Wednesday, July 16, 2014

ရှေ့ဆောင်လမ်းပြကောင်းဖို့ အရေးကြီးသည် ။

Khaing Lay's photo.

ခြံထဲအေးအေးလူလူ ထိုင်နေစဉ် မြင်ကွင်းထဲသို့ ကလေးငယ်တစ်ဦး ၀င်ရောက်လာသည် ။ ကလေးငယ်သည် အိမ်ရှေ့ရှိ စမ်းချောင်းငယ်လေးဆီသို့ ဦးတည်ရွေ့လျားနေသည် ။ သူဘာလုပ်မည်နည်းဟု ဆက်၍စောင့်ကြည့်နေမိသည် ။ စမ်းချောင်းလေးနားတိုးကပ်ပြီးနောက် ခါး၌ထိုးထားသော ငါးမျှားတံလးအား ထုတ်လိုက်သည်ကို တွေ့လိုက်ရလေ၏ ။ ကလေးငယ်သည်ရှိလှ ဆယ်နှစ်ကျော် သာသာခန့်သာ ရှိပေမည် ။
ကျွန်မတို့ အိမ်ရှေ့၌ စမ်းချောင်းငယ်လေး တစ်ခုရှိနေပါသည် ။ ထိုစမ်းချောင်လေးသို့ လူအများမကြာခဏ လာရောက်၍ ငါးမျှားတတ်ကြပေသည် ။ယခင်လူများလာရောက် ငါးမျှားခြင်းသည် မထူးခြားသော်လည်း ယခုလာသော ကလေးငယ်သည် ငယ်လွန်းနေသည် ။ ထိုကလေးအားကြည့်နေရင်း ကျွန်မမျက်ဝန်းထဲ၌ မျက်ရည်များဝဲသီလာကြလေသည် ။ ကျဆင်းတော့မည့် မျက်ရည်တို့အား ထိန်းလိုက်သည် ။ ထို့နောက် ဆုံးဖြတ်ချက်တစ်ခုနှင့်အတူ ကလေးငယ်ရှိရာသို့ ထွက်လာခဲ့လိုက်တော့သည် ။
ကလေးငယ်အနားသို့ ရောက်လျှင် ဘေးချင်းယှဉ်ထိုင်ချလိုက်သည် ။ ရုတ်တရက် သူ့အနားထိုင်ချလိုက်ခြင်းကြောင့် ကလေးသည် ကျွန်မအားငေးကြည့်နေပါ၏။ ကလေးအား ဦးစွာပထမ ပြုံး၍ နှုတ်ဆက်လိုက်သည် ။ ပြီးနောက် စကားစလိုက်ပါသည် ။
*သားက ငါးလာမျှားတာထင်တယ် *
*ဟုတ်ကဲ့ အန်တီ ။ အကိုတွေ ဒီမှာ လာပြီးမျှားနေကြလေ ။ သူတို့ပြန်လာရင် ငါးတွေ ပါပါလာတတ်လို့ သားပါလာမျှားကြည့်တာပါ *
* သြော် ..သားက ငါးမျှားတတ်လို့လား *
ရှက်ပြုံးလေးပြုံးပြီးနောက် *သားက မျှားတော့ သေချာ မမျှားတတ်ပါဘူး ။ ခုတောင် အကိုတွေ မသိအောင် ခိုးထွက်လာတာ * ဟုရိုးသားစွာ ပြောပြရှာသည် ။ ကျွန်မလည်း ကလေးပြောပြတာလေးတွေအား ဂရုစိုက်နားထောင်ပေးလိုက်သည် ။ ကလေးစကားဆုံးသည်နှင့်
*သားကို အန်တီ ဇာတ်လမ်းလေး တစ်ခု ပြောပြချင်တယ် ။ သားနားထောင်ကြည့်ပါလား ။ နားထောင်ပြီးမှ ငါးဆက်မျှားပေါ့ *ဟု စကားဆိုလိုက်သည် ။ ကလေးသည် ကျွန်မအားအားနာ၍ထင်သည် ။ ကျွန်မပြောသော စကားအား လက်ခံနားထောင်ပေးခဲ့သည် ။
