Wednesday, June 18, 2014

ဆြာဒင်နှင့် သန္တိသုခစစ်ဆင်ရေး

၁၉။၀၆။၂၀၁၄နေ့ထုတ်၊ဆဲဗင်းဒေးနေ့စဉ်သတင်းစာ

ဆြာဒင်နှင့်သန္တိသုခစစ်ဆင်ရေး

(မင်းဒင်)

(တစ်)
ထက်အာကာ၊အဇဋာကောင်းကင်ဝယ် မိုးသားတိမ်ရိပ်တို့၊နေရာကောင်းယူစိုးမိုးထားလေသဖြင့် ညမှောင်မှောင်လမှောင်မှောင် ကြယ် ရောင်သော် မလင်းသည့် ညတစ်ညဖြစ်ချေ၏။အဆိုပါလမိုက်ညမှာပင် ဆြာဒင်နှင့်တပည့်ကျော်သုံးဦးသားမှာ ရန်ကုန်မြို့တွင်းတစ်လမ်း ဝင်တစ်လမ်းထွက်ကျောတစ်နေရာစာမှီခိုလဲလျောင်းရာနေရာတစ်ခုကို အသည်းအသန်ရှာဖွေလျက်ရှိလေသည်။စင်စစ်ဆြာတပည့်တစ် သိုက်ဖူးခက်သို့အပြန် မမျှော်လင့်ပဲ ရန်ကုန်မှာသောင်တင်လေသဖြင့် စားရိတ်ပြတ်ကာအခက်ကြုံနေရခြင်းပေတည်း။ဆြာရင်းတပည့်ရင်း ဖြစ်ကြသည်ကား မှန်ပါ၏။ အရေးကြုံလာသည့်အခါလောကဓံ၏သဘောကို စောင်းပါးရိပ်ခြည်မျှပင်နားလည်သူကား ဤလောကဝယ် ရှားပါးလှချေ၏။ဆြာဒင်နားကြားပြင်း အကပ်ဆုံးအရာကား ခိုကဘိုးအေခေါ်ရလောက်အောင် ညည်းညူကြသည့် ဒင်းတို့၏အသံမျိုး စုံဖြစ်၏။

"ကြံစမ်းပါအုံးဆြာဒင်ရယ်၊ဒီလောက်ထင်ရှားကျော်ကြားတဲ့ဆြာဒင့်ကို ဧရာမရန်ကုန်မြို့ကြီးမှာ ကျောတခင်းစာနေရာပေးမဲ့ မိတ်ဆွေ ရင်းချာ တစ်ကောင်တစ်မြီးမှမရှိတာ အံ့သြပါရဲ့"
"ကျုပ်တို့က လမ်းဘေးမှာအိပ်လည်းဖြစ်တယ်နော်၊ဆြာဒင့်ဂုဏ်သိက္ခာနဲ့တော့ မတော်ဘူးထင်တယ်"
"အင်း၊ အရပ်ရပ်နေပြည်တော် ကြားလို့မှ မတော်၊ဆြာဒင်လိုပညာရှိကဝိတစ်ဆူ လမ်းပေါ်မှာလမ်းပျောက်နေပါရော့လား"
"နင်တို့ပါးစပ်တွေကို ပိတ်ကြစမ်းကွယ်တို့၊အခုလို ကလိယုဂ်ခေတ်ဆိုးကြီးထဲမှာ ဧည်သည်လေးယောက်ကို ဘယ်အိမ်ရှင်အရူးက ညဥ့် အိပ်ညဥ့်နေ လက်ခံနိုင်မတုန်းဟ"

