Thursday, July 17, 2014

“ဆြာဒင်နှင့် ဆားပက်မခံနိုင်ကြသူများ”

ယနေ့ထုတ်ဆဲဗင်းဒေး နေ့စဉ်သတင်းစာ ။ ။
http://www.7daydaily.com/story/16048#.U8ch5rFhs9s

“ဆြာဒင်နှင့် ဆားပက်မခံနိုင်ကြသူများ”
(မင်းဒင်)

(တစ်)
“လှေကလေးကိုလှော်မည်။ဘေးမသန်းပဲအေးချမ်းတော့သည်။ မြစ်ကမ်းခြေနဒီ စိမ်းလဲ့လဲ့ကြည်၊လေပြေလေညှင်းကလေးကသွေးသည်” စစ်ကြိုခေတ်က ကျော်ကြားခဲ့လေသော ခေတ်ဟောင်းအဆိုတော်ကြီး ဘိလပ်ပြန်သန်းခေါ်ဒိုရာသန်းအေး၏ “လှေကလေးကိုလှော်မည်” သီချင်းကို သံပြိုင်သီဆိုကျူးရင့်နေသံသည် အက်ဒမန်ပင်လယ်ပြင်တွင်းဝယ် လွင့်ပျံလျက်ရှိပါ၏။

အဆိုပါတေးသံရှင်ကား ကျဆုံး လေခဲ့သောအာဇာနည်အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်နှစ်သက်စွဲလန်းခဲ့သူဖြစ်ကြောင်း၊ဘိလပ်ပြန်သန်း၏ “လှေကလေးကိုလှော်မည်”သီချင်းကို ဗိုလ်ချုပ်ကိုယ်တိုင်  အသံဝါကြီးဖြင့်သီဆိုဖူးကြောင်း  မှတ်တမ်းတစ်ခု တွင်ဖတ်ရှုခဲ့ရဖူးလေသည်။
ယခင့်ယခင်အခါများဆီက ဆြာဒင်သီချင်းညည်းလျှင် နားကလောသည်ဟု ဆိုကြလေသော တပည့်ကျော်တစ်သိုက်ပါ အဆိုပါသီချင်း ကိုသံပြိုင်သီဆိုနေကြလေသဖြင့် သည်တစ်ခေါက်ဆြာဒင်နှင့်တပည့်ကျော်တစ်သိုက်၏ခရီးစဉ်သည် အထူးကြီးထူးသည်ဟုဆိုသော် ရနိုင် ကောင်းပေ၏။ဤခရီးစဉ်ကား လဇူလိုင်မိုးဖွဲဖွဲရွာသည့်နေ့တစ်နေ့တွင် ဆြာဒင်၏အမှတ်မထင်ညည်းညူသံတစ်ခုမှနေ၍ အစ ပြုခဲ့လေ သည်။

“အော်၊ရက်လနာရီ၊၊ခါရာသီအလီလီရွေ့ပေမဲ့ မမေ့နိုင်စရာပါကလားတပည့်တို့”
“ဒီလောက်အသက်ကြီးနေပြီဥစ္စာ ရည်စားသနာကိစ္စတော့မဟုတ်လောက်ဘူးထင်ပါရဲ့”
“ဧကန္တအကြွေးရှင်တွေနဲ့များ တစ်စုံတစ်ရာပတ်သက်နေလေရော့သလားဆြာဒင်”
“ရမ်းသမ်းတုတ်နေတဲ့ ပါးစပ်ပုပ်တွေကို ပိတ်ကြစမ်းကွယ်ရို့။လာမဲ့ဇူလိုင်လ(၁၉)ရက်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည် ခေါင်းဆောင်ကြီးတွေ တိုင်းပြည်နဲ့လူမျိုးအတွက် အသက်စတေးခဲ့ရတာ (၆၇)နှစ်တောင်တင်းတင်းပြည့်တော့မကွဲ့”

