★ "၀ိပဿနာ နှင့်ပတ်သက်၍ အထူး သတိပြုစရာအချက်များ"★
ယနေ့ မျက်မှောက်ခေတ်တွင် လူ ပုဂ္ဂိုလ် အတော်များများ(အထူးသဖြင့်-လူငယ်အတော်များများ)သည် "ဗုဒ္ဓ၏ ပဋိဝေဓ သာသနာတော်" (၀ိဿနာ တရားအားထုတ်ခြင်း) များ ကို အထူး စိတ်ဝင်စားလာကြကြောင်း ၀မ်းမြောက်ဖွယ် တွေ့ရှိရပါ၏။
လွန်ခဲ့သော ဆယ်စုနှစ် တစ်စုလောက်အထိ ၀ိပဿနာနှင့် ပတ်သက်သော စာအုပ်စာတမ်းများသည် လူကြီးပိုင်းအရွယ်များအတွက်သာ အဓိကထား ရည်ရွယ်ရေးသားထားသကဲ့သို့ ထုတ်ဝေခဲ့ကြသော်လည်း ယခု ခေတ်ကာလတွင်မူ အသက် (၂၀) မှ (၄၀) ၀န်းကျင် လူငယ်ထုအကြိုက် အရေးအသား၊ အပြင်အဆင်များဖြင့် ထွက်ပေါ်လာသည်ကို မြင်တွေ့နေရပါသည်။ အနုပညာ လောကမှ နာမည်ကြီးသော ၊ လူငယ် ပရိတ်သတ် လည်းရှိသော အချို့ အချို့ သော အနုပညာရှင် များ ကိုယ်တိုင်ပင် ၀ိပဿနာနှင့် ပတ်သက်သည့် အပြောအဆို ၊အရေးအသား များရှိလာခဲ့သည်။ ၀ိပဿနာကို လေ့လာလိုက်စားသည့် လူငယ်များ တွင် နောက်ခံအကြောင်းရင်း မည်သို့ပင် အမျိုးမျိုးရှိစေကာမူ မြတ်ဗုဒ္ဓ၏အဆုံးအမကို လိုက်နာကျင့်သုံးလာကြသည်မှာ "သာဓု" ခေါ်စရာပင်ဖြစ်ပါ၏။ ၀မ်းမြောက်ဝမ်းသာဖြင့်လည်း "သာဓု"ခေါ်ပါ၏။ ၀ိပဿနာ ကိုလေ့လာ၊ကျင့်ကြံ သော သူ များ၊ များပြားလာလေလေ၊ ၀ိပဿနာ ကမ္မဋ္ဌာန်းနည်းပြဆရာများ၊ တရားရိပ်သာ ကမ္မဋ္ဌာန်းတိုက်များလည်း မြန်မာနိုင်ငံအ၀ှမ်း တိုးပွား စည်ပင် လာလေလေပင်ဖြစ်ပါ၏။ဤနေရာတွင် အထူး သတိပြုအပ်သည်မှာ ထို ၀ိပဿနာ ရိပ်သာများ အနေဖြင့် "အရေအတွက်" သာမက "အရည်အချင်း" ပါ တိုးတက်လာစေ ရေး ဖြစ်သည်။
ဝိပဿနာရိပ်သာ ကမ္မဋ္ဌာန်းတိုက် အတော်များများ သည် "ပရိယတ္တိ၊ပဋိပတ္တိစွယ်စုံရ
သံဃာတော်အရှင်မြတ်များ"၊ "လူဝတ်ကြောင်ဆရာကြီးများ" ၏
ဦးဆောင်လမ်းညွှန်မှုဖြင့်၊ ၀ိပဿနာ ဘာဝနာပွားများနည်းများကို ပို့ချလျက်ရှိရာ
သာသနာတော် အတွက် လွန်စွာအားရကျေနပ်ဖွယ် လည်း ကောင်းလှပါသည် ဟု ဆိုနိုင်မည်
ထင်ပါ၏။ နော့ပေတဲ့ အချို့အချို့သော ၀ိပဿနာ ရိပ်သာများတွင်မူကား "ဗုဒ္ဓဘာသာ
ပိဋကတ်စာပေ"ကို သင်ရိုးနည်းကျလည်း မသင်ဖူး၊ "ပရိယတ္တိ၊ပဋိပတ္တိစွယ်စုံရ
ဆရာသမားများ" ထံမှာ စနစ်တကျနည်းနာခံယူဖူးခြင်း လည်းမရှိပါဘဲနှင့်