ကံကြမ္မာသည်ဆြာဒင်တို့ကို မျက်နှာသာပေးလေပြီထင့်။ဆြာဒင်တို့ရောက်နေသော ဗဟန်းမြို့နယ်တစ်ခုသော အဆောက်အဦကြီး၏ ရှေ့တွင် ရွှေဝါရောင်သင်္ကန်းဝတ်သံဃာတော်များ ရုံးစုစုဖြစ်နေကြသည်ကို မြင်တွေ့ဖူးမျှော်ရလေရာ (၁၉၆၀)မျိုးဆက် ဘုန်းကြီးကျောင်း သားဟောင်း ဆြာဒင်မှာ ဝမ်းသာလုံးဆို့သွားကာ စိတ်ဓာတ်အကြီးအကျယ်ကျဆင်းနေသော တပည့်ကျော်တို့ကို အားပေးစကား ဆို လိုက်ရ၏။
"သာသနာနေလိုလလိုထွန်းလင်းနေတဲ့တိုင်းပြည်ကြီးမှာ သံဃာတော်တွေကို ဖူးမြင်နေရပြီကမို့ တစ်ညတာ၊ကျောခင်းစရာအရေးကိုဖြင့် မပူပန်ကြလေနှင့်၊ စိတ်အေးကြပေရော့"
(နှစ်)
တစ်ညတစ်မှေးအိပ်စက်ခွင့်ရရေးအတွက် အဘယ်ဆရာတော်ကို ဦးတိုက်ကာ လျှောက်ထားသော်ကောင်းလေမည်နည်းဟု ဆြာဒင် စဉ်းစားခန်းဖွင့်နေချိန်ဝယ် သံဃာတော်များကား တစ်စုံတစ်ခုသော အရေးကိစ္စတွင် အာရုံရောက်ကာ အလုပ်ရှုပ်နေဟန်ရှိလေသဖြင့် ဆြာဒင်မှာ အခြေအနေကို  မျက်ခြေမပြတ်အကဲခတ်နေစဉ်၊တစ်ပါးသောသံဃာတော်၏လက်ကိုင်တယ်လီဖုန်းအတွင်းမှ ဂန္တဝင်အဆို တော် ကြီး ဒေါ် မာမာအေး၏သီချင်းတစ်ပိုဒ်ကိုကြားနေရသည်။

"မချစ်ပြင်ပြင် မကြင်နာလေပြီမို့ မေ့ကွက်ကိုရှာ၊ရှာသူမောင်ရေ၊မေဘယ်သူ့ကိုမှ အပြစ်လည်းမတင်ချင်ပေ။ချစ်ပရိယာယ်ကိုသိသလိုလိုနဲ့ ချစ်စရာကဗျာ တစ်ပုဒ်လား နှစ်သက်ယုံစားမိခဲ့လို့လည်း လည်း လေ........၊မေ့အပြစ်နဲ့မေသာ ရှိပါစေတော့မောင်ရေမောင်မောင်ရေ"

ထိုစဉ်တွင်ပင် ခေါင်းဆောင်ဖြစ်ဟန်ရှိသောဆရာတော်၏ ငေါက်ငန်းသံကိုကြားရပြန်သည်။
"အရှင်ဘုရားတို့ ဖုန်းတွေကိုပိတ်ထားကြပါ။ဒီအရေးထက် အရေးကြီးတာ ဘာမှမရှိဘူး"
ညကြီးအချိန်မတော် ကျင်းပနေသောအထူးအရေးပေါ်သံဃာ့အစည်းအဝေးတွင် ခေါင်းဆောင် ဆရာတော့်မိန့်မှာသံသည် စစ်ထွက်ကာ နီးဗိုလ်ချုပ်တစ်ဦး၏မိန့်ခွန်းနှင့်ဆင်တူလှလေ၏။
"ညီတော်နောင်တော်တွေက သတ္တိရှိရှိသမိုင်းကြောင်းကိုရေးကြပါ။နိုင်ငံတော်သံဃာ့မဟာနာယကရဲ့ပိုင်နက်ကို ကာကွယ်ကြပါ။အရှင် ဘုရားတို့ကိုယ်ကျရာတာဝန်ကို ပြတ်ပြတ်သားသားလုပ်ပါ။ကမ္ဘာကစိတ်ဝင်စားတဲ့ သမိုင်းကို ဒီနေ့မှတ်တမ်းတင်ရမယ်။အဲဒီနေရာမှာ ကျောက်စာတိုင်ကြီးထောင်အုံးမှာ။စည်းလုံးခြင်းသည်အင်အားတဲ့နော်"

