Wednesday, July 16, 2014

တီ မျှော့ ကျွတ်နှင့် မိုးစွတ် နေပူ ဆင်းရဲဟူသည်



"လွေ့လွေ့ ရမ်းရမ်း၊ ဝမ်း မပြည့်ရ၊
သောက်ရေမှလည်း၊ ဖြူစွ နောက်ကျိ၊ ညွန်တစိနှင့်၊ အိုင်ကြီးအထဲ၊ ပြစ် ချွဲ ပူ ငန်၊
နေရဟန်လည်း၊ ရွှံ့ညွန် မလွတ်၊ တီ မျှော့ ကျွတ်နှင့်၊ မိုးစွတ် နေပူ၊ ဆင်းရဲ ဟူသည်၊
သူများ တွက်တာ၊ ကျွန်တော့မှာတည့်၊ စုလာသော့နှယ်၊ ဒုက္ခကြွယ်၏။"
(ဆီးဘန်နီဆရာတော်)



"ဦးဇင်း ဘာလုပ်နေတာလဲ?"
“မျှော့ ပြောင်”
“ဘယ်လို”
“မျှော့လေးတွေကို ပြောင်နေတာ”
“ဟာ နားမလည်ဘူး”

“သြော အေးအေး မင်းက အဲဒီဘက် ထိပ်ကနေ၊ ရေကို လက်နဲ့ တောက်လိုက်”

သဘောပေါက်သွားပုံပေါ်သည်။ သူ ရေကူး လာတာလေးက လှတယ်နော−တဲ့။ ဆယ်ပေလောက် အကွာအဝေးကို စားရနိုးနိုး သောက်ရနိုးနိုးနဲ့ ပြေးလွှားနေရတဲ့ ဒုက္ခကိုတော့ သူ ကိုယ်ချင်းမစာ။ ဟုတ်တယ်။ သူ ရေကူးတာလေးက အတော်လှတယ်။ မိုက်ကယ်ဖဲလ်ရဲ့ လိပ်ပြားကူးနည်းထက် မနှိုင်းယှဉ်သာအောင် လှတာ။ Butterfly Stroke−ကမှ ရှေ့ပိုင်း လက်ဆွဲကြီးပါနေလို့ ကြည့်မကောင်းရင် နေမယ်။ မျှော့လေးတွေ ရေကူးတာကျတော့ ဦးခေါင်းလေးကို အငြိမ်ထားတယ်။ အလည်ပိုင်းနှင့် နောက်ပိုင်းကို တရုတ်သိုင်းသမားတွေ ယပ်ခပ်သလို ညင်ညင်သာသာလေး လှူပ်သွားတာ။ အတော်လှပါတယ်ဗျာ။ မြင်ဘူးမှ ဒီအလှကို ခံစားတတ်မှာပါ။

လူတစ်ကိုယ် အကြိုက်တစ်မျိုး ဖြစ်မယ်ထင်တယ်။ တစ်ချို့က ရေမြင်းခေါ် ရေနဂါးလေးတွေကို အတော် သက်နှစ်တာကို တွေ့ရတယ်။ နဂါးသေခြောက်ဆိုပြီး လည်ဆွဲတွေ ဘာတွေ လုပ်ပြီး ဆောင်ကြတယ်။ ရေနဂါးက ပုံသဏ္ဍန်လေးသာ လှသာ ရေကူးတာကျတော့ အတော် သရုပ်ပျက်တယ်။ နောက်မီးရွာဘက်မှာ တစ်ခါ မြင်ဖူးတယ်။ ရေနဂါး ရေကူးပုံက လူလမ်းလျှောက်သလို မတ်တတ်ရပ်ကြီး။ ပိုဆိုတာက စုတ်ချွန်းချွန်း ဦခေါင်းရယ် ကွေးကောက်ကောက် အမှီးရယ်ကို ရှေ့ဘက်ကို ကွေးယူလိုက်ပြီး ခါးကို ဆန့်ဆန့်ထုတ်တာ။ မသိရင်တော့ ကိုယ့်ကို ကော့ ကော့ ပြနေသလိုပဲ။ မျက်လုံးကလည်း ရှေ့ပြူးထွက်နေသေးတာဆိုတော့ စပ်ဖျီးဖျီးနဲ့ လူကို ပြောင်နေတယ် ထင်ရတာ။ မျှော့လေးတွေကြတော့ အဲသလို မဟုတ်ဘူး။ ဦးခေါင်းလေးကလည်း အငြိမ်။ နောက်ပိုင်းလေးကလည်း လှိုင်းကြက်ခွပ်လေးတွေလိုပဲ။ လှမှ လှ။

