Monday, June 16, 2014

ရက်ပေါင်း ၃၆၅၀၀ ထဲက ခရီးသည်၏မှတ်တမ်း.....

အရှုံးသမားတစ်ယောက်က
တောက်တောက်ပပပြုံးပြတာ
ဟန်ဆောင်ခြင်းလို့ မင်းသိပါ
အနိုင်ရသူကငိုပြတာကိုတော့
မာယာ'ဆိုတာ
ငါကောင်းကောင်းသိတာပေါ့

သိပ်နက်တဲ့ဒဏ်ရာတစ်ခုအတွက်
တစ်ရက်နှစ်ရက်ဟာ
အနာကျက်ဖို့ မလုံလောက်ဘူး

သိပ်ကောင်းတဲ့စုတ်တစ်ချက်နဲ့
နက်နက်ဆွဲထားတဲ့ဆေးစက်
ခဏလေးနဲ့ဖျက်လို့ရတယ်
တမ်းတတာကလမင်း
ကြယ်တစ်စင်းနဲ့အစားထိုးလို့
ကလေးအငိုတိပ်ရိုးလား
ဓါး''ကောင်းတစ်လက်
မြိနေအောင်ထက်ခဲ့
အသုံးမတတ်လို့လက်ကိုရှတာ
ဓါး မှာအပြစ်ရှိသလား
ထားချင်သလိုထား
သံချေးတက်သွားတော့အပြစ်ဖို့
တရားကျဘို့ကောင်းလိုက်တာ
မှတ်ထား !
ဓါးဆိုတာကျောက်မှာနာနာသွေး
ဆီသုပ်ပေးရင် သံချေးမတက်
အမြဲထက်တယ်
သိခြင်းနဲ့မသိခြင်းဟာ
ခံစားချက်နဲ့သက်ဆိုင်တဲ့အရာ
အမှန်အမှားဆိုတာက
လူတွေလုပ်ထားတာ
ပုံပြောပြမယ်...
ယုန်' ဟာပုံပြင်ထဲမှာပညာရှိ
ကန်ငယ်တစ်ခုထဲက
ဖါးသားအမိပုံပြင်
နားဆင်ကြည့်
ကန်ငယ်သေးသေး ပိစိကွေးမှာ
ဖါးလေးတစ်ကောင်မွေးခဲ့တယ်
အမိကိုတွယ် ကန်ငယ်မှာကျက်စား
အမေ့စကားနားထောင်
အလိမ္မာကောင်လေး
အရွယ်ရောက်လာတော့
ကန်ဘောင်ပေါ်တက်
ခရီးထွက်ဖို့ခြေလှမ်းပြင်
အသွင်က...သူရဲကောင်း
အုံအွမ်တေးသီ ချီလေသည့်ခရီး
အပျော်ကြီးပျော်အော်ပြီးရင်းအော
မင်္ဂလာပါလောကကြီး''
အဖေါ်လည်းတွေ့ပျော်လဲမွေ့ပါရဲ့
ဒါပေမဲ့...ဘဝင်မကျစရာအခင်း
အဖေါ်အသင်းက 'ယုန်'
ပုံပြင်ဆိုတော့ ယုန်ပညာရှိပေါ့ကွယ်
မျိုးမတူဇာတ်ခြား နှစ်ကောင်ကြား
ဝိရောဓိတရားမွေးဖွါးလာတယ်
ပဋိပက္ခကြားက
ရုန်းထွက်ဖို့ကြိုးစားခိုက်
ဖါးသံတွေကြားလိုက်ပြန်တော့
တစ်အားတက်ခဲ့ပေါ့
မသွားနဲ့ဖါးငယ် အန္တရာယ်မကင်း
အဲဒါ..ဖါးမုဆိုးတွေဖန်ဆင်းတဲ့
သေမင်းသံစဉ်..''
မယုံဘူးဟဲ့ ယုန်အရူးရဲ့
နင်နဲ့ငါမနေ ငါ့အနွယ်တွေနဲ့သာဆို
သေရွာဆိုလဲသွားရဲတယ် ဖယ် !
ဆိုပြီး..ယုန်ရင်ကိုစုံကန်
ခုန်ပျံထွက်ဖို့ကြိုးစားတုန်း
မဆုံးသေးတဲ့ပုံပြင် ဒီမှာတင်တစ်ခန်းရပ်
ဒီဇာတ်လမ်းမှာ
မျက်ကန်းဘယ်သူလဲ
ချစ်ခြင်းမေတ္တာဟာ
ကိန်းခန်းမကြီး
သံယောဇဉ်ဆိုတာမျိုးကလည်း
စည်းသတ်တန်ဖိုးမလိုတာမို့
ကြိုက်သလိုသာခံစား
အမှန်တရားက
ခပ်ညံ့ညံ့လူစားတွေထဲမှာမပျော်ဝင
ဒီစကားနားမလည်ရင်
ကဗျာရေးတဲ့...
ငါ့ကိုလာမေးလှဲ့ ။
လောကမှာ...
လေကိုစားပြီးကြီးထွားကြသူများ
အခွံစား၍အသားဖြစ်သူများ
ရင်ဗလာနှင့်ချစ်တတ်ကြသူများ
သူများ...
သူများ...
သူများ...
အားလုံးဟာ
အီစွပ်ပုံပြင်ထဲက စပျစ်သီးချဉ်တဲ့
မြေခွေးလိုလူတွေပေါ့
နေပူထဲကလူက
မင်းသစ်ပင်ကိုခုတ်ခိုင်းရင်
သဘာဝကျတယ်ထင်လို့ကတော့
အမြစ်မကျန်မြေသာလှန်ပလိုက်
ငါကတော့
နေ့ခင်းကြောင်တောင်
အမှန်တရားကိုမီးထွန်းရှာတဲ့
ဒိုင်အိုဂျင်နီး(ဇ်)လိုလူ
ရေသောက်စရာခွက်မရှိတဲ့
ကလေးတစ်ယောက်အတွက်
ကိုယ်ပိုင်ခွက်ကိုစွန့်ပစ်တဲ့သူ
လူတွေကအရူးလို့ဆိုလည်း
သူ့အယူအဆသူချစ်
အလက်ဇန္ဒြားသဂရိတ်''
မဖြစ်ချင်ခဲ့တဲ့လူ
ရှေးရာစုနှစ်များစွာက
ကမ္ဘ္ဘာ္ဘ္ဘ္ဘ္ဘကြီးလုံးတယ်ဆိုလို့
ဂျော်ဒန်နိုဘရူနိုကိုသူတို့သတ်ခဲ့ကြတယ်
သူ......ကမ္ဘာလုံးကြီးပေါ်မှာ
အသတ်ခံခဲ့တယ်
ဒါလဲ...
The God see the truth
but waite .
သိပ်ကြီးမကြာလိုက်ဘူး
အဲဒီအရူးကိုပဲ သူတို့က
အမှန်တရားလို့ဆိုကြပြန်ရော
ဘဝနဲ့နှီးရင်း
တံတားတစ်စင်းဆောက်ခဲ့တယ်
မင်းလျောက်ဖို့ပေါ့
ဆေးမသုတ်ထားတော့အမြင်မလှ
ဘဝင်မကျလို့နောက်ဆုတ်မှာလား
နွမ်းဖတ်ဖတ်တစ်ထောင်တန်တစ်ရွက်
အသစ်စက်စက်တစ်ရာတန်
တန်ဖိုးအမှန်သိချင်ရင်
ဈေးဝင်ဝယ်ကြည့်
အဇာတသတ်အဖသတ်တာ
ဒေဝဒတ်ကြောင့်
အဂုၤလိမာလအသိရတာ
ဗုဒ္ဓကြောင့်
ရွှေတစ်စဟာ
ထမင်းတစ်နပ်စာမက
တန်ဖိုးတက်ရတာ
ရွေးစေ့ကြောင့်သာမဟုတ်ပါလာား
ဒါနဲ့များ
ရွေးစေ့နဲ့ချိန်စက်လို့
ရွှေ ဂုဏ်ပျက်ရပါတယ်ဆိုတဲ့
philosopher
ကျေးဇူးတရား ဘာဆိုတာ
သူနားမလည်ရှာဘူး
လောကမှာ
ကိုယ်မလိုချင်တဲ့အရာတွေ
သူ့ဖါသာပျောက်ကွယ်သွားအောင်
လုပ်တဲ့အတတ်ပညာ
ဘယ်နှစ်ရာစုကတည်းက
ပေါ်ခဲ့တာလည်းတော့ငါမသိ
ထိတော့ထိတယ်
တစ်ကယ်
ဥပမာ
မလာစေချင်တဲ့ဧည့်သည်ကို
အပြုံးနဲ့ကြိုပြီး
ထိုင်ဖို့နေရာမပေးတာမျိုး
မနေစေချင်သူကို နှုတ်ကမဆို
နာရီကိုခဏခဏကြည့်ပြတာမျိုး
အတူမလျောက်ချင်လို့
