Monday, July 14, 2014

အကျင့်တွေအကြောင်း

Zaw Zaw Maung

အကျင့်တွေဟာ မွေးရာပါ မဟုတ်တဲ့အကြောင်း ၊ အကျင့်တွေဟာ Knowledge (What to, Why to) ရယ် Desire (Want to) ရယ် Skills (How to) ရယ်ပေါင်းစပ်ပြီး ဖြစ်လာတယ်လို့ အနောက်တိုင်းပညာရှင်တွေ က ဆိုကြပါတယ်။ ပြီးတော့ လူနဲ့အကျင့်ဟာ သီးခြားစီဖြစ်တဲ့အတွက် အကျင့်တွေဟာ Learn လုပ်လို့ရသလို Unlearn လုပ်လို့လည်းရတယ်လို့ဆိုပါတယ်။
ဒါပေမယ့် လူမှာ အကျင့်တစ်ခုရယ်လို့ ဖြစ်သွားပြီးပြီဆိုရင် Unlearn ပြန်လိုပ်ရတာ အတော်ခက်ခဲတယ်လို့ ဆိုပါတယ်။ ခက်ခဲတယ် ဆိုရာမှာလည်း ဒုံးပျံလွှတ်တင်ပုံနဲ့ ဥပမာပေး ပြောကြပါတယ်။ ကမ္ဘာမြေပြင်ကနေ လ ဆီကို ဒုံးပျံလွှတ်တင်မယ်ဆိုရင် ကမ္ဘာ့ဆွဲအားရှိတဲ့နေရာကို လွတ်အောင်အသုံးပြုရတဲ့စွမ်းအင်ဟာ အဲဒီလွတ်သွားတဲ့နေရာကနေ လဆီ ရောက်အောင်အသုံးပြုရတဲ့ စွမ်းအင်ထက် ပိုများတယ်လို့ ပြောကြ ပါတယ်။ လူမှာကပ်ငြိတဲ့ မကောင်းတဲ့ အမူအကျင့်တွေကို ပြန်လည်တွန်းလှန် ဖယ်ရှား ရာမှာလည်း အစပိုင်းမှာ အလွန်မလွယ်ကူစွာပဲ အထူးအားစိုက်ပြီး ကြိုးစားကြရပါတယ်။ ဒါပေမယ့် နောက်ပိုင်းအရှိန်ရသွားရင်တော့ ကြိုးစားရတာ လွယ်ကူသွားမယ့်အကြောင်း တွေ ဖတ်ရှု့ ရပါတယ်။

အဲဒါတွေ ဖတ်နေရင်းနဲ့ အဲဒီအကျင့်တွေအကြောင်းကို ဗုဒ္ဓဟောကြားခဲ့တာတွေနဲ့ နှိုင်းယှဉ်စဉ်းစားမိပါတယ်။ တကယ်တန်းကြတော့ ဘုရားရှင်ဟောကြားသွားခဲ့တာလည်း အကျင့်တွေအကြောင်း ပဲလို့ မြင်မိပါတယ်။ ဘုရားရှင်က သစ္စာလေးပါးဟောကြားရာမှာ ဒုက္ခသစ္စာဆိုတာဟာ အဲဒီအကျင့်တွေကိုပဲ ဒုက္ခလို့ပြောခဲ့တာဖြစ်ပါတယ်။ လူမှာ အကျင့်တစ်ခု ဘယ်လိုစတင်ဖြစ်ပွားလာသလဲဆိုတာကို ဗုဒ္ဓက ကိလေသာ ၊ ကံ ၊ ဝိပါက် ဆိုတဲ့ အချက်သုံးချက်နဲ့ ဟောကြားခဲ့ပါတယ်။ ကိလေသာဆိုတာကတော့ တစ်ခုခုကို လုပ်ချင်တဲ့စိတ်ဖြစ်တာကို ပြောတာပါ။ ကံဆိုတာကတော့ အဲဒီလုပ်ချင်တဲ့ကိစ္စကို လုပ်လိုက်တာပါ။ ဝိပါက် ဆိုတာကတော့ အဲဒီကိစ္စကို လုပ်ပြီးနောက်မှာ လုပ်လိုက်တဲ့ကိစ္စကို သာယာတဲ့စိတ်လေး မသိစိတ်မှာ ကပ်ငြိ ကျန်ခဲ့တာပါ။ အဲဒီကပ်ငြိကျန်ခဲ့တဲ့ စိတ်ကလေးက က နောက်ထပ်လုပ်ဖို့တွန်းအားပေးတဲ့ ကိလေသာ ဆိုတာကို ပြန်ဖြစ်စေပါတယ်။ အဲလိုမျိုး ကိလေသာ (ကံရဲ့အကြောင်းတရား) ရယ် ၊ ကံရယ် ၊ ဝိပါက် (ကံရဲ့အကျိုးတရား) ရယ် လည်ပတ်မှုဟာ အရှိန်ရ အားကောင်းလာတဲ့အခါ လူမှာ အကျင့်တစ်ခု ဖြစ်ပွားပေါ်ပေါက်လာပါတော့တယ်။

