ကောင်းကင် အပေါက်နဲ့ မိုးခေါင်ရေရှား ရပ်ဝန်း (၂)
ဗိုလ် နင့် July 28, 2014 at 9:54am
အနုပညာဟာ အကုသိုလ်ပဲ
အနုပညာဟာ အကုသိုလ်တွေပဲ
အနုပညာဟာ……………………………..
အ…..ကု……….သိုလ်တွေပဲ
ပြောပြီး အနုပညာရှင်ဟာ
အနုပညာကြီးကို ရိုက်ချိုးပစ်လိုက်တယ်
ဆောင့်ကန်ပစ်လိုက်တယ်
အားကုန်လွှဲလို့… ထိုးနှက်ပစ်လိုက်တယ်
အနုပညာကြီးဟာ ဟက်တက်ကြီး
အနုပညာကြီးဟာ ဟောက်ပက်ကြီး
အနုပညာကြီးဟာ နှစ်ခြမ်းကွဲသွား………
အနုပညာကြီးဟာ ပိန့်ရှုံ့သွား…
အဲဒီအချိန်မှာ…………………….။
၂။
ကျော်ကျော် သူ့လွယ်အိတ်ထဲ နှိုက်ပြီး တစ်စုံတစ်ခုကို ထုတ်လိုက်တယ်။ တစ်စုံတစ်ခုဟာ စာရွက်တွေ ဖြစ်နေတယ်။ အဲဒီ စာရွက်ပေါ်မှာ သူ့လက်ရေးနဲ့ ရေးထားတဲ့ ကဗျာတွေ။ ကျော်ကျော် သက်ပြင်းတစ်ချက်ကို ချလိုက်တယ်။
ပြီးတော့………….
ကောင်းကင်ကြီးကို မော့ကြည့်ပြီး အသက်ကို ၀အောင် ရှူလိုက်တယ်။
သူမော့ကြည့်နေတဲ့ ကောင်းကင်ကြီးဟာ တဖြေးဖြေး အရောင်တွေ ပြောင်းသွားတယ်။ အပြာရောင်ကနေ အနီရောင်… အစိမ်းရောင်…. အညိုရောင် … ခရမ်းရောင်…..
အို… အရောင်တွေကို သူနာမည်တောင် မပေးနိုင်တော့လောက်အောင်
အရောင်တွေ စုံနေလိုက်တာ…။
ကျော်ကျော်မျက်နှာဟာလည်း ကောင်းကင်ကြီးရဲ့ အရောင်တွေ လာဟပ်ပြီး ပြောင်းလဲနေတယ်။ ပြီးတော့ ကျော်ကျော်ဟာ သူ့ဘောင်းဘီအိတ်ထဲက မီးခြစ်တစ်လုံးကို စွဲထုတ်ပြီး ဂျောက်ခနဲ မီးခြစ်လိုက်တယ်။
တိမ်တွေ ရောင်စုံပြောင်းနေတဲ့
တစ်ခုသော ညနေခင်းမှာ
မီးလောင်ကျွမ်းသွားတဲ့
ကဗျာစာရွက်တွေ ရှိခဲ့တယ်။
၃။
အဲဒီနေ့ပေါ့
ကမ္ဘာကြီးဟာ နာဖျားနေတယ်
ပတ်ဝန်းကျင်က လေတွေဟာ စိမ့်သက်ခါးအီနေတဲ့ ရနံ့တွေနဲ့ မွှေးပျံ့လို့
ငါသိတယ်
ငါမရှိဘူး
ငါရှိတယ်
ငါမသိဘူး
လူငယ်တစ်ယောက်ရဲ့ တက်ကြွနေတဲ့ ခြေလှမ်းတွေကို
ရွှံ့စေးတွေ အထပ်ထပ်လွန့်လူးနေတဲ့ ဗွက်အိုင်ထဲကိုမှ
ပစ်ချထားခြင်းခံခဲ့ရ
နှင်းဆီတွေချည်း ပွင့်ပြခဲ့ချင်တဲ့ လူငယ်တစ်ယောက်ပေါ့
သူ့ကိုယ်သူ ဥယျာဉ်မှူးဘ၀ကနေ
ရာသက်ပန် နောင်တရစေတဲ့ အဆိပ်သင့်ဆူးတွေနဲ့
သူလမ်းလျှောက်နေတယ်
သူမရှိဘူး
သူလမ်းဆက်လျှောက်နေတယ်
သူမရှိတော့ဘူး
သူမရှိတော့ပေမယ့်
သူလျှောက်ခဲ့တဲ့ လမ်းတွေ ရှိတယ်ဆိုတာတော့
နှင်းဆီရောင် တောင်တန်းကြီးတွေက
အဆိပ်သင့်ဆူးတွေ ဒလဟော ထိုးဆင်းနေတဲ့ ရေတံခွန်တွေလိုမျိုး
နောင်တစ်ခေတ်မှာ သက်သေပြကြပါလိမ့်မယ်။
၎။
အမှတ်တရတွေ စတင် သီးပွင့်လာတဲ့ တစ်နေ့ပေါ့။ မှတ်မှတ်ရရ ဇွန်လိုင် နှစ်ဆယ်နဲ့ ရှစ်ရက်။ တနင်္လာနေ့။
“မင်း အဲဒါ ဘာလုပ်နေတာလဲ”
ဓါတ်ခွဲခန်းထဲမှာ သူအလုပ်လုပ်ရင်း သူ့အသိမေးခွန်းကို သူဖြေနေတယ်။
“လက်နက်ထုတ်နေတာ”
“ဘာ…”
သူ ပထမအဖြေကိုပဲ နောက်တစ်ကြိမ် ထပ်ဖြေမိတယ်။
“လက်နက်ထုတ်နေတာ”
……………..