မိမိကိုယ်ကို ဆရာတစ်ဆူအဖြစ်ခံ ယူကာ "ကိုယ့်မြင်း ကိုယ်စိုင်း၊ ညောင်ကိုင်း
ထိထိ" လုပ်နေကြသူများရှိနေသည်ကို ၀မ်းနည်းဖွယ်ရာ မြင်တွေ့
သိရှိနေရပါသည်။အနှီ ပုဂ္ဂိုလ်များသည် "ပိဋကတ်စာပေလာ ၀ိပဿနာဘာဝနာပွားနည်း"
တို့ကို သင်ရိုးနည်း ကျသော်လည်းကောင်း၊ ဆရာသမားကောင်း ထံ နည်းနာခံယူ၍
သော်လည်းကောင်း၊ "မသင်ကြား၊မလေ့လာ၊မကျင့်ကြံ ၊မနာယူ" ခဲ့ဖူးပါပဲလျှက်
"ကမ္မဋ္ဌာနစရိယ"အဖြစ် မိမိဘာသာ သတ်မှတ်ထားကြခြင်းဖြစ်ပါ၏။ထိုသို့
"ဗုဒ္ဓဒေသနာကို သင်ရိုးနည်းကျမသင်ယူခဲ့ရခြင်း၊ ဆရာသမားကောင်းထံ
မဆည်းပူးခဲ့ရခြင်း" ဟူသော အားနည်းချက် ကို ဖုံးဖိရန် အလို့ငှာ
("ပိဋကတ်စာပေနှင့်ယှဉ်၍ စနစ်တကျ ၀ိပဿနာကမ္မဌာန်း နည်းပြနေသူများ") ကို-
"ပရိယတ္တိသမားတွေ"၊ "စာခံနေလို့ တရား ထူးမတွေ့နိုင်သူတွေ" ဟု အခွင့်သာတိုင်း
၊အခွင့်သာတိုင်း၊ တိုက်ခိုက်ဟောပြော ပုတ်ခတ်လေ့ရှိကြသည်ကိုလဲ
ကြားမိပါသည်။"ထေရ၀ါဒ ဗုဒ္ဓဘာသာ" တွင် "ပရိယတ္တိ , ပဋိပတ္တိ ,ပဋိဝေဓ" ဟူ၍
"သာသနာ(၃)ရပ်" ရှိပါကြောင်း ဓမ္မမိတ်ဆွေများအားလုံး သိရှိပြီး
ဖြစ်ပါလိမ့်မည်။ယနေ့ ခေတ်စကားဖြင့် နားရှင်း ၊ လွယ်ကူအောင် ပြောရမည် ဆိုပါ
လျှင် -"ပရိယတ္တိ" ဟူ သည် "နည်းလမ်း" ။
(လမ်းညွှန်သဘောတရား၊သီအိုရီ)။"ပဋိပတ္တိ" ဟူသည်
"နည်းလမ်းအတိုင်းလက်တွေ့ကျင့်သုံးမှု"။ "ပဋိဝေဓ"ဟူသည် "နည်းလမ်းအတိုင်း
လက်တွေ့ကျင့်သုံးမှုကြောင့် ထွက်ပေါ်လာသော 'အကျိုးရလဒ်" ဟု ပင်ဆိုမည်ဖြစ်ပါ၏။
ထို့အတွက်ကြောင့် "နည်းလမ်း" တည်းဟူသော "ပရိယတ္တိ " မပါဘဲ မည်သို့မျှ
"ပဋိပတ္တိ" ကို ကျင့်ကြံအားထုတ်၍ မရနိုင်ချေ။ တချို့သော ပုဂ္ဂိုလ်တို့ က
ဤသို့ ဟောပြောတတ်ကြပါပေသည်။ "တို့ကတော့ ပဋိပတ္တိ သမား၊ လက် တွေ့သမားပဲဟေ့။
ပရိယတ္တိ တတ်တာလောက်နဲ့ နိဗ္ဗာန်ရောက်မှာမဟုတ်ဘူး၊ ဗုဒ္ဓရဲ့တရားက အကျင့်တရား
အထိုင်တရား စာသိမဟုတ် ဘူး၊ ခန္ဓာသိကွ" ဟူ၍ ဖြစ်ပါ၏။ ဤနေရာတွင် ၀ိပဿနာတရား
အားထုတ်ရန် ကြံရွယ်နေသော လူငယ်မောင်မယ်များ အား အထူးသတိပေးလိုပါသည်။ အထက်က
ဆိုခဲ့သော "စကား" နှင့် "အဓိပ္ပာယ်တူ တရား"တွေ ဟောနေပြီဆိုလျှင် ထို