ဆြာဒင်ရောတပည့်ကျော်တို့ပါ နဝေတိမ်တောင်ဖြစ်ရချေသည်။အောင့်အည်းသည်းခံနိုင်စွမ်းမရှိရှာကြလေသော တပည့်တို့ကား တီးတိုး လေသံဖြင့် ဆြာဒင့်ကို အားကိုးတကြီးမေးမြန်းစပ်စုကြပြန်ရာ ဖြစ်ရပ်မှန်ကို နကန်းတစ်လုံးမှ မရိပ်စားမိသော ဆြာဒင်လည်း ခတ်ဆတ် ဆတ်ပြန်လည်တုန့်ပြန်လိုက်ရ၏။
"ဆြာဒင်၊ဘာတွေဖြစ်နေကြတာတုန်းဗျာ"
"အသာနေကြစမ်းကွယ်ရို့၊သံဃာတော်တွေဆိုတာ ဘာသာသာသနာ့အကျိုးကို နေ့ညမဟူသယ်ပိုးဆောင်ရွက်နေကြတာဖြစ်နိုင်ပါတယ် လေ"
(သုံး)
"အာဏာပိုင်အဖွဲ့ နေရာအပြည့် ချထားပြီးပြီ။ ဝင်ရောက် ဖယ်ရှားရာမှာ လိုအပ်မဲ့ စကားပြောစက် (Walkie Talkie)တွေ အဆင်သင့် ပြင်ပေးထားပြီး အထပ်(၁၁)ထပ်ရှိတဲ့နေရာမှာအထပ် (၅)နဲ့ (၆)ကို အဓိက ဝင်ရောက်ရှာဖွေစီးနင်းကြ။ ကိုယ်ထိလက်ရောက် ကျူးလွန်ခံ ရရင်  သည်းမခံကြပါနဲ့။ ဒီသတင်းကိုလည်း လုံးဝ မပေါက်ကြားပါစေနဲ့။ဒါလျှို့ဝှက်အစည်းအဝေးနော်။ ဘယ်နည်းနဲ့မှမပေါက်ကြားစေနဲ့။ ပါလာတဲ့ ကားတွေ အပြင် (တိုင်း ရုံး) မှာ ထားခဲ့ပါ။ မှန်လုံကားနဲ့ သွားမယ်။ နိုင်ငံခြားဧည့်သည် သဘောမျိုးနဲ့ ဝင်မယ်။ သတ္တိရှိရှိနဲ့ သတိထား ဆောင်ရွက်ပါ။ အဲ့ဒီမှာရှိတဲ့ ကိုယ်တော်တွေက ငယ်ဖြူတွေမဟုတ်ဘူး။ မြဝတီ။ ကော့သောင်းဘက်က အလင်းဝင်တဲ့ကောင် တွေကို ဝတ်ပေးထားတယ်လို့ ကြားတယ်” 

ဦးဆောင်ဆရာတော်၏မိန့်မှာချက်များကား ဘင်လာဒင်ပုန်းအောင်းရာနေရာသို့၊ဝင်ရောက်စီးနင်းမည့်၊လက်ရွေးစင်အသေခံကွန်မန်ဒို တပ်သားများကို စစ်ဆင်ရေးအသေးစိတ်အား အထပ်ထပ် ရှင်းလင်းမှာကြားနေသည်နှင့် အလားသဏ္ဍန်တူလှပါ၏။ ဘုရားသားတော် အမည်ခံယူသူ၏နှုတ်တော်မှ "သည်းမခံကြလေနှင့်"ဟူသော အမှာစကားကား ဆြာဒင့်နားတွင် နားဝင်မချိုသည်မှာ အမှန်ဖြစ်၏။ 

