Wednesday, July 16, 2014

Heavenly Virus (၅)

မြင့်မိုရ်တောင်တစ်ဝိုက်မှာ တိမ်တွေ အုပ်လိုက်ဖွဲ့နေသည်။ ထိုတိမ်တွေကြား ထိုးထွက်နေတာက ခမ်းခမ်းနားနား ရွှေဗိမာန်ကြီးတစ်ခု။ ဗိမာန်ကြီးထဲမှာက ရုံးခန်းတစ်ခန်း၊ ထိုရုံးခန်းထဲမှာတော့ သိကြားမင်းကြီးနှင့် သူ့တပည့် မာတလိ နှစ်ယောက်သား ခေါင်းချင်းရိုက်လျှက် ရှိသည်။

“ဒီကိစ္စ ခပ်မြန်မြန် ဖြေရှင်းမှ ဖြစ်တော့မယ် သိကြားမင်း”
“အင်း…မင်းပြောပုံအရဆိုရင် ဒီကိစ္စက အသေးအမွှားတော့ မဟုတ်ဘူး။ လူဆိုးတွေ နတ်ပြည်ရောက်၊ လူကောင်းတွေ ငရဲရောက်၊ ကြာရင် လောကကြီးတစ်ခုလုံး ငါးပါးမှောက်မယ့်ကိန်း၊ ခက်နေတာက… ငါလည်း ပြဿနာရင်းမြစ်ကို စဉ်းစားမရဘူး ဖြစ်နေတယ်”

“သိကြားမင်းအနေနဲ့ တစ်ယောက်စ နှစ်ယောက်စ ဖြစ်ဖြစ်၊ လဘက်ရည်ဖိုးယူပြီး ခေါ်သွင်းမိတာများ ရှိဖူးလား”


“အာ... မင်းကွာ...။ ငါ့ကို ဘယ်လိုသိကြားမျိုးများ မှတ်နေလဲမသိဘူး။ လူတိုင်းကို သူ့မှတ်တမ်းရှိတဲ့အတိုင်း ခေါ်သွင်းတာပဲ ရှိတယ်။ ဖရော်ဖက်ရှင်နယ်မကျတဲ့အလုပ်တွေ ငါက စိတ်တောင် မကူးဘူး”

“ဒါနဲ့ သိကြားမင်းက လူတစ်ယောက်ချင်း လုပ်သမျှကို ခွေးရေပုရပိုဒ်မှာ စာရင်းလိုက်မှတ်နေတာ မဟုတ်ဘူးလား”
“ဒါက လူတွေ ကောလဟလ လျှောက်ပြောနေတာပါ၊ သိကြားမင်းဆိုမှတော့ စာရင်းကိုင်အဆင့်ထက်တော့ သာသင့်တာပေါ့ကွ”
“ဒါဆို လူ့ပြည်က သေသွားတဲ့လူတွေကို ယမမင်းဆီတို့၊ သိကြားမင်းဆီတို့ကို ဘယ်သူက တာဝန်ယူပြီး ပို့လွှတ်နေတာလဲ”
“အဲဒါတော့ ငါလည်း မသိဘူးကွာ၊ ငါ သိတာဆိုလို့ အချိန်တန်ရင် ငါတို့ဆီကို သူတို့ရဲ့ နာမည်ရယ်၊ သူတို့လုပ်ထားတဲ့ အမှုတွေရယ် တွဲပြီး မှတ်တမ်းတွေ ရောက်လာတာပဲ၊ ငါတို့က အဲဒီမှတ်တမ်းတွေ ကြည့်၊ လူတွေ့ အင်တာဗျူးပြီး သူတို့နဲ့ ထိုက်တန်သလို စီမံလိုက်ကြတာပဲ”

“ဒါဆို အဲဒီ့မှတ်တမ်းတွေကို လိုက်မှတ်တာက ဘယ်သူလဲ”
“အဲဒီ့မှတ်တမ်းတွေကို လိုက်မှတ်တာ…..”
သိကြားမင်းက မာတလိမေးတဲ့ မေးခွန်းအတိုင်း နောက်က လိုက်ရွက်၏။ လတ်တလောမှာ အဖြေ ရှိပုံမရ။ သို့နှင့် ထိုင်ရာက ထပြီး ရွှေရောင်ရုံးခန်းကြီးထဲ ခေါက်တုန့်ခေါက်ပြန် လျှောက်နေသည်။

