Sunday, June 15, 2014

""လော်ဘီအုတ်ခဲနှင့် ကွင်းပျောက်နေသော စုံတွဲများ""


 မဟာသန္တိသုခကျောင်းတိုက်ကို ချိတ်ပိတ်လိုက်ပြီဟူသည့် သတင်းကြောင့် လူအများ အုတ်အုတ် ကြွက်ကြွက် ဖြစ်ကုန်သည်။ အဓိက ပူဆွေးရသူတို့မှာတော့ မင်္ဂလာဆောင်တော့မည့် စုံတွဲများဖြစ်သည်။
ဒီကျောင်းတိုက်မှာ မင်္ဂလာဆောင်ဖို့ ရက်ချိန်းယူထားကြပြီးပြီ။ ဖိတ်စာတွေလည်း ရိုက်ပြီးကုန်ကြပြီ။ ဒီနေ့မှာ သူတို့မောင်နှံတွေ အာဝါဟ ၀ိဝါဟ မူကြိုအဆင့်ပြုကြမည်ဟု အသိမိတ်ဆွေတိုင်းကို အသိပေးပြီးပြီ။

ဒီဖြစ်ရပ်ကြီးဖြစ် လာတော့ စုံတွဲတွေဘာလုပ်ရမှန်းမသိ။ ရုက္ခစိုးကိုလည်း တိုင်တည်လို့မရ။ အစိုးရက လုပ်တာဆိုလျှင် အစိုးရကို ဖွဘုတ် ပေါ်တက်ဆဲလို့ မြိန်သေးသည်။ ခုတော့ မဟန(မြန်မာနိုင်ငံ သံဃာ့မဟာနာယက) အဖွဲ့ကြီးက လုပ်တာဆိုတော့ ဘယ်သူ့မှ ပတ်ဆဲလို့မရ။
မင်္ဂလာမယူရဘဲ အမင်္ဂလာဖြစ်ပြီး ငရဲဇောက်ထိုးကျနိုင်သည်။
ထို့ကြောင့် မင်္ဂလာဆောင်တော့မည့်စုံတွဲတွေ အပူလုံးကြွကုန်၏။ ““လုပ်ရက်လေခြင်း ဘုန်းဘုန်းတို့ဘုရား”” ဟုသာ ရင်ဘတ်စည်တီး ငိုကြွေးကုန်တော့သည်။ ဟုတ်သည်။ တကယ်တော့ဒီကိစ္စကို ကိုင်တွယ်တော့မည်ဆိုပါက စုံတွဲ များကို ထည့်သွင်းစဉ်းစားသင့်သည်။
သူတို့ခမျာ အာဝါကိုဟ၍ ၀ိဝါကိုထပ်ဟချင်ပါသည်ဆိုမှ ခုတော့ တိုင်ပတ်ချေပြီ။ ဘယ်နားသွား၍ မဏ္ဍပ်ထိုးကာအိစက်ညက်ညောတဲ့ဖဲမွေ့ရာပေါ်မယ် သီချင်းသွားဆိုရမှန်းမသိ။
အဓိကကတော့ အမျိုးသားများ ဒုက္ခတွေ့ကုန်သည်။ ဆင်ရိုင်းမုန်ယိုသလို ပုလင်းတွေရိုက်ခွဲကြသည်။ တချို့က ကားလမ်းပေါ် ပက်လက်လှဲအိပ်ကာ အသေခံမည်ကြံစည်၍ အချုပ်ခန်းရောက်ကုန်သည်။ အားခဲထားသမျှ သဲရေပွကုန် ဘီဟု တွေးကြသည်။ သတို့သမီးက ခဏစောင့်ပါမောင်ရယ်ဟု နှစ်သိမ့်သော်လည်း ဘုရားဆုပန်ယောက်ျားများက မရ။ တုံးဆိုတိုက် ကျားဆိုကိုက်ရဲရဲတောက် များဖြစ်ကြသည်။ လာမစမ်းနဲ့ဟု အော်ဟစ်ကြသည်။
မဟာပုရိသ၀ါဒီကြီးများက ဒီကိစ္စကို အဖြေရှာကြသည်။ မဟာအကြံကြီးမားကုန်တော်မူသည့် ယောက်ျားဝါဒီကြီး များထုတ်လိုက်သည့်အဖြေကတော့ .....