"၀ိပဿနာကမ္မဋ္ဌာန်းပြဆရာ" သည်- "ဗုဒ္ဓ တရားတော်"၏ အခြေခံမျှကိုပင် ကောင်းစွာ
နားလည်ခြင်း မရှိသော၊ လိမ်လည်,လှည့်ဖျားနေသော "ဆရာတု,ဆရာယောင်"မျှသာ
ဖြစ်ပါသည်ဟု ဆိုနေသကဲ့သို့ပါတည်း။"ပရိယတ္တိ"ဟူသော အသံ ကြားသည်နှင့် ထို
သူတို့၏ စိတ်ထဲတွင် မရရှိခဲ့ဖူးသော "ဗုဒ္ဓဘာသာ ပိဋကတ်ဆိုင်ရာဘွဲ့များ"၊
"မအောင်မြင်ခဲ့သော အတန်းများ" နှင့် "မသင်ခဲ့ရဖူးသော ပိဋကတ်စာပေ"တို့ကိုသာ
မြင်ယောင်နေမိတတ်သည်ထင်ပါသည်။ ယနေ့ခေတ် "၀ိပဿနာ ကမ္မဋ္ဌာန်းပြဆရာ"တွေထဲတွင်
"ပိဋကတ်စာပေ" ကို သင်ရိုးနည်းကျ မသင်ယူခဲ့ဖူးသူ များစွာရှိပါသည်။သို့သော်
သူတို့သည် ပိဋကတ်စာပေတတ်ကျွမ်းသည့် "ဆရာကောင်း" တို့ထံမှ "၀ိပဿနာ
ကမ္မဋ္ဌာန်းနည်း" ကို နည်းလမ်းမှန် သင်ယူခဲ့ကြသူများဖြစ်သည်။အနီးကပ်ဆုံး
ဥပမာဆိုလိုက်ပါဦးမည်။"ကမ္ဘာ့ဝိပဿနာ တရားပြဆရာကြီး ဦးဂိုအင်ကာ (Acharaya
Shri S.N Goenka) " သည် ပိဋကတ်စာပေကို စာသင်သား ရဟန်းတော်များကဲ့သို့
သင်ရိုး နည်းကျ သင်ယူခဲ့ဖူးခြင်းမရှိချေ။ နော့ပေတဲ့ "၀ိပဿနာ တရားပြဆရာကြီး
ဦးဂိုအင်ကာ" ကို "စာပေ ပရိယတ္တိ မတတ်ကျွမ်းသူ" ဟု ဆိုလိုက်ပါက လုံးဝ
အမှားကြီး မှားသွားပါလိမ့်မည်ဟုရဲရဲဝံ့ဝံ့ ဆိုလိုက်ချင်ပါ၏။ "ပရိယတ်"
ဆိုသည်မှာ "နည်းလမ်း"ကိုဆိုလိုခြင်းသာဖြစ်ကြောင်း ဖော်ပြပြီးဖြစ်ပါသည်။
"မြတ်ဗုဒ္ဓ၏ ၀ိပဿနာနည်းလမ်း" ကို "မှန်ကန်တိကျစွာ သိရှိတတ်ကျွမ်းသူ" ဟူသည်
"ပရိယတ် ကျွမ်းကျင်သူ" ပင်ဖြစ်သည် ဟုဆိုရပါမည်။"ဆရာကြီး ဦးဂိုအင်ကာ" ၏
ဆရာဖြစ်သော (ငွေစာရင်းမင်းကြီးဟောင်း) "ဆရာကြီးဦးဘခင်" ဆိုသည်မှာလည်း
"ပိဋကတ်စာပေ"ကို စာသင်သား ရဟန်းတော်များ ကဲ့သို့ သင်ရိုးနည်းကျ
သင်ယူခဲ့ရသူမဟုတ်ပါ။"ပိဋကတ်စာပေ" "ပါရဂူ" မြောက်သည် အထိ
ကျွမ်းကျင်တော်မူသော "ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီး" ၏ တပည့်ရင်း
"ဆရာသက်ကြီး" ထံမှ ၀ိပဿနာတရား အားထုတ် နည်းကို သင်ယူခဲ့သူဖြစ်ပါသည်။ မိမိ
ဘာသာ လည်း ပိဋကတ်စာပေကို တတ်အား သရွေ့ လေ့လာမှတ်သားခဲ့သူဖြစ်သည်။
ထို့အတွက်ကြောင့် "ဆရာသက်ကြီး၊ ဆရာကြီးဦးဘခင်၊ ဆရာကြီး ဥိးဂိုအင်ကာ"
