Wednesday, June 4, 2014

လှော်တက်ဝယ်သူများနှင့် တညနေ

June 3, 2014 at 2:41am

ဆိုင်အ၀ကနေ လှမ်းကြည့်လိုက်တယ်ဆိုရင်ပဲ စားပွဲတော်တော်များများမှာ လူပြည့်နေတာ တွေ့ရတယ်။ ကံကောင်းထောက်မစွာနဲ့ နှစ်ယောက်ထိုင် စားပွဲအလွတ် တစ်လုံးကို တွေ့လိုက်လို့ ခြေလှမ်းတွေကို အရှိန်နည်းနည်း မြှင့်ပြီး ဆိုင်ထဲကို ၀င်သွားလိုက်တယ်။ စားပွဲထိုးဝန်ထမ်းတစ်ယောက်ကို လွတ်နေတဲ့ နှစ်ယောက်ထိုင် စားပွဲမှာ ထိုင်မယ့်အကြောင်း မျက်ရိပ်ပြပြီး အသိပေးလိုက်တယ်။
ပါးရည်နပ်ရည်ရှိလှတဲ့ စားပွဲထိုးကလေးက အစားအသောက် မှာဖို့ စာရင်းနဲ့အတူ သောက်ရေ ဖန်ခွက်တစ်ခွက်ကို စားပွဲမှာ လာချတယ်။ တကယ်ဆို နှစ်ယောက်ထိုင်စားပွဲမှာ သောက်ရေ ဖန်ခွက် နှစ်ခွက်တော့ လာချသင့်တယ် မဟုတ်ဖူးလား။ တကိုယ်ရည် တကာယသမားလို့ ဘယ်လိုအချက်တွေကို ကြည့်ပြီး သိသွားတာပါလိမ့်။ မကျေမနပ်နဲ့ ခေါင်းကုတ်ရင်း (လုပ်မိလုပ်ရာ) ချောင်းတစ်ချက် အသံထွက်ပြီး ဟန့်လိုက်မိတယ်။

အစားအသောက်ကောင်းကောင်းရတဲ့ ဆိုင်တစ်ဆိုင်ရဲ့ ညနေခင်းဟာ တော်တော်လေး စည်စည်ကားကား ရှိလှတယ်။ ဆူညံသံတွေကိုကြောက်တတ်တဲ့သူ ဆိုရင်တော့ ဒီလိုဆိုင်မှာ လာမစားသင့်ပေဘူး။ အခုနက စားပွဲထိုးကလေး နောက်တစ်ခေါက် ပြန်ရောက်လာတယ်။ မှာတော့မလား ခင်ဗျာ… လို့ လာမေးတယ်။ ကိုယ့်ပုံက တစုံတယောက်ကို စောင့်နေတဲ့ ပုံမျိုး တကယ် မပေါက်ဖူး ဆိုတဲ့ သဘောပဲ။ အသားကင်အခေါက်ကင် ထမင်းပေါင်း တစ်ပွဲ၊ အကြော်စုံ တစ်ပွဲနဲ့ ထောပတ်သီးဖျော်ရည် တစ်ခွက်မှာလိုက်တယ်။ စားပွဲထိုးကလေးက အံ့အားသင့်သွားသလို တစ်ချက်ကြည့်တယ်။ တစ်ယောက်တည်း ဒါတွေ အကုန်စားမှာလား ဆိုတဲ့ အကြည့်မျိုး။ နောက်တစ်ယောက် လာအုံးမှာလေ… လို့ပြောခွင့် ရချင်သွားတယ်။ ဒါပေမယ့် ၀မ်းနည်းစရာပဲ၊ ကိုယ်နဲ့အတူ ညစာ စားမယ့်သူ တစ်ယောက်မှ မရှိဘူး။