““ဒါဟာ လူဦးရေ ပြန့်ပွားမှုနှုန်းကို ထိန်းချုပ်ဖို့ ကြိုးစားတာပဲ””ဟူ၍ဖြစ်သည်။
ဟုတ်နိုင်သည်။ မဟာသန္တိသုခကျောင်းတိုက်ဆိုတာက မင်္ဂလာဆောင်မည့်စုံတွဲများအတွက် နေရာကောင်းကြီး တစ်ခုဖြစ်သည်။
တစ်နေ့လျှင် စုံတွဲအနည်းဆုံး နှစ်တွဲခန့်က မင်္ဂလာပွဲကျင်းပလေ့ရှိကြသည်။ တစ်နာရီကို ဘယ်ဈေးဘယ်မျှ သတ်မှတ်ကာ ငွေပေးချေပြီး တစ်လနှစ်လအလိုခန့်ကပင် ကြိုတင်ဘွတ်ကင်ယူထားရသည့်နေရာကြီးဖြစ်
သည်။ ထို ကျောင်းတိုက်တွင် မဂ်လာပွဲက မပြတ်။
အုတ်ခဲလည်း တွေးကြည့်သည်။ လူ့လောကထဲသို့ ရင်သွေးငယ်များမွေးဖွားရောက်ရှိလာမှုသည် မင်္ဂလာဆောင် တစ်ခုမှဟု တွက်ကြည့်သော် မဟာ သန္တိသုခကျောင်းတိုက်သည် ကလေးငယ်တစ်ဦး
အတွက် လူ့ဘ၀ထဲ ၀င်လာစေရမည့် လက်မှတ်ရောင်း ချရာနေရာပင်ဖြစ်
သည်။ ရခဲလှသည့်လူ့ဘ၀တစ်ခုကို ဒီနေရာမှ စတင်နိုင်သည်။
ခုတော့ ဒီကျောင်းတိုက်ကို ပိတ်ပြီ။ ညနက်နက်အချိန်ကြီး ရဲကိုကိုတို့ ကားဆယ်စီးခန့်ဖြင့်ရောက်လာသည်။ မဟနဆရာတော်ကြီးများရောက်လာသည်။ စွမ်းအားရှင်ဆိုသူများရောက်လာသည်။သာသနာရေးကိုဝင်ရောက်ဦးစီးသူ လူဝတ်ကြောင်များရောက်လာသည်။ အဲဒီမှာ စတွေ့တာပဲဖြစ်သည်။ ဆရာတော်ကြီးများက တိုင်တစ်ချောင်းပါသည့် ဖုန်း ကိုကိုင်ကာ အချင်းချင်းဆက်သွယ်ကြသည်။
ထိုဓာတ်ပုံများကို ဖွဘုတ်ပေါ်ဖြန့်ကြတော့ ဆရာတော်ကြီးများက ရဲများသုံးသည့် ဝေါ်ကီတော်ကီကိုင်သည်ဟု ပျံ့ ကုန်သည်။ ဒါက နားလည်ပေးနိုင်သည်။ ဝေါ်ကီတော်ကီဆိုတာက လမ်းလျှောက်စကားပြော စက်ဖြစ်သောကြောင့် ရိုးရိုး လက်ကိုင်ဖုန်းကို လည်း ဝေါ်ကီတော်ကီ ဟု ခေါ်လို့ရနိုင်သည်။ ထားတော့။
ညည့်နက်သန်းခေါင် နေမပူ မိုးမရွာပါဘဲ သံဃာတော်များက ထီးဆောင်းနေကြသည်။ ဒါကလည်း ဖြေတွေးပေး လို့ရသည်။ မီဒီယာတွေရောက်နေတာမို့ ကင်မရာရိုက်လျှင် အလင်းရောင်ဖလက် ဖလက်ခနဲထွက်ခြင်းကို ကာကွယ်ရန် ဖြစ်နိုင်သည်။ ခဏခဏ ဖလက်ပြနေလျှင် သံဃာတော်များ မျက်စိပျက်နိုင်သည်။ မျက်စိပျက်ပါက မျက်မှန်ကိုယ်တော်များ ဖြစ်သွားမည်။