သံဃာအချို့ကား စစ်ဆင်ရေးကိုသဘောမတူဟန်နောက်ကြောင်းပြန်ကြပါ၏။အချို့ကားအခြေအနေကိုသိလို၍ သဘောမတူပါပဲ လိုက်ပါကြကုန်၏။ ထိုညက ဆြာဒင်တို့ ဆြာတပည့်တစ်သိုက်မှာ သံဃာ အင်အားသုံးရာခန့်ပါဝင်သည့်ကားတန်းကြီးဖြင့်ပင် အုတ်ရော ရောကျောက်ရောရော စစ်ဆင်ရေးခရီးစဉ်တစ်လျှောက်လိုက်ပါသွားခဲ့လေရာ ကြုံတွေ့ရသည့် အဖြစ်အပျက်အသေးစိတ်ကို ဖော်ပြရ သော် စာလေး အံ့ရှိမည်ထင်၍ အကျဉ်းမျှသာ ဖော်ပြပေအံ့။
စစ်ဆင်ရေးဆင်နွှဲခဲ့သည့်နေရာကား တာမွေမြို့နယ်နတ်ချောင်းရပ်ကွက်မှ မဟာသန္တိသုခအမည်ရှိ နိုင်ငံတကာသာသနာပြုအဆောက် အဦကြီးဖြစ်ကာ (ယ)ရက်မှာ (၁၁၊၀၆၊၂၀၁၄)ဖြစ်၍ (န)နာရီမှာ(၁၀း၃၀)ဖြစ်လေ၏။(၂၀၀၇)ခုနှစ်ရွှေဝါရောင်တော်လှန်ရေးနောက်ပိုင်း ဘုန်းတော်ကြီးကျောင်းကို ဝင်ရောက်စီးနင်းသိမ်းပိုက်သည့် အဆိုးရွားဆုံးသန်းခေါင်ယံစစ်ဆင်ရေးတစ်ခုဟုဆိုသော်ရနိုင်လေသည်။အနီး ဝန်းကျင်မှာ လူထု၏ဆန့်ကျင်ကန့်ကွက်မှုကို တားဆီးရန် ဒေသဆိုင်ရာအာဏာပိုင်တို့က အင်အားအပြည့်ဖြင့်အကာအကွယ်ပေး၏။ အဆိုပါ သန္တိသုခကျောင်းတိုက်ကြီးအတွင်းမှ ရဟန်းသံဃာနှင့်လူပုဂ္ဂိုလ်အချို့ကို ဖမ်းဆီးထိန်းသိမ်း၏။ အနီးတွင်ရပ်ကြည့်ရုံသာတတ် နိုင်ကြသော လူအုပ်ကြီးအတွင်းမှ ဓာတ်ရှင်မင်းသမီးကြီးနှစ်ဦးတို့ကား ရင်ထုမနာသည်းထန်စွာငိုကြွေးကြလေ၏။

ဘုရားရှင်ထားရစ်ခဲ့သော သာသနာကို ဝရဇိန်လက်နက်ဖြင့် အကာအကွယ်ပေးပါမည်ဟု ဝန်ခံကတိစကားထားလေသော မာဃအမည် ရှိသိကြားမင်းကား နန်းမေယုပြဿဒ်တွင် ကြင်ယာတော်လေးပါးနှင့်ပျော်ပါးမြူးတူးနေခြင်းတော့မဖြစ်တန်ရာချေ။ သခွတ်ပွင့်ချိန်ဖြစ် သောကြောင့် အသူရာမင်းနှင့်စစ်ခင်းရန် ပုဇွန့်လက်ရိုးအာလမ္ဗရာနတ်စည်ကြီးကို တဒိန်းဒိန်းမြည်အောင် ရွမ်းလိုက်လေရာ၊ အုံ့ကာလေ တဖွဲဖွဲ၊ရွာလေတသဲသဲ၊အငြိုးကြီးသည့်မိုးပဇ္ဇုန်ကြောင့်ဆြာဒင်တို့ တစ်သိုက်မှာကြွက်စုတ်ရေမွန်းဖြစ်လျက် နီးရာညလုံးပေါက်လက်ဖက် ရည်ဆိုင်တစ်ခုတွင် ကွန်းခိုခဲ့ကြရပြန်ချေသည်တမုံ့။ 