တို့ကို "ပရိယတ် မတတ်ကျွမ်းသူများ" ဟု လုံးဝ မမှတ်ယူနိုင်ပါချေ။ ထို
"ဆရာကြီးများ" ကလည်း မည်သည့်အခါကမျှ "ပရိယတ္တိစာပေ လေ့လာသူများ" အပေါ်
ပြစ်တင်ရှုတ်ချမှု မပြုခဲ့ကြပါပေ။အားမနာစတမ်း ပြောမည်ဆိုလျှင်-"ပိဋကတ်စာပေကို
သင်ရိုးနည်းကျ လည်းမသင်ခဲ့ဖူး၊ ဆရာသမားကောင်း နှင့်လည်း နည်းနာမခံယူဖူး"
ပါဘဲ "ကိုယ့်လှေကိုယ် ထိုး ၊ပဲခူးရောက်ရောက်" လုပ်နေသူ တို့သာလျှင်
"ပရိယတ္တိစာပေ လေ့လာသင်ကြားမှု" ကို ပြစ်တင်ရှုတ်ချနေကြခြင်း ဖြစ်ပေသည်။
"ပရိယတ္တိ" ဆိုသည့်ဝေါဟာရကိုပင် ကောင်းစွာ နားလည်ခြင်းမရှိသူများ
ဟုဆိုလိုက်ချင်ပါသည် ။ ထိုသူများထံ တပည့်ခံနားယောင်မိသူ အချို့က -
"ငါတို့ဆရာက ပရိယတ်ကို အားမပေးဘူး။ သံသရာရှည်တယ်။ ကိုယ်တိုင်ကျင့်
ကိုယ်တိုင်သိမယ့် ခန္ဓာဥာဏ်သိ နည်းလမ်းကိုသာပြတယ်" ဟု သံယောင်လိုက်ကြပါသေး၏။
"ခန္ဓာဥာဏ်သိ နည်းလမ်းသော်လည်းကောင်း ၊ ပိဋကတ်စာပေ တွင် ဖော်ပြထား
သည့်နည်းလမ်း"သော်လည်းကောင်း "နည်းလမ်း" ဟု ဆိုလိုက်သည်နှင့် "ပရိယတ္တိ"
ပင်ဖြစ်သည်ဆိုခြင်း ကို ထိုသူများ သဘောမပေါက်ကြခြင်းပင် ဖြစ် သည် ဟုပင်
ကောက်ချက်ချချင်ပါသည်။ "ပရိယတ္တိစာပေ" ဆိုသည်မှာလည်း "ဗုဒ္ဓ" ဟောကြားခဲ့သော
"နည်းလမ်းများ" ကို "စာဖြင့်ရေးသားမှတ်တမ်းတင်ထားခြင်း" မျှသာ ဖြစ်ပေသည်။
"နည်းလမ်း" မရှိဘဲ လက်တွေ့လိုက်နာကျင့်သုံးရသော "ပဋိပတ္တိ" ဆိုသည်မှာ လုံးဝ
မဖြစ်ပေါ်လာနိုင်ပေ။ ထို့ကြောင့် "နိဗ္ဗာန်ရဖို့ ပရိယတ္တိမလိုပါ" ဟုဆိုလာလျှင်
ထို ပုဂ္ဂိုလ် သည် "ပရိယတ္တိ" ဆိုသည့် ဝေါဟာရ၏အဓိပ္ပာယ်ကိုမျှနားမလည်သည့်
"ဆရာတု၊ဆရာယောင်"သာ ဖြစ်သည်ဟု အသေအချာ ဆိုခဲ့ခြင်း ဖြစ်ပါသည်။ထို ပုဂ္ဂိုလ်
တို့ ၏ အလွဲလွဲအမှားမှား ကမ္မဋ္ဌာန်း နည်း များ ကို ရေးသား ဖော်ပြထားသည့်
စာအုပ်စာတမ်းများ၊ ဟောပြောထားသည့် တိတ်ခွေများ ကို လူထု အတွင်း
တရားဝင်ဖြန့်ချိခြင်း မပြုဝံ့ကြ ပါပေ။အဘယ့်ကြောင့်ဆိုသော်-ထို ပုဂ္ဂိုလ်
တို့ ၏ အလွဲလွဲအမှားမှား ကမ္မဋ္ဌာန်း နည်း များ ကို "ဗုဒ္ဓ" ဟောကြားခဲ့သော
"နည်းလမ်း"နှင့် တိုက်ဆိုင် ၊ စစ်ဆေး ကြည့်လိုက်ပါလျှင်
ဟောပြော၊ရေးသားခဲ့သမျှ အလိမ်ထုပ်ကြီး ဗူးပေါ်သလိုပေါ်လာမည် ကို စိုးရိမ်ကြ