ရဲကိုကိုတို့ကတော့ ဒါကသူတို့ကိုလာ မမေးနှင့်ဟု အော်လွှတ်သည်။ သာသနာရေးဦးစီးက လုပ်တာ ဖြစ်ပြီး သူတို့က တာဝန်အရရောက်လာရခြင်းဟု ခပ်တည် တည်ပြောသည်။ သတင်းထောက်များ ညနက်နက်ထဲ ဒူးတုန်ရသည်။
နောက်တော့ လမ်းလျှောက်စကားပြောလို့ရသည့် လက်ကိုင်ဖုန်းများ၊ ထီးများဆောင်းလျှက် ရောက်လာကြသည့် သံဃာတော်တို့က ကျောင်း အတွင်းနေထိုင်ကြသော သံဃာတော်များကို ခေါ်ဆောင်ကာအဝေးပြေးယာဉ် လိုင်းများပေါ် တက်စေ၏။ ခေါ်ဆောင်ခံရသည့် သံဃာတော်တို့လည်း ကားလက်မှတ်မပါဘဲ ကားပေါ်တက်စီးကြကုန်၏။
ထို့နောက် ကားများထွက် သွားသော် မဟာသန္တိသုခကျောင်းတိုက်ကြီး ကို သော့ခတ်လိုက်ကြကုန်သည်။ ရုပ်ရှင်မင်းသမီးကြီးတစ်ဦးက ဒီကျောင်းကို သူတို့ဆောက်လုပ်ခဲ့တာပါဟု အော်ကာ ရင်ဘတ်စည်တီးငိုကြွေးလေ၏။
ဖြစ်စဉ်ကြီးက ၀မ်းနည်းပူဆွေးဖွယ်ရာ၊ ဒေါမာန်ထပွစရာ၊ နားမလည်အံ့အားသင့်စရာ၊ မှင်တက်ငြိမ်သက်စရာ ဖြစ်လေရာ မည်သူမျှ ပါးစပ်မဟနိုင်ကြချေ။ ပါးစပ်ဟမိလျှင် ညဖက်ထွက်သည့် ပိုးကောင်များဝင်မှာစိုး၍လည်း ဖြစ်နိုင် သည်။
နောက်တစ်နေ့တော့ သတင်းစာရှင်းလင်းပွဲကြီးလုပ်သည်။ ဘော်တယ်ကုလားများက ဈေးပေါပေါနှင့်ရမည်ထင်၍ လာကြသည်။ သတင်းထောက်များက ဒီကိစ္စကို မေးမြန်းကြသည်။ ဘာမှရေရာသောအဖြေမရ။ ရသည်စကားကတော့ ““ခင်ဗျားတို့တရားဘူးထင်ရင် ကြိုက်တဲ့တရားရုံးသွား””ဟူသည့် သက်ညှာသည့်စေတနာဖြင့် ညှိနှိုင်းမှုတစ်ခွန်းဖြစ်သည်။
ဘယ်တရားရုံးမှမကြိုက်သည့် သတင်းထောက်များက ဘယ်မသွားဘဲ ပေကပ်ထိုင်နေကာ ““အံ့ပါရဲ့မောင်””ဟုသာ သြ ဘာပေးနိုင်ကြလေ၏။
ထားပေဦးတော့။ တကယ်ဒုက္ခရောက်သူတို့ကို ပြန်ကြည့်ရမည်။ အမိရေ အဘရေဟု တကာ အော်ဟစ် မြည် ကြွေးနေကြသည့် စုံတွဲများကို စဉ်းစားရမည်။
ခုတော့ သူတို့ ဒုက္ခနှင့် လှလှနှင့်ရောက်လေပြီ။ စရန်ငွေပြန်တောင်းလို့ကားမရ။ ဖိတ်စာရိုက်ခ ပြန်တောင်းလို့ကား မရ။
ကြံရာပါတောင် ဖြစ်သွားနိုင်သည့်အခြေအနေမို့ လမ်းပေါ် ခြေဆောင့်ငိုရုံသာရှိတော့သည်။ ဆီဒိုးနားတို့ ဘာတို့လို နေရာတွေဆိုတာကလည်း အိပ်မက်ထဲတောင် ထည့်မမက်ရဲ။