မှာစရာရှိတာ မှာအပြီး ဘေးဘီဝဲယာကို မျက်စိ ကစားမိတယ်။ ဘေးချင်းကပ်ရက် စားပွဲရှည်တစ်ခုမှာ အမျိုးသမီး အမျိုးသား တစ်စု ထိုင်နေကြတယ်။ အသက်လေးဆယ်လောက်စီ ရှိကြပုံရတယ်။ သပ်သပ်ရပ်ရပ်တွေပဲ၊ မျက်နှာချင်းဆိုင် နံရံမှာ ကပ်ထားတဲ့ မှန်ချပ်တွေက တဆင့်မြင်နေရတာတော့ အမျိုးသမီး လေးယောက်နဲ့ အမျိုးသား ငါးယောက် စုစုပေါင်း ကိုးယောက်။ ရှေ့တည့်တည့်က စားပွဲမှာ ခပ်ငယ်ငယ် ကောင်လေးနဲ့ ကောင်မလေး၊ သူတို့နှစ်ယောက်ကတော့ ချစ်သူစုံတွဲတွေ ဖြစ်ကြဟန်တူတယ် ကြည်ကြည်လင်လင် ရယ်ရယ်မောမောနဲ့။ သူတို့နဲ့ ရှေ့ဆင့်နောက်ဆင့် စားပွဲမှာတော့ အသားအရေ နီစပ်စပ် ဆံပင် ရွှေရောင်နဲ့ အနောက်နိုင်ငံသားမှန်း သေသေချာချာ သိသာထင်ရှားနေနေတဲ့ အမျိုးသားတစ်ယောက်နဲ့ အသားညိုညို ခေတ်ရှေ့ပြေး အဆင်အပြင်၊ မိတ်ကပ်မျက်နှာနဲ့ စကပ် ပေါင်လယ်လောက်နဲ့ အမျိုးသမီးတစ်ဦး၊ ကြည့်ရတာ အမျိုးသမီးက ကိုယ်တို့ ရိုးရာ အစားအစာတွေနဲ့ သူ့ရဲ့အနောက်တိုင်းသားကို မိတ်ဆက်ပေးနေဟန်ပဲ။

မှာထားတဲ့ စားစရာတွေရဖို့ မိနစ်နှစ်ဆယ်လောက် စောင့်ရပါမယ် လို့ စားပွဲထိုးကလေးက လာပြောတယ်။ စိတ်နည်းနည်းညစ်သွားပေမယ့် ဘယ်တတ်နိုင်ပါ့မလဲ.. စားချင်တဲ့သူဆိုတော့ စောင့်ရမှာပေါ့။ ဒီအချိန်မှာပဲ နားထဲကို ရယ်သံ မောသံတွေ ဇွန်းသံ ခက်ရင်းသံတွေ နဲ့အတူ စကားသံတွေ လှိမ့်ဝင်လာခဲ့တာ။

“ကိုယ်က အလုပ်လုပ်တယ်လေ… ၀ယ်ထားတဲ့ အ၀တ်အစား အသုံးအဆောင်တွေ အိမ်မှာနေရင်း ၀တ်ပစ်ရမှာစိုးလို့… လှတုန်းပတုန်း အရွယ်ရှိတုန်းလေး ၀တ်ရ စားရ သုံးရတာမဟုတ်လား… ပြီးတော့ အလုပ်လုပ်ရတာ အပျင်းလည်း ပြေတယ်လေ… ပိုက်ဆံက သိပ်အရေးမကြီးပါဘူး…”

ဘေးချင်းကပ်ရက် စားပွဲက အသားဖြူဖြူ ခပ်၀၀ ကိုယ်လုံးနဲ့ အမျိုးသမီးက ကိုယ်ပေါ်မှာ ၀တ်ဆင်လာတဲ့ အင်္ကျီနဲ့ မြင်ရုံနဲ့ တန်ဖိုးကြီးမှန်း သိသာစေတဲ့ ပိုက်ဆံအိပ် ကြီးကြီးကို ဘေးလူတွေမြင်အောင် သိသိသာသာ ပြရင်း ဘာမှ မဖြစ်သလို လေသံမျိုးနဲ့ ပြောတယ်။ ပြီးတော့ တဆက်တည်းမှာပဲ မျက်နှာချင်းဆိုင်က ပိန်ပိန်သေးသေး အမျိုးသမီးကို “ယူရော အခုဘာလုပ်နေလဲ... Working Mother လား...  HomeMaker ပဲ လား...” လို့ ခပ်နှိမ်နှိမ်လေး လှမ်းမေးလိုက်တယ်။ ပိန်ပိန်အမျိုးသမီး မျက်နှာ ကွက်ကနဲ ပျက်သွားတာကို မျက်မှန်ထောင့်စွန်းကနေ မြင်ဖြစ်အောင် မြင်လိုက်ရတယ်။ သူ ဘာပြန်ပြောမလဲ လို့ အသာ နားစွင့်လိုက်တော့…