*လွန်ခဲ့သော ငါးနှစ်လောက်က အန်တီမှာ သိပ်ချစ်စရာကောင်းတဲ့ မောင်လေး တစ်ယောက်ရှိတယ် ။ အဲဒီအချိန်က အန်တီမောင်လေး အသက် ဆယ့်ခြောက်နှစ်ဘဲ ရှိသေးတယ် ။ အန်တီကလည်း မောင်လေး တစ်ယောက်တည်း ရှိတာဆိုတော့ အရမ်းချစ်တာပေါ့ ။ ဒီလိုနဲ့ သင်္ကြန်ဆိုတဲ့ ရာသီပွဲတော်လေး တစ်ခုမှာ မောင်လေးက အန်တီကို အပြီးထားသွားခဲ့တယ် ။ သင်္ကြန်ပွဲတော် နောက်ဆုံးနေ့လေးမှာ မောင်လေးနဲ့ သူ့သူငယ်ချင်းတွေ သင်္ကြန်လျှောက်လည်ခဲ့ကြတယ် ။ နေ့လည် နားချိန်ကြတော့ မြစ်ကမ်းနားမှာ သွားပြီးနားကြတယ်လေ။ ဒီမှာတင် နားနေရင်း သားလိုဘဲ ငါးမျှားချင်တဲ့စိတ်ကြောင့် မြစ်ထဲမှာ ငါးလိုက်ဖမ်းသတဲ့ ။ အရက်ကလည်း နည်းနည်းမူးနေတာရယ် ၊ သူတပါးအသက်ကို သက်ချင်တဲ့ စိတ်အားကြီးနေတာရယ်ကြောင့် ဆင်းရင်း ဆင်းရင်း ရေနက်တဲ့ နေရာကို ရောက်သွားပြီး နေနစ်ခဲ့တယ် ။ တစ်ယောက်နစ်လို့ တစ်ယောက်ဆယ်တယ် ။ နောက်တစ်ယောက် ထပ်နစ်ပြန်တယ် ။ ဒီလိုနဲ့ သူငယ်ချင်းငါးယောက် သွားကြတာ သုံးယောက်စလုံးနစ်နေကြတော့ ကျန်တဲ့နှစ်ယောက် ဆက်ပြီးမကယ်ရဲကြတော့ဘူးပေါ့ ။ အနီးနားကို အော်ဟစ်အကူညီတောင်းခဲ့ပေမဲ့ နစ်နေတဲ့သူတွေကို အချိန်မှီ မကယ်ဆယ်နိုင်တော့ဘူး ။ နောက်ဆုံး အလောင်းတွေကိုဘဲ ရခဲ့တယ်သား ။ *
ကျွန်မစကားဆုံးသည်နှင့် ကလေးငယ်၏ မျက်နှာအခြေနေကို ကြည့်လိုက်မိသည် ။ ကလေးငယ်သည် လက်ထဲ၌ ကိုင်ထားသော ငါးမျှားတံလေးအား အောက်သို့ လွှတ်ချထားသည်ကို တွေ့လိုက်ရသည် ။ သူ၏မျက်နှာ အမူယာသည်လည်း စိုးရွံ့ကြောက်လန့်နေဟန် အထင်သားပေါ်ပေါက်နေလေ၏ ။ အရှိန်လေးရတုန်း ကလေးအား ဆက်၍ရှင်းပြချင်လာသည်မို့ စကားအား ဆက်လိုက်သည် ။
အန်တီ ဖတ်မှတ်ထားတာလေး သားကို ပြောပြမယ် ။ '၀ဋ် ' ဆိုတာလေ ' ၀ဋ'္ဋ ဆိုတဲ့ ပါဠိစကားကနေ ဆင်းသက်လာတာ ။ သံသရာ လည်ပတ်ခြင်း၊ အကြောင်းပြီး အကျိုး - အကျိုးပြီးအကြောင်း ဆက်စပ်ဖြစ်ပျက်ခြင်း၊ မကောင်းမှုပြုသည့်အတွက် သံသရာဘ၀ခရီး၌ ဆိုးကျိုးတစုံတရာကို ခံစားရခြင်း လို့ အဓိပ္ပါယ်တွေရှိတယ် ။ ၀ဋ် သုံးမျိုးရှိတယ် သား ။ ဘာတွေလည်းဆိုတော့ -
(၁) ကိလေသ၀ဋ် (အ၀ိဇ္ဇာ) တဏှာ၊ ဥပါဒါန်သုံးပါး၊
(၂) ကမ္မ၀ဋ် (ကုသိုလ်ကံ၊ အကုသိုလ်ကံ)၊
(၃) ၀ိပါက၀ဋ် (အကျိုးတရားများ)၊