““ဒါဟာ လူဦးရေ ပြန့်ပွားမှုနှုန်းကို ထိန်းချုပ်ဖို့ ကြိုးစားတာပဲ””ဟူသည့် မဟာပုရိသ၀ါဒီဆရာကြီးများ စဉ်းစားမှုက ဖြစ်နိုင်ချေများသည်။ တရုတ်နိုင်ငံတွင် ကလေးသူငယ်မွေးဖွားမှုနှုန်းမြင့်မားမှုကြောင့် လူဦးရေကန့်သတ်ထိန်းချုပ်မှုတွေ ပြု လုပ်နေကြသည်။ မြန်မာနိုင်ငံသည် တရုတ်ကိုအတုခိုးလေ့ရှိတာ အားလုံးသိသည်။
မကြာမီက ၀ူခုံးဆိုသည့်မျောက်တစ်ကောင် သမ္မတနှင့်လာတွေ့ပြီး မဟုတ်တရုတ်အကြံတွေပေးကာ ချောက် တွန်းသွားတာဖြစ်နိုင်သည်ဟု ပါတီတစ်ခုကတွေးသည်။ ဘယ်ပါတီလဲမမေးပါနှင့်။ သံချောင်းပါတီသာဖြစ်သည်။ ဒီအတွေး ကတော့ မဟာပုရိသာဝါဒီတွေရဲ့ အတွေးမဟုတ်။ သိတဲ့အတိုင်းပင် ကျွန်ုပ်တို့ဇာတ်လိုက် ကျော်ကြီး ပြည်သူ့သံချောင်း၏ သံချောင်းပါတီဗဟို အလုပ်အမှုဆောင်များက တွေးခေါ်လိုက်ခြင်းပင်တကား။
အံ့ပေစွ။
သံချောင်းပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဒီကိစ္စကိုမကျေနပ်။ အရက်ဖြူဆိုင်သို့အစည်းအဝေးခေါ်ပြီး ညှိနှိုင်း ကြသည်။ ဒါ နောက်ကွယ်က ကြိုးကိုင်မှုရှိရမည်ဟု ထုံးစံအတိုင်း စွပ်စွဲကြသည်။
ပါတီဥက္ကဌဖြစ်သည့် ပြည်သူ့သံချောင်းက တော့ ““ကြိုးကိုင်တယ်ဆိုတာ ကြိုးမလွဲဖို့လိုတယ်။ ကြိုးလွဲရင် မကောင်းဘူး။ ကြိုးမလွတ်ဖို့လည်းသတိထားရမယ်””ဟု ထိန်းထိန်းသိမ်းသိမ်း ပြောကြားလေသည်။
ပါတီဗဟိုအလုပ်အမှုဆောင်လည်းဖြစ်သော လော်ဘီအုတ်ခဲက အစည်းအဝေးသို့ အဆိုတင်သွင်းမှုပြုလုပ်ရာတွင်
““ဒီကိစ္စနဲ့ပတ်သက်ပြီး ကြိုးကိုင်သူကို ကျွန်တော်တို့ ဖော်ထုတ်လို့ရပေမယ့် အရက်သမားအချင်းချင်း အားနာလို့ မဖော် ထုတ်တော့ပါဘူး။ ဒါပေမယ့် ဒီကိစ္စဟာ လူ့လောကထဲဝင်လာမယ့် ကလေးတွေကို ကန့်သတ်ရာရောက်တယ် လို့မြင်ပါ တယ်။ ၀ါတွင်းသုံးကို ရှောင်ရင် တစ်နှစ်မှာ ရက် ၂၇၀ ဆိုပါစို့လေ။ ဒီတော့ မင်္ဂလာပွဲတွေကျင်းပရာဖြစ်တဲ့ ဒီကျောင်းတော် ကြီးကို ချိတ်ပိတ်တာဟာ တစ်နှစ် ကို ကလေးသူငယ် ၂၀၀ ကျော် လူ့ဘ၀ထဲဝင်လာဖို့ ပိတ်ပင်ခံရတာလည်း ဖြစ်ပါတယ်”” ဟု ၀မ်းနည်းကြေကွဲလေဟန် မျက်ရည်စက်လက်နှင့် ပြောလေရာ အစည်းအဝေး တက်ရောက်လာသည့် ကော်မတီဝင်များ က ဘီအီးခွက်များကောက်ကိုင်ကာ ချီးယားစ် အော်ရင်း ထောက်ခံကြလေသည်။
