Friday, July 18, 2014

"ဆရာဝန် ဟာသများ"

=======
1. ကူညီပါ
=======
အခမ်းအနားတစ်ခုမှာ မြို့နယ်ဆရာဝန်ကြီးက မြို့မိမြို့ဖအနေနဲ့ အမှာစကားတက်ပြောရမှာ ဖြစ်တယ်။
ညကတည်းက သူပြောရမယ့် စကားတွေကို စာရွက်တစ်ရွက်မှာ ချရေးထားတယ်။
မနက်... ...
စင်ပေါ်ရောက်တော့ ရေးယူလာတဲ့ စာရွက်ကို ထုတ်ကြည့်တာ သူ့လက်ရေးသူ မဖတ်တတ်တော့ဘူး။


ဒါနဲ့ ပရိတ်သတ်ဘက်ကို လှည့်ကြည့်ပြီး အကူအညီတောင်းတယ်... ...
"ဒီထဲမှာ ဆေးဆိုင်က အရောင်းစာရေး တစ်ယောက်ယောက်များ မပါဘူးလား ဟင်"... တဲ့။
===========
2. ငွေကုန်မှာစိုး
===========
'ဒေါက်တာ... ဒေါက်တာ... ကျနော့်နားထဲမှာ ဖုန်းခေါ်သံတွေ အမြဲကြားနေရတယ်၊ ဘာလုပ်ရမလဲဟင်'
'သွား မကိုင်နဲ့'
==========
3. နိုဗယ်ဆုရှင်
==========
မြန်မာ့ခွဲစိပ်ဆရာဝန်တစ်ယောက်ကို ဒီနှစ် ဆေးပညာဆိုင်ရာ နိုဗယ်ဆုအတွက် အမည်စာရင်းတင်သွင်းခြင်း ခံရတယ်... ...
သူက 'အူအတက် အစားထိုးကုသနည်း Appendix transplant'... ကို အောင်မြင်စွာ တီထွင်လိုက်တဲ့အတွက်ပဲ ဖြစ်တယ်။
အေးတာပဲ...
သန်၎ကို - ရမ်းဘာသာပြန်သည်။
https://www.facebook.com/thanlayko

မြန်မာ့ပိုင်နက်တွေ ဆုံးရှုံးနေပြီလား

မြန်မာ-အိန္ဒိယနယ်စပ် နှစ်နိုင်ငံနယ်နိမိတ်အတွက် အငြင်းပွားနေသောနေရာအား တွေ့ရစဉ် (ယခုဖော်ပြပါဓာတ်ပုံသည် နှစ်နိုင်ငံ အငြင်းပွားနေရာအား ဒေသဆိုင်ရာအဆင့် အကြိုညှိနှိုင်း အဆိုပြုထားသည့် ပုံဖြစ်သည်။)
သတင်းဆောင်းပါး
မြန်မာ့ပိုင်နက်များ
  