ဝဋ် သည် နောက်ဆုံးအချက် ၀ိပါက၀ဋ် (အကျိုးတရားများ) နှင့်သက်ဆိုင်နေတယ် ။ ဒါကြောင့် '၀ဋ်' နှင့် '၀ိပါက' တို့ဟာ စကားလုံး ကွဲပြားသော်လည်း ဘဘောအဓိပ္ပါယ် မကွဲပြားဘူး ။ ဒီအတွက် တစ်စုံတစ်ယောက်က ဒုက္ခကြီးစွာ ခံစားနေရင် '၀ဋ်ခံနေရတယ်၊ ၀ဋ်ကြီးတယ်' လို့ဆိုကြတာပေါ့ ။ 'သူတပါးကို မညှင်းဆဲနဲ့ ၊ ၀ဋ် လိုက်တတ်တယ်လို့ လူကြီးသူမတွေက အစဉ်အလာနဲ့ ဆုံးမပြောဆိုလာကြတာပေါ့ကွယ် ။ အန်တီပြောတဲ့ စကားတွေ သားချက်ချင်း နားလည်ဖို့ ခက်ချင်ခက်မယ် ။ ဒါပေမဲ့ သားတဖြည်းဖြည်း ကြီးလာရင် နားလည်လာပါလိမ့်မယ် ။ အရေးကြီးတာက သူတပါးကို တစုံတခု ပြုလုပ်ဖို့ ကြိုးစားနေစဉ် ကိုယ်က အရင် တခုခု ဖြစ်တတ်ဆိုတာကို သားသိဖို့ ပြောပြတာပါ ။ အန်တီမောင်လေး အဖြစ်ကိုဘဲ သားကြည့်လေ ။ သူတပါး အသက်ကို သတ်ဖို့ကြိုးနေစဉ်မှာ သူအရင်သေခဲ့ရတယ် ။ဒါဟာ ၀ဋ်လည်တာပဲ သား ။
ကလေးသည် ကျွန်မပြောပြသည့် အကြောင်းအရာတို့အား လက်ခံယုံကြည်မည်ဆိုတာ အသေချာပင် ။ အဘယ်ကြောင့်ဆိုသော် ကလေး၏မျက်လုံးများမှ သက်သေခံနေပါ၏ ။ကလေးငယ်သည် ကျွန်မစကားများအား သေချာစွာနားထောင်ပြီးနောက် ငါးမျှားခြင်းအား ဆက်၍မလုပ်တော့ဘဲ ပြန်သွားပါတော့သည် ။ ကျွန်မလည်း ခြံထဲသို့ ပြန်လာပြီး နဂိုထိုင်ရာ ခုံ၌ပြန်ထိုင်ပြီး မိမိလုပ်ရပ်အား ကျေနပ်နေမိသည် ။ ကလေးတွေ၏ အတွေးခေါ် အယူဆ ကျင့်ကြံမှု့တွေ မှန်ကန်စေဖို့ အရေးကြီးဆုံးသူတို့သည် အကို အမ မိခင် ဖခင် ဆရာ ဆရာမ တို့ပင် ဖြစ်သည် ။ ကလေးဆိုသည်မှာ ရှေ့ဆောင်လမ်းပြသူတို့၏ နည်းနာများအား အတုယူတတ်သူတွေပင်။ ထိုအတွက်ကြောင့် ရှေ့ဆောင်လမ်းပြသူတွေ အနေဖြင့် မိမိတို့၏ ရင်သွေးငယ်တွေ နည်းယူမမှားစေဖို့ အထုးဂရုစိုက်ဖို့ လိုအပ်လှပေသည် ။ လူကြီးတွေသည် လူငယ်တွေအား ကောင်းမွန်သော အသိစိတ်များ ၀င်လာစေရန် ၊ စံနမူနာ ယူတတ်စေရန် နေပြကြဖို့ အလွန်အရေးကြီးကြောင်း တွေးမိရင်း ဒီနေ့အတွက် ကျွန်မ၏ တာဝန်ကျေမှု့အပေါ် ကျေနပ်နေမိပါတော့သည် ။
( ဘာသာရေးစာလေးများကို ကိုငယ်ဆိုဒ်မှ လေ့လာသည် )

ဒီတစ်ပတ် ယဉ်ကျေးလိမ္မာဂျာနယ်တွင် ပါဝင်သော ဆောင်းပါးလေးပါ ။

ရေးသားသူ = ခိုင်လေး ( ရွှေတောင် )

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...