သောကြောင့် ဖြစ်ပါ၏။ တရားဝင်ဖြန့်ချိခွင့်လည်း ရလိမ့်မည် မဟုတ် ပါ။
ထို့ကြောင့်ပင် "ငါဟောထားတဲ့တရားကို သူတို့ဥာဏ်တစ်ထွာ တစ်မိုက်နဲ့
အမှားအမှန်ဆုံးဖြတ်နိုင်လို့လား၊ သူတို့သင်ထားတဲ့ ပရိယတ္တိပေတံလေးနဲ့
တိုင်းလို့ရမလား" စသည်ဖြင့် "ပိဋကတ်စာပေ တတ်ကျွမ်းသူ" တို့အား ပုတ်ခတ်ထိပါး
ပြောဆိုတတ်ကြသည်။အချို့ဆရာတု ဆရာယောင်တို့ကမူ ကိုယ့်ကိုယ်ကို
"ရဟန်းကိစ္စပြီးပြီ" ဟုရဲရဲကြီး ကြေငြာ တတ်ကြသည်။ "ရဟန်းကိစ္စပြီးသည်"
ဆိုခြင်းမှာ "ငါ-ရဟန္တာ ဖြစ်ပြီ" ဟု ဆိုလိုက်ခြင်းပင်ဖြစ်သည်။ ဤနေရာတွင်
ဝိပဿနာလိုက်စားရန် ကြံရွယ်နေသည့် လူငယ်မောင်မယ်များ အထူး
သတိပြုသင့်သောအချက်တစ်ခုကို ထပ်မံတင်ပြလိုပါသည်။ကိုယ့်ကိုယ်ကို
"ရဟန်းကိစ္စပြီးပြီ" ဟု တွင်တွင်ကြီး အထပ်ထပ်အခါခါ ပြောဆိုသူ ရဲကြသူ
မှန်သမျှ အမှန်အစစ် "ရဟန်းကိစ္စပြီးသူ မဟုတ်ကြပါ" ဟု အတိအကျ ပြောလိုခြင်း
ပင်ဖြစ်ပါ၏။"ထေရ၀ါဒ ဗုဒ္ဓသာသနာ" တွင် ဘုရားသားတော် "ရဟန်း" အဖြစ်
ခံယူထားသူမှန်လျှင် "ပုထုဇဉ်ရဟန်း" ကို မဆိုထားဘိ၊ "မဂ်,ဖိုလ်"ကို
မျက်မှောက် ပြုပြီးဖြစ်သည့် "ရဟန္တာ အရှင်သူမြတ်" တို့ပင်လျှင် "၀ိနည်းတော်"
ကို အသက်တစ်မျှ အလေးထား စောင့်ထိန်းကြရစမြဲ ဖြစ်ပါသည်။ "ရဟန်းတစ်ပါး" သည်
"ဈာန်၊ မဂ်" တစ်ခုခုကို မရသေးမှန်း မိမိကိုယ်တိုင် သိပါလျက်
"ဈာန်၊မဂ်တစ်ခုခုဆိုက်နေသူပါ" ဟုကြေငြာ ပြောဆိုပါက ဘုရားသာသနာတော်တွင်
"အကြီးလေးဆုံးသော ပြစ်မှုကြီး"("ပါရာဇိကသိက္ခာပုဒ်")ကို
ကျူးလွန်လိုက်ခြင်းပင်ဖြစ်သည်။ထို "ပါရာဇိကသိက္ခာပုဒ်" ကျူးလွန်မိသောသူသည်
"ဘုရား သာသနာ" တွင် "မြတ်သောရဟန်း ဘ၀" ဖြင့် ဆက်လက်နေထိုင်ခွင့်
မရှိတော့ပါ။ သက်ဆုံးတိုင် ရဟန်းဘ၀ ကို စွန့်လွှတ်ရမည်သာဖြစ်ပါသည်။ အကယ်၍
ရဟန်းအဖြစ် ဆက်လက်ခံယူနေပါက "ဗုဒ္ဓမြတ်စွာ၏ ဥပဒေကိုဆန့်ကျင်သူ"၊
"သာသနာ့ရန်စွယ် ဓမ္မန္တရာယ်" သာဖြစ်နေပါတော့သည်။အကယ်၍ "ရဟန်းတစ်ပါးသည်
"ဈာန်၊ မဂ်" တစ်ခုခုကို အမှန်တကယ် ရရှိသောကြောင့် (ရရှိထားသူပါ) ဟု
ဝန်ခံပြောဆိုလျှင်ပင် 'ပါစိတ် အာပတ်' သင့်စေ"ဟု ဘုရားရှင်က