ခရစ်နှစ် ၁၁ ရာစု အနော်ရထာမင်းပုဂံမင်းဆက်ကို စတင်တည်ထောင်ချိန်တွင် မြန်မာနိုင်ငံဟူ၍ တိတိပပဖြစ်ပေါ်လာခဲ့သည်။ သို့သော် အနော်ရထာမင်းလက်ထက် မြန်မာနိုင်ငံမှာ များစွာကျယ်ပြန့်ခဲ့ခြင်းမရှိပေ။ အနော်ရထာမင်း၏ အင်ပါယာမြန်မာနိုင်ငံ၏အကျယ်အ၀န်းမှာ အရှေ့ဘက်တွင် သံလွင်မြစ်အထိ၊ အနောက်ဘက်တွင် ရခိုင်နှင့် ချင်းတောင်တန်းအစပ်၊ မြောက်ဘက်တွင် တရုတ်နိုင်ငံနယ်စပ်၊ တောင်ဘက်တွင် မလေးကျွန်းဆွယ်အပေါ်ပိုင်း တနင်္သာရီဒေသအထိ ကျယ်ဝန်းခဲ့သည်။ ဒုတိယမြန်မာနိုင်ငံကို ထူထောင်ခဲ့သည့် တောင်ငူမင်းဆက်သည် မြန်မာ့မင်းဆက်များအနက် အကျယ်ပြန့်ဆုံးအင်ပါယာကို ထူထောင်နိုင်ခဲ့သည့်မင်းဆက်ဖြစ်သည်။ တောင်ငူမင်းဆက်ထူထောင်ခဲ့သည့်အင်ပါယာမှာ အရှေ့တောင်အာရှသမိုင်း၌ အကျယ်ပြန့်ဆုံးပိုင်နက်နယ်မြေလည်း ဖြစ်သည်။ မင်းတရားရွှေထီးကိုဆက်ခံသည့် ဘုရင့်နောင်မင်းလက်ထက်တွင် ရခိုင်ပြည်နယ်မှလွဲ၍ လက်ရှိမြန်မာနိုင်ငံပိုင်နက်အားလုံးကို သိမ်းပိုက်နိုင်ခဲ့သည့်အပြင် မဏိပူရ၊ အာသံ၊ ယိုးဒယား၊ လင်ဇင်းအထိ သိမ်းပိုက်နိုင်ခဲ့သည်။ တောင်ငူမင်းဆက်ပျက်ပြီးနောက် အလောင်းဘုရားက ၁၈ ရာစုတွင် ကုန်းဘောင်မင်းဆက်ကို ထူထောင်နိုင်ခဲ့သည်။ အလောင်းမင်းတရားသည် ယခင်တောင်ငူမင်းဆက်သိမ်းပိုက်နိုင်ခဲ့သည့် နယ်မြေများအားလုံး ပြန်လည်သိမ်းပိုက်နိုင်ရန်အတွက် ကြိုးပမ်းခဲ့သော်လည်း ဒုတိယသားတော်ဆင်ဖြူရှင်မင်းတရားလက်ထက်မှသာ အောင်မြင်ခဲ့သည်။ ကုန်းဘောင်မင်းဆက်တွင် မြန်မာနိုင်ငံ၏အကျယ်အ၀န်းမှာ ယခုလက်ရှိအကျယ်အ၀န်းထက်ပင်များပြားခဲ့ပြီး စတုရန်းကီလိုမီတာပေါင်း ၇၉၄၀၀၀ ကျော်ကျယ်ဝန်းခဲ့သည်။ (လက်ရှိမြန်မာနိုင်ငံ၏ အကျယ်အ၀န်းမှာ စတုရန်းကီလိုမီတာ ၆၇၆၀၀၀ ကျော်သာရှိသည်)။ ထူးခြားချက်မှာ ကုန်းဘောင်မင်းဆက် ဘိုးတော်ဘုရားလက်ထက်တွင် ခေတ်အဆက်ဆက်မင်းများ သိမ်းပိုက်နိုင်ခဲ့ခြင်းမရှိသည့် ရခိုင်ပြည်နယ်ကိုပါသိမ်းပိုက်ပြီး မြန်မာပိုင်နက်ထဲထည့်သွင်းနိုင်ခဲ့သည်။ အင်္ဂလိပ်တို့နှင့် စစ်ဖြစ်ပွားရာမှ တတိယအကြိမ်မြောက်စစ်ပွဲအပြီး ၁၈၈၅ ခုနှစ်တွင် ကုန်းဘောင်မင်းဆက်နောက်ဆုံးဘုရင် သီပေါမင်းပါတော်မူပြီး ကိုလိုနီခေတ်သို့ကျရောက်ခဲ့သည်။ ကိုလိုနီခေတ်တွင် မြန်မာနိုင်ငံ၏နယ်နိမိတ်မှာ အိန္ဒိယနှင့်တပေါင်းတစ်စည်းတည်း သတ်မှတ်ခံခဲ့ရချိန်ရှိသလို မြန်မာနိုင်ငံအဖြစ် သီးသန့်သတ်မှတ်ပိုင်းခြားခဲ့သည်လည်းရှိသည်။ သူ့ကျွန်ဘ၀ဖြစ်သည့်အတွက် မြန်မာနိုင်ငံ၏နယ်နိမိတ်ကို တိတိပပသတ်မှတ်ပိုင်းခြားရန်မလွယ်ခဲ့ပေ။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးချိန်မှစ၍ အိမ်နီးချင်းနိုင်ငံများနှင့် မြေတိုင်းလုပ်ငန်းများ၊ နယ်နိမိတ်သတ်မှတ်ချက်များပြုလုပ်ခဲ့ပြီး နောက်တည်ရှိသောအကျယ်အ၀န်းမှာ ယနေ့မြန်မာနိုင်ငံ၏ အကျယ်အ၀န်းနယ်နိမိတ်ပင်ဖြစ်သည်။