မာတလိလည်း ရွှေနားကွပ်ဆိုဖာကြီးပေါ် ထိုင်ရင်း စဉ်းစားခန်း ၀င်နေ၏။
လူတွေ အသက်ရှင်တုန်း လုပ်နေသမျှကို နောက်က မှတ်တမ်း လိုက်ရေးတဲ့သူ ရှိလား၊ သူတို့သေတဲ့အခါ အဲသည့်မှတ်တမ်းဖိုင်တွေကို စာရင်းကိုင်တဲ့သူက ဘယ်သူလဲ။
မာတလိ သည်မေးခွန်းကို အဖြေရှာနေမိသည်။
မှတ်တမ်းရေးတဲ့သူ၊ စာရင်းကိုင်တဲ့သူကို သိရင် ပြဿနာရဲ့ အစကို တွေ့မည်၊ ဒါဆို တိကျတဲ့အဖြေကို ရှာဖို့ မခက်တော့။

သိကြားမင်းကြီးလည်း မာတလိ စဉ်စားသလို လိုက်စဉ်းစားနေပုံရ၏။ လမ်းလျှောက်နေရင်းက ခဏနေတော့ ဖုန်းစာအုပ်ပုရပိုဒ်ကို သွားလှန်သည်။ ပြီး မာတလိကို နံပါတ်တစ်ခု မှတ်ထားခိုင်းလိုက်၏။
“ဒါက အရှေ့အလယ်ပိုင်းကောင်းကင်ဘုံရဲ့ ဖုန်းနံပါတ်ပဲ၊ အဲဒီကို ဆက်ကြည့်၊ အကြံဥာဏ်တစ်ခုခုများ ရလေမလားပဲ”
“သူတို့နဲ့ ကျွန်တော်တို့နဲ့က ဆက်စပ်မှုရှိလို့လား”
“ပုံမှန်ဆိုရင်တော့ မရှိဘူးပေါ့ကွာ၊ ဒါပေမယ့် လိုအပ်လာရင်တော့ အကူအညီ တောင်းသင့် တောင်းရမှာပေါ့၊ ကျန်တာတွေ မတူရင်တောင် သူတို့နဲ့ တို့နဲ့က ကောင်းကင်ပေါ်မှာ ဘုံဆောက်နေတာချင်းတော့ တူကြတယ်လေကွာ”

မာတလိ ထွေထွေထူးထူး စဉ်းစားမနေတော့ဘဲ သိကြားမင်းပေးတဲ့ ဖုန်းနံပါတ်ကို ကောက်နှိပ်လိုက်သည်။ ဖုန်း ချက်ချင်း ၀င်သွား၏။
“ဟဲလို.. ကျွန်တော် တာဝတိံသာ နတ်ပြည်က မာတလိပါ၊”
“ဟေ့လူ.. ခင်ဗျား ဘာသာရေးအသုံးအနှုန်း နားမလည်ဘူးလား၊ ဟဲလိုလို့ မပြောနဲ့။ ‘ဟာလေလူးယာ’ လို့ ပြင်ပြော၊”
တစ်ဖက်က ခပ်တင်းတင်း ပြန်ပြောသံ ကြားရ၏။

မာတလိလည်း သံခင်းတမန်ခင်း နားလည်စွာ ထိုအသံ ညွှန်ကြားတဲ့အတိုင်း လိုက်လုပ်ရှာသည်။
“ဟုတ်ကဲ့၊ ဟာလေလူးယာ”
“သိပ်တော့ မပီဘူး၊ ထားပါတော့.. ဘာကိစ္စရှိလို့လဲ”
“ဘုရားသခင်နဲ့ စကားပြောစရာရှိလို့ပါခင်ဗျ”
“ခင်ဗျားဟာ ဘာသာရေးတင်မက၊ လူမှုရေးဘည်း နားမလည်ဘူးထင်တယ်။ ဒီနေ့ ဥပုသ်နေ့ဗျ၊ ဘုရားသခင် အနားယူနေတယ်”
“ဒီနေ့ လပြည့်လကွယ်လည်း မဟုတ်ပါဘူးခင်ဗျ”
“ခင်ဗျားဟာက ဘာသာရေးရော၊ လူမှုရေးရောအပြင် ယဉ်ကျေးမှုပါ နားမလည်ဘူး။ ခင်ဗျားတို့ဆီမှာ ဘယ်နေ့ပဲ ဥပုသ်ဥပုသ်၊ ကျုပ်တို့ဆီမှာတော့ သောကြာနဲ့ တနင်္ဂနွေဗျ၊ သွားဗျာ.. နောက်နေ့မှ ပြန်ဆက်”

