ တောမှာဘုရားဖြစ်ခဲ့သည်။ တောမှာ တရားဦးကိုဟောခဲ့သည်။ သဘာဝတောတောင်ကို အမှီပြုခဲ့သည်။ တန်ဘိုးထားခဲ့သည်။သစ်ပင်တောတောင်သည် သဗ္ဗညုတဥာဏ်တော်ရှင် ဘုရားသခင်ဖြစ်ဘို့အရေးအထိ အစိတ်အပိုင်းတစ်ရပ်အနေဖြင့် ကျေးဇူးပြုပေးနိုင်သည်။  ထို့ကြောင့်ပင် " ယဿ ရုက္ခဿ ဆာယာယ၊ နိသီဒေယျ သေယယ်ဝါ၊ န တႆ သာခံ ဘေဥၹယ်၊ မိတၱဒုုေဗ ၻာ ဟိ ပါပေကာ " ဟုဟောတော်မူခဲ့သည်။ လိုရင်းအဓိပ္ဗါယ်မှာ လူတစ်ယောက်သည် သစ်ပင်၏အရိပ်အောက်ဝယ် နားခိုဖူး အိပ်ဖူးမည်ဆိုလျှင် ထိုသစ်ပင်၏ အကိုင်းအခက်ကိုမျှ မချိုးဖြတ်သင့်။ အကယ်၍ ချိုးဖြတ်လျှင် ယုတ်မာသူသာဖြစ်သည် တဲ့။ ဤဒေသနာကိုမှီ၍ " အရိပ်နေနေ အခက်ချိုးချိုး မလုပ်သင့် " ဟု ရှေးမြန်မာတို့ ပြောထုံးရှိခဲ့ကြလေသည်။ သို့စဉ်လျှက် ရွှေပြည်တွင် ရတနာသစ်တောကြီးများ ပြောင်တလင်းခါအောင် ပြုတ်ပြုတ်ပြုန်းသွားခဲ့ရလေပြီ။ မိုးလေဝသများလည်းမမှန်တော့။ အပူချိန်များလည်း မြင့်သထက်မြင့်တက်လာနေချေပြီ။ အကြောင်းရင်းကိုအထူးရှာစရာမလိုဘဲ ရှင်းလေပြီ။ ( ဆက်ရန် )

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...