Tuesday, June 24, 2014

`` ကျောက်သွေးသူတစ်ဦးရဲ့ အင်တာဗျူး........´´



ကွန်တော်တို့ ဋ္ဌာနမှာ ရှိတာက ၈ ဦး၊ တစ်နှစ်ကျော်ကျော်အတွင်းမှာ ၅ဦးပဲ ရှိတော့တယ်....။ ဒီတော့ ရုံးချုပ်ကို ၀န်ထမ်းချပေးဖို့ တင်ပြရတယ်....၊ ၀န်ထမ်း လိုအပ်ချက်များနေတဲ့ ရုံးချုပ်ကလည်း မိမိ အစီအစဉ်ဖြင့် ၀န်ထမ်းအသစ် တစ်ဦး ရွေးချယ်ပေးပါ......။ တိုက်ရိုက် သင်တန်း တက်ရောက်ပြီး ခန့်အပ်ပေးမယ်လို့ အကြောင်းပြန်ပေးခဲ့ပါတယ်....။

အဲဒီတော့ ဌာနတွင်း လိုအပ်ချက် ဖြစ်တဲ့အတွက် နီးစပ်ရာကတဆင့် ကြေငြာပေးလိုက်ပါတယ်....။
ပြီးတော့ အင်တာဗျူး ထိုင်ကြတယ်....။
ကျွန်တော်က ဒီ အင်တာဗျူး ကဏ္ဍမှာ ပင်ကိုယ် စူးစမ်းမှုကို အကဲဖြတ်ပေးရတဲ့ သူပေါ့......။
လက်ရှိ ကျွန်တော်တို့ ဌာနခွဲ အတွက် လိုအပ်တာက ၁ ဦးတည်းလေ..... ၀င်ရောက်ဖြေဆိုမှာက ၇ ဦးတဲ့၊ ပရိုပို့စ် လုပ်ထားတာက ၃ ဦး၊ သာမန်က ၄ဦး၊ ပရိုပို့စ်လုပ်ထားတဲ့အထဲမှာ သွေးရင်းတာက ၂ဦးပါနေတယ်....။
တစ်ဆင့်ချင်း ရွေးလာပြီး ကျွန်တော့် ကဏ္ဍကို အရောက်မှာတော့ ၃ဦးပဲ ကျန်တော့တယ်.... သွေးရင်းတဲ့ ၂ဦးနဲ့ သာမန် ၁ဦးပေါ့......။
ကျွန်တော့်ဆီမှာ မေးခွန်း သီးသန့် မရှိပါဘူး...... ဆိုက်ကို မေးသလိုပါပဲ... မေးချင်ရာမေးပြီး ကျွန်တော် သဘောကျရင် ညွှန်မှူးဆီကို တင်ပြပြီး တင်ပေးလို့ရတယ်... ကျွန်တော် ရွေးပြီးလျှင်တော့ ညွှန်မှူး တည်ပြုပြီး ရွေးချယ်ခံရတဲ့သူကို သင်တန်းစေလွှတ်.... ပြီးရင် နီးစပ်ရာဌာနတစ်ခုခုမှာ ဖြစ်ဖြစ်၊ ကျွန်တော်တို့ ဌာနခွဲမှာပဲဖြစ်ဖြစ် အစမ်းခန့် ၆လ တွဲဘက်ထားရပါတယ်......။ အဲဒီကမှ ၀န်ထမ်းခန့်အပ်ပြီး နောက်တဆင့် အနေနဲ့ လုပ်သက် ၃နှစ်၊ ဒါမှ မဟုတ် ထောက်ခံချက်ရ ဌာန၃ခုမှာ တာဝန် ထမ်းဆောင်နိုင်ခဲ့လျှင် အရာရှိ လျှောက်ထားခွင့်ရတဲ့ အခြေအနေပါ.....။