ပညတ်တော်မူခဲ့ပါသည်။("ပါစိတ်"ဆိုသည်မှာ "ပါစိတ္တိယ" = "ကုသိုလ်စိတ်ကို
ကျဆင်းစေ၊ ပျောက်ပျက်စေသော အာပတ်" ဖြစ်ပါသည်။)"ပရိဝါပါဠိတော်၊ ဂါထာသင်္ဂဏိက"
တွင် - အကြင်"အာပတ်" ကို "ပါစိတ္တိယ"ဟုဆိုအပ်၏။ အကြင် "အာပတ်" သည်
"ကုသိုလ်တရား"(ကုသိုလ်စိတ် ကို) ကျစေတတ်၏။ "အရိယာ မဂ်" ကိုဖျက်ဆီးတတ်၏။
"စိတ်တွေဝေခြင်း" ၏ အကြောင်းလည်းဟုတ်၏။ ထို့ကြောင့် ဤ"အာပတ်"ကို "ပါစိတ်"
ဟုခေါ်ဆိုအပ်လေသည်" ဟုဖော်ပြထားပါသည်။)ယခုခေတ် အခါတွင်မူ ဆရာတု ဆရာယောင်
အချို့ တို့သည် ကိုယ့်ကိုယ်ကို "ရဟန္တာ" ဟု ကိုးကွယ်သူ ပရိသတ်အပေါင်းအား
ပြောင်ပြောင်တင်းတင်း ကြေငြာနေကြခြင်း သည် "ရဟန်း ,၀ိနည်း" တည်းဟူသော
"ဘုရား ဥပဒေတော်ကြီး" ကို ရဲရဲကြီး ဖီလာ ဆန့်ကျင်မှု ပြုနေကြခြင်း ပင်
ဖြစ်ပါသည်။ သို့ဖြစ်ရာ ထိုကဲ့သို့အခွင့်သာတိုင်း "၀ိနည်းဥပဒေ" ကို
ချိုးဖောက်နေသူတို့သည် ဘုရားနည်းလမ်းတကျ အားထုတ်ပါမှ ဖြစ်လာနိုင်သည့်
"ရဟန္တာ" စင်စစ်ဟုတ်နိုင် မဟုတ်နိုင် ဆိုသည်ကို လူငယ်တို့ အနေနှင့်
ကိုယ်ပိုင်ဦးနှောက် ဖြင့် ဆုံးဖြတ်သင့်လှပေသည်။အချို့ကလည်း "
မိမိ၏တရားစခန်းတွင် လာရောက်အားထုတ်ပါက မည်သို့သောပုဂ္ဂိုလ်ကိုမဆို
ဘယ်နှစ်ရက်ဖြင့် "ဘာ "မဂ်" ရစေရမည် ဘာ "ဖိုလ်" ဆိုက်စေရမည်" စသည်ဖြင့်
ဆွယ်တရား ဟောကြသည်။ သတ်မှတ်ရက် ပြည့်သည့်အခါ "ဘာ "မဂ်" ရသွားပြီ၊ ဘာ
"ဖိုလ်" ဆိုက်သွားပြီ" စသည်ဖြင့် လည်း ရဲရဲကြီး အဆုံးအဖြတ်ပေး လိုက်ကြသည်။
လာရောက် အားထုတ်သူများမှလည်း"ပု..မသိ၊..ပ..မသိ" နှင့် အကျေနပ်ကြီး
ကျေနပ်သွားကြသည်။(လူအတော်များများက"ဘုမသိ၊ဘမသိ"ဟုပြောဆိုတတ်ကြပါသည်။ဆိုလိုရင်းအမှန်မှာ"ပုည"ကုသိုလ်
၊ (ပု)..မသိ၊"ပါပ"အကုသိုလ်၊(ပ)..မသိ.ဟုဆိုလိုခြင်းဖြစ်ပါသဖြင့်
"ပု..မသိ၊ပ..မသိ" ဟု ပြောဆို၊ရေးသား မှ အမှန်ဖြစ်ပါ၏။)ဖော်ပြပါ "ဆရာတု
ဆရာယောင်"တို့၏"နည်းတု၊နည်းယောင်များ"ဖြင့်အားထုတ်ရာမှ"မဂ်တု,ဖိုလ်တုများ"ကိုအဟုတ်ထင်,ဘ၀င်မြင့်ရုံသာ
ဆိုလျှင်ကားကိစ္စမရှိသေးပါ။လမ်းမှားကိုလျှောက်မိခြင်းကြောင့်စိတ်ဂယောင်ချောက်ချား၊သွေးလေမညီမညွတ်ဖြစ်ကာရူးသွပ်သွားတတ်ပါသည်။ထို့ကြောင့်