တစ်ဘက်က ခပ်မာမာပြောပြီး ဖုန်း ဂွပ်ခနဲ ချသွားတော့၏။ သိကြားမင်းကြီးက မာတလိကို ပုခုံးတစ်ချက် တွန့် ပြသည်။

(၆)

သို့နှင့် နောက်တစ်နေ့မှာ မာတလိခမျာ ခပ်ရွံ့ရွံ့နှင်ပင် ဖုန်းဆက်ရပြန်သည်။ သို့သော် သည်နေ့ ဖုန်းကိုင်တဲ့သူက ဥပုသ်နေ့ဆိုတဲ့နေ့က ဖုန်းပြောတဲ့သူနှင့် မတူ၊ ယဉ်ကျေးပြူငှာပုံရသည်။
“ဟာလေလူးယာ”
“ဟုတ်ကဲ့၊ မောရှေပြောနေပါတယ်”
“ဘုရားသခင်နဲ့ စကားပြောလို့ ရမလားခင်ဗျ”
“ဘုရားသခင်နဲ့ ပြောချင်တာကို ကျွန်တော်ကတစ်ဆင့် ဆွေးနွေးလို့ရပါတယ်ခင်ဗျ၊ ကျွန်တော်က ဘုရားသခင်ရဲ့ အစောဆုံးတပည့်တစ်ယောက်ပါပဲ”
“သြော်... ရာဘီမောရှေ၊ သျှလုံမ်”

မာတလိလည်း တတ်သလောက်မှတ်သလောက် ဟီဗရူးစကားနဲ့ နှုတ်ဆက်လိုက်ပြီး နတ်ပြည်နှင့် ငရဲပြည်လောကမှာ ဖြစ်ပျက်နေသည်များကို အသေးစိတ် ပြောပြလိုက်၏။
“အဲဒါပါပဲ.. ကိုမောရှေရာ”

တစ်ဘက်က တမန်တော်ကိုမောရှေ ငြိမ်ပြီး စဉ်းစားနေပုံပေါ်သည်။ ပြီးမှ…
“အေးဗျာ… ဒီကိစ္စတွေ ကျုပ်တို့ဆီမှာပဲ ဖြစ်နေတယ်မှတ်တာ… ခင်ဗျားတို့မှာလည်း ဒါမျိုး ကြုံနေရတာကိုး”
“ဗျာ... ဘယ်လို... ဘယ်လို”
“ဒီမှာလည်း ကမောက်ကမကိစ္စတွေ ဖြစ်နေတယ်။ ဘာသာရေး အတုအယောင်တွေအပြင် မူဆိုလိနီ၊ လီနင်၊ ဘင်လာဒင်တို့အထိ ကောင်းကင်ဘုံကို တစ်ဖွဲဖွဲ ရောက်လာနေတယ်ဗျာ၊ အဲ... မနေ့က ဖုန်းဆက်တော့ ခင်ဗျားကို ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံလွှတ်လိုက်တာလေ... ဟစ်တလာဆိုတဲ့လူပေါ့ဗျာ...ဟူး…”

မောရှေဘက်က ရင်မောတဲ့ပုံစံနှင့် သက်ပြင်းရှည်ကြီးတစ်ချက် ချသံကြားရသည်။
မာတလိ မောရှေနောက်လိုက်ပြီး သက်ပြင်းချသည်။ ပြီးမှ...
“ဒါနဲ့.. ကျွန်တော်ကြားဖူးသလောက်တော့... ဘုရားသခင်က လူတွေ အားလုံးကို မျက်လုံး ဒေါက်ထောက် ကြည့်နေတာ မဟုတ်ဘူးလား၊ သူက လူဆိုးလူကောင်း ခွဲခြားနိုင်တယ် မဟုတ်ဘူးလား”
“ဘုရားသခင်ဟာ နေရာတိုင်းမှာ ရှိပါတယ်။ ဘယ်သူ ဘာလုပ်နေတယ်ဆိုတာလည်း အကုန် သိတော်မူတယ်။ ဒါပေမယ့် ဒီအထိက ဘာမှ ပြဿနာ မဖြစ်ဘူး။အခု ဖြစ်နေတာက သေပြီးတဲ့နောက်မှာ”
“သေပြီးတဲ့နောက်မှာ...?”