ငယ်သူတို့ဖြစ်သည့်အားလျော်စွာ ရွှတ်နောက်နောက်စကား၊ဆိုခဲ့ကြသော်ငြား ဆြာ့ဟန့်သံတင်းတင်းကိုကြားရသည့်အခါ တပည့်ကျော် တို့မှာ ဆြာကောင်းတပည့်ပီသလှကြောင်း ရုတ်ခြည်းညှိုးလျော်သွားသည့် ဒင်းတို့ မျက်နှာများကသက်သေခံနေပြန်သည်။

“ဟုတ်ပါ့ဆြာဒင်ရယ်။လွမ်းမျက်ရေမြေခ၊ဖြေမရတဲ့ ဇူလိုင်လပါပဲ”
“သြော်၊ဆြာဒင်ပြောမှ သတိရတော့တယ်၊ဘဝင်ဆူကဲ ကြေကွဲဝမ်းနည်းစရာအချိန်ပါကလား”
ဤတွင် ဆြာဒင်သည် ကာလအတန်ကြာမျိုသိပ်ထားရလေသည့် ရင်တွင်းဆန္ဒကို ဖွင့်ဟတိုင်ပင်မိလေရာ တပည့်ကျော်တစ်သိုက် ဝမ်း မြောက်လှိုက်လှဲစွာထောက်ခံကြလေ၏။
“ဒီနှစ်အာဇာနည်နေ့ကိုဖြင့် တို့ဆြာတပည့်တစ်တွေ အာဇာနည်ကုန်းအရောက်သွားပြီး မနှေးယခုအလေးပြုရင်ဖြင့်သင့်လျော်မည်ထင်၏။ ရွှေပြည်ဌာနနှင့်ဝေးခဲ့သည်မှာ ဆယ်နှစ်ပင်စွန်းခဲ့ပြီမဟုတ်ချေလော”

“ကောင်းချက်ဆြာဒင်ရာ။ဒီတစ်ခေါက်တော့ ထူးထူးခြားခြားလေးဖြစ်အောင် ဖူးခက်ကနေ ရန်ကုန်ကို လှေနဲ့သွားကြရအောင်ဆြာ၊ သတင်း ဓာတ်ပုံတွေမှာကြည့်ရ၊ဖတ်ရတာ မိုးတွင်း ဆို ရန်ကုန်မှာ လှေလှော်လို့ကောင်းကောင်းရနေပြီဗျ”
“အေး၊ဟုတ်သဟ၊တပည့်ရ။အာဇာနည်နေ့ရောက်ဖို့က ရက်နည်းနည်းလိုသေးတော့ လမ်းခရီးမှာကြာချိန်နဲ့ဆို အနေတော်လောက်ကျနိုင် သဟေ့”

(နှစ်)
ထိုသို့ဖြင့် စူးရောက်လှသော ဖေကြည်ငယ်၏ ရွှေဥာဏ်တော်မဟာအကြံကို ဆြာဒင်လက်ခံကာ ဖူးခက်ရှိ ထိုင်းလူမျိုးမိတ်ဆွေတစ်ဦးထံ မှအပျော်စီးရာဘာလှေငယ်တစ်စီးကို ငှားရမ်းလျက် ပင်လယ်ပြင်ကိုဖြတ်ကာ ခရီးကြမ်းကြီးကို သက်စွန့်ဆံဖျားခရီးနှင်လာကြခြင်းဖြစ်ချေ သည်။နေ့ပေါင်းညပေါင်းများစွာ နှင်ရလေသည့်ခရီးပေမို့ ဆြာတပည့်တစ်သိုက်ရောက်တတ်ရာရာ စကားတွေဖောင်ဖွဲ့ဖြစ်ကြသည်။

“ဆြာဒင်ရယ်၊ကျုပ်တို့က အာဇာနည်နေ့အမီနှင်နေတဲ့ခရီးမှာ သီချင်းတကြော်ကြော်နဲ့ ဗိုလ်ချုပ်သိရင် ဒေါများကန်နေမလားဗျာ”
“ပေါက်ပေါက်ရှာရှာ တပည့်တို့ရာ၊ဒို့ဗိုလ်ချုပ်လည်း နှလုံးသားနဲ့ပါကွ၊အနုပညာမြတ်နိုးသူကြီးဆိုပါတော့ကွာ”