“်ဘာလုပ်နေလဲ ဟုတ်လား… စိုးရေ.. ကိုယ် ဘယ်လိုဖြေလိုက်ရရင် ကောင်းမလဲ ဟင်…”

ပိန်ပိန်အမျိုးသမီးက ကြိုးစားပမ်းစား ဟန်လုပ် ပြုပြင်ထားရတဲ့ ရယ်သံ ချိုလွင်လွင်စွက်တဲ့ အသံမျိုးနဲ့ ဘေးနားက မျက်မှန်တပ် အမျိုးသမီးကို စစ်ကူတောင်းသလို အဖေါ်ညှိသလို လှမ်းမေးလိုက်တယ်။ မေးမယ့်သာ မေးတာပါ၊ စိုး ဆိုတဲ့ အမျိုးသမီးဆီက အဖြေကို မစောင့်ပဲ သူက တခါတည်း ဆက်ပြောတယ်။

“ကိုယ် ဘာလုပ်နေလည်း ပြောပြရရင် ကားမမောင်းတတ်လို့ သားသမီးတွေကို ဟိုပို့ ဒီကြို ဒရိုင်ဘာ အလုပ် မလုပ်ရတာကလွဲရင် အိမ်မှာ လိုသမျှ အကုန်လုပ်ရတယ်လေ အေးရဲ့...”

အသားဖြူဖြူ  ခပ်၀၀အမျိုးသမီးနာမည်က အေး တဲ့…။ အဲဒီ အေး ဆိုတဲ့ အမျိုးသမီး နည်းနည်းလှုပ်လှုပ်ရှားရှား ဖြစ်သွားတယ်။ အံ့လည်း အံ့သြသွားပုံပဲ၊ ပိန်ပိန်အမျိုးသမီးက သူ့မှာ ကားရှိကြောင်းကို လူစုံစုံမှာ ပါးပါးလေး ချပြသွားတာ မဟုတ်လား။ အေး ကလှုပ်ရှားသွားးတဲ့ သူ့ကိုယ်သူ ဟန်မပျက်အောင် အသာ ပြန်ထိမ်းလိုက်ရင်း တဟင်းဟင်းနဲ့ ရယ်နေတယ်။ ပြီးတော့… “ဒီအကြော်လေး စားကောင်းတယ်နော်…” လို့ ပြောသံ ကြားလိုက်တယ်၊ ဒါသိသိသာသာ စကားလမ်းကြောင်း လွှဲတာပဲ။

အဲဒီအချိန်မှာပဲ ထမင်းပေါင်းရောက်လာလို့ ဘေးစားပွဲက အသံတွေကို ခဏမေ့သွားတယ်။ မစားဖြစ်တာ ကြာလို့လားမသိ၊ အငွေ့တထောင်းထောင်းနဲ့ ထမင်းပေါင်းဟာ အတော်လေး အရသာရှိတယ်။ စားနေရင်းက ဘေးစားပွဲက အမျိုးသမီးတွေထဲမှာ ထမင်းပေါင်း ကောင်းကောင်း လုပ်တတ်တဲ့သူများ ပါမလားလို့ မဆီမဆိုင် တွေးမိပြီး ကိုယ့်အတွေးနဲ့ ကိုယ် ရယ်ချင်သွားသေးတယ်။ ဒီအချိန်မှာပဲ အရှေ့စားပွဲက အသံတွေ နားထဲ ရောက်လာတာ။

