Friday, June 27, 2014

လမ်းခွဲတာ ဝမ်းနည်းစရာလား


"သားရေ....မင်းဦးလေး ဆုံးသွားပြီ...ရေချိုးရင်း
လဲကျပြီးဆုံးသွားတာ..." အမေဖြစ်သူက ဖုန်းဆက်လာသည်။
…………………………………………
" ညီလေးရေ...ဦးလေးစိန်ဝင်း ဆုံးသွားပြီကွ...အကောင်းကြီးကနေ ရုတ်တရတ်ကြီး ဆုံးသွားတာကွာ... အစ်ကိုတောင် အလှူငွေ တက်နိုင်သလောက် ထည့်ခဲ့သေးတယ်..." အစ်ကိုဖြစ်သူက ဖုန်းဆက်လာသည်။


………………………………………
ဦးလေးစိန်ဝင်းဆိုသူကို ကျွန်တော် ကိုးတန်းတုန်းက စပြီး ရင်းရင်းနှီးနှီး သိခွင့်ရသည်။ သူက
ကျွန်တော့်ဒေါ်လေးအရင်း၏ အိမ်ဦးနတ်။ အရပ်ပုပု၊ အသားဖြူဖြူ၊လေးထောင့်ဆန်သော မျက်နှာပေါ်
မှာ မျက်မှန်ထူကြီးတစ်လက် အမြဲတပ်ထားသည်။
စကားပြောနည်းသည်။ စကားပြောလျှင်လည်းမေတ္တာဓာတ်ပါသော စကားလုံး လေယူလေသိမ်း
တို့ဖြင့်ပြောသည်။ သူက လျှပ်စစ်ပစ္စည်းပြင်ဆိုင်ကို ပုသိမ်မြို့ ကမ်းနားလမ်းအနီးမှာ ဖွင့်ထားသည်။
သူ၏ ရိုးသားမှု နှင့် လောဘနည်းမှုတို့ကြောင့် ထိုနားတဝိုက်တွင် လူသိများသည်။ အီလက်ထရော
နစ် စက်ပစ္စည်းနှင့်ပက်သက်လာလျှင် သူ့ကို အားကိုးကြသည်။
ကျွန်တော် ပုသိမ်မြို့ အ.ထ.က အမှတ် (၃) ကျောင်းမှာ ကိုးတန်း၊ဆယ်တန်းတက်တော့ သူ့
အိမ်မှာ နှစ်နှစ်နေရသည်။(ရှစ်တန်းအထိရွာကျောင်းမှာ တက်ခဲ့သည်) ။သူ့အိမ်တွင်နေခဲ့သည့် နှစ်နှစ်
အတွင်း ကျွန်တော် သူ့ကို သတိမရပါ။ လူသည်
အခြားလူတစ်ယောက်ကို မုန်းလျှင်သတိရနိုင်သည်၊ ချစ်လျှင်လည်း သတိရနိုင်သည်။ကျွန်တော်သူ့ကို
မုန်းလည်းမမုန်း ချစ်လည်းမချစ်ပါ။ အဘယ့်ကြောင့်ဆိုသော် သူသည် အနေအထိုင်အေးဆေးပြီး စကား
နည်းသောကြောင့်ဖြစ်သည်။
သို့သော် သူသည် မိသားစုတာဝန်ကျေအောင် ထမ်းဆောင်နိုင်သူတစ်ယောက်၊ ဆွေမျိုး
တို့၏အကျိုးကို လိုလိုလားလားထမ်းရွက်နိုင်ခဲ့သော လူတစ်ယောက် ၊ ကောင်းမွန်စွာ အသက်မွေးခြင်း
ဖြင့် ပတ်ဝန်းကျင်ကို ကောင်းကျိုးဖြစ်စေသောလူတစ်ယောက် ဖြစ်သည်။ ထိုအချက်များကြောင့်
ကျွန်တော်သူ့ကိုလေးစားသည်။ ဦးလေးအရင်းတစ်ယောက်လို အားကိုးသည်။ သူ၏ကျေးဇူးသည်
ကျွန်တော့်မိသားစုပေါ်တွင် များစွာရှိသည်။