ထို့သို့လျှင်နိဒါန်းချီ၍ အမျိုးသားခေါင်းဆောင်ကြီး၏ အနုပညာစိတ်ဓာတ်ကိုဖော်ကျူးသည့် ဆြာဒင်ဖတ်ခဲ့ဖူးသော ဆရာတင်နိုင်တိုး၏ ဗိုလ်ချုပ်အောင်ဆန်းနှင့်အနုပညာရှင်များစာအုပ်မှ အောက်ပါစာတစ်ပိုဒ်ကို တပည့်ကျော်တို့ဗဟုသုတရစေရန်အလို့ငှာ ဆြာကြီးဟန်ဖြင့် ဆြာဒင်တစ်ယောက်၊ရှင်းလင်းဟောပြောခဲ့ရပြန်ချေသေးသည်တမုံ့။

“ခေတ်ဟောင်းအဆိုတော် တစ်ဦးဖြစ်သူဒိုရာသန်းအေး(ခ)ဘိလပ်ပြန်သန်းသည် ဗိုလ်ချုပ်အောင်ဆန်းအလွန်နှစ်သက်သော အဆို တော်ဖြစ်သည်။’ဒိုရာသန်းအေး အသံကတော့ အတော်ကောင်းတယ်ကွ၊ ငါကတော့သူ့အသံရယ်၊မေရှင့် အသံရယ် အကြိုက် ဆုံးပဲ’ဟု ပြောခဲ့ဖူးသည်။၁၉၄၇၊ ဇန်နဝါရီ ၃ဝ ရက် ညနေ၆နာရီက အင်္ဂလန်နိုင်ငံရှိဒေါ်ချက်စတာဟိုတယ်၌ကျင်းပသည့် မိတ်ဆက် ဧည့်ခံပွဲတွင် ဒိုရာသန်းအေးက လှိုင်ထိပ်ခေါင်တင်၏ စိန့်ခြူးကြာညောင်ဘောလယ်ကို သီဆိုခဲ့ရာ BBC  အသံလွှင့်ဌာနမှဆရာဦးတင်မောင် ကအင်္ဂလိပ်ဘာသာသို့ ပြန်ဆိုရှင်းပြခဲ့ပြီးနောက်     ဗိုလ်ချုပ်အောင်ဆန်းက ဒိုရာသန်းအေးအား ခေတ်ဟောင်းတေးသီချင်းများသီ ဆိုဖျော်ဖြေရန်တောင်းဆိုခဲ့သည်။ထို့ကြောင့် မြပန်းခွေ၊မိဖုရားစော၊ ဟော်နန်း၊ မိန်းမမြတ် စသည့် တေးသီချင်းများကိုသီဆိုခဲ့ရာ ဗိုလ်ချုပ် အောင်ဆန်းက‘ဒိုရာ ဟိုသီချင်းဟာလေ၊ဓူဝံကြယ် မြေမှာခကြွေ၊ အဲဒီသက်ဝေသီချင်းဆိုစမ်းပါ’ဟုတောင်းဆိုဖူးသည်။