အနောက်တိုင်းသားနဲ့အတူ ထိုင်နေတဲ့ အမျိုးသမီးရဲ့ မိတ်ဆွေဖြစ်ဟန်တူတဲ့ အမျိုးသမီးတစ်ယောက် သူတို့စားပွဲနားမှာ လာရပ်ပြီး စကားပြောနေတယ်။ မိန်းမပီပီ ခပ်ထေ့ထေ့ ခပ်ငေါ့ငေါ့ ပြောတဲ့လေသံမျိုး။

“မိန်းမ သိပ်ကောင်းစားနေတယ်ပေါ့… ဟုတ်လား… တွဲနေတာ ကြာပြီလား… ဟင်း ဟင်း ဟင်း… ငါ့လည်း မိတ်ဆက်ပေးအုံးလေ…”

အပြောခံရတဲ့ အမျိုးသမီးရဲ့မျက်နှာ ပိုမော့သွားတယ်၊ ခေါင်းပေါ်က နီကျင်ကျင် ကောက်လိမ်လိမ် ဆံပင်ခွေတွေကိုဆတ်ကနဲ လက်နဲ့ သပ်တင်လိုက်ရင်း “မကြာသေးပါဘူးဟာ သူက အတင်း လိုက်ကပ်နေတာ ငါကတော့စဉ်းစားနေတုန်းပါ…” လို့ ပြန်ပြောတယ်။ ဒါပေမယ့် လေသံထဲမှာ ကျေနပ် ဝံ့ကြွားဟန်ကအထင်းသား။ နောက်တော့ မိတ်ဆက်ကြ လက်ဆွဲ နှုတ်ဆက်ကြ ရယ်မောသံတွေနဲ့အတူ သိပ်မပြေပြစ် မချောမွေ့လှတဲ့ အင်္ဂလိပ်စကားသံ တချို့ နားထဲဝင်လာတယ်။ ခဏနေတော့ အသံတွေ စဲသွားလို့အသာ လှမ်းကြည့်လိုက်တာ စကပ်တိုဝတ် အမျိုးသမီးရဲ့မျက်နှာပေါ်မှာ အမျိုးအမည်ဖေါ်မပြတတ်တဲ့ အပြုံးတောက်တောက်တွေ ဝေပြီး သူ့ အဖေါ် ဆံပင်ရွှေရောင်နဲ့လူကို ညုတုတု အကြည့်တစ်မျိုးနဲ့ ကြည့်လို့။

မှာထားတဲ့ အကြော်စုံ ရောက်လာတယ်။ ဘူးသီးကြော် မြင်းခွာရွက်ကြော် တိုဟူးကြော် နဲ့ ကြက်သွန်ကြော်တွေ ပါဝင်တဲ့အကြော်စုံ ပူပူနွေးနွေးကို အချဉ်ရည်နဲ့ တို့စားနေလိုက်တယ်။ ရေနွေးကြမ်းနဲ့သောက်ရရင် ကောင်းမလား တွေးရင်း စားပွဲထိုး တစ်ယောက် လှမ်းခေါ်လိုက်တယ်။ ထောပတ်သီးဖျော်ရည်ကို အနားချပြီး ရေနွေးကြမ်း ထပ်မှာလို့ ထင်တယ်။ စားပွဲထိုးလေးက အူကြောင်ကြောင်နဲ့ ကြည့်သွားတယ်။ ထားတော့…

“ကွန်ဒိုဝယ်ချင်ရင် အခုလက်ငင်း ၆၀ ရာခိုင်နှုန်း ပေးရမှာတဲ့… ကြားပြီးကြပြီလား…”