မြန်မာ့ပိုင်နက်တွေ ဆုံးရှုံးနေပြီလား
  
ရှေးမြန်မာမင်းများ ခေတ်အဆက်ဆက်သိမ်းယူခဲ့ရသည့် မြန်မာနိုင်ငံ၏ ပိုင်နက်နယ်နိမိတ်သည် ၂၀၁၁ ခုနှစ်မှစတင်ကာ အစိုးရအဖွဲ့တာဝန်ရယူခဲ့သည့် အစိုးရသစ်လက်ထက်တွင် မြန်မာ့ပိုင်နက်ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ပြီး တစ်စတစ်စဆုံးရှုံးနေပြီလားဟူသည့် မေးခွန်းများကို ဖြစ်ပေါ်လာစေခဲ့သည်။ အစိုးရသစ်လက်ထက်တွင် မြန်မာနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများအနက် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ တရုတ်နိုင်ငံတို့နှင့် ပိုင်နက်အငြင်းပွားမှုများဖြစ်ပေါ်ခဲ့ပြီး ထိုသို့အငြင်းပွားမှုများတွင် မြန်မာဘက်ကသာ အလျှော့ပေးခဲ့ရသောကြောင့် ပိုင်နက်ဆုံးရှုံးမှုများဖြစ်ပေါ်လျက်ရှိသည်ဟု ဝေဖန်ပြောဆိုမှုများ ကျယ်ကျယ်လောင်လောင် ကြားသိလာရသည်။

စိန့်မာတင်ကျွန်းနှင့် ရေပြင်ဧရိယာ စတုရန်းကီလိုမီတာ တစ်သိန်းကျော်ပေးလိုက်ရသည့်  ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ရေပိုင်နက်အငြင်းပွားမှု
  