သူက ရေသံကြားရင် သူ့အစာ ရမယ်ထင်ပြီး ကူးလာတတ်တယ်။ အဲဒါ ရေပြင်ကို လက်ညိုးနဲ့ “တောက် တောက်၊ တောက် တောက်”နဲ့ အသံပေးလိုက်ရင် ချက်ခြင်း ပြေးလာတယ်။ ဘာမှ မတွေ့ရင် ရေထဲ ပြန်ငုပ်သွားပြန်တယ်။ တစ်ခါ အသံကြားရာဖက်ကို ကူးခပ်သွားပြန်တယ်။ နေ့ခင်းဘက်မှာတော့ ရေပေါ် သွားတယ်ဆိုတာ ရှားပါတယ်။ ညဘက်မှာ ပိုထွက်တယ်။ နောက် မျှော့လေးတွေကို ကုန်းပေါ် ဆွဲတင်ကြည့်လိုက်ရင်သာ ဝါယာကြိုးလို လုံးလုံး,သေးသေးလေးလို့ ထင်ရပေမဲ့ ရေထဲမှာကျတော့ အပြားကြီးဗျ။ မနှိုင်းကောင်း နှိုင်းကောင်း ဆန်စီးဆန်ပြားကြီးလိုပဲ။

ဟာ ဘယ့်နှာကြီးလဲ။ မျှော့လေးတွေကို ပြောင်လိုက် နောက်လိုက်လုပ်ပြီး နှိပ်စက်တဲ့အကြောင်းလည်း ပြောသေး။ အခုကျတော့ သူမဟုတ်သလိုပဲ သနားပြနေလိုက်တာလို့ မထင်ပါနဲ့။ ပုထုဇဉ်ဆိုတော့ ဒီလိုပါပဲ။ ငယ်မူပြန်တယ် ထင်ပါရဲ့။ ငယ်ကျင့် မပျောက်ဘူး ထင်ပါရဲ့။ တကယ်က တိရစ္ဆာန်လေးတွေက ပိုသနားစရာ ကောင်းမယ် ထင်တယ်။ ဘာလို့လဲဆိုတော့ သူတို့မှာ ရွေးချယ်ခွင့် သိပ်မရှိဘူးလေ။ အထက်ဆုံးမှာ ရေးခဲ့တဲ့ ဆန်းဘန်နီဆရာတော်ဘုရားကြီးရဲ့ ကဗျာက "နွားလျှောက်လွှာ”တဲ့။ စကြာဝတေးမင်း ဖြစ်ခဲ့ဖူးတဲ့သူက လောဘ၊ ဒေါသ၊ မောဟတရားတို့ကြောင့် နွားဘဝရောက်သွားတဲ့အခါ လူတွေကို သူ့ဘဝ သူ့အကြောင်း လျှောက်ကြားတဲ့ ပုံစံနဲ့ ရေးထားတာပါ။ နွားတစ်ကောင်ရဲ့ စာရေး ဝတ်ရေး နေရေးအကြောင်းပေါ့။ သေချာပြန်ဖတ်ကြည့်ပါ။