(လေး)
တစ်ညလုံးတစ်မှေးသော်မှ မရသော်ငြား ထူးခြားဆန်းပြားလှသောအဆိုပါစစ်ဆင်ရေးအတွက်သတင်းစာရှင်းလင်းပွဲ တစ်ရပ်ပြုလုပ်မည် ဟူသော နောက်ဆက်တွဲသတင်းတစ်ရပ်ထွက်ပေါ်လာပြန်လေရာ စပ်စုခြင်းအမှုကိုလက်စမသတ်နိုင်သည့် ဆြာဒင်နှင့်တပည့်ကျော် သုံးဦးသားခမျာ ရှင်းလင်းပွဲကျင်းပရာခန်းမဆီသို့ယောင်ချာချာရောက်ခဲ့ရပြန်သည်။ညက အဆက်မပြတ်ဖြိုးဖြိုးစွေရွာသွန်းခဲ့လေသော မိုး ကြောင့် ရန်ကုန်မြို့တော်ကြီးတစ်ခုလုံး ရေဖုံးလွှမ်းကာ အချို့နေရာများတွင်လှေငယ်နာဝါတို့ကိုပါ ပျောက်ကြားပျောက်ကြားတွေ့မြင်ရ သဖြင့် ဘိလပ်ပြန်သန်း၏"လှေကလေးကိုလှော်မည်။ဘေးမသန်းပဲအေးချမ်းတော့သည်" ဟူသော ခေတ်ဟောင်းသီချင်းကို သတိရစရာ ကောင်းလှပါ၏။

သန္တိသုခညတိုက်ပွဲနှင့်ပတ်သက်၍ အဓိကတာဝန်ယူဖြေရှင်းသူမှာ ရုပ်ဆင်းအဂါင်္ညံ့ဖျင်းနုံချာလှသော သာသနာရေးဦးစီးဌာနဝန်ထမ်း ဟောင်းကြီး တစ်ဦးဟုဆိုပါ၏။သူကား သန္တိသုခစစ်ဆင်ရေးကို တရားမျှတသော တိုက်ပွဲအဖြစ်အတည်ပြု၏။"မကျေနပ်ရင် ကြိုက်တဲ့ နေရာသွားတိုင်" ဟူသော စိန်ခေါ်ချက်ကြောင့် သတင်းသမားတို့မှာ ကိုယ့်နောက်ကျောကိုယ် အသီးသီးလှည့်ကြည့်ကြရင်း တီးတိုးဆို သံများကျွက်စီကျွက် စီ ထွက်ပေါ်လာချေသည်။

"ဒီလူကြီးက သမ္မတအကြံပေးမဟုတ်လောက်ဘူးထင်တယ်နော်"
"ဟာ၊သူရှေ့မှာထောင်ထားတဲ့ဆိုင်းဘုတ်မှာ ရေးထားတာ ပြူးလို့။အကြံပေးပုဂ္ဂိုလ်၊နိုင်ငံတော်သမ္မတရုံးတဲ့ခင်ဗျ"
"သိပ်တော့လျှော့မတွက်နဲ့နော်။ဒီလူကြီးမှာ ဘက်ဂဒေါင်းကောင်းကောင်းရှိပုံရတယ်။သူဘယ်နေရာရောက်ရောက် အမြဲတမ်း ထိပ်ကပဲ နေမှာ၊ငရဲပြည်ရောက်ရင်တောင် ယမမင်းဖြစ်အုံးမှာတဲ့ဗျ"

အရပ်သတင်းများအရ အနှီပုဂ္ဂိုလ်ကြီးကား နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများ၏ လမ်းညွန်ချက်အရဟူသော အကြောင်း ပြချက်ဖြင့် မင်းကွန်းဆရာတော်အရှင်ဦးဝိစိတ္တသာရာဘိဝံသကဲ့သို့သော ထေရ်ကြီးဝါကြီးသံဃာတော်များကိုပင် သဟောက်သဟမ်းပြု နိုင်စွမ်းသူဖြစ်ရုံမျှမက အိမ်ထောင်ဘက်ကြင်ယာဘက်အရေးတွင်လည်း မိုးနတ်သိကြားဒေဝါနှင့်အပြိုင် သူမတူအောင်စွမ်းနိုင်သူဟု ဆိုပါ ၏။သူ့မှာ ဟုတ်ဟုတ်ငြားငြား စီးပွားရေးလုပ်ငန်းမရှိသော်ငြားမည်သို့ဂွင်ကောင်းကြုံသည်မသိ၊မဟာသူဌေးကြီးဖြစ်တော်မူ၏။ အနှိပ်တော် ဆက်လုပ်ငန်းကိုမူ ပိုင်ဆိုင်သည်ဆိုကြပြန်၏။