၂၀၀၈ ခုနှစ် မြန်မာအစိုးရ၏ သဘာဝဓာတ်ငွေ့ရှာဖွေခွင့်ရရှိထားသည့် ဒေ၀ူးအင်တာနေရှင်နယ်ကော်ပိုရေးရှင်းက ရခိုင်ကမ်းလွန်ဒေသလုပ်ကွက် AD 7 တွင် ရေနံအစမ်းတူးဖော်ရေးလုပ်ငန်းများ စတင်လုပ်ဆောင်ရာမှ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား ရေပိုင်နက်အငြင်းပွားမှု စတင်ဖြစ်ပေါ်ခဲ့သည်။ တွင်းတူးစင်ကို ရေနံလုပ်ကွက်သို့ဆွဲယူလာသည့် ဆွဲသင်္ဘောတစ်စင်းကို စောင့်ရှောက်လိုက်ပါလာသော မြန်မာ့ရေတပ်သင်္ဘောကိုတွေ့ရှိရာမှ ဘင်္ဂလားဒေ့ရှ်အစိုးရက နိုဝင်ဘာ ၃ ရက်တွင် ဘင်္ဂလားဒေ့ရှ်ရှိမြန်မာ သံအမတ်ကို ဆင့်ခေါ်ကန့်ကွက်ခဲ့သည်။ ထိုကန့်ကွက်မှုအပြီး နှစ်နိုင်ငံတပ်ဖွဲ့ဝင်များကို နယ်စပ်တစ်လျှောက် တပ်လှန့်တပ်စွဲထားမှုများလည်း ပြုလုပ်ခဲ့သည်။ ထိုစဉ်က အဆိုပါတင်းမာမှုနှင့်ပတ်သက်၍ "ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မှားယွင်းစွာတောင်းဆိုမှုကို လက်ခံနိုင်ခြင်းမရှိသဖြင့် ပယ်ချခဲ့ကြောင်း၊ ထို့အပြင် မိမိတို့နိုင်ငံ၏ အကျိုးစီးပွားကို အပြည်ပြည်ဆိုင်ရာဥပဒေများနှင့်အညီ ဆက်လက်ကာကွယ်စောင့်ရှောက်သည့်အနေဖြင့် AD 7 လုပ်ကွက်အတွင်း ဆောင်ရွက်ရန်ရှိသည်တို့ကို ပြီးဆုံးသည်အထိ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း" ၂၀၀၈ ခုနှစ် နိုဝင်ဘာ ၆ ရက်ထုတ် နိုင်ငံပိုင်သတင်းစာ မြန်မာ့အလင်းမှတစ်ဆင့် အစိုးရကထုတ်ပြန်ခဲ့သည်။ သို့သော် အဆိုပါရေကြောင်းပိုင်နက်အငြင်းပွားမှုနှင့်ပတ်သက်၍ ပင်လယ်ရေပိုင်နက်ဆိုင်ရာ အပြည်ပြည်ဆိုင်ရာခုံရုံးက ၂၀၁၂ ခုနှစ် မတ် ၁၄ ရက်တွင် စီရင်ချက်ချမှတ်ခဲ့ရာတွင် မြန်မာနိုင်ငံသည် ရေပြင်ပိုက်နက် မိုင်ရာနှင့်ချီ၍ စွန့်လွှတ်ခဲ့ရပြီဖြစ်ကြောင်း၊ လက်လွှတ်ခဲ့ရသည့်ပိုင်နက်တွင် ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့သယံဇာတ အများအပြားရှိကြောင်း ပြည်သူများနှင့်မီဒီယာများက ဝေဖန်ပြစ်တင်ပြောဆိုခဲ့ကြသည်။ ထိုအချိန်က ရေပိုင်နက်အငြင်းပွားမှု လျှောက်လဲချက်ပေးရာတွင်လည်း ဘင်္ဂလားဒေ့ရှ်ဘက်က တက်ကြွစွာဆောင်ရွက်ခဲ့သော်လည်း မြန်မာဘက်က အားသွန်ခွန်စိုက်ပြုလုပ်ခဲ့ခြင်းမရှိသောကြောင့် အမှုရှုံးခဲ့ရသည်ဟု ပြောဆိုမှုများလည်းရှိနေသည်။ မြန်မာဘက်က ရေပိုင်နက်မဆုံးရှုံးကြောင်း အကြောင်းပြပြောဆိုမှုများရှိသော်လည်း အဆိုပါရေကြောင်းပိုင်နက်စီရင်ချက်ချမှတ်ပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးက ရေကြောင်းပိုင်နက် အပြည်ပြည်ဆိုင်ရာခုံရုံး၏ ဆုံးဖြတ်ချက်အပေါ် "မိမိတို့ရည်မှန်းချက်အောင်မြင်သည်" ဟု ပြောဆိုခဲ့သည်။ အဆိုပါရေကြောင်းပိုင်နက်အငြင်းပွားမှုဆုံးဖြတ်ချက်အရ နတ်မြစ်၏ထိပ်တွင်တည်ရှိပြီး မြန်မာ့ကမ်းရိုးတန်းနှင့်ပိုနီးသည့် စိန့်မာတင်ကျွန်း (မြန်မာအခေါ် အုန်းကျွန်း) အား ဘင်္ဂလားဒေ့ရှ်နိုင်ငံပိုင်ကျွန်းအဖြစ် ပြောင်းလဲသတ်မှတ်ခံခဲ့ရသည်။ ထို့ပြင် အဆိုပါဆုံးဖြတ်ချက်ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ရေမိုင် ၂၀၀ အကွာအဝေးအထိ စီးပွားရေးဇုန်များအပြင် ရေပြင်ဧရိယာစတုရန်းကီလိုမီတာပေါင်း တစ်သိန်းကျော်အကျယ်အ၀န်းကိုလည်း အနိုင်ရခဲ့သည်ဟုသိရသည်။
ပြည်တွင်းမှ မြေယာသိမ်းပိုက်မှုများ ဆထက်ထမ်းပိုးဖြစ်ပွားလျက်ရှိသော်လည်း ပြည်ပတွင် ပိုင်နက်များလက်လွှတ်ဆုံးရှုံးနေရခြင်းမှာ အံ့သြစရာလည်းကောင်းလှပါသည်။ ထို့ကြောင့် အစိုးရသစ်လက်ထက်တွင် မြန်မာ့ပိုင်နက်များ ဆုံးရှုံးနေရမှု အဆုံးသတ်နိုင်ပါစေ
ကဘော်ချိုင့်ဝှမ်း မြန်မာပိုင်မြေများဆုံးရှုံးနေရသည့် အိန္ဒိယနိုင်ငံနှင့် နယ်နိမိတ်အငြင်းပွားမှု
  