သက်ဝေသီချင်းသီဆိုနေစဉ် ‘ဓူဝံကြယ်မြေမှာခကြွေ၊ကောင်းကင်မှာနေလတွေ ကွယ်စေ’ ဟူသော စာသားအရောက်တွင် ဗိုလ်ချုပ် အောင်ဆန်းကိုယ်တိုင်သီဆိုခဲ့သည်။၁၉၄၇ခုနှစ် ရွေးကောက်ပွဲအတွက်မဲဆွယ် စည်းရုံးနေစဉ် ဗန်းမော်မြို့မှ ကသာမြို့သို့သွားရောက် သည့် ဧရာဝတီမြစ်ကြောင်းတစ် လျှောက်တွင်’လှေကလေးကိုလှော်မည်၊ ဘေးမသန်းဘဲအေးချမ်းတော့မည်’စသည့် အဆိုတော် ဒိုရာ သန်းအေး၏ လှေကလေးသီချင်းကိုသီဆိုခဲ့ပြီး တစ်ခါတစ်ရံ စိတ်လိုလက်ရ သက်ဝေသီချင်းကိုလည်း သီဆိုတတ်သေးသည်။ တေးသံရှင် ပြည်လှဖေနှင့်မေရှင်တို့ တွဲဖက်သီဆိုထားသည့် သက်ဝေသီချင်းကိုအလွန်နှစ်ခြိုက်ခဲ့ပြီးဗိုလ်ချုပ်အောင်ဆန်းအိမ်တွင် ရှိသည့် အခိုက် ရေဒီယိုမှအဆိုပါ သီချင်းထုတ်လွှင့်သည့်အခါနှင့် ကြုံကြိုက်လျှင် အိပ်ရာထက် ဇိမ်ဖြင့်မှေးကာ နားထောင်တတ်သည်။”

(သုံး)
ခရီးရှည်ကြီးမို့ ပြောစရာစကားတို့မကုန်သကဲ့သို့ ရှေးဖြစ်ဟောင်းအောက်မေ့ဖွယ်တို့လည်း ပါဝင်ချေ၏။
“တို့ငယ်ငယ်တုန်းက အာဇာနည်နေ့ဆို လွမ်းဖို့ကောင်းချက်ကွာ၊စက်ရုံတွေမော်တော်ကားတွေက ဥသြသံရှည်ကြီးတွေဆွဲကြ၊ရောက်ရာ အရပ်မှာ ခြေစုံရပ်ပြီး ကျဆုံးလေပြီးတဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို ဦးညွတ်အလေးပြုကြနဲ့ အမှတ်ရစရာကောင်းပါဘိ၊ ဒေါ်မေလှ မြိုင်ရဲ့ ရက်လနာရီခါရာသီရွေ့ပေမဲ့ဆိုတဲ့ သီချင်းသံကြားရင်မျက်ရည်စို့ရတာပါပဲကွာ”

“အင်း ခေတ်တွေပြောင်းကုန်ပြီဆြာဒင်၊တရားနဲ့သာဖြေပါတော့”
“အေးကွာ၊တစ်နိုင်ငံလုံးဝမ်းနည်းခြင်းအထိမ်းအမှတ် ဥသြဆွဲသံလေးတော့ ကြားချင်မိတာအမှန်ပါပဲ”
“လွှတ်တော်မှာတောင် တင်ပြပြီးခဲ့ပါပြီဆြာဒင်၊ပြီးခဲ့တဲ့နှစ်က ဥသြဆွဲမဆွဲ တာဝန်ရှိသူတွေကိုမေးတော့ ဟိုလူ့လွှဲချဒီလူ့လွှဲချနဲ့ ဂျက်ဆီ ဂျိန်း ကြတာ ဆြာဒင်သိပြီးသားပဲ။ဒီနှစ်ပိုဆိုးတယ်ဆြာ”

“ဟေ၊ဘာတွေများပိုဆိုးသတုန်းဟ”
“အာဇာနည်ကြီးတွေ ကျဆုံးတဲ့ ဆယ်နာရီသုံးဆယ့်ခုနစ်မိနစ်မှာ ကားဟွန်းသံအရှည်ကြီးဆွဲရင် ယာဉ်မောင်းလိုင်စင်ပိတ်သိမ်းတဲ့အထိ တောင်အရေးးယူတော့မတဲ့”
“နေပါအုံးဆြာဒင်ရယ်၊ဒီဥသြသံလေးဆွဲဖို့အရေး ဘယ်သူတွေက ဘာတွေတွေးကြောက်ပြီး ဒီလောက်ရုပ်ပျက်ဆင်းပျက် တားမြစ်ပိတ်ပင် နေကြပါလိမ့်”
“လိပ်ပြာမသန့်တဲ့ကောင်တွေများနေလို့ဖြစ်မယ်ကွ၊ဥသြသံကြားရင် သူတို့ကိုယ်တိုင်ကြိုးစင်တက်ရမလိုလို သေနတ်နဲ့ အပစ်ခံရမလိုလို မလုံမလဲ အကြောက်လွန်ပြီး တစ္ဆေအခြောက်ခံရသလို ဖြစ်နေကြတာ၊နိုင်ငံတစ်ကာမှာ တိုင်းပြည်ခေါင်းဆောင်ကြီးတွေကို လေးစားတဲ့ အနေနဲ့ ဥသြဆွဲတာ အဆန်းမဟုတ်ပါဘူးမောင်တို့ရာ”