"၀ိပဿနာကို လေ့လာလိုက်စားတော့မည်" ဟု ကြံရွယ်ပါ လျှင် အောက်ပါအချက်များကို
အထူးသတိပြုရန် တင်ပြရင်း ဤစာစုကို နိဂုံးချုပ်အပ်ပါသည်။၁။
"ပရိယတ္တိသင်ယူခြင်းသည် အလကား၊ ပဋိပတ္တိ ကျင့်ခြင်းသည် သာ
နိဗ္ဗာန်ရောက်ကြောင်းတရား" ဟု ဆိုသူများ ထံ မည်သည့်အခါမျှ ဆည်းကပ် အားထားမှု
မပြုပါနှင့်။ ထိုသူများသည် ပရိယတ္တိနှင့် ပဋိပတ္တိဆိုသော
ဝေါဟာရတို့၏အဓိပ္ပာယ်ကိုမျှ မသိပါဘဲ ဗုဒ္ဓသာသနာတွင်
ဆရာတုဆရာယောင်လုပ်နေသူများ ဖြစ်ခြင်းကြောင့် ဖြစ်ပါသည်။၂။ ရဟန်းတစ်ပါးသည်
မိမိကိုယ်ကို "ရဟန္တာပါ" (သို့မဟုတ်) "ရဟန်းကိစ္စပြီးသူပါ"
ဟုပြောင်ပြောင်တင်းတင်းဝန်ခံကြေငြာနေပြီဆိုလျှင် ရဟန်းတု,ရဟန်းယောင်၊ ဆရာတု
,ဆရာယောင်မျှသာဖြစ်ကြောင်း သဘောပေါက်ပြီး ဝေးဝေးမှ ရှောင်ကြဉ်ကြပါ။
(သာသနာ့ ၀န်ထမ်း ရဟန်းတော်မှန်လျှင် ပုထုဇဉ်သံဃာပင်
ဘုရားရှင်ပြဋ္ဌာန်းခဲ့သည့် ၀ိနည်းကိုအသက်တမျှ အလေးထားစောင့်ထိန်းတတ်ကြစမြဲ
ဖြစ်ပါသည်။ ရဟန္တာဆိုလျှင်ကား အထူးဆိုဖွယ်မရှိပါ။ ထို့ကြောင့် မည်သည့်
ရဟန္တာအစစ်ကမျှ မိမိကိုယ်ကို "ရဟန္တာပါ၊ ရဟန်းကိစ္စပြီး သူပါ" ဟု အတိအလင်း
ဝန်ခံပြောကြားလိမ့်မည် မဟုတ်ပါ။"ရဟန္တာများ" ဟု သမုတ်ခြင်း ခံခဲ့ရသော
"မိုးကုတ်ဆရာတော် , ဝေဘူဆရာတော်, မဟာစည်ဆရာတော်" အစရှိသည့်
ဆရာတော်ကြီးများသည်ပင် မည်သည့်အခါကမျှ မိမိတို့ ကိုယ်ကို ရဟန္တာဟု
တိုက်ရိုက်ဖွင့်ဟ ပြောဆိုရန် မဆိုထားဘိ၊ သွယ်ဝိုက်၍ပင် အရိပ်အယောင်မျှ
မပြောခဲ့ကြပါ။)၃။ မည်သူမဆို သူတို့ထံလာပါက "ဘယ်နှစ်ရက်ဖြင့် ဘာ မဂ်
ရစေရမည်" ဟုကျူရှင်ဆရာများ အနီးကပ်၊ ရက်ပြတ်သင်တန်း ကြော်ငြာ သလို
ကြော်ငြာနေသူများ" သည်လည်း "ဆရာတု,ဆရာယောင်များ" သာ ဖြစ်ပါသည်။
(လူပုဂ္ဂိုလ်တစ်ဦးချင်း၏ ဗီဇ၊ ပတ်ဝန်းကျင်ချင်း မတူ သည့်အလျောက်
ကံ၊ဥာဏ်၊၀ီရိယချင်း၊ စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာစွမ်းရည်ချင်း
မတူညီကြပါ။ ဗုဒ္ဓ၏တရားသည် ဤမျက်မှောက်ဘ၀ တွင်ပင် လက်ငင်းဒိဋ္ဌဓမ္မ
အကျိုးခံစားရသော တရားဖြစ်သည်ကားမှန်ပါ၏။ သို့သော် လူပုဂ္ဂိုလ်ချင်းမတူသလို
အကျိုးခံစားရန်အား ထုတ်ရသော ကာလအပိုင်းအခြားချင်း လုံးဝကွဲပြား