လွတ်လပ်ရေးရရှိပြီးနောက်ပိုင်းတွင် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်နိမိတ်တိုင်းတာသတ်မှတ်ရန်အတွက် နယ်နိမိတ်သဘောတူစာချုပ်ကို ၁၉၆၇ ခုနှစ်တွင်ချုပ်ဆိုခဲ့ပြီး အဆိုပါသဘောတူစာချုပ်အရ နယ်နိမိတ်တိုင်းတာသတ်မှတ်ခြင်းကို ၁၉၆၉ ခုနှစ်မှ ၁၉၇၄ ခုနှစ်အထိ ငါးနှစ်ကြာ ပူးတွဲတိုင်းတာခဲ့ကြသည်။ ထိုသို့တိုင်းတာရာတွင် နှစ်နိုင်ငံနယ်စပ်ထိစပ်မှုအနေဖြင့် မိုင် ၁၀၁၀ ခန့်ရှိပြီး မြန်မာ၊ တရုတ်၊ အိန္ဒိယ သုံးနိုင်ငံဆုံရာနေရာနှင့် အိန္ဒိယ-မြန်မာ ကဘော်ချိုင့်ဝှမ်းဒေသများတွင် နယ်နိမိတ်တိုင်းတာသတ်မှတ်ရန် ကျန်ရှိနေခဲ့သည်။ ထိုကျန်ရှိနေခဲ့သောနေရာများအနက်မှ ကဘော်ချိုင့်ဝှမ်းဒေသတွင် ၂၀၁၂ ခုနှစ် သြဂုတ်လမှစတင်ကာ နှစ်နိုင်ငံပိုင်နက်အငြင်းပွားမှုဖြစ်ပေါ်ခဲ့သည်။ အဆိုပါနယ်မြေတွင် အင်္ဂလိပ်ခေတ်က နယ်နိမိတ်သတ်မှတ်စိုက်ထူခဲ့သော မှတ်တိုင် ၃၉ တိုင် စိုက်ထူထားခဲ့ပြီး အဆိုပါမှတ်တိုင်များနေရာတွင် တိုင်အသစ်များထူကာ နယ်နိမိတ်သတ်မှတ်ရာ နယ်နိမိတ်မှတ်တိုင်ဟောင်းများ နေရာရွေ့နေမှုများ၊ အိန္ဒိယဘက်မှရွာများက မြန်မာ့နယ်မြေဘက်တွင် ကျူးကျော်နေထိုင်မှုများ၊ နယ်စပ်မျဉ်းကိုကျော်လွန်ကာ မြန်မာဘက်ခြမ်း၌ အဆောက်အအုံများ ဆောက်လုပ်နေထိုင်နေခြင်းတို့ရှိနေသည်။ ထိုကဲ့သို့ ကျူးကျော်မှုများကြောင့် နယ်ခြားမှတ်တိုင်များ ဆောက်လုပ်ရန်အတွက် အခက်အခဲများဖြစ်ပေါ်နေသည့်အပြင် အဆိုပါနယ်မြေများမှာ အိန္ဒိယပိုင်နယ်မြေများကဲ့သို့ ဖြစ်ပေါ်လာပြီဟု ဝေဖန်မှုများလည်း ရှိနေသည်။ အမှန်တကယ်အားဖြင့်လည်း အဆိုပါနေရာများမှာ မြန်မာပိုင်နက်များဖြစ်သောကြောင့် မြန်မာအနေဖြင့်ပိုင်နက်များ ဆုံးရှုံးနေရခြင်းပင်ဖြစ်သည်။ နယ်နိမိတ်စာချုပ် သဘောတူညီချက်များအရ အတိအကျဆောင်ရွက်ပါက အိန္ဒိယဘက်မှ ကျူးကျော်နေသော ကျေးရွာအစိတ်အပိုင်းအချို့ ပြောင်းပေးရမည်ဖြစ်သော်လည်း အိန္ဒိယပြည်သူများက ဆန့်ကျင်ဆန္ဒပြမှုကြောင့် ဆက်လက်တိုင်းတာခြင်းမပြုလုပ်နိုင်ဘဲ ဖြစ်နေကြောင်း မြန်မာအစိုးရကပြောကြားခဲ့သည်။ မြန်မာဘက်မှ ကျူးကျော်ကျေးရွာများကို ဖယ်ရှားပေးစရာမလိုဘဲ ယင်းနယ်မြေအတွက် အစားထိုးနယ်မြေအချို့ပြန်ပေးရန် အိန္ဒိယအစိုးရနှင့် ညှိနှိုင်းရာတွင်လည်း အဆင်မပြေခဲ့ပေ။ ထိုကဲ့သို့ အိန္ဒိယဘက်က အလျှော့မပေးသည့်အပြင် မြန်မာဘက်ကလည်း လျော့ရဲစွာတုံ့ပြန်နေမှုကြောင့် နယ်မြေဆုံးရှုံးရမှုနှင့်ပတ်သက်၍ ကလေးမြို့တွင် ၂၀၁၄ ခုနှစ် ဇူလိုင် ၁၃ ရက်က ဆန္ဒထုတ်ဖော်မှုများပြုလုပ်ခဲ့သည်။ ဆန္ဒဖော်ထုတ်မှုများပြုလုပ်သည့်အချိန်တွင် အထက်ချင်းတွင်း လူငယ်ကွန်ရက်မှ ကိုကျော်သက်ဝင်းကပြောဆိုရာ၌ "ဇူလိုင် ၄ ရက်ထုတ် မြန်မာ့အလင်းသတင်းစာမှာဖော်ပြခဲ့တဲ့ အိန္ဒိယ-မြန်မာနယ်စပ်မှာရှိတဲ့ ဧကပေါင်း ၃၀၀၀ ကျော်ကို အပြည်ပြည်ဆိုင်ရာနယ်နိမိတ်အနေနဲ့ သတ်မှတ်မယ်ဆိုတာကို ကျွန်တော်တို့အနေနဲ့ လက်မခံနိုင်ပါဘူး။ ကျွန်တော်တို့ပိုင်တဲ့နယ်မြေဖြစ်တဲ့အတွက် လက်မခံနိုင်လို့ ဆန္ဒပြတာပါ။ လွှတ်တော်မှာတော့ လွှတ်တော်ဥက္ကဋ္ဌကြီး သူရဦးရွှေမန်းက မြန်မာ-အိန္ဒိယနယ်စပ်ကိစ္စကို သံတမန်နည်းနဲ့ ဖြေရှင်းသွားမယ်လို့ ပြောပါတယ်။ နိုင်ငံတော်သမ္မတကြီးအနေနဲ့ နိုင်ငံအချင်းချင်း သဘောတူညီမှုလက်မှတ်ရေးထိုးထားတာရှိတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ကဘော်ချိုင့်ဝှမ်းနဲ့နီးတဲ့နယ်စပ်မှာ တည်ငြိမ်မှုမရှိပါဘူး။ မြန်မာ့တပ်မတော်အနေနဲ့လည်း မြန်မာ-အိန္ဒိယနယ်စပ်စည်းမျဉ်းအပေါ်မှာ အဆောက်အအုံတွေဖယ်ရှားပေးပါလို့ အိန္ဒိယအစိုးရကို တောင်းဆိုထားတာလည်း လုပ်မပေးသေးပါဘူး။ နိုင်ငံတော်အစိုးရအနေနဲ့ ကျွန်တော်တို့အနောက်မြောက်တံခါးကို မထိန်းသိမ်းနိုင်ဘူးဆိုရင် မွန်ပြည်နယ်မှာကျင်းပခဲ့တဲ့ မြန်မာ့လူငယ်ဖိုရမ်မှာ တောင်းဆိုထားတဲ့ ပြည်ထောင်စုအမျိုးသားလွတ်မြောက်ရေးတပ်ဦးတောင်းဆိုပြီးတော့ ကျွန်တော်တို့ရဲ့တံခါးကို ကျွန်တော်တို့ထိန်းသိမ်းနိုင်အောင် ကြိုးစားပါ့မယ်" ဟု ပြောကြားခဲ့သည်။