သံချောင်းပါတီ ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သည့် ဦးစိုပြေကလည်း ““လူဦးရေတိုးပွားမှုကို ကန့်သတ်တယ်ဆိုတာ တကယ်ဖြစ်နိုင်တယ်။ ဘာလို့ဆိုတော့ ကလေးတွေတိုးပွားလာရင် လူဦးရေတိုးလာမယ်။ ဒါဆိုနောင်တစ်ချိန်ကျရင် ရန်ကုန် မှာ လူဦးရေများလာမယ်။ နေစရာနေရာကမရှိဘူး။ တိုက်ခန်းတွေလည်း မဖော်ထုတ်ပေးနိုင်သေးဘူး။ လမ်းဘေးသွားနေ ရင်လည်း ကျုးကျော်ဆိုပြီး ဖြစ်ဦးမယ်။ ကျုးကျော်ကိုဖယ်ရှားရင်လည်း ဆန္ဒပြမှုတွေဖြစ်ဦးမယ်။ အဲဒါကြောင့် ဒါဟာကြိုတင် ကာကွယ်တာဖြစ်နိုင်တယ်””ဟု ထောက်ခံလေသည်။
ဖွတ်မရ … ဓားမလည်းဆုံးဖြစ်ရသည့် စုံတွဲများမှာ ဆိုင်းဘုတ်များကိုင်ဆောင်လျှက် မြို့တော်ခန်းမရှေ့ သပိတ်စ ခန်းဖွင့်မည် တကဲကဲလုပ်ကြပြန်သော် ပြည်သူ့ဘက်တော်သား သံချောင်းပါတီခမျာ ဖိုသီဖတ်သီကလေး တားဆီးရပြန် သည်။
ထိုအချိန်တွင် မဟာသန္တိသုခကျောင်းတော်ကြီးမှ သံဃာတော်ငါးပါးကို လူဝတ်လဲစေကာ တရားရုံးထုတ်ပြီး အင်း စိန်ကျောင်းတော်ကြီးသို့ ပင့်ဆောင်သွားသည့် ကိစ္စရပ်လည်း ဖြစ်လာ၏။
မန္တလေးမှ ဆရာတော်ဝီကမူ ""ကိုယ့်ကျောင်း ကိုယ်နေသည့် ဘုရားသားတော်ရဟန်းသံဃာများကို အင်အားသုံးဝင်စီးသူများက သင်္ကန်းချွတ် ထောင်ချသည့်လုပ်ရပ်ကို ဘုရားမကြိုက်သလို သံဃာတော်များလည်း မကြိုက်ကြဘူးဆိုသည်ကို ပြသော အားဖြင့် ညီနောင် အပေါင်း သတိဝီရိယ ထားဖို့လိုပါပြီ။ သံဃာအားနှင့် မတရားမှုများကို ဖယ်ရှားကြရပါတော့မည်။ တရားခံ-အံ့မောင် ဣဒ္ဓိဗလမဟန၊ သမ္မတဦး သိန်းစိန် အစိုးရအနေဖြင့် ပျားရည်တစ်စက်ကြောင့် ပြည်ပျက်ရမည့်ကိန်းကို မလိုလားပါက သံဃာအချင်းချင်းဖြစ်တာဆိုပြီး တာဝန်မဲ့စွာ လျစ်လျူရှုမနေဘဲ တရားသဖြင့် ဖြေရှင်းရမည့် တာဝန်ရှိကြောင်း သတိပေးလိုက်သည်""ဟု
အမိန့်တော် တစ်ရပ်ကို ပြင်းထန်စွာထုတ်ပြန်လိုက်လေသည်။
နောက်ဆုံးတွင် ၂၀၅၁ ခုနှစ်အတွက် အရက်သမားလူထုကြီးက ၀ိုင်းဝန်းလျာထားခံရသော သမ္မတလောင်း ပြည် သူ့သံချောင်းကိုယ်တိုင် ဆူးလေဘုရားအနီး မဏ္ဍပ်ထိုးလျှက် လူထုဟောပြောပွဲကြီးပြုလုပ်ရလေရာ ““လေးစားအပ်ပါသော ဒေါသထွက်နေသည့် အမျိုးသားထုကြီးခင်ဗျား ….