မျှော့လေးတွေလည်း ထို့အတူပါပဲ။ တစ်ပိဿာ တစ်သောင်းခွဲရတဲ့ မျှော့ဖမ်းသမားတွေ လက်ကလည်း လွတ်အောင် ရှောင်တတ်ရတယ်။ ငနုချောင်းသားကြီး−ဦးမှိုဥလို အရေမရ အဖတ်မရ ငရဲမကြောက် ငရမ်းမကြောက် ပြောင်တတ် နောက်တတ်တဲ့ လူမျိုးနဲ့ တွေ့ရင်လည်း ဒုက္ခ။ အခန့်မသင့်လို့ မျှော့ကြောက်တတ်တဲ့သူနဲ့ တွေ့လို့ ထုံးဖြူးခံလိုက်ရရင် အမျိုးပါ တုံးကရော။ မျှော့ဘဝ မျှော့ဝမ်းစာအတွက်ဆိုတော့လည်း ကမ္ဘာမီးလောင်လာရင် ဇာတ်တူသားခြင်းလည်း တွယ်ခွဲရတော့တာပဲ။ အန္တရာယ်တော့ များသပ။ စုပ်ခွက်ခြင်း တေ့လိုက်တယ်။ အစုပ်သန်တဲ့မျှော့က အနိုင်ပဲ။

သူတို့ရဲ့ အပြူအမူလေးတွေလား?။ များသောအားဖြင့် လူတို့ရဲ့ သွေးကို မကြိုက်ပါဘူး။ ငတ်လွန်းလို့ စုတ်ရတာပါတဲ့။ ရေနေသတ္တဝါတွေကိုပဲ စားတာ များပါတယ်။ အချို့ အချို့ ဆေးသိပ္ပံအယူအဆမှာဆိုရင် အထူးသဖြင့် ခွဲစိတ်ခန်းမှာ သွေးလိုအပ်နေရင် မျှော့လေးတွေဆီက မည့်သည့် သွေးအမျိုးအစားကိုမဆို ယူပြီး သုံးလို့ ရပါတယ်။ အအေးခန်း မလိုပါဘူး။ ဂရိတို့ အိန္ဒိယတို့မှာဆိုရင် မျှော့ကုထုံးကို လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ကျော်ကတည်းက သုံးဆွဲခဲ့ကြတာ။ အာယုဗ္ဗေဒကျမ်းတွေမှာ မျှော့နဲ့ ပတ်သက်တဲ့ ကုထုံးများစွာ လာပါတယ်။ တရုတ်ကြီးဆိုရင် အခုလက်ရှိကာလထိ မျှော့ကုထုံးကို သုံးစွဲနေပါသေးတယ်။ ကဲ ဘယ်လောက် ချစ်စရာကောင်းလိုက်လဲ။ ဘယ်လောက် လူသားတွေကို အကျိုးပြု လိုက်လဲ။ ဆေးပေါင်းခတဲ့ မျှော့ဗျ။

ဓနုလူမျိုး မောင်စန် ပြောဖူးတာကို သတိရမိတယ်။ သူနောက်ပြောင် ပြောတာက မင်းတို့ ဗမာဆိုတဲ့ စကားလုံး ပိဋကတ်စာပေမှာ မပါဘူးတဲ့။ ငါတို့ ဓနုဆိုတာ ပိဋကတ်လာ စာလာ ပေလာ လူမျိုးတဲ့။ ဓနုလို့ ပါဠိစာလုံးရှိပါတယ်။ အခုလည်း ပိဋကတ်စာပေမှာ မျှော့အကြောင်းကို ရှင်နာဂသိန် ကိုယ်တိုင် မှတ်တမ်းတင် သုတေသန လုပ်ထားတာပါ။ မောင်စန် စကားအတိုင်း ပြောရရင် ပိဋကတ်ဝင် ကျမ်းဝင် ဂန်ဝင် မျှော့ဗျ။ သံဖြူညှပ်ကပ်ကြေး မှတ်လို့။