တရုတ်နိုင်ငံနှင့် နယ်နိမိတ်အငြင်းပွားမှု
  
ရှမ်းပြည်နယ်မြောက်ပိုင်းမူဆယ်မြို့ရှိ နယ်နိမိတ်မှတ်တိုင် S78-1 နှင့် S79 အကြားနှင့် နမ့်ခမ်းမြို့ရှိ S62-1 နှင့် S63 အကြား တရုတ်နိုင်ငံနယ်စပ်နှင့် နယ်စပ်သွယ်တန်းမှုများ မရှင်းလင်းမှုကြောင့်ဟုဆိုကာ ၂၀၁၄ ခုနှစ် မေလအတွင်း၌ မြန်မာ-တရုတ်နှစ်ဖက်ဒေသခံများအကြား တင်းမာမှုများဖြစ်ပေါ်ခဲ့သည်။ မြန်မာပိုင်နက်အတွင်းဟု နမ့်ခမ်းဒေသခံများက ယူဆထားသည့် လယ်ကွင်းအတွင်း တရုတ်နိုင်ငံဘက်မှ နယ်ခြားမှတ်တိုင်များ လာရောက်စိုက်ထူခြင်း၊ ညောင်ပင်များစိုက်ပျိုးခြင်းတို့ကြောင့် မြန်မာဒေသခံများက မှတ်တိုင်များကို နုတ်ပစ်ခြင်း၊ မီးရှို့ခြင်းများ၊ အပင်များကို နုတ်ပစ်ခြင်းတို့ ပြုလုပ်ခဲ့ကြသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ အစိုးရကထုတ်ပြန်ရာတွင် နှစ်နိုင်ငံ ၁၉၆၀ ပြည့်နှစ်က ချုပ်ဆိုထားသည့် နယ်နိမိတ်စာချုပ်၊ ၁၉၉၅ ခုနှစ်တွင်ချုပ်ဆိုခဲ့သည့် ဒုတိယအကြိမ် နယ်နိမိတ်ပူးတွဲစစ်ဆေးရေးအခြေပြစာချုပ်နှင့် မြေပုံများကိုအခြေခံ၍ မေ ၂၇ ရက်မှ ၃၁ ရက်ထိ အဆိုပါနယ်စပ်အငြင်းပွားမှုကို စစ်ဆေးခဲ့သည်ဟု အစိုးရသတင်းစာက ဇွန် ၅ ရက်တွင် ကြေညာခဲ့သည်။ နှစ်နိုင်ငံကြားချုပ်ဆိုခဲ့သည့် နယ်နိမိတ်စာချုပ်နှင့် မြေပုံများသည် ၁၉၆၀ပြည့်နှစ်တွင်ဖြစ်ပြီး ဒုတိယအကြိမ် ပူးတွဲစစ်ဆေးခဲ့ခြင်းမှာလည်း ၁၉၉၃ ခုနှစ်ဖြစ်သဖြင့် နှစ်ပေါင်းများစွာကြာမြင့်နေပြီဖြစ်ပြီး ရွှေလီမြစ်ထဲရှိ နယ်နိမိတ်မျဉ်းမှာလည်း ယခုအခါ ကုန်းမြေဖြစ်နေသဖြင့် နှစ်ဖက်ဒေသခံများအနေဖြင့် ရှင်းလင်းစွာမသိဘဲ နယ်မြေကျော်လွန်စိုက်ပျိုးခဲ့ကြခြင်းဖြစ်သည်ဟု ဇွန် ၅ ရက်ထုတ် ကြေးမုံသတင်းစာတွင် ကြေညာခဲ့သည်။ သို့သော် နယ်နိမိတ်မျဉ်းပြန်လည်ဖော်ဆောင်ရာတွင် မြန်မာဘက်က နယ်မြေဆုံးရှုံးမှုများရှိနေသည်ဆိုသည့် စွပ်စွဲချက်များကို ရှင်းလင်းစွာငြင်းဆိုခဲ့ခြင်းမရှိခဲ့ပေ။ နှစ်နိုင်ငံမှတ်တိုင်များ ယာယီပြန်လည်စိုက်ထူသွားမည်ဟုသာ ရှင်းလင်းခဲ့ပြီး နမ့်ခမ်းရှိ မြန်မာဘက်မှဒေသခံများက ပြောကြားနေသည့်အတိုင်း တရုတ်ဘက်က နယ်နိမိတ်မှတ်တိုင်များကို မြန်မာပိုင်နက်များထိကျော်လွန်ကာ တိုးချဲ့စိုက်ထူထားခြင်း ရှိ၊ မရှိအပေါ်၌လည်း ရှင်းလင်းစွာ တုံ့ပြန်ခဲ့ခြင်းမရှိခဲ့ပေ။