“ဒီလိုလေဗျာ… လူတစ်ယောက်ဟာ သေပြီးတဲ့အခါ တရားစီရင်ရာနေ့ရောက်ဖို့ ယမန်ကြီးတစ်ပတ် စောင့်ရတယ်။ စောင့်ပြီးလို့ ရက်ချိန်းစေ့တဲ့နေ့ကျမှ ဘုရားသခင်ရှေ့ လာပြီး သူလုပ်ခဲ့သမျှကို သက်သေထွက်ဆိုရတာ။ ဘုရားသခင်က သူတို့ ထွက်ဆိုတာတွေကို ကြည့်ပြီး တရားစီရင်တော်မူတယ်”
“ဟုတ်ကဲ့”

“အခုပြဿနာတွေက စောစောကပြောတဲ့ ယမန်ကြီးတစ်ပတ် စောင့်တဲ့ကာလအတွင်းမှာ ဖြစ်နေတာလို့ ထင်ရတာပဲ။ တရားစီရင်ချိန်ကျတော့ လူဆိုးဆိုပြီး နာမည်ကြီးသူတွေက လူကောင်းတွေအဖြစ် အခိုင်အမာ သက်သေပြနိုင်ကြပြီး၊ လူကောင်းဆိုသူတွေမှာတော့ အပြစ်တွေ တစ်သက်လုံး လုပ်ခဲ့ပါတယ်ဆိုပြီး ၀န်ခံ။ ကပြောင်းကပြန်တွေ ဖြစ်နေတယ်”

နှစ်ယောက်သား စကားမပြောနိုင်ကြသေးပဲ အတန်ကြာ အတွေးကိုယ်စီနှင့် ငြိမ်သက်နေကြသည်။ မာတလိနှင့် မောရှေတို့ ပြောသမျှကို ဘေးကနေ နားစွင့်နေတဲ့ သိကြားမင်းကြီးလည်း ဘာမှဝင်မပြောနိုင်

ခဏနေတော့မှ မာတလိဘက်က စကားပြန်စရ၏။
“အင်း... သေပြီးနောက်မှာ..လူတွေရဲ့ ကံကြမ္မာကို သိမ်းထားတဲ့နေရာမှာ အမှားအယွင်းတစ်ခုခု ဖြစ်နေတာများလား”
အဲဒီတော့မှ မောရှေဘက်က အခုမှ သဘောပေါက်မိတဲ့ အမူအရာမျိုးနဲ့... ပြောလာသည်။
“ဟုတ်ပြီ... ကလိုသိုတို့ ညီအစ်မသုံးယောက်ဆီ တစ်ချက် စုံစမ်းကြည့်သင့်တယ်”
“ဘယ်က ကလိုသိုလဲဗျ”
“အေးလေ... ခင်ဗျားတို့နဲ့က နည်းနည်းဝေးတော့ သိပ်သိမှာမဟုတ်ဘူး၊ ဂရိဒဏ္ဍာရီလာ ကံကြမ္မာနတ်သမီးသုံးဖော်လေဗျာ၊ လူတွေရဲ့ ကံကြမ္မာကို ငင်တဲ့လူ ငင်၊ တိုင်းတဲ့လူ တိုင်း၊ ဖြတ်တဲ့လူ ဖြတ် လုပ်နေကြတဲ့ မိန်းမသုံးယောက်ပေါ့”
“သြော်... ဟုတ်လား…။ ဒါဆို ကိုမောရှေနဲ့ ကျွန်တော်နဲ့ သူတို့သုံးယောက်ဆီ သွားပြီး စုံစမ်းကြရင် မကောင်းဘူးလား”

တစ်ဘက်က မောရှေ... ပြက္ခဒိန်ကို (သို့) ရုပ်မြင်သံကြားသတင်းကို တစ်ချက် လှမ်းချက်နေပုံပေါ်သည်။ ပြီးမှ...
“သိပ်ကောင်းပါတယ်၊ ဒါပေမဲ့ လောလောဆယ် ဒီမှာလည်း အခြေအနေတွေ ရှုတ်ထွေးနေလို့ နောက်တစ်ပတ်ထဲကျမှ သွားကြတာပေါ့။ ဒီမိန်းမတွေ မဟုတ်တာတစ်ခုခု လုပ်ထားတာ တွေ့လို့ကတော့ ဇုနတ်မင်းကြီးဆီ အတိုင်ပြီးသားပဲ”
မောရှေစကား ကြားပြီး မာတလိလည်း သဘောကျစွာနဲ့....
“ဟုတ်ကဲ့ပါ...၊ ကောင်းပါပြီ... ရာဘီ..၊ ဒါဆို နောက်တစ်ပတ်တွေ့ကြမယ်လေဗျာ”
“ဟုတ်ကဲ့... မစ္စတာမာတလိ.. သျှလောမ်..”

(ဂရိကို ၀င်ဖို့ ဗီဇာတင်ထားရတုန်းမို့ ခဏစောင့်ကြပါ... To be continued to (၇)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...