“မင်းလက်နက်က ဘာနဲ့ ထုတ်တာလဲ အနုမြှူနဲ့လား ဘိုင်အိုလက်နက်လား”
သူ ပြုလုပ်ချက်တွေကို သူ့ဘာသာ မမေ့အောင် စာရင်း ပြုစုမှတ်သားပြီး သူဖြေလိုက်မိတယ်။
“ငါ့လက်နက်က လူတွေကို သတ်ဖို့ မဟုတ်ဘူး
ဒါပေမယ့် ဒီလက်နက်နဲ့ ပစ်ခတ်ခံလိုက်ရတဲ့သူမှာ
အမုန်းတရားတွေပျောက်ပျက်ပြီး ချစ်ခြင်းမေတ္တာတွေ ဖြစ်ထွန်းလာကြလိမ့်မယ်”
ပြောပြီး ဘေးနားက သူကို သူ့ဓါတ်ငွေ့ဘူးနဲ့ ပစ်ပေါက်လိုက်တယ်။
ရုတ်တရက် မရှောင်လိုက်နိုင်ဘဲ သူ့အသိဟာ ဓါတ်ငွေ့တွေကို ရှူမိသွားတယ်။ ခဏနေတော့ လှန့်သွားတဲ့ ရုပ်ကနေ တဖြည်းဖြည်း ပြုံးလာတယ်။ ပြီးတော့ စကားတစ်ခွန်းပြောပြီး အူကြောင်ကြောင်နဲ့ ထွက်သွားတော့တယ်။
“ချစ်လိုက်တာ သူငယ်ချင်းရယ်
ငါမင်းကို အရမ်းချစ်တာပဲ” တဲ့။
၅။
အဲလိုနဲ့ပေါ့
မဖြူသော တိမ်ခပ်ညစ်ညစ်တွေက
သူအလစ်မှာ တိတ်တိတ်ဆိတ်ဆိတ်ကြီး
ရွာကျသွားတယ်
မိုးမိလို့ မိမှန်းမသိလိုက်တဲ့
လူငယ်တစ်ဦးပေါ့
သူ့ခေါင်းမှာ မိုးအညစ်တွေ ရွှဲရွဲစိုရင်း
လူတွေကြားထဲ တိုးဝင်လာတယ်
သူ့ကို မုန်းနေကြတဲ့ သူတွေအားလုံးကို သူလိုက်ရှာတယ်။ ပြီးတော့ ဓါတ်ငွေ့တွေနဲ့ တစ်လုံးပြီး တစ်လုံးသူ ပစ်ပေါက်ခဲ့တယ်။ စိတ်တိုင်းကျကြီး ပစ်ပေါက်ခဲ့တယ်။ ကျေနပ်ပြုံးကြီးနဲ့ သူပစ်ပေါက်ပစ်ခဲ့တယ်။ ကဲ .. ခုတော့ ဘာတတ်နိုင်သေးလဲဆိုတဲ့ အငြိုးအတေးကြီးနဲ့ သူပစ်ပေါက်ပစ်ခဲ့တယ်။
သူ့လိုပဲ မိုးအညစ်တွေ ရွှဲစိုလို့ အတောင်ပံတွေ ရွဲ့စောင်းလာတဲ့ ငှက်တစ်ကောင်အနား သူဝင်ထိုင်နေလိုက်တယ်။
“ခင်ဗျားက အဲဒီ ဓါတ်ငွေ့တွေနဲ့ ဘာလုပ်နေတာလဲ”
သူဘေးက ငှက်ကလေးက သူ့ကို မေးတော့ သူ မခိုးမခန့် အောင်နိုင်သူတစ်ယောက်ရဲ့ အပြုံးနဲ့ ပြုံးပြလိုက်သေးတယ်။
“ငါဟာ အောင်နိုင်သူတစ်ယောက်ပေါ့ကွာ
ချစ်ခြင်းမေတ္တာကို ငါဟာ အောင်နိုင်သူ တစ်ယောက်ဖြစ်လာခဲ့ပြီ
ငှက်ကလေး”
ငှက်ကလေးက သူ့စကားကို မယုံသင်္ကာဖြစ်တယ်။
“လူတွေဟာ ဘာကြောင့် ချစ်ခြင်း မေတ္တာကို
တခုတ်တရနဲ့ စကားတွေ ဖောင်ဖွဲ့နေကြတာလဲ