နိဂုံးချုပ်
  
မြန်မာဟူသည့်အမျိုးသည် ဇာတိသွေးဇာတိမာန်နှင့် အမျိုးမာန်ကြီးလွန်းလှသည့် တိုင်းချစ်ပြည်ချစ်နိုင်ငံသားများဖြစ်သည်။ ကိုယ့်မြေကိုယ့်ရေကို အများအပြားမဆိုထားနှင့် တစ်လက်မသော်မျှ ကျူးကျော်ခံရခြင်းကိုလည်းကောင်း၊ အလျှော့ပေးထိုးအပ်ရသည်ကိုလည်းကောင်း မနှစ်မြို့ကြပါ။ ခေတ်အဆက်ဆက်မင်းကောင်းမင်းမြတ်တို့ သွေးချွေးတို့ဖြင့် စုစည်းတည်ထောင်ခဲ့ရသည့် နိုင်ငံတော်ကို တစ်စိတ်ချင်း တစ်ပိုင်းချင်း သူများလက်သို့ အလျှော့ပေးထိုးအပ်နေရခြင်းမှာ ပြည်သူတို့၏နှလုံးသားကို ဓားနှင့်မွှန်းနေသကဲ့သို့ ယူကြုံးမရ၊ ကြေကွဲမဆုံးဖြစ်ရသည်။ အထူးသဖြင့် ၂၀၁၁ မှ စတင်တာဝန်ယူခဲ့သည့် သမ္မတဦးသိန်းစိန်လက်ထက်တွင် ပြည်တွင်းမှ မြေယာသိမ်းပိုက်မှုများ ဆထက်ထမ်းပိုးဖြစ်ပွားလျက်ရှိသော်လည်း ပြည်ပတွင် ပိုင်နက်များလက်လွှတ်ဆုံးရှုံးနေရခြင်းမှာ အံ့သြစရာလည်းကောင်းလှပါသည်။ ထို့ကြောင့် အစိုးရသစ်လက်ထက်တွင် မြန်မာ့ပိုင်နက်များ ဆုံးရှုံးနေရမှု အဆုံးသတ်နိုင်ပါစေဟု ဆုတောင်းရင်းသာ နိဂုံးချုပ်လိုက်ရပါသည်။
- See more at: http://news-eleven.com/opinion/%E1%80%BB%E1%80%99%E1%80%94%E1%80%B9%E1%80%99%E1%80%AC%E1%80%B7%E1%80%95%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%94%E1%80%80%E1%80%B9%E1%80%B1%E1%80%90%E1%80%BC-%E1%80%86%E1%80%B6%E1%80%AF%E1%80%B8%E1%82%90%E1%80%B6%E1%82%88%E1%80%B8%E1%80%B1%E1%80%94%E1%81%BF%E1%80%95%E1%80%AE%E1%80%9C%E1%80%AC%E1%80%B8#sthash.42sdUyiI.YLqZmBvX.dpuf

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...