“ကျုပ်တို့က ဖူးခက်လိုမိုင်ထောင်ချီဝေးတဲ့အရပ်ကနေ သက်စွန့်ဆံဖျားခရီးကြမ်းနှင်လာရတာမို့ ဥသြသံလေးတော့ ကြားချင်မိသား ဆြာ ဒင်ရယ်”
“ဟုတ်တယ်ဆြာဒင်၊ဥသြဆွဲနိုင်မဲ့နည်းလမ်းလေးဘာလေးရှာစမ်းပါအုံးဆြာ”
ဤသို့ဖြင့် ဥာဏ်ပညာကြီးလှသော ဆြာဒင်သည် တပည့်ကျော်တို့တညီတညွတ်တည်းတောင်းဆိုမှုကြောင့် အာဇာနည်နေ့တွင် ဝမ်းနည်း ခြင်း အချက်ပေးသံတစ်စုံတစ်ရာပြုနိုင်ရန်အတွက် တမူထူးခြားသောအစီအမံတစ်ခုကို ရာဘာလှေငယ်ပေါ်မှာပင် စဉ်းစားတွေးခေါ်မိ လေရာလိုအပ်သည်တို့ကို ကြိုတင်ပြင်ဆင်ထားရန် တပည့်ကျော်တို့ကိုမှာကြားလမ်းညွှန်လိုက်ရချေ၏။

(လေး)
ဆြာဒင်နှင့်အဖွဲ့ကား ဇူလိုင်လ(၁၉)ရက်အာဇာနည်နေ့နံနက်စောစောမှာပင် ရန်ကုန်မြို့ဆိပ်ကမ်းသို့ဘေးမသီရန်မခဆိုက်ရောက်ခဲ့ကြ၏။ ထိုမှသည် လေးဆူဓာတ်ပုံရွှေတိဂုံစေတီတော်မြတ်ကြီးတွင် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများကို ရည်စူးလျက် ပန်းရေ ချမ်းတို့ ကပ်လှူကာ လိုအပ်မည်ထင်သည်တို့ကို ဝယ်ခြမ်း၍ မြောက်ဖက်မုဒ်စောင်းတန်းခြေရင်းမှတစ်ဆင့် ခရီးဆက်ကြရာ အာဇာနည်ဗိမာန် ရှိရာသို့ဗိုလ် ချုပ်တို့ကျဆုံးသည့်အချိန်(၁၀း၃၇) အမီအချိန်ကိုက်ရောက်ရှိကြလေ၏။

