Wednesday, July 30, 2014

ဘ၀ ဘ၀ ဆရာမ



(၁)

“သြော်.. အေး.. ဟုတ်ပါတယ် ယောင်္ကျားရယ်၊ ကျောင်းဆင်းချိန် တော်တော်
ကျော်နေတာ မှန်ပါတယ်။ ဒါပေမယ့် ဒီမှာက အလုပ်တွေ မပြတ်သေးဘူး။
ကျောင်းအပ်တွေက လာနေတုန်းဘဲ။ ဆရာဆရာမကနည်း၊ ကျောင်းသားက
များများမို့ ပါ။ ခုထိ ကျောင်းအပ်လက်ခံတာက မပြတ်သေးလို့ ပါ။ နောက် ဒီနှစ်က..”

“ဂွပ်”



ကျောင်းဆင်းချိန်ရောက်တာတောင် အိမ်ပြန်မရောက်တော့ ယောင်္ကျားဟောက်တာ
ခံနေရတာပေါ့။ အကြောင်းအကျိုးကို ပြန်ရှင်းပြပေမယ့် စိတ်ဆိုးနေတဲ့ ယောင်္ကျားက
ဖုန်းချသွားလေရဲ့ ။ အိမ်မှာကလည်း လူမမယ်ကလေးနှစ်ယောက်နဲ့  ကျန်ခဲ့ရင်း
ယောင်္ကျားတန်မယ့် အိမ်အလုပ်လုပ်နေရတော့ စိတ်တိုပေမပေါ့။
အိမ်ထောင်ထိန်းသိမ်းမှုပါ လုပ်နေရတဲ့ ယောင်္ကျားမို့  သည်းခံရမှာပေါ့လေ။

(၂)

အမှန်က သူလည်းကျောင်းဆရာ၊ ကိုယ်လည်းကျောင်းဆရာ၊ နှုတ်ခမ်းပဲ့ချင်း
မီးမမှုတ်ကောင်းဘူးဆိုတာ သိရက်နဲ့  ယူခဲ့ကြတာ။

အိမ်က မာနအိုး တက္ကသိုလ်ဆရာကြီးက ငါဘယ်တော့မှ ငါသင်တဲ့စာကို ငါကျူရှင်
ပြန်သင်မစားဘူးတဲ့။ လျှာပေါ်မြက်ပေါက်ပါစေတဲ့။ ထမင်းတလုပ်အတွက်
ထင်းခုတ်စားမတဲ့။ ထင်းခုတ်ရင် အဖမ်းခံရမှာ သူမသိဘူးလား မသိပါဘူး။
တကယ်ပါ ခက်လိုက်တာနော်။

ထူးအိမ်သင်သီချင်းထဲကလို ယုံကြည်ရာကို ဈေးကွက်တင်ရောင်းဖို့  ရှက်တတ်သူ။
သူက ကျူရှင်မသင်တော့ ကျမက ဘယ်နေလို့ ရတော့မလဲ။ ကိုယ့်မှာက
ကလေးတွေနဲ့ အကြွေးတွေနဲ့ ။ ရှင်မသင်ရင် ကျမသင်မယ်ဆိုပြီး သင်ရတာပေါ့လေ။
စိတ်ထဲမှာတော့ ဘယ်လုံမလဲရှင်။ ကျောင်းဆင်းတာနဲ့  ကျူရှင်သင်မယ့်အိမ်တွေကို
ခပ်သုတ်သုတ် ပြေးရ။ ကားပိတ်လို့ အချိန်မီမရောက်ရင် ကျောင်းသားမိဘမျက်နှာက
ဘယ်လိုဆိုတာ ကိုယ်ချင်းကိုယ်ချင်းမှ သိမှာပါလေ။

(၃)