ဒီလုပ်ငန်းလေးကို သိတဲ့သူ တော်တော်များများ စိတ်ဝင်စားကြတယ်ဗျ..... ဌာနခွဲ တော်တော်များများက နယ်စပ်ဒေသတွေမှာ အခြားအသွင်တစ်မျိုးနဲ့ ရုံးစိုက်ပြီး ပေးအပ်ထားတဲ့ စစ်ရေး၊ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေး၊ ဘာသာရေး စတာတွေကို အကဲဖြတ် ထောက်လှမ်းပြီး ထင်မြင်ယူဆချက်တွေနဲ့ တင်ပြနေရတဲ့ သတင်းဌာနတစ်ခုပဲ ဆိုကြပါစို့....။
နောက်ပြီး ဌာနခွဲ အချင်းချင်းကလည်း ရုံးချုပ်နဲ့ တိုက်ရိုက် အွန်လိုင်းစနစ်ကို အသုံးပြုထားတော့ ကမ္ဘာကြီးရဲ့ နေရာဒေသမျိုးစုံက လျှို့ ၀ှက်အပ်ရာတွေကို သိကြရတယ်....။ စိတ်ဝင်စားမယ်ဆိုရင်တော့ အင်မတန်ပျော်စရာကောင်းတဲ့ အလုပ်ပေါ့.....။ လစာနဲ့ ထောက်ပံ့ကြေးကလည်း နှစ်သက်သဘောကျစရာလေ....

ပထမတစ်ဦး အခန်းထဲဝင်လာတယ်... အင်္ကျီအဖြူကော်လံကတုံး၊ ပုဆိုးလေးနဲ့ပဲ သပ်သပ်ရပ်ရပ် ဖြစ်ပြီး ကြည့်ကောင်းတဲ့ လူငယ်တစ်ယောက်ပဲ၊ အသားအရောင်နဲ့ လူပုံပန်းသဏ္ဍာန်အရ ဖြူဖြူနွဲ့နွဲ့.... ကြည့်ရတာ လူယဉ်ကျေးတစ်ယောက်နဲ့တူနေတယ်...။
`` ထိုင်ကွာ ကောင်လေး....´´
`` ဟုတ်ကဲ့´´ ခပ်တိုးတိုးလေးပြောရင်း သိမ်သိမ်မွေ့မွေ့လေး ၀င်ထိုင်တယ်...။
`` မင်းနံမယ်.....´´
`` ဇေယျာစိုးပါ ဆရာ...´´
စိတ်ကူးတည့်ရာတွေ ပါဆင်နယ်လေးတွေ မေးရင်းနဲ့ ဌာနတစ်ခုက ညွှန်မှူးတစ်ဦးရဲ့ တူဖြစ်နေတာ သိလိုက်ရတယ်.....။ ဗဟုသုတလေးတွေ ခေတ်ပေါ် သတင်းလေးတွေ မေးရင်း ကျေနပ်စရာ ဖြေနိုင်တာတွေ့ရတယ်... သူ့ဦးလေးကလည်း သင်ကြားပေးလိုက်ပုံရပါတယ်...။
`` ဒါနဲ့ကွာ မင်း အခု ၀င်လာတာ ဘာတွေ တွေ့ခဲ့သလဲ..´´
`` အဲဒါက ဟိုလေ...... ဆရာဘာကို မေးတာလဲ ခင်ဗျာ....´´
`` အော်..... မင်း ၀င်လာတော့ ဘာတွေ တွေ့ခဲ့သလဲလို့ မေးတာ...´´
ကောင်လေးက စဉ်းစားရင်း....
`` ဟုတ်ကဲ့ ရုံးအရှေ့ မှာကားနှစ်စီးရယ်...၊နောက် မှန်ကာထားတဲ့ ရုံးခန်း ၃ ခန်းရယ်တွေ့ခဲ့တယ်ခင်ဗျ....´´
မဆိုးပါဘူး.... ကောင်လေးက မှတ်မိတန်သလောက်တော့ မှတ်မိသား...