နောက်ချန်ကျန်ခဲ့တာမျိုး
ပြောမကုန်နိုင်အောင်များပြားလှတဲ့
အဲဒီလိုမျိုးပေါင်းများစွာဟာ
ပါးနပ်သူတစ်ယောက်ရဲ့ပြက္ခဒိန်ထဲက
စနေနဲ့တနင်္ဂနွေနေ့တွေကို
အရေကျိုပစ်လိုက်တယ်
ငါ့လူလို့ထင်ထားတဲ့
သူ့ဘက်သားက
ငါ့ကိုစော်ကားပြီး
ပါတ်ဝန်းကျင်ဂယက်နဲ့
သူ့လက်ကိုသူ့ဖါသာဖြတ်တာ
ငါရင်နာလို့မဆုံး
ငှက်ခတ်သမားအတွက်
အသိုက်ဖျက်ပေးတဲ့ငှက်
အသက်နဲ့ထပ်တူပြုထားတဲ့
ငါ့နှလုံးသားကိုမှ စော်ကားရက်သူ
အပြစ်မယူဘဲ ချစ်မြဲချစ်နေတဲ့
ငါ့ကို...
လူမိုက်လို့သာဆိုလိုက်ကြပါတော့
ကမ္ဘာ့အံ့ဖွယ်ရာတွေထဲ
ဒါလဲတစ်ခုပါမှာပဲလေ..
အနာဂါတ်ကို
အာထရာဆောင်း
ရိုက်ကြည့်ဘို့မလို
ပစ္စက္ခမှာ..
တိရစ္ဆာန်တွေဘိနပ်မစီးလို့
မင်းဘိနပ်ကိုချွတ်ဖို့ကြိုးစားရင်
ကမ္ဘ္ဘာတစ်သောင်းမှာ
သူရဲကောင်းတစ်ယောက်
ပေါ်ပေါက်ခဲ့ပြီလို့
ကြွေးကြာ်သံတစ်ခုနဲ့
ငါဂုဏ်ပြုလိုက်ပါရဲ့
ပြတ်တောက်သွားတဲ့ကြိုးတစ်ချောင်
ကောင်းအောင်
ဘယ်လိုဆက်ထားစေဦးတော့
အထုံးကလေးတောကျန်မှာပေါ့ကွယ်
ကျားတစ်ကောင်ရဲ့ဒိုက်ယာရီမှာ
လူ အမဲလိုက်တာခံခဲ့ရတဲ့နေ့က
သားကောင်ဖြစ်ခဲ့ရတာ
သူ ဘယ်မေ့လိမ့်မလဲ
ခြင်္သေ့တို့ရဲ့ရာဇဝင်မှာ
ကြီးကြီးမားမားဒဏ်ရာရသွားလို့
မြေခွေးရဲ့အစာ
ဖြစ်ခဲ့ရတာမျိုးလဲdiscoveryမှာ
တွေ့ဖူးတယ်
သဘာဝကိုပြောင်းပြန်လှန်ထားတဲ့
ကမ္ဘာတစ်ခုမှာ
ကျားဟာသမင်မကိုချစ်မိသတဲ့
ချစ်သူ့အလိုကျ,
အစွယ်ဖြတ်ခဲ့ရတဲ့ ကျား
သမင်ဖိုများရဲ့ဦးချိုအောက်
အသက်ပျောက်သွားတဲ့အခါ
မျက်ရည်ပင်လယ်ထဲကမင်းရဲ့နောင်တ
ဘယ်မှာအသုံးကျတော့မလဲ
သမင်မငယ်...
ဒီလိုနဲ့
ဒဏ္ဍာရီထဲကနိုးထလာတဲ့အခါ
ချစ်သူဟာငါ့ကိုထားခဲ့ပြီ ။
ငါနဲ့သောကသဟဇာတဖြစ်
ဒေါသအသီးတစ်လုံးအဖတ်တင်
နှစ်အတန်ကြာစားသုံးရင်း
မောဟတွင်းနက်ထဲကငါ့ဦးခေါင်းမှာ
သေမင်းအလံဖြူစိုက်ကာမှ
ဖြတ်ကနဲသတိရ
သံသရာကငါ့ကိုစောင့်နေပြီ
ပြေးမလွတ်တာတော့အမှန်
ခုခံစရာက ''နိရောဓ''
ဒီဝဋ်ကကျွတ်အောင်
သူ့ကိုမြန်မြန်မွေးဘို့
ဒီနေ့
မဂ္ဂင်ဖေါင်ကြီးပေါ်မှာ
ငါ ဥပေက္ခာနဲ့လက်ထပ်တယ်။ ။

မင်းဝေဟင်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...