တအိမ်ကနေ နှစ်အိမ်ကူးလို့  စာသင်ပြီးအပြန်ဆို အပြင်မှာ တော်တော်မှောင်နေပြီ။
ခုအချိန်ထိ အဖြူအစိမ်းကြီးနဲ့ ဆိုတော့ လိုင်းကားပေါ်က လူတွေက ကျမကို
အထင်သေးတဲ့မျက်လုံးနဲ့  ကြည့်ကြတယ်။ ကျူရှင်ပြနေလို့  အိမ်ပြန်နောက်ကျမှန်း
သိကြလေရဲ့ ။ ကျမ အဲဒီမျက်လုံးတွေကို မျက်နှာချင်းမဆိုင်ဘဲ လွှဲလိုက်ရတာချည်း
ပါလေ။ ကိုယ်လည်း ကိုယ့်အတွေးနဲ့ ကိုယ် အာရုံပြောင်းလိုက်ရတာပေါ့။ ခုအချိန်ဆို
ဗိုက်ကဆာဆာ၊ ကားကကျပ်ကျပ်။ အိမ်မြန်မြန် ပြန်ရောက်ချင်လှပါပြီ။ အိမ်မှာ
ယောင်္ကျားနဲ့ ကလေးတွေ ဘာချက်စားကြပါလိမ့်။ တွေးမိရင်း ကျမလည်း
ဗိုက်ပိုဆာလာတယ်။

လမ်းမှာ ၀ယ်မစားနိုင်ဘူးလေ။ ကိုယ်ကြိုက်တဲ့ မုန့် ဟင်းခါးနဲ့ ဘူးသီးကြော်
လေးတောင် ၄၀၀ ကျပ်ဆိုတော့ မစားနိုင်တာ ကြာပါပြီ။ အလှူအတန်းလေးကြုံမှ
နှစ်ပွဲလောက် ဆင့်ဆွဲလိုက်ရတာ။ ရှက်တော့ရှက်တာပေါ့။

မနက် ကျောင်းလာတာ ကားခ ၂၀၀ ကျပ်နဲ့  ဆိုက်ကား ၃၀၀ ကျပ်ကုန်ခဲ့ပြီ။
ဒါတောင် အိမ်ကနေ ကားဂိတ်ကို လမ်းလျှောက်လာလို့ ၊ မဟုတ်ရင် အဲဒီအတွက်
ဆိုက်ကားခ ၃၀၀ ကျပ်။ မနက်မိုးလင်းလာလို့  ကျောင်းလာတာနဲ့ တင်
၅၀၀ ကျပ်လောက်ကျနေပြီ။ ခုကျောင်းဆင်းလို့  ကျူရှင်လာရတာက ကားခ
၂၀၀ ကျပ်၊ ဆိုက်ကား ၃၀၀ ကျပ်ဆို မနက်ကနဲ့ ပေါင်းရင် ၁၀၀၀ ကျပ်လောက်
ကုန်ပြီလေ။ ခုအပြန်ကားခ ၂၀၀ ကျပ်၊ ဆိုက်ကား ၃၀၀ ကျပ်ဆို ဒီကနေ့ ထွက်တာ
၁၅၀၀ လေ။ ဆိုတော့ အဆာပြေ တခုခုဝင်စားရင် လေးငါးရာ ထွက်ဦးမှာ။

(၄)

အင်း၊ လစဉ်ဝင်ငွေလေးကို တွက်ကြည့်မိပါရဲ့ ။ ကိုယ်ရတဲ့လစာလေးနဲ့ မလောက်လို့ 
ကျူရှင်ပြတာတောင် စုစုပေါင်းမှ နှစ်သိန်းနီးနီး။ အိမ်က တက္ကသိုလ်ဆရာ
ပြန်တမ်းဝင်ကြီးက တသိန်းခုနစ်သောင်းနဲ့ ပေါင်းလိုက်မှ သုံးသိန်းကျော်။

တော်သေးတာ၊ အိမ်ရှင်သဘောကောင်းပေလို့ လေ။ အပြောင်းအရွှေ့  ခဏခဏ
မလုပ်ရတာကိုဘဲ ကျေးဇူးတင်နေရတယ်။ မြောက်ဒဂုံမှာက ပွဲစားမွှေလို့ 
အိမ်ငှားတွေ ခြောက်လတကြိမ် ပြောင်းနေရတာ။ ခုတလခြောက်သောင်းနဲ့ ငှားလို့ 
ရထားတဲ့အိမ်က မပြောင်းရ၊ မရွှေ့ ရမို့  တော်သေးတာပေါ့။