ဟော… စကားလမ်းကြောင်းက ကွန်ဒိုတွေဖက်ကို ဦးတည်သွားပြန်တယ်။ စိုး ဆိုတဲ့ အမျိုးသမီးက သူ့လက်ကိုင်အိပ်ထဲက နှုတ်ခမ်းနီတောင့်ကို ထုတ်ယူပြီး မှန်မကြည့်ပဲ ကျွမ်းကျွမ်းကျင်ကျင် ဆိုးနေတာကို အရှေ့က မှန်ထဲကနေတဆင့် လှမ်းတွေ့လိုက်တယ်။ နှုတ်ခမ်းနီ ဆိုးလို့ပြီးသွားတော့မှ “ကိုယ်ကတော့ ကွန်ဒိုတွေ မကြိုက်လှဘူး... ဈေးကြီးပြီး အခန်းကလည်း ကျဉ်းက ကျဉ်းနဲ့... ရေကူးကန် ပါတော့ရော ကိုယ်က တစ်လလုံးမှာ ဘယ်နှစ်ရက် ဆင်းကူးနိုင်မှာမို့လဲ… တစ်ရက် တစ်ရက် ကိုယ့်အခန်းကနေ လှမ်းကြည့်ရင် ဗိုက်ပူသူတော်တွေ ရေထဲ ပက်လက်လှန်နေတာတွေပဲ တွေ့ရမှာ…” လို့ မဲ့ကာ ရွဲ့ကာ ပြောတယ်။ စပျစ်သီး ချဉ်တယ် ဆိုတာ ဒါမျိုး ထင်ပါရဲ့…။ ပန်းဆီရောင် ရင့်ရင့်နှုတ်ခမ်းနီကိုမှ အားမနာ နှုတ်ခမ်းတလံ ပန်းတလံနဲ့ ပြောနေတာကို ရှေ့ကမှန်ချပ်တွေကနေ တဆင့် မြင်ဖြစ်အောင် မြင်လိုက်ရပြန်တယ်။ သိပ်တော့ ကြည့်မကောင်းတာ အမှန်ပဲ။

ခုနက ကားအကြောင်းကြားပြီး ငြိမ်သွားတဲ့ အေး ဆိုတဲ့ ဝဝ အမျိုးသမီး ခေါင်းပြန်ထောင်လာတယ်။

“အို… ဘာပဲဖြစ်ဖြစ် အေးကတော့ အသက်ကြီးလာရင် အလုပ်မလုပ်ပဲ ထိုင်စားလို့ရအောင် ကွန်ဒိုလေး တစ်ခန်းတော့ ဝယ်မှဖြစ်မယ်လို့ အိမ်ကလူကို ပြောထားတယ်… လူငှားတင်ထားရင် တစ်လ ငါးထောင်ခြောက်ထောင်လောက်ကတော့ အသာလေး… လူမပင်ပန်းပဲ ငွေအရင်းစိုက်ရုံနဲ့ ပုံမှန်ဝင်ငွေရမယ့်အလုပ်မျိုးကို အခုထဲက စဉ်းစားထားမှ အဆင်ပြေမှာ…”

ကြည့်ရတာ လက်ထဲမှာ ငွေအလုံးအရင်း များများစားစား ရှိနေတဲ့ ပုံမျိုး…  အခုချက်ချင်း ထ၀ယ်နိုင်တဲ့လေသံမျိုး။ ခုနက ကားရှိကြောင်း ပြောထားတဲ့ ပိန်ပိန်အမျိုးသမီး နှုတ်ဆိတ်သွားတယ်။ ပညာသားပါပါနဲ့ စကားလွှဲတယ်…

“အော်… ဒါနဲ့ အေးကိုမေးမလို့.. အေး သမီးတွေ ကျူရှင် ဘယ်လိုပေးသလဲဟင်… အိမ်က သားအတွက် မေးတာပါ… သားကအခုမှ သုံးတန်းဆိုတော့ ငယ်တော့ ငယ်ပါသေးတယ်လေ… ဒါပေမယ့် ခုလောက်ထဲက ဆရာကောင်းကောင်းနဲ့ သေသေချာချာ သင်ထားရင် ကောင်းမလားလို့…”