နေ့စဉ်ထုတ်သတင်းစာများ၊၊ဂျာနယ်များတွင်လည်း  သန္တိသုခစစ်ဆင်ရေးအကြောင်းကို မျက်နှာဖုံးသတင်းအဖြစ် ဝေဆာစွာဖော်ပြကြပါ ၏။စစ်ဆင်ရေး၏ အန္တိမရည်ရွယ်ချက်မှာ အဆိုပါကျောင်းတိုက်ကြီးကို သံဃာ့မဟာနာယကအဖွဲ့မှ၊မောင်ပိုင်စီးရန် ဟုဆိုသည်။များပြား စွာသော လူမှုကွန်ယက်စာမျက်နှာတို့တွင်လည်း ဗုဒ္ဓဘာသာဝင်သူတော်စင်တို့ ယူကြုံးမရအပူလုံးကြွကြသည်ကို ဖတ်ရှုရ၏။ နိုင်ငံ တော်သမ္မတရုံးတာဝန်ရှိသူတစ်ဦးကမူ အဆိုပါစစ်ဆင်ရေး၏အဓိကကြိုးကိုင်သူသည် သမ္မတ၏အကြံပေးမဟုတ်ကြောင်းငြင်းဆို၏။
ယင်းဖြစ်ရပ်မတိုင်မီကမူ နိုင်ငံတော် သမ္မတကြီးဆီမှ ပီနန်ဆရာတော်ကြီးထံ မဟာဒါန်ဝန်အထောက်တော် စေလွှတ်၍ စိတ်အေးချမ်းသာ စွာ စံနေတော်မူပါမည့်အကြောင်း လျှောက်ထားဖူးသည်ဆိုရာ၊ဆိုးဆိုးရွာရွား ဖြစ်ရန်မရှိဟု မျှော်လင့်ခဲ့သော်ငြား သမ္မတမင်း၏ ပြောရေး ဆိုခွင့်ရှိသူက အဆိုပါကိစ္စရပ်တွင်သမ္မတကြီး ကြားဝင်မည်မဟုတ်ကြောင်း အတိအလင်းစာထုတ်ပြန်လေပြန်ရာ ဆြာဒင့်မှာ မြို့လုံး ကျွတ်မြုပ်တော့မည့်ရန်ကုန်ရေပြင်ဝယ် ခေါင်းစိုက်၍သာ သေချင်စိတ်ပေါ်မိလေတော့သည်။

(ငါး)
နောက်ဆက်တွဲဆက်တိုက်ကြားရသော သတင်းတို့ကား ဆြာဒင်အတွက် သတင်းဆိုးများသာဖြစ်ချေသည်။ထိုညက ထိန်းသိမ်းထား သည့် သံဃာတော်များထဲမှ ငါးပါးကို လူဝတ်လဲစေကာ တရားစွဲဆိုပြီး အင်းစိန်ထောင်တွင်းသို့ ပို့ဆောင်ခဲ့ပြီဟုဆိုသည်။ထိုအထဲမှ လန်ဒန်ဆရာတော် ဦင်္းဥတ္တရမှာ ပီနန်ဆရာတော်ကြီး၏တပည့်ရင်းဖြစ်ကာ လန်ဒန်သာသနာ့ရံသီဝိဟာရတွင်သီတင်းသုံးရင်း ဗြိတိန် နိုင်ငံပါလီမန်အဆောက်အဦအနီးရှိ စိန့်သောမတ်အန်ဂိုင်းစ်ဆေးရုံကြီးတွင် လူနာများကို တရားပြနေသူဖြစ်သည်ဟုဆိုပါသည်။ ဆရာ တော်ဦးဥတ္တရလွတ်မြောက်ရေးအတွက် ဖြစ်နိုင်ခြေ အားလုံးကို စဉ်းစား လုပ်ဆောင်သွားမည်ဟု လန်ဒန်မြို့ Southwark နယ်မြေ ပါလီမန်အမတ် Simon Hughes က ဆားသည်ယင်မောင်းသကဲ့သို့လုံးပန်းလျက်ရှိနေ၏။