ကျန်တဲ့ဝန်ကြီးဌာနက ၀န်ထမ်းတွေသာ အိမ်ရာတို့  လိုင်းခန်းတို့  ပေးတာလေ။
ကျမတို့  ပညာရေးဝန်ကြီးဌာနက ၀န်ထမ်းလိုင်းခန်းဆိုတာ ဘာလဲမေးယူရတယ်။
ကျမတို့ ပညာရေးဝန်ကြီးတွေ အဆက်ဆက်သာ ပြောင်းသွားတယ်၊
ကျောင်းဆရာတွေကို အိမ်ရာလေး လိုင်းခန်းလေးပေးဖို့ စဉ်းစားတောင်
စဉ်းစားခဲ့ကြလား မသိရှင်။

ယောင်္ကျားကလည်း လိုင်းခန်းမရ။ ရနိုင်တဲ့ လိုင်းခန်းကလည်း “ခပေါင်း”လို
လူပျိုဆောင်တဲ့။ မေးကြည့်တော့ “ခပေါင်း”က ဆယ်ပေပတ်လည်တောင်မရှိတဲ့
အခန်းကျဉ်းလေးတွေ။ မိသားစုလေးယောက် ဘယ်လိုနေရပါ့မလဲ။
အိမ်ထောင်သည် လိုင်းခန်းကလည်း အ.ဆ.ည အရာရှိတွေသာ ရနိုင်တာတဲ့။
စီနီယာ ကထိကကြီးတွေတောင် မလောက်မငှဆိုဘဲ။

သြော်၊ သခင်ဖိုးလှကြီးတို့ ခေတ်က ဆယ်ပေပတ်လည်ကို အခန်းကျဉ်းလို့  ဗြိတိသျှ
အစိုးရကို သပိတ်မှောက်ကြတာတဲ့။ ကျမတို့  ကျောင်းဆရာ၊ ဆရာမတွေတော့
ဒီခေတ်မှ ၁၀ ပေခန်း မရတာကိုတောင် သပိတ်မမှောက်ရဲပေါင်ရှင်။

(၅)

အင်း၊ ဘ၀သာ ဒုံရင်းတာလေ။ ဘယ်နေ့ အလုပ်ပြုတ်မလဲကျတော့ ပူနေရတာ။

ပြဌာန်းစာအုပ် ထုတ်မပေးလို့  အတိုင်ခံရ။ ဘာကြေးညာကြေးကောက်လို့ 
အတိုင်ခံရနဲ့ ၊ တနှစ်တနှစ် အတိုင်ခံရလို့  အစစ်ခံရတာကလည်း မနည်း။
စိတ်ညစ်လှပါတယ်။ အလုပ်ပြုတ်ကမှ လွတ်လွတ်လပ်လပ်ရှိနိုင်သေး။
ဈေးရောင်းစားရင် ချောင်ချောင်လည်လည်ရှိနိုင်သေး။ သင်ထားမိတဲ့ ပညာလေး
နှမျောနေလို့ သာ။ ဒါတောင် ဘယ်သူက အတင်းအကျပ်ခိုင်းလို့  ဆရာအလုပ်
လာလျှောက်လဲလို့  တာဝန်ကြီးသူတယောက် တာဝန်မဲ့ ပြောခဲ့သေး။

ကျမတို့ ဆင်ခြေဖုံးကျောင်းတွေဆိုတာက အစိုးရက အဆောက်အဦဆောက်၊
ဆိုင်းဘုတ်တင်ပြီး ကျောင်းဖွင့်သွားတာ။ ပြောလိုက်ရင်တော့ အခမဲ့ပညာရေးတို့ 
ဘာတို့ ။ ကျောင်းအပ်ခတို့  ဘာကြေးညာကြေး မကောက်ရတို့  ဘာတို့ ။