အရက်သောက်တဲ့အကျင့် ၊ ဆေးလိပ်သောက်တဲ့အကျင့် ၊ ကော်ဖီသောက်တဲ့ အကျင့် ၊ အလှူဒါနပြုတဲ့အကျင့် ၊ တရားထိုင်တဲ့အကျင့် စတဲ့အကျင့်တွေလူမှာ ဖြစ်သွားပြီ ဆိုရင်တော့ လူမှာ သူ့အရင်က မရှိတဲ့ အရာတစ်ခု (ဝါ) အကျင့်တစ်ခုဟာ ဖြစ်ပွားပေါ်ပေါက်လာပါပြီ။ ကောင်းတဲ့အရာပဲဖြစ်ဖြစ် မကောင်းတဲ့အရာပဲဖြစ်ဖြစ် မလုပ်ရမနေနိုင် အကျင့်ဖြစ်သွားတာကို ပဲ ဗုဒ္ဓက ဒုက္ခလို့ ခေါ်တာဖြစ်ပါတယ်။ အခြား မွေးသေဒုက္ခ ၊ အိုနာဒုက္ခ ၊ ပူအေးဒုက္ခ ၊ ထိခိုက်ရှနာဒုက္ခ ၊ မတော်တဆဖြစ်ရတဲ့ ဒုက္ခတွေဟာ ဗုဒ္ဓဟောကြားတဲ့ ဒုက္ခစာရင်း မဝင်တဲ့ဒုက္ခတွေသာ ဖြစ်ပါတယ်။ လူမှာစွဲကပ်တဲ့ အကျင့်တွေသည်သာ ဗုဒ္ဓဟောကြားတဲ့ ဒုက္ခသစ္စာစာရင်းဝင် ဒုက္ခတွေဖြစ်ပါတယ်။
သမုဒ္ဒယ သစ္စာလို့ခေါ်တဲ့ ဒုက္ခဖြစ်ရခြင်း (အကျင့်တွေဖြစ်လာရခြင်း) အကြောင်းအရင်းကိုတော့ ဒုက္ခကို ဒုက္ခဟု မသိခြင်း ၊ ဒုက္ခမဟုတ်သည်ကို ဒုက္ခလို့သိခြင်း နဲ့ လူတစ်ယောက်အတွက် မလိုအပ်သော အပိုအပြုအမူများကို လိုချင်ခြင်း ဆိုတာတွေဖြစ်တယ်လို့ ဗုဒ္ဓက ညွှန်ပြခဲ့ပါတယ်။
ဒီလို အကျင့်တွေလူပေါ်က ပျောက်ကွယ်သွားဖို့အတွက်ကို တော့ ဗုဒ္ဓက မှန်ကန်စွာ မြင်ခြင်း ၊ တွေးခြင်း ၊ ပြောခြင်း ၊ ပြုခြင်း ၊ နေထိုင်ခြင်း ၊ နိုးကြားခြင်း ၊ ကြိုးစားခြင်း ၊ စိတ်ထားခြင်း ဆိုတဲ့ အချက်ရှစ်ချက်ကို ဗုဒ္ဓက ညွှန်ပြခဲ့ပါတယ်။

အဲဒီအချက်ရှစ်ချက်ကို ကျင့်ပွားလို့ လူပေါ်မှာ အကျင့်တွေအားလုံးချုပ်ငြိမ်းသွားတာကို ဗုဒ္ဓက နိဗ္ဗာန် ၊ ဝိမုတ္တိ ၊ သုညတ စသဖြင့် အမည်အမျိုးနဲ့ ပြောကြားခဲ့ပါတယ်။ အဓိက ကတော့ လူပေါ်မှာ ဖွဲ့တည်လာတဲ့ အကျင့်များချုပ်ငြိမ်းခြင်းသည်သာ လွတ်မြောက်ခြင်း လို့ ထင်မြင်မိပါတယ်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...