"ဖူးခက်ကိုပဲ ပြန်ကြပါစို့တပည့်တို့ရာ"
စိတ်အပျက်ကြီးပျက်နေသော ဆြာဒင့်စကားအဆုံးတွင် အွန်လိုင်းသတင်းနှင့်မျက်ခြေမပြတ်ကြသည့် ကပ္ပလီ၊ဖေကြည်နှင့် လေမင်းသား တို့သည် ညိုးငယ်သောမျက်နှာထားအသီးသီးဖြင့်စိုးရိမ်တကြီးညည်းတွားရေရွတ်ကြပြန်သော်ငြား ရှေ့တိုးတံပိုးနောက်ဆုတ်လှည်းတုတ် ဘဝရောက်နေသောဆြာဒင်ကား ပိုင်နိုင်သောဆုံးဖြတ်ချက်ကိုပင်ချရလေတော့သည်။
"ဒီတခါဖူးခက်ကိုပြန်ဖို့ သိပ်မချောင်လောက်ဘူးထင်တယ်ဆြာဒင်။ ထိုင်းစစ်တပ်က အာဏာသိမ်းပြီး နိုင်ငံခြားအလုပ်သမားမှန်သမျှ မောင်းထုတ်နေလို့ နှစ်ရက်အတွင်း ကမ္ဘောဒီးယားအလုပ်သမား တစ်သိန်းကျော်ပြည်တော်ပြန်ကြသတဲ့။ဖူးခက်ပါတောင်ကမ်းခြေက ဗီယမ် နမ်ဆိုင်တွေလည်း ပိတ်ကုန်ကြပြီတဲ့။စစ်တပ်က တစ်နှစ်ကျော်အာဏာသိမ်းထားမှာဆိုတော့......"

"ထိုင်းစစ်တပ်က ဖမ်းရုံမကလို့ ထောင်ထဲပဲထည့်ထည့်၊ရာဇဝင်ထဲက ရန်သူနိုင်ငံမို့ဖြေသာပါတယ်ကွာ။ကမ္ဘာ့သာသနာပြုအထင်ကရ ဆရာ တော်ကို လူဝတ်လဲပြီး အင်းစိန်ထောင်လိုလူ့ငရဲပို့တာထက်တော့ အပုံကြီးသာတယ်မောင်။ဖမ်းမိလို့ ယိုးဒယားမြန်မာနယ်စပ်ပြန်ပို့ တော့ ကော ဘာဆန်းသတုန်း၊ဒီခရီးလမ်းကြောင်းတွေက ငတို့ဆြာတပည့်တွေအတွက် အိမ်ဦးနဲ့ကြမ်းပြင်ဖြစ်နေကမင့်ဟာ။ အဆိုးဆုံး ကတော့ ထေရဝါဒနောက်ဆုံးခံတပ်ဆိုပြီးကြွေးကြော်နေတဲ့နိုင်ငံမှာ ကိုယ့်လူမျိုးချင်း၊သံဃာချင်းဇာတ်တူသားစားကြတာမျိုးတော့ လက် မခံနိုင်ဘူး။ တိုင်းတစ်ပါးလူမျိုးခြားက အနိုင်ကျင့်တယ်ဆိုတာဖြေစရာတရားရှိတယ်ကွ။ ဘယ်နှယ့်ကွာ၊ ဗုဒ္ဓဘာသာရဟန်းတော် လွတ် မြောက်ရေးအတွက် အင်္ဂလန်နိုင်ငံလွှတ်တော်အမတ်မင်းက နည်းလမ်းပေါင်းစုံနဲ့ အစွမ်းကုန်ကြိုးပမ်းနေသတဲ့။ဆက်နေရင် ဆြာဒင် အရှက်လွန်ပြီး နေရာတင်လဲ၊ပွဲချင်းပြီးသေနိုင်တယ်ဟေ့"

(ခြောက်)
ဆြာဒင်တို့နှင့်ခရီးသည်များကို သယ်ဆောင်မောင်းနှင်လာသည့် အဝေးပြေးကားကြီးသည် ယိုးဒယားမြန်မာနယ်စပ် မြဝတီမြို့ဆီသို့ဦး တည်မောင်းနှင်လျက်ရှိရာ တပည့်ကျော်သုံးဦးမှာ နေ့ရောညပါအိပ်ရေးပျက်ကြလေသဖြင့် ငိုက်မျဉ်းလျက်ရှိကြချိန်တွင်  ထူးခြား ဆန်း ပြားလှသော ကျောင်းလုပွဲစစ်ဆင်ရေးအပေါ်ဆြာဒင်တစ်ယောက် မျက်လုံးအကြောင်သားဖြင့် အတွေးမျှင်မပြတ်နိုင်အောင် ရှိနေ ချေ၏။