အခမဲ့ ပညာရေးက ခုံကျိုးတော့ ဘယ်လို အသစ်လဲမလဲ။ အစိုးရက ပြန်ပြင်ပေးတဲ့
အချိန်ထိ စောင့်နေလို့ မှ မရတာ။ ကျောင်းအုပ်ကြီးသာ သနားမိပါရဲ့ ။
မိဘဆရာအသင်း ဆိုတာကလည်း ရေရှည် ဘာမှလုပ်နိုင်တာ မဟုတ်ဘူးလေ။

နောက် ကျောင်းစစ်များလာရင် ဧည့်ခံကျွေးမွေးစရိတ်တို့ ၊ တခြားဗာဟီရတွေကများ။
ပြီးတော့ ကွက်ပျောက် ကုန်စရာ အသေးသုံးတွေ များလှပါရဲ့ ။ တံမြက်စည်းဖိုး၊
အမှိုက်ပုံးဖိုး၊ ရေသန့် ဖိုး.. စုံလို့ .. စုံလို့ ..။ ကျောင်းအိမ်သာ ဆိုတာကလည်း
ပြောတော့ပါဘူးလေ။

(၆)

လူတွေကလည်း တခြားဝန်ကြီးဌာနတွေမှာ အလုပ်ဖြစ်ဖို့ အတွက် အ၀င်အထွက်
အပေးအယူ လုပ်တာကျ လုပ်ရိုးလုပ်စဉ်လိုပါဘဲ။ ရှေ့ ပေါက်က ၀င်လိုက်၊
နောက်ပေါက်က ၀င်လိုက်။ အဲဒါတွေကျ မတိုင်ကြ မတောကြဘူးလား မသိရှင်။

ကျောင်းဆရာတွေကောက်တဲ့ ပိုက်ဆံတပဲခြောက်ပြားကျတော့ အထင်လွဲ
အမြင်လွဲ။ စာမေးပွဲ မေးခွန်းကြေးလေး တရာလောက် ကောက်လိုက်ရင်
ဟိုတိုင်ဒီတိုင်နဲ့ ။

ကျမတို့ မှာ သီတင်းကျွတ်ကျရင်သာ အာစရိယ ဂုဏော အနန္တော နေကြတာ။
ကျန်တဲ့အချိန်တွေမှာ ပညာရေးဌာနအဆင့်ဆင့်က အပေါ်က ကန်လိုက်၊
ကျောင်းသားက အောက်က ကန်လိုက်၊ မိဘက ဘေးက ကန်လိုက်နဲ့ ။
ဒီကြားထဲ နိုင်ငံရေးသမားတချို့ က ၀င်ဆဲလိုက်သေး။

ပညာရေးနိမ့်ကျနေတာဟာ ဆရာ၊ ဆရာမတွေမှာ အတိုင်းအတာတခုအထိ
တာဝန်ရှိတယ်ဆိုတာ လက်ခံပါတယ်။ ဒါပေမယ့် ကျမတို့ ဟာ ဒီပြဿနာရဲ့ 
အဓိက တရားခံတွေတော့ မဟုတ်ဘူးလို့  ပြောချင်ပါရဲ့ ။ ကျမတို့ က
ဓားခုတ်ရာ လက်ဝင်လျှိုတာ။ ဘ၀အကျိုးပေး နုံနဲ့ လို့ ပါရှင်။

တော်ပါပြီရှင်။ ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင် ဆုတောင်းချင်ပါရဲ့ ။

ဒီဆုတောင်း မှားချင် မှားပါစေတော့။

ဝဋ်ကြွေးရှိရင်လည်း ကျေပါစေတော့ရှင်။

ဘ၀ဆက်တိုင်း ကျောင်းဆရာ မဖြစ်ပါရစေနဲ့ ။ ဒီဘ၀ ဒီမျှသာလို့ ။

မိမာ

(၂၉၊ ဇူလိုင်၊ ၂၀၁၄ ထုတ် Democracy today သတင်းစာမှ ကူးယူဖော်ပြပါသည်)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...