`` ကောင်းပါပြီကွာ မင်းပြန်လို့ရပါပြီ.... ရွေးချယ်ခဲ့ရင် ဌာနက အကြောင်းကြားပေးပါလိမ့်မယ်....´´
`` ဟုတ်ကဲ့ဆရာ ကျေးဇူးပါခင်ဗျ...´´
လူတစ်ယောက်ကို အင်တာဗျူးရတာ အများဆုံး ၁၀ မိနစ်ပါပဲ...။
ကောင်လေးထွက်သွားတော့ နောက်တစ်ယောက် ၀င်လာတယ်...
သူလည်း ခေတ်မီတဲ့ လူငယ်လေးတစ်ယောက်ပါပဲ အရင်တစ်ယောက်ထက်တော့ နည်းနည်း ပိုပြီး သန်မာပုံပေါက်တယ်..။ ရဲလည်း ရဲတင်းတယ်...။ မေးသမျှကိုလည်း မတုန့် မဆိုင်းဖြေသွားတယ်....။ မှားမှား မှန်မှန် လူကြီးမေးရင် ဖြေရမယ်ဆိုတာ သိနေတဲ့ သဘောပဲ.... အထာကျတယ်လို့ ဆိုရမှာပေါ့.....။
`` မင်းနံမယ်.....´´
`` သိန်းထွန်းဆက်ပါ...´´
`` အော် မင်းက ကိုဆက်နွယ်ရဲ့ ဘာတော်လဲ...´´
`` ဟုတ်ကဲ့ တူပါခင်ဗျ....´´
`` အော်..... ဒါနဲ့ကွာ မင်း အခု ၀င်လာတာ ဘာတွေ တွေ့ခဲ့သလဲ..´´ ကောင်လေးက ချက်ချင်းပဲ...
`` ကျွန်တော် အင်တာဗျူးဖြေဖို့ စိတ်လောနေတာနဲ့ သေသေချာချာ မကြည့်ဖြစ် ခဲ့ဘူး ဦး.....´´
`` ကောင်းကွာ.... ဟေးဟေးဟေး မင်းက အမှန် အတိုင်းတော့ ပြောသားပဲ အေး အေး ဟုတ်ပြီကွာ.... ရွေးချယ်ခဲ့ရင် ဌာနက အကြောင်းကြားပေးပါလိမ့်မယ်....´´
`` ဟုတ်ကဲ့ ဦး ကျွန်တော့် ဦးဦးဆီ ဖုန်းဆက်လိုက်လည်း ရပါတယ်....´´
`` အေးပါ... အေးပါ´´ ပြောရင်း ဆိုရင်း ကောင်လေးထွက်သွားတယ်...
နောက်တစ်ယောက်ဝင်လာတယ်...။
ခပ်ညိုညို ခပ်တောင့်တောင့်နဲ့ မထင်မရှားကောင်လေး မျက်လုံးတွေကတော့ အေးနေတယ်လို့ မြင်ရတယ်... အခန်းထဲဝင်လာပြီး ခုံနဲ့ မလှမ်းမကမ်းမှာ ရပ်နေတယ်...