အေးအတွက် နောက်တကြိမ် အကွက်ဝင်သွားပြန်တယ်။ ကိုယ်လုံးဝဝကို တသိမ့်သိမ့် လှုပ်ခါ ရယ်မောရင်း“ကျူရှင်ဆရာမတွေက အစားစားရှိတယ်လေ… ကိုယ့်သမီးတွေ ကျူရှင်ဆရာမက ပထမတန်းစားတွေ ဈေးကတော့ ကြီးတယ် ဆရာ… တစ်နာရီကို ရှစ်ဆယ် ပေးရတယ်… တစ်ပတ်ကို တစ်ဘာသာအတွက် အချိန်နှစ်နာရီနဲ့ လောလောဆယ်တော့ ခြောက်ဘာသာ ပေးထားရတယ်… ကိုယ့်လခရဲ့  ၀မ်း သာဒ်လောက်ကသူတို့ နှစ်ယောက် ကျူရှင်ဖိုးနဲ့တင် ကုန်တာပါပဲ…” လို့ ခပ်ညည်းညည်းလေး ပြောလိုက်တယ်။

ကျန်တဲ့ အမျိုးသမီး သုံးယောက် အသံတိတ်သွားတယ်။ သူတို့တွေအားလုံးရဲ့ စိတ်ထဲမှာ ပေသီးတွေ ဂဏန်းပေါင်းစက်တွေ ချပြီး တော်တော်ကြီး အလုပ်များသွားဟန်တူရဲ့။ အဲဒီအချိန်မှာ သူတို့လေးယောက်ထဲမှာ ဘာမှများများစားစား မပြောပဲ တိတ်ဆိတ်နေတဲ့ ဆံပင်ရှည်ရှည်နဲ့ မျက်နှာဝိုင်းဝိုင်း အမျိုးသမီးလေးဆီက အသံထွက်လာတယ်။

“ဒီကိစ္စမှာတော့ ကိုယ်ကံကောင်းတယ် ဆရာ… ကိုယ့်သမီးက သူ့ကျောင်းမှာ Top ပဲ… ဘာကျူရှင်မှ ပေးစရာမလိုဘူး… အခု XXX ဆိုတဲ့ ကျောင်းမှာ တက်နေတယ်လေ…” ဆိုပြီး နာမည်ကြီး ကျောင်းတစ်ကျောင်းရဲ့ အတိုကောက် အင်္ဂလိပ် စကားလုံး သုံးလုံးကို ရွတ်ပြတယ်။ ကျောင်းနာမည်ကြားရုံနဲ့တင်ရှိန်သွားစေတဲ့ ကျောင်း၊ စာတော်မှ အမှတ်များမှ တက်ခွင့်ရတဲ့ ကျောင်း ဆိုတာ တန်းကနဲသိလိုက်တယ်။ အို ဟုတ်လား သမီးလေးက တော်လိုက်တာနော်… ဆိုတဲ့ စကားသံမျိုး (ဝတ်ကျေ တန်းကျေပဲ ဖြစ်ဖြစ်) ဘယ်သူ့ဆီကများ ထွက်လာမလဲ စောင့်နားထောင်နေပေမယ့် ဘာသံမှ မကြားရဘူး။

အနားက ဖြတ်သွားတဲ့ စားပွဲထိုးလေးကို အေးဆိုတဲ့ တယောက်က ခေါက်ဆွဲကြော် ပါဆယ် နှစ်ပွဲ လှမ်းမှာတယ်၊ “ကိုယ့် သမီးနှစ်ယောက်အတွက်လေ…” လို့ ကျန်တဲ့သူတွေကို လှည့် ပြောတယ်။ သူတို့နဲ့ အတူပါလာတဲ့ သူတို့ အမျိုးသားတွေလို့ ထင်ရတဲ့သူတွေကတော့ အေးအေးဆေးဆေး စကားပြောလိုက်၊ ရယ်မောလိုက်၊ စားလိုက် သောက်လိုက်နဲ့။ အမျိုးသမီးတွေ ပြောနေတာကို ဘာမှ စိတ်ဝင်စားဟန် မပေါ်ဘူး။ တချက်တချက်တော့ ရယ်သံခပ်သဲ့သဲ့ ထွက်လာတတ်တယ်။