ခြားနားလှပေသည်။တစ်ဦးကခုနှစ်ရက်နှင့် တရားထူးရကောင်း ရနိုင်စေကာမူ၊
အခြားတစ်ဦးက ခုနှစ်နှစ်ကြာအောင် အားထုတ်ကောင်း အားထုတ်ရတတ်ပါသည်။)၄။
ပုဂ္ဂိုလ်တစ်ဦး၏ "၀ိပဿနာကမ္မဋ္ဌာန်း" ဆိုင်ရာ "တရားတိတ်ခွေ၊ တရားစာအုပ်"
အစရှိသည်တို့ကို တရားဝင်ခွင့်ပြုချက်ယူပြီး မဖြန့်ဝံ့ဘဲ
လက်သိပ်ထိုးဖြန့်နေပြီဆိုလျှင် ပိဋကတ်စာပေတတ်ကျွမ်းသူတို့ လက်ခံနိုင်
ခြင်းမရှိသော "ထေရ၀ါဒဗုဒ္ဓသာသနာနှင့် ဆန့်ကျင်သွေဖည်သော
ဟောပြောရေးသားချက်များ" သာ ဖြစ်သည်ဆိုခြင်းကို သတိပြုပါ။ (ထိုသို့
သွေဖည်နေသူများ၏ တိုးတိုးတိတ်တိတ်သွေးဆောင်ဖြားယောင်းမှုတို့ကို
ဝေးဝေးမှရှောင်ရှားပါ။)၅။ ၀ိပဿနာတရား အားထုတ်ခြင်းမပြုမီ
ဆရာစစ်ဆရာမှန်ရဖို့ လွန်စွာအရေးကြီးပါသည်။ ပုဂ္ဂိုလ် သို့မဟုတ်
အဖွဲ့အစုတစ်ခုခုသည် အထက်ဖော်ပြပါအချက်လေးချက်အနက် တစ်ချက်ချက်နှင့်
ကိုက်ညီနေပါက ဆရာတုဆရာယောင်များသာ ဖြစ်ပါသည်။ ထိုသူတို့ကို ဆရာတင်မိပါက
တရားထူးမရဘဲ သွက်သွက်ခါအောင် ရူးသွပ်သွားနိုင်ပါသည်။ ထို့ပြင်- လူငယ်
တို့အနေနှင့် ဘာသာတရားကို ၀ိပဿနာကမ္မဋ္ဌာန်း စီးဖြန်းသည်အထိ လေးလေးနက်နက်
လိုက်စားခြင်းမပြုမီ ရဟန်းတို့လိုက်နာရမည့် ၀ိနည်းစည်းကမ်းများဖြစ်သည့်
"သိက္ခာပုဒ် ၂၂၇-သွယ်" ကို နားလည်သဘောပေါက်အောင်လေ့လာ ဖတ်ရှုထားသင့်ပါသည်။
ထိုသို့လေ့လာပြီးပါမှ မိမိကဆရာတင်မည့် ကမ္မဋ္ဌာန်းနည်းပြဆရာသည် "ရဟန်း"
ဖြစ်ခဲ့သော် ဘုရားဥပဒေနှင့် အညီကျင့်သုံးနေထိုင်သော "ရဟန်းစစ်၊ ရဟန်းမှန်"
လား၊ (သို့တည်းမဟုတ်) "၀ိနည်း" မျှပင်နားမလည်ဘဲမိမိဘာသာ "ကမ္မဋ္ဌာနာစရိယ"
အဖြစ် သတ်မှတ်နေသည့် "ဆရာတု,ဆရာယောင်" လားဆိုသည်ကို မှတ်ကျောက်တင်
ဆုံးဖြတ်နိုင်မည် ဖြစ်ပါသည်။ (ရဟန်း ၀ိနည်း အား လေ့လာရာတွင်
အလွယ်ကူအရှင်းလင်းဆုံး စာအုပ်တစ်အုပ်ကို ညွှန်းပါဟုဆိုလျှင်ကား "ကျေးဇူးရှင်
မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ" ရေးသားပြုစုခဲ့သည့်
'ဘုရားဥပဒေတော်ကြီး' စာအုပ်ကို
ညွှန်ပြလိုပါ၏။)မှီခိုရာကျမ်းကိုး--"မြတ်သတိဝါဒီ"ဓမ္မ မဂ္ဂဇင်း၊ (အမှတ် ၉၊
၂၀၀၁ခုနှစ်၊မတ်လ။)
0 comments:
Post a Comment