မျှော့အကြောင်းက မိလိန္ဒပဉှာပါဠိတော်မှာ ပါတာပါ။ ရှင်မဟာဗုဒ္ဓဃောသလည်း ဥဒါန်းအဋ္ဌကထာမှာ မျှော့လေးတွေကို ဥပမာထားပြီး ဖွင့်ပြထားတာတွေ ရှိပါတယ်။ မိလိန္ဒပဉှာမှာ လာတဲ့ "သြပမ္မကထာ"ဆိုတာကို တစ်ခန်းလုံး ဖတ်ကြည့်သင့်တယ်။ သြပမ္မဆိုတာ ဥပမာပါပဲ။ ဥပမာပေါင်း ၁၀၅ခုကို တစ်စုတစ်ဖွဲ့တည်း ပြထားတာ။ ဥပမာအလင်္ကာပေါင်း တစ်ရာ့ငါးခုပေါ့။ ဗူးနွယ်ဥပမာတို့ ငါးမျှားသူဥပမာတို့ဆိုရင် အတော်ကောင်းတယ်။ လွယ်လွယ်လေးတွေ ချည်းပဲ။ လူတိုင်းလူတိုင်း နေ့စဉ် နေ့စဉ် တွေ့မြင်နေကြ အရာဝတ္တုလေးတွေ သက်ရှိလေးတွေနဲ့ နှိုင်းနှိုင်းပြီး ဥပမာပေးသွားတာ။

“သြပမ္မကထာ”ခေါ် ဥပမာစကားစုကို ဘာလို့ ရှင်နာဂသိန်ဟောခဲ့တာလဲဆိုရင် တရားအားထုတ်သူ(ယောဂါဝစရ)တွေ ထားရှိရမည့် စိတ်နေစိတ်ထားလေးတွေကို ပြလိုသောကြောင့်။ ဟုတ်တယ်။ တရားအားထုတ်မည့် သူမှ မဟုတ်ပါဘူး။ ရိုးရိုးသာမာန်လူလည်း အဲဒီ သက်ရှိလေးတွေ အရာဝတ္ထုလေးတွေကနေ အတုယူစရာ အတုခိုးစရာတွေ အများကြီးတွေ့မှာပါပဲ။ ဥပမာစကားစုထဲမှာ သက်ရှိလေးတွေနဲ့ နှိုင်းယှဉ်ပြထားတာက ၄၂ကောင်တောင်။ သတ္တဝါလေးတွေက ချစ်စရာကြီးနော။ သူတို့မှာ ရှိတဲ့ အရည်အသွေးတွေကို သတိပြုမိတယ် ဆိုရင်ပေါ့။ အဲဒီ ၄၂ကောင်က−

ကင်းမြီးကောက်၊ ကျီး၊ ကြက်၊ ကြွက်၊ ကြောင်၊ ကုန်းလိပ်ပြောက်၊ ခင်ပုပ်ငှက်၊ ခြ၊ ခြင်္သေ့၊ ခွေး၊ ခိုမ၊ ခေါက်ရှာငှက်၊ ငါး၊
စက္ကဝက်ငှက်၊ စပါးကြီးမြွေ၊ စာမရီသား၊ ဆင်၊
တီတီတွတ်ငှက်၊ တီးတုတ်ငှက်၊ နွားလားဥသဘ၊ နွားအပေါင်း၊
ပင့်ကူ၊ ပျားပိတုန်း၊ မျှော့၊ မျောက်၊ မြင်း၊ မြည်း၊ မြွေ၊ မြွေပါ၊ မြေခွေးမ၊ မြေခွေးအို၊
ရှဥ့်နက်၊ လင်းနို့၊ လိပ်၊ ဝက်၊ သစ်ဖို၊ သစ်မ၊ သမင်သား၊ သိမ်းငှက်၊
အိမ်ခို၊ အောက်ချင်းငှက်၊ ဥဒေါင်း။

“သြပမ္မကထာ” တစ်ခန်းလုံး မဖတ်နိုင်တောင် မျှော့ဥပမာလေးကိုတော့ မူရင်းအတိုင်း အားပေးလိုက်ကြဦးစို့……..