အကြော်စုံနဲ့ ရေနွေးကြမ်း ကုန်သလောက်ရှိသွားပြီ။ ထောပတ်သီးဖျော်ရည် စ သောက်တယ်။ ထောပတ်သီးရဲ့ဆိမ့်သက်သက် အရသာ လျှာပေါ်ကို ရောက်လာတယ်။ အနောက်တိုင်းသားဟာ မုန့်ဟင်းခါးဖတ်သုပ်ကို စားရင်း မျက်နှာမှာ ချွေးတွေ သီးနေတယ်။ သူ ဖြစ်နေပုံကို အသားညိုမလေးက ကြည့်ရင်း တခစ်ခစ်နဲ့ ရယ်နေတယ်။ နောက်တော့ တစ်ရှူးတစ်စယူပြီး ချွေးသုတ်ပေးနေတာ ရိပ်ကနဲ မြင်လိုက်တယ်။ အခုနက သူတို့ကို စကားလာပြောတဲ့ အမျိုးသမီး အနားက နောက်တစ်ခါ ဖြတ်သွားပြန်တယ်။ ပြန်တော့မှာမို့ လာနှုတ်ဆက်တာ။ ဒါပေမယ့် သူ့မျက်လုံးတွေက ဟိုအနောက်တိုင်းသားရဲ့ မျက်နှာပေါ်မှာ တရစ်ဝဲ၀ဲနဲ့၊ အထင်ကြီး လေးစား အားကျဟန်က အထင်းသား။ အဲဒီအမျိုးသမီး ထွက်သွားတော့ သက်ပြင်းတချက်ကို မသိမသာ ချလိုက်မိတယ်။ ခက်တော့ ခက်နေပါပြီ။

အစားလည်း စား၊ အသံတွေလည်းကြားနဲ့ အချိန် တော်တော်ကုန်သွားတယ်။ ပြန်သင့်ပြီလို့ တွေးပြီး ထောပတ်သီးဖျော်ရည်ကို လက်စသတ်ရင်း စားပွဲထိုးကို ခေါ်ပြီး ပိုက်ဆံရှင်းလိုက်တယ်။ ဆိုင်ထဲက ထွက်လာတဲ့ အချိန်မှာ လမ်းပေါ်မှာ လူတော်တော်ရှင်းစ ပြုနေပြီ။ ဘူတာရုံထဲမှာလည်း လူရှင်းနေပြီ။ အပြန်ရထားပေါ်မှာ ထောင့်ကောင်းကောင်း တစ်နေရာမှာ ငိုက်မြည်းပြီး လိုက်ပါလာရင်း တခါက စာတစ်အုပ်ထဲမှာ ဖတ်ဖူးတဲ့ လူနှစ်ယောက် လှော်တက် အပြိုင်ဝယ်ကြတဲ့အကြောင်း သတိရသွားတယ်။ မိတ်ဆွေ တစ်ယောက်က ငါးပေရှည်တဲ့ လှော်တက်ဝယ်တယ်လို့ သတင်းကြားတော့ နောက်တစ်ယောက်က သူ့ထက်သာအောင်ဆိုပြီး ခြောက်ပေရှည်တဲ့ လှော်တက် တစ်ချောင်း သွားဝယ်ခဲ့သတဲ့။ အိမ်ပြန်ရောက်တော့ ၀ယ်လာတဲ့ လှော်တက်က ရှည်နေလို့ လှော်ရတာလည်း အဆင်မပြေ၊ လှေထဲလည်း ထည့်သိမ်းလို့ မရ၊ အိမ်ထဲမှာ ထောင်ထားဖို့လည်း မဆံ့နဲ့ ဘယ်နားထားရမှန်းမသိ၊ ဘာလုပ်ပစ်ရမှန်းလည်း မသိပဲ ထော်လော် ကန့်လန့်ဖြစ်နေတဲ့ အကြောင်းလေး…။

သက်ဝေ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...