မိဘကျေးဇူးကို မဂ်ဖိုလ်ရကြောင်း နည်းလမ်းကောင်းများပေး၍ အကျေဆပ်နိုင်ကြောင်း
ဖတ်ဖူးသည်။လူသည် သေမျိုးဖြစ်သည်။ မသေခင်ကျေးဇူးဆပ်လျှင် ကျေးဇူးဆပ်သူရော၊ ကျေးဇူးဆပ်
ခံရသူပါ အကျိုးများစွာရနိုင်သည်။ သေလျှင့် ကျေးဇူးဆပ်ခွင့်မရနိုင်တော့ပေ။
…………………………………………………
ကျေးဇူးရှင်သေမှငိုသော အဖြစ်ကို အလိုမရှိ။ ကျေးဇူးရှင် မသေခင်
ကျေးဇူးဆပ်ခွင့်ကိုသာ အလိုရှိသည်။
…………………………………………………
ဦးလေးမဆုံးခင် ကျွန်တော်သူ့ကို လောကုတ္တရာစာအုပ်များဖြင့် ကန်တော့ခဲ့သည်။ လောကုတ္တရာ
တရားခွေများ ပေးခဲ့သည်။ ဤသို့အားဖြင့် ကျွန်တော့်ဘက်က တက်နိုင်သလောက် ကျေးဇူး
ဆပ်ခဲ့သည်။ ယခုဦးလေးဆုံးပါးချိန်တွင် ယခင်စာအုပ်များ၊တရားခွေများဖြင့် ကျေးဇူးဆပ်နိုင်ခဲ့
သည် ဟူသောအသိက ကျွန်တော့်အား များစွာ ကျေနပ်နှစ်သိမ့်စေနိုင်ခဲ့သည်။
………………………………………
" လူသည် သေမျိုးဖြစ်၍ လူတစ်ဦး သေဆုံးခြင်းသည် ဝမ်းနည်းစရာ မဟုတ် ........
ထိုလူ့အပေါ် ကျေးဇူးမဆပ်လိုက်နိုင်ခြင်းကသာ အမှန်တကယ် ဝမ်းနည်းစရာ........"
" လောကဓမ္မတာအရ လူသည် မွေးဖွားလာပြီးလျှင် သေဆုံးရမည်ဖြစ်သည်.....
ထို့ကြောင့် လူတစ်ဦးသေဆုံးခြင်းသည်လောကဓမ္မတာအရ အဆန်းမဟုတ်သလို
ဝမ်းနည်းစရာလည်းမဟုတ်....
လူတို့သည် အညမညပစ္စယောအရ တစ်ဦးပေါ်တစ်ဦး အပြန်အလှန် ကျေးဇူးပြုနေကြသည်.....
ထို့ကြောင့် လူတစ်ဦးမသေဆုံးခင် ထိုသူ့အပေါ် ကျေးဇူးမဆပ်နိုင်ခြင်းသည်သာ
ဝမ်းနည်းစရာ ဖြစ်သည်....."
မိဘရှိသေးသော လူငယ်များသည် " မိဘသေမှ ငိုသောအဖြစ်ကို အလိုမရှိရာ......
မိဘမသေခင် ကျေးဇူးဆပ်ခွင့်ရခြင်းကိုသာ အလိုရှိရာ၏......"
မိဘကျေးဇူးဆပ်ခြင်းဟူသည် မိဘအားတင့်တောင်းတင့်တယ် ထားနိုင်မှကျေးဇူးဆပ်သည်
ဟု မဆိုနိုင်။ကိုယ့်မိဘ စိတ်ချမ်းသာစေမည့် စကားလုံးများကို (တွေး)ပြီး (ပြော)နေရင်လည်း မိဘ
ကျေးဇူးဆပ်ရာရောက်သည်။ ကိုယ့်မိဘ စိတ်ချမ်းသာစေသော အပြုအမူမျိုး (လုပ်)နေလျှင်လည်း
မိဘကျေးဇူး ဆပ်ရာရောက်သည်။

ဦးတိုးအောင်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...