ဆြာဒင်သည် ခေါင်းဆောင်ကြီးတို့၏အုတ်ဂူရှေ့တွင်အသင့်နေရာယူ၏။တပည့်ကျော်သုံးဦးကား ဆြာဒင်၏ နောက်မှကပ်လျက် တန်း စီနေရာယူကြ၏။သတ်မှတ်ချိန်ရောက်၍ ဆြာဒင်တစ်ယောက် အာဇာနည်ခေါင်းဆောင်ကြီးများအား တရိုတသေဦးညွတ်အလေးပြုလိုက် ချိန်တွင် တပည့်ကျော်သုံးဦးသည် ရွှေတိဂုံစောင်းတန်းမှ အသင့်ဝယ်ယူလာသော နှဲကြီးသုံးလက်ကို ပါးတွေဖောင်းလာသည့်အထိ အသားကုန်နင်းကန်မှုတ်လိုက်ကြလေရာ အာဇာနည်ကုန်းတခွင် နှဲသံတဂေါ်ဂေါ်၊ဆူဆူညံသွားလေတော့သည်။
အနီးဝန်းကျင်ရှိ လူထုပရိသတ်အချို့ကား တအံ့တသြဖြစ်ကြရှာ၏။လေးစားကြည်ညိုစိတ်သာလိုရင်းမို့ ဆြာဒင်တို့တစ်သိုက် ခပ်တည် တည်အိုက်တင်ဖြင့်ပင် အာဇာနည်ကုန်းမှဆင်းလာကြရာ ဘယ်အချိန်ကစောင့်ကြည့်နေသည်မသိလေသည့် အရပ်ဝတ်လေးငါးဦးသည် ဆြာဒင်တို့ထံ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာကြကုန်၏။

“ဒီမယ်၊ခင်ဗျားတို့ကိုဥပဒေနဲ့အညီအရေးယူရမယ်။စခန်းကိုခဏလိုက်ခဲ့ပါ”
တပည့်ကျော်တို့မျက်ကလဲဆန်ပြာဖြစ်ကြသော်ငြား ဆြာဒင်ကား ခပ်အေးအေးပင် တည်ငြိမ်စွာတုန့်ပြန်၏။
“နေပါဦး၊မောင်တို့က ဘာဥပဒေနဲ့ဖမ်းမှာတုန်း”
“အာဇာနည်နေ့မှာ ကားဟွန်းသံတောင် ရှည်ရှည်မဆွဲရဘူးလေ”
“အေးလေ၊အခုကားဟွန်းတီးတာမှ မဟုတ်တာ၊ဗမာ့တူရိယာ နှဲကြီးတွေမှုတ်တာ မောင်ရင်တို့မကြားမိဘူးလား”
“နှဲမှုတ်တာလည်းအသံရှည်တာပဲဗျ။စခန်းကိုသာလိုက်ခဲ့ပါ။ဟိုကျမှရှင်းကြဗျာ။လူကြီးတွေမှာထားလို့ပါ”

“အော်၊လူကြီးတွေမှာထားသကိုး။ဒီလိုဆို ကျုပ်လည်း လူကြီးဆီဖုန်းဆက်ရသေးတာပေါ့၊”
ပြောပြောဆိုဆိုဆြာဒင်သည် ဖုန်းနံပါတ်တစ်ခုကို ကောက်ကာငင်ကာနှိပ်လျက် တစ်စုံတစ်ယောက်ဆီသို့ ဆက်သွယ်လေတော့၏။

“ဟယ်လို ဗိုလ်ချုပ် ၊ကျနော်ဆြာဒင်ပါ၊ဒီမှာဗိုလ်ချုပ်မြေးမြစ်တွေ အာဇာနည်နေ့၊ ဝမ်းနည်းခြင်းအထိမ်းအမှတ်နဲ့ နှဲမှုတ်မိတာကို လာရစ်နေတယ်ဗိုလ်ချုပ်ရာ၊ဗိုလ်ချုပ်နည်းနည်းကြည့်ပြောပါအုံး၊(ထို့နောက် အရပ်ဝတ်ပုဂ္ဂိုလ်တို့ဖက်သို့လှည့်လျက်) ရော့၊ခင်ဗျားတို့ ကိုယ်တိုင် ဗိုလ်ချုပ်နဲ့ပြောပေတော့”
ရုတ်တရက် ဆြာဒင့်လက်မှ တယ်လီဖုန်းကို တာဝန်အရှိဆုံးဟုထင်ရသူထံလွှဲပေးလိုက်သည့်အခါ ထိုသူသည် တယ်လီဖုန်းကိုပင်လှမ်း မယူရဲတော့ပဲသွေးဆုတ်နေသည့်မျက်နှာဖြင့် ဆြာဒင်တို့ကိုတောင်းပန်သမှုပြုလေသည်။