`` ထိုင်ကွာ ကောင်လေး....´´
`` ဟုတ်ကဲ့´´ ပြောရင်းနဲ့ ညွှန်ပြတဲ့ ကုလားထိုင်မှာ ဖျတ်ဖျတ်လတ်လတ် ၀င်ထိုင်တယ်...။ ခပ်ကုပ်ကုပ် မဟုတ်ပေမဲ့ ဒူးနှစ်ဘက်အပေါ် လက်တင်ထားတယ်... ခါးလည်းနည်းနည်း မတ်ထားတယ်.. ကြည့်တာနဲ့ တင် သန်မာတဲ့ အားကစား သမားတစ်ယောက်နဲ့ တူနေတယ်...။
`` မင်းနံမယ်.....´´
`` မြင့်သန်းပါ ခင်ဗျာ...´´
ထုံးစံအတိုင်း ဟိုမေးဒီမေး မေးရင်းနဲ့ ဒီအလုပ်ကို ဘယ်လိုသိသလဲ မေးတော့ အသိတစ်ယောက်ဆီကနေ ကြားပြီး လျှောက်ထားခဲ့တာပါလို့ ဖြေခဲ့တယ်....။
`` ဒီတော့ကွာ ဒို့အလုပ်ကို မင်းက ဘယ်လို အလုပ်မျိုးလို့ ထင်လဲ....´´
`` ဟုတ်ကဲ့.... သတင်းစုဆောင်းတဲ့ဌာန၊ စုံထောက်လို ဌာနမျိုးလို့ ထင်ပါတယ်ခင်ဗျ...´´ သူ့ရဲ့ အပြောကို ကျွန်တော် သဘောကျမိတယ်.... ဟုတ်မှာပေါ့ လူငယ်လည်းဖြစ်၊ ဒီအလုပ်အကြောင်းလည်း သေသေချာချာ မသိလေတော့ သူထင်ထားတဲ့ အတိုင်းပဲ သူဖြေခဲ့တာပေါ့....။
`` အေးပါကွာ ဒါနဲ့ စုံထောက် တစ်ယောက်မှာ ဘယ်လိုအရည်အချင်းတွေ လိုအပ်သလဲကွ.....´´
`` ဒါတော့ ကျွန်တော် သေသေချာချာ မသိပါဘူးခင်ဗျာ.... ကျွန်တော်ကတော့ ကျောင်းလည်း ပြီးထားပြီ၊ အားကစားလည်း ငယ်ငယ်ကတည်းက လုပ်ထားတော့ ကျန်းမာပြီး သန်စွမ်းတယ်လို့တော့ ထင်ပါတယ်... ဒါတွေလည်း စုံထောက်တစ်ယောက်မှာ လိုအပ်တယ် ထင်ပါတယ်ခင်ဗျ...´´

`` ဒါနဲ့ကွာ မင်း အခု ၀င်လာတာ ဘာတွေ တွေ့ခဲ့သလဲ..´´ ကောင်လေးက တစ်ချက်စဉ်းစားရင်း...
`` ဟုတ်ကဲ့ ရုံးရှေ့က အလံတိုင်မှာ အလံဟောင်းနေတာ တွေ့ခဲ့တယ်ခင်ဗျ၊ ပြီးတော့ ၀င်ဝင်ချင်း အခန်းထောင့်က အမှိုက်တောင်းလည်း ပြည့်နေတယ်ဆရာ...၊ ပြီးတော့ ဆင်ဝင်အောက်က ကြမ်းခင်းမှာ ကွန်ကရစ်ကွဲနေတယ်ဆရာ.....´´
`` ဟေ...... ´´ ကျွန်တော်ကောင်လေးရဲ့ အမြင်ကို တော်တော် သဘောကျသွားတယ်...´´
`` နောက်ပြီး ဘာတွေ သတိထားမိသေးလဲကွ....´´
`` ဟုတ်ကဲ့ ရုံးခန်းက အလယ်လမ်းရဲ့ ဟိုဘက်ဒီဘက် ၃ခန်းစီတွေ့တယ်ဆရာ...၊ ပြီးတော့ အစွန်ဆုံးအခန်းက ကွန်ပြူတာခန်းထင်တယ်...၀ိုင်ယာ ကြိုးတွေ၊ အင်တာနာကြိုးတွေ၊ ဧရိယာကြိုးတွေ တွေ့ခဲ့တယ်... အတွင်းမှာ လိုက်ကာ အပြာလေး တတ်ထားတာလည်း တွေ့ရတယ်...၊ ကျန်တဲ့ အခန်းတွေကတော့ မှန်ပဲ ကာထားပြီး အဲဒီအခန်းက အပြင်လူ မမြင်စေချင်တဲ့ လျှို့ ၀ှက်တဲ့ အခန်းဖြစ်မယ်ထင်ပါတယ်...´´