 ပိဋကတ်သုံးပုံကို ဒိုးလိုမွှေရေလိုနှောက်တုန်လှုပ်ချောက်ခြားနိုင်စွမ်းရှိသူ ရွှေဥာဏ်တော်ရှင်တို့သည် ဓမ္မဝိဟာရကျောင်းတိုက်တစ် ခု၏အရေးမျှကိုပင် အပြန်အလှန်ဆွေးနွေးညှိနှိုင်းအဖြေမရှာနိုင်ကြလေယောင်တကား။သီလသမာဓိသိက္ခာသုံးပါးနှင့်ပြည့်စုံကြသော အဓိ ကရဆရာတော်ကြီးတို့ပင်ဤအရေးတွင်နှုတ်ဆိတ်ကာ ကြားမဝင်နိုင်အောင် အဘယ်ကိုယ်ကျိုး၊အဘယ်အာဏာစက်တို့ဖြင့် လောဘ မောဟဒေါသစိတ်လွန်ကဲကာ အုပ်စုအားကိုးနိုင်ရာစားထင်တိုင်းကြဲကြလေသနည်း။

သုံးလောကထွဋ်ထားသဗ္ဗညုမြတ်စွာဘုရားရှင်သာ သက်ရှိထင်ရှားရှိနေတော်မူဆဲရှိပြီး ဤဖြစ်ရပ်ကို အစမှအဆုံးတိုင် မြင်တော်မူပါလျှင် ကရုဏာမုဒြာဖြင့်.. "အန္ဓ္ဓီဘူတော အယံ လော ကော – အကြင်လောကသည် အမိုက်တိုက်သာတည်း" ဟူ၍ထပ်မံ မိန့်ဆိုမည်ကို ဆြာဒင်မြင်ယောင်ကြားယောင်နေမိလေသည်တကား။

(တစ်)
ထက်အာကာ၊အဇဋာကောင်းကင်ဝယ် မိုးသားတိမ်ရိပ်တို့၊နေရာကောင်းယူစိုးမိုးထားလေသဖြင့် ညမှောင်မှောင်လမှောင်မှောင် ကြယ် ရောင်သော် မလင်းသည့် ညတစ်ညဖြစ်ချေ၏။ အဆိုပါ လမိုက် ညမှာပင် ဆြာဒင်နှင့်တပည့်ကျော်သုံးဦးသားမှာ ရန်ကုန်မြို့တွင်းတစ်လမ်း ဝင်တစ်လမ်း ထွက်ကျော တစ်နေရာစာမှီခိုလဲလျောင်းရာနေရာတစ်ခုကို အသည်းအသန်ရှာဖွေလျက် ရှိလေသည်။
စင်စစ်ဆြာတပည့်တစ် သိုက်ဖူးခက်သို့အပြန် မမျှော်လင့်ပဲ ရန်ကုန်မှာသောင်တင်လေသဖြင့် စားရိတ်ပြတ်ကာအခက်ကြုံနေရခြင်းပေတည်း။ဆြာရင်းတပည့်ရင်း ဖြစ်ကြသည်ကား မှန်ပါ၏။ အရေးကြုံလာသည့်အခါလောကဓံ၏သဘောကို စောင်းပါးရိပ်ခြည်မျှပင်နားလည်သူကား ဤလောကဝယ် ရှားပါးလှချေ၏။ဆြာဒင်နားကြားပြင်း အကပ်ဆုံးအရာကား ခိုကဘိုးအေခေါ်ရလောက်အောင် ညည်းညူကြသည့် ဒင်းတို့၏အသံမျိုး စုံဖြစ်၏။

၁၉။ ၀၆။၂၀၁၄နေ့ထုတ်၊ဆဲဗင်းဒေးနေ့စဉ်သတင်းစာ

(မင်းဒင်)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...