“သွားကြပါတော့ဗျာ။ကျနော်တို့က၊ဆရာတို့ဟာ ဗိုလ်ချုပ်နဲ့ပတ်သက်နေတဲ့သူတွေမှန်းမသိလို့ပါ။စိတ်မရှိပါနဲ့ဗျာ၊တောင်းပန်ပါတယ်”

(ငါး)
“ပိုင်လှချည့်လားဆြာဒင်ရာ၊ဆြာဒင့်မှာလည်း ဘော်ဒါရင်းဗိုလ်ချုပ်တွေရှိသကိုး၊တော်ပါသေးရဲ့၊လက်မတင်လေး၊ဒါနဲ့ဘယ်က ဗိုလ်ချုပ် တုန်း ဆြာဒင်ရ”

ခပ်လှမ်းလှမ်းနေရာအရောက်တွင်မူ ဆြာဒင့်စွမ်းဆောင်ချက်ကို တအံ့တသြဖြစ်နေကြသည့် တပည့်ကျော်သုံးဦးသည်နှဲသုံးလက်ကို လွယ်အိတ်များအတွင်းသို့ပြန်ထည့်နေရင်း စိတ်ဝင်တစားမေးမြန်းကြရှာသည်တွင် ဆြာဒင့်အဖြေကြောင့် မျက်လုံးတို့စကောလောက် ပြူးကုန်ကြတော့သည်။

“ဘယ်ဗိုလ်ချုပ်မှ မဟုတ်ဘူးဟေ့၊တကယ်တမ်းဆက်ချင်တာက ဗိုလ်ချုပ်အောင်ဆန်းဆီဟ၊ဒေါကန်လွန်းလို့ တွေ့ရာနံပါတ်ကောက်နှိပ် လိုက်ပြီး ပြောချင်ရာပြောပစ်လိုက်တာ၊ဒီအထာတွေရိုးနေပါပြီကွာ”

“ဗျာ၊မထိတ်သာမလန့်သာဆြာဒင်ရယ်။ဒါကြောင့်လည်းဆြာဒင်က ဆြာဖြစ်နေပေသကိုး”
“အေးကွာ၊အမှန်တော့ ဥသြဆွဲတယ်ဆိုတာ ဆားနဲ့ပက်သလောက်ပဲရှိတာပါ။ကိုယ့်လိပ်ပြာကိုယ်မလုံ၊အနာရှိတဲ့သူတွေကတော့ စွေ့စွေ့ ခုန်ကြတာပေါ့ကွာ၊ အခုလည်း ဘာဗိုလ်ချုပ်မှန်းမသိ ထခုန်တာကအရင်၊ခက်ချက်”

ဆြာဒင့်စကားအဆုံးတွင်မူ အာဇာနည်ကုန်းနှင့်မလှမ်းမကမ်း၊ဗိုလ်ချုပ်၏ရင်သွေးဦးဆောင်သည့်၊တစ်ခုသော ပါတီကြီး၏အသံချဲ့စက် ဆီမှ  ဗိုလ်ချုပ်အောင်ဆန်းသီချင်းသံ တစ်ပိုဒ်လွင့်ပျံလာသဖြင့် ဆြာဒင်နှင့်တပည့်တစ်သိုက် ခုနစ်သံချီသံပြိုင်လိုက်ဆိုမိကြရာ အနီးရှိ သွေးဆေးကန်ရေပြင်ပင် ရုတ်ခြည်းလှိုင်းဂယက်ထသွားဟန်ရှိလေတော့သည်။

“မြန်မာနိုင်ငံထူထောင်ရန်တဲ့၊မျိုးရိုးမတိမ်အောင်ကြံဆောင်လေတယ်။တကယ်ပင်သတိုးမဟာဗန္ဓုလရဲ့ အစွမ်းသတ္တိရာဇဝင်ပြောင်တယ်၊ သားကောင်းများလို့ခေါ်ရလောက်ပေတယ်၊ဥဒါန်းတွင်စေဖွယ်၊မြန်မာ့သူရဲကောင်းအပေါင်းတွေရယ်”

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...