`` ဟာ မင်းကလည်း လူကြီးနေတဲ့ အခန်းလည်း ဖြစ်နိုင်တာပဲ.... လိုက်ကာ ကားထားယုံနဲ့တော့ လျှို့ဝှက်တဲ့ အခန်း မဖြစ်နိုင်ပါဘူး....´´
`` မဟုတ်ဘူးဆရာ မဖြစ်နိုင်ဘူး... ရုံးအလယ်တည့်တည့်မှာ စင်္ကြန်ရှိနေတယ်... ဆင်ဝင်နဲ့ တည့်တည့်လေ... အဲဒီအခန်းက လူကြီးအခန်း ဖြစ်မယ်ထင်တယ်...´´
`` နောက်တော့ရောကွာ......´´
`` နောက်တစ်ခုကဆရာ ဟိုလေ ရုံးဘေးကားပါကင်မှာ ရပ်ထားတဲ့ ကားနှစ်စီးမှာ မြေနီတွေ ပေနေတယ်... ရွှံ့ အိုင်တွေ နင်းလာတဲ့ပုံဆရာ.... ခရီးဝေး တောထဲလို ဟာမျိုးက လာထားတယ်ထင်တယ်... ကျွန်တော်တို့ လမ်းတစ်လျှောက်မှာ မြေလမ်းလည်းမရှိဘူး....... မြေကြီးကလည်း ရွံ့ ရောတဲ့မြေအဖြူတွေဆရာ..... အနည်းဆုံးဒီကားတွေက မိုင်၅၀ အထက်လောက်က ရောက်လာတာ ထင်တယ်....´´
`` အေးကွာ ကောင်းပါပြီ...... မင်းနောက် အပတ် တနင်္လာနေ့ မနက် ၉ နာရီမှာ (.........)ရုံးက သင်တန်းဌာနကို သတင်းပို့ရမယ်.....၊ မနက်ဖြန် နေ့လည်မှာ ဒီကို တစ်ခေါက်ပြန်လာခဲ့.... ပုံစံဖြည့်ရမယ်... အခုပြန်လို့ရပြီ..... ´´
`` ဟုတ်ကဲ့ဆရာ...... ပြန်လိုက်ပါဦးမယ်....´´ ကောင်လေး ထွက်သွားတာကို ကြည့်နေမိတယ်...၊ အရွေးချယ်ခံရလို့ ၀မ်းသာအားရလည်း မဖြစ်၊ တွေဝေ စိုးရိမ်ခြင်းလည်း မဖြစ်တဲ့ ကောင်လေး..... စုံထောက်တစ်ယောက်နဲ့ တကယ်ပဲ တူပါတယ်.....၊ ကျွန်တော်တို့ဌာနက သူပြောသလို စုံထောက်ဌာနမဟုတ်ပေမဲ့ သတင်းတွေကို စုဆောင်းတင်ပြရင်း၊ သုံးသပ်နေရတဲ့ဌာနလေ...... အမြင်လေးစူးရှဖို့နဲ့ စဉ်းစားသုံးသပ်နိုင်ဖို့ လိုအပ်တယ်.....။ မိမိကိုယ်သာ အားကိုးရာ ဖြစ်နေတဲ့ ကောင်လေးက အပြတ်အသပ် ကြိုးစားမယ်ဆိုတာလည်း စဉ်းစားစရာကို မလိုဘူးလေ....။
သင်တန်းမှာ လုပ်ငန်းသဘောတရားလေးတွေ၊ အခြေအနေလေးတွေ၊ သတင်းစုဆောင်းပုံတွေ၊ တည်ဆောက်ပုံတွေ၊ ဆက်စပ်ပုံတွေ၊ တင်ပြပုံတွေနဲ့ သတင်းရဲ့ ဆက်ကြောင်းနောက်ကို လိုက်တတ်ဖို့တော့ သင်ကြားပေးလိုက်ကြမှာပါ....။
ကျွန်တော်တို့ဌာနကို ရောက်တဲ့အခါမှာတော့ ၀န်ထမ်းတစ်ယောက်ရဲ့ အဓိကတာဝန်