အခုချက်ချင်း ဆန္ဒပြတဲ့အနေနဲ့ လမ်းပေါ်ထွက်ခဲ့ကြပါ။ မင်းကွန်းပရိယတ္တိကျောင်းတိုက်နဲ့ M3 စားသောက်ဆိုင်က မင်္ဂလာခန်းမတွေရှိပါ သေးတယ်။ အဲဒီကိုချီတက်ကြပါစို့””ဟု
မြှောက်ထိုးပင့်ကော်လေတော့သည်။
ထိုသို့ဖြင့် ""မင်္ဂလာဦးည ရောက်ရှိရေး ဒို့အရေး""ဟု အော်ဟစ်နေသည့် အမျိုးသားထုကြီးမှာ မင်းကွန်းကျောင်း တိုက်သို့လည်းကောင်း၊ ရွှေတိဂုံမြောက်ဖက်မုခ် အနီးရှိ M3 ခန်းမသို့လည်းကောင်း ချီတက်စာရင်းပေးသွင်းကြသည့် အတွက် အဆိုပါနေရာများတွင် နေ့စဉ်လိုလို မင်္ဂလာပွဲ များဖြင့် ပြည့်နှက်နေတော့သည်။
လက်မလည်အောင်များပြားနေသည့် မင်္ဂလာပွဲများကြောင့် ခန်းမတာဝန်ခံများမှာ အောက်ပါအတိုင်းစည်းကမ်း ချက် ထုတ်ပြန်ရတော့၏။
၁။ တစ်နေ့လျှင် နံနက်ကိုးနာရီမှ ညနေ ငါးနာရီအထိသာ မင်္ဂလာပွဲများလက်ခံပါမည်။
၂။ တစ်နေ့လျှင် မင်္ဂလာဆောင် ၁၆ ခုသာ လက်ခံမည်ဖြစ်ပါသည်။
၃။ စုံတွဲတစ်တွဲလျှင် နာရီဝက်သာ မင်္ဂလာဆောင်ခွင့်ရှိကာ မင်္ဂလာဘိသိက်မြှောက်ပြီးသည်နှင့် ပြန်လည်ထွက်ခွာ ရန်ဖြစ်သည်။
၎။ မင်္ဂလာပွဲကျင်းပလိုသူများသည် တစ်နှစ်နှင့် သုံးလ ကြိုတင်စာရင်းပေးသွင်းရမည်ဖြစ်သည်။
၅။ ပွဲချိန်နောက်ကျပါက နောက်စုံတွဲတစ်တွဲနှင့် အစားထိုးကျင်းပသွားမည်ဖြစ်ရာ အချိန်ကိုလေးစားရန်သတိပြုပါ။
ထိုထုတ်ပြန်ချက်များဖြင့် ကန့်သတ်ထားသော်လည်း မင်္ဂလာပွဲများမပြတ်ဘဲ များသထက်များလာချေသဖြင့် အကြံ ပေးခဲ့သည့် သံချောင်းပါတီသည်လည်း လက်မြှောက်အရှုံးပေး၍ စိတ်နာနာဖြင့် တောခိုသွားလေသတည်း။
ကျောင်းတိုက်အသီးသီးမှ မင်္ဂလာပွဲတာဝန်ခံများသည်လည်း နေ့စဉ် လက်မလည်သည့်ဒဏ်အပြင် စိတ်ရှုပ် စိတ် ညစ်ရသောကြောင့် မိမိတို့ကျောင်းတိုက်ကိုပါ ချိတ်ပိတ်၍ လာရောက်အနုကြမ်းစီးပါရန် သက်ဆိုင်ရာသို့ အကူအညီ တောင်းခံကြလေတော့သတည်း။
မင်္ဂလာဆောင်၍ အာဝါဟ ၀ိဝါဟပြုကြမည့် စုံတွဲများထံ ၀ိဥာဏလောကမှ မကျွတ်မလွတ်သူတို့ကလည်း နေ့စဉ် ညဆက် သူ့ဗိုက်ထဲဝင်မည် ငါ့ဗိုက်ထဲဝင်စားမည်ဟု အိပ်မက်အလုအယက်ပေးလေသဖြင့် ....
သတို့သား လောင်းနှင့် သတို့ သမီးလောင်းတို့ စိတ်ရောဂါစွဲကပ်လာရာ စိတ်ကျန်းမာရေးဆေးရုံများကို အစိုးရက တစ်ခုပြီးတစ်ခု တည်ဆောက် ပေးနေ ရ ခြင်းကြောင့် နိုင်ငံတော်လည်း မွဲပြာကျသွားလေတော့ သတည်း။
- လွန်တာရှိ ၀န္ဒာမိပါအရပ်ကတို့ -
- လော်ဘီအုတ်ခဲ(သံချောင်းပါတီ) -
(The Voice Daily သတင်းစာ)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...