ဇလူကင်္ဂပဉှာ (မျှော့၏ အင်္ဂါ ပြဿနာ)
၈။ အသျှင်ဘုရားနာဂသေန "မျှော့၏ အင်္ဂါတစ်ပါးကို ယူအပ်၏" ဟူ၍ ဆိုတော်မူ၏။ အဘယ် အင်္ဂါတစ်ပါးကို ယူအပ်ပါသနည်းဟု (မေးလျှောက်၏)။ မင်းမြတ် မျှော့သည် အကြင်သူ၌ တွယ်၏၊ ထိုသူ၌သာ မြဲစွာ တွယ်၍ သွေးကို စုတ်သကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် အကြင် ကမ္မဋ္ဌာန်းတည်းဟူသော အာရုံ၌ စိတ်သည် တွယ်၏၊ ထိုကမ္မဋ္ဌာန်းတည်းဟူသော အာရုံကို အဆင်းအားဖြင့်လည်းကောင်း၊ သဏ္ဌာန်အားဖြင့်လည်းကောင်း၊ အရပ်မျက်နှာအားဖြင့်လည်းကောင်း၊ တည်ရာမှီရာအားဖြင့်လည်းကောင်း၊ အပိုင်းအခြားအားဖြင့်လည်းကောင်း၊ အသွင်အပြင်အားဖြင့်လည်းကောင်း၊ အမှတ်နိမိတ်အားဖြင့်လည်းကောင်း မြဲစွာ တည်ထောင် စိုက်နှက်၍ ထိုစွဲလမ်းသော အာရုံဖြင့်သာလျှင် တစ်စုံတစ်ခုသော အရသာနှင့် မရောယှက်သော ကိလေသာမှ လွတ်မြောက်မှု(ဝိမုတ္တိ) တည်းဟူသော အရဟတ္တဖိုလ်အရသာကို သောက်ရာ၏။ မင်းမြတ် မျှော့၏ ဤအင်္ဂါတစ်ပါးကို ယူအပ်၏။

မင်းမြတ် အနုရုဒ္ဓါမထေရ်သည်- "စင်ကြယ်လှစွာသော စိတ်ဖြင့် ကမ္မဋ္ဌာန်းအာရုံ၌ တည်၍ ထိုစိတ်ဖြင့် မည်သည့် အရသာတို့နှင့်မျှ မရောယှက်သော ဝိမုတ္တိဟူသော နိဗ္ဗာန်, မဂ်, ဖိုလ်အရသာကို သောက်သုံးအပ်၏" ဟု ဤစကားကိုလည်း ဟောတော်မူအပ်၏။ ။

ကဲ မျှော့အကြောင်း ပြောလိုက်တာ နားတွေလည်း ငြီးနေလောက်ပါပြီ။ လက်ဖျစ်တစ်တွက် လျပ်တစ်ပျက် မျက်စိတမိတ်ကလေးမှ မေတ္တာစိတ်လေး ဖြစ်ဖြစ်ပေါ့လေ။ ဒါဆို ငနုချောင်းသားကြီးရော မေတ္တာစိတ်ဖြစ်လား မေးရင်…..။

မျှော့လေးတွေကို အရင်လိုတော့ သဲသဲလှူပ် မကြောက်တတ်တော့ပါဘူး။ ခြေထောက်တို့ ခြေသလုံးလို့ တွယ်ကပ်လာရင်လည်း ဆိုးဆိုးဝါးဝါး မတုန့်ပြန်လောက်တော့ပါဘူး။ ဒါပေမဲ့ ခါးမြုပ်လောက်တဲ့ ရေထဲမှာ သွားတဲ့အခါ မတော်ရာ တွယ်ပြီး အပေါက်ရှိရာ လျှောက်ဝင်သွားမှာကို တွေးမိလိုက်တော့

ဟေ ဟေ့ ဟေး…………..

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...