ချစ်ခြင်းမေတ္တာဆိုတာ ဘာအတွက် အရေးကြီးနေရတာလဲ”
“အို.. သိပ်အရေးကြီးတာပေါ့ ငှက်ကလေးရယ်
လူတွေဟာ သူတို့ကို သိပ်အချစ်ခံချင်ကြတာလေ
ဒါပေမယ့် သူတို့ကတော့ ဘယ်သူ့ကိုမှ ချစ်ခြင်းမေတ္တာ အစစ်ကို ထုတ်မပေးချင်ကြဘူး
လူတွေဟာ သိပ်ကို အတ္တကြီးတဲ့ သတ္တ၀ါတွေပေါ့
ခုဆို သူတို့ဟာ အချစ်မခံချင်ကြတော့ပဲ
သူတို့ကပဲ စတင် ချစ်လိုသူတွေ ဖြစ်လာကြပြီ တွေ့တယ်မလား
ဟိုး…မှာ”
သူညွှန်ပြရာ ငှက်ကလေး လှမ်းကြည့်လိုက်တယ်။
အို…. လူတွေဟာ တစ်ဦးကို တစ်ဦး ဖက်လို့။ တစ်ဦးကို တစ်ဦး ကြင်နာလို့။ တစ်ဦးကို တစ်ဦး နမ်းရှိုက်လို့။ တစ်ဦးကို တစ်ဦး တစိမ့်စိမ့်နဲ့ ပြုံးပြနှုတ်ဆက်လို့။
ငှက်ကလေးက ကြည့်ပြီး ပြုံးတယ်။
“အဲဒါဟာ ချစ်ခြင်းမေတ္တာအတုတွေပဲ
သူတို့ဟာ ခင်ဗျားကို ချစ်သွားကြပါလိမ့်မယ်
တနည်းအားဖြင့် သူတို့ဟာ အချစ်ထောင်ထဲမှာ ကျဆုံးသွားသည့်တိုင်
ခင်ဗျားကတော့ ခင်ဗျားတစ်ကိုယ်စာ အမုန်းတရားတွေထဲမှာ
သေဆုံးနေသူပဲ”
ပြောပြီး အတောင်တွေ ရေခြောက်သွားတဲ့ ငှက်ကလေးဟာ မိုးပေါ် ပျံတက်သွားတယ်။ သူစိတ်တိုတိုနဲ့ ငှက်ကလေးကို လက်နက်နဲ့ ထုလိုက်ပေမယ့် မမှီလိုက်ဘူး။
၆။
ကမ္ဘာဦး ရာဇ၀င်တွေထဲက
မာကိုပိုလိုဟာ
ခရီးတွေ တကယ် ထွက်ခဲ့ပါလိမ့်မယ်
ဒါပေမယ့် သူဟာ ချစ်ခြင်းမေတ္တာ အစစ်ကို မတွေ့ဘဲ
စစ်တွေကိုချည်း တွေ့ခဲ့ကြောင်း
သူ ဒိုင်ယာရီထဲမှာ ရေးသွားမသွား
ခင်ဗျားနဲ့ ကျွန်တော်တို့ လောင်းရအောင်လေ။
၇။
ကျော်ကျော်ဟာ လွယ်အိတ် အခွံတစ်လုံးထဲကို မီးငြိမ်းသွားတဲ့ ပြာတွေ ထည့်လာတယ်။ ညနေခင်းဟာ သူ့ကိုယ်သူ မမြင်ရလောက်တဲ့အထိ မှောင်လာပြီပဲ။ သူဘယ်ဆက်သွားဦးမှာလဲ။ အနုပညာကို သူမယုံတော့ဘူး။ အဲဒါ တကယ်သေချာလား။ သူမသိဘူး။ အနုပညာဆိုတာ ဘာတွေလဲ။ သူမသိဘူး။ သူဖန်တီးခဲ့သမျှကို သူပြန်တွေးကြည့်တယ်။ ဘာတွေလဲ။ သူမမှတ်မိတော့ဘူး။
သူ့ လက်ဖျံရိုးပေါ်မှာ ဓါးချက်တွေကို သူရေတွက်ကြည့်မိတယ်။ ဘယ်နှစ်ခုတောင်လဲ။ အို.. များပြားလှချည်လား။ သူသောက်ခဲ့တဲ့ အရက်ခွက်တွေ ဘယ်နှစ်ခွက်တောင်လဲ။ သူသုံးခဲ့တဲ့ မူးယစ်ဆေးဝါးက ထွက်လာခဲ့ဖူးတဲ့ မီးခိုးငွေ့တွေ တောမီးလောင်သလောက် ရှိနေမလား။
သူမသေချာဘူး။
ဘာအတွက်လဲ။
လူတွေဟာ သူ့ရဲ့ အနုပညာတွေကို လေးစားကြတယ်။ အားပေးကြတယ်။ ဘာအတွက်လဲ။ အဲဒါတွေက သူ့ဘ၀ကို ခုလို တွန်းပို့ခဲ့တာပဲလား။ သူရယ်မောမိလိုက်တယ်။ အမှောင်ထဲက အမည်မသိ သူတစ်ယောက်ရဲ့ ရယ်သံဟာ လှိုင်သံကြီးနဲ့ ထွက်ပေါ်လာတယ်။ သူရယ်မောနေသေးတယ်။ သူထပ်လို့ ရယ်မောနေပြန်တယ်။ သူ့ရယ်သံဟာ မဆုံးတော့ဘူး….။
သူလက်ပေါ်က ဒါဏ်ရာတွေကို ကြည့်ပြီး သူရယ်မောနေတယ်။
တစ်ချိန်က သူဟာ အဲဒီ လက်ကို ဓါးတွေနဲ့ လှီးထုတ်လို့ သွေးကြောထဲကို အဖြူရောင် အမှုန့်တွေ ပစ်ထည့်ခဲ့ဖူးတာပဲ။ သူ့ကိုယ်သူ နာကျင်မှုတွေ တည်ဆောက်ပြီး စိတ်ရဲ့ အလျင်တွေနဲ့ ဖန်တီးပြခဲ့တဲ့ အနုပညာတွေကို လူတွေက အားပေးကြသတဲ့။ ကောင်းကြသေးလား။ လောကကြီး။ သူတဟားဟား ရယ်မောနေတော့တယ်။
၈။
အနုပညာဆိုတာ အကုသိုလ်ကောင်ကြီး
အနုပညာဆိုတာ စနေအပျက်မတစ်ယောက်ပဲ
အနုပညာဆိုတာ တေလေပြတင်းပေါက်က ထွက်လာတဲ့
အိမ်သာတစ်လုံးရဲ့ အနံ့အသက်တွေပေါ့
အနုပညာကြီးကို ရိုက်ခွဲလိုက်တဲ့အခါ
အနုပညာကြီးဟာ နှစ်ခြမ်း
နှစ်ခြမ်းကနေ သုံးခြမ်း
ပြီးတော့.. ပြီးတော့…
အစိတ်စိတ်…… အမွှာမွှာ …
လူငယ်တစ်ယောက်ရဲ့ ဘ၀ကို အဲဒီ အနုပညာက ဖျက်ဆီးတယ်
အဲဒီလူငယ်ဟာ လမ်းတွေ လျှောက်နေတယ်
လမ်းတွေဟာ အဲဒီလူငယ်ကို မငြိုမငြင်နဲ့ ထမ်းဆောင်လာတယ်
လူငယ်တစ်ယောက်ဟာ လမ်းတွေ လျှောက်နေတယ်
လေထဲမှာ ဒရွတ်တိုက်ပါလာသလိုမျိုးပေါ့။
၁၀။
လူတွေဟာ သူ့ကို ၀ိုင်းအုံထားတယ်။
လူငယ်ဟာ လူတွေရဲ့ အလယ်တည့်တည့်မှာ ညှပ်နေတယ်။
လူတွေဟာ သူ့ကို ၀ိုင်းအုံထားတယ်။
လူငယ်ဟာ လူအုပ်ကြီးရဲ့ အလယ်မှာ ချွေးပြန်နေတယ်။
လူတွေဟာ သူ့ကို ၀ိုင်းအုံပြီး တစိမ့်စိမ့်ကြည့်လို့ ချစ်ကြောင်းပြောနေကြတယ်။
အဲဒီ လူငယ်ဟာ ခေါင်းတွေချည်း ညိမ့်ပြလို့ သူသိကြောင်း ခဏတိုင်း ကရားရေလွှတ် ပြောနေရတယ်။
ကောင်းကင်ကြီးဟာ ကြည်လင်ရှင်းသန့်နေတဲ့ တစ်ရက်မှာ အဲဒီ လူငယ်ဟာ စိတ်တွေ မကြည်လင်နိုင်တော့ဘူး။ သူထွက်ပြေးတယ်။ သူထွက်ပြေးနေတယ်။
လူအုပ်ကြီးဟာ သူ့နောက်ကို အတင်းလိုက်ပြီး ဖက်နမ်းကြတယ်။
လူငယ်ဟာ စိတ်ဆင်းရဲခြင်းများစွာနဲ့ အဲဒီ လူအုပ်ကြီးကို ကော်ဆဲတယ်။ တံတွေးနဲ့ ထွေးတယ်။ လက်သီးနဲ့ ထိုးတယ်။ လူအုပ်ကြီးက ဘာမှ ပြန်မပြောဘူး။ သူ့ကို အရမ်းချစ်ကြောင်းပဲ တဖွဖွ ပြောနေကြတယ်။
၁၁။
ဝေးလံခေါင်းပါးတဲ့ နေရာဒေသတစ်ခုမှာပေါ့။ ဘယ်သူမှ မသိကြတဲ့ လူငယ်လေး တစ်ဦးဟာ သူသိပ်ချစ်တဲ့ မိန်းခလေးတစ်ယောက်ဆီ လမ်းလျှောက်လာတယ်။
သူ့လက်ထဲမှာ တစ်လုံးတည်း ကျန်တော့တဲ့ ဓါတ်ငွေ့ ဖန်လုံးလေး တစ်လုံး ပါလာခဲ့တယ်။
“နင့်ကို ငါသိပ်ချစ်တယ် ကောင်မလေးရယ်”
ကောင်မလေးက ငြင်းဆိုတယ်။
“အို.. ရှင့်ကို ကျမ ဘယ်နှစ်ခါ ပြောပြီးပြီလဲ
ဘယ်လိုမှ မဖြစ်နိုင်လို့ပါ
ကျမမှာ အခြားချစ်ရမယ့် ချစ်သူ ရှိပါတယ်”
ကောင်းကင်အပေါက်ကြီးရဲ့ အောက်မှာ မိုးအညစ်တွေ မရွာတော့ဘူး။ မရွာတော့ပါဘူး။ နှင်းဆီရောင်တောင်တန်းကြီးပေါ်ကို သူခက်ခက်ခဲခဲ တက်လာခဲ့တယ်။
ကောင်းကင်အပေါက်ကြီးအောက်က
နှင်းဆီရောင်တောင်တန်းကြီးပေါ့
အချိန်ကာလတွေက ကြာလွန်းလိုက်တာကွယ်
လူသားတစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို ငြင်းဆိုခွင့်ကို
သူမုန်းတယ်
ဒါပေမယ့် သူလိုချင်တာ ချစ်ခြင်းမေတ္တာမဟုတ်တော့ဘူး
သူလိုချင်တာ
သူတကယ်တမ်း နောက်ဆုံးလိုချင်ခဲ့တာက
အမှန်တရား တစ်ခုသာ။
၁၂။
ကျောက်ခဲများဖြင့် ပစ်ပေါက်ကြစဉ်
သတေဖန်သည် ဒူးကို ထောက်လျက်
ဆုတောင်းခြင်း အမှုကို ပြုခဲ့သည်။
“သခင်… သည်သူတို့ ပြုမှုသော ဒုစရိုက်အပြစ်ကို မှတ်တော်မမူပါနှင့်” ဟု။
(တမန်တော် ၇း ၅၉ ၊ ၆၀)
----------------------------------------------------------
တစ်ခါက နှင်းဆီရောင်တောင်တန်းကြီးပေါ်ကနေ လွှင့်ပစ်ခြင်းခံခဲ့ရသော ဖန်ပုလင်းလေး တစ်လုံး ရှိလေသည်။
- ရင်နင့်အောင် -
၂၈ ရက် ဇွန်လ ၂၀၁၄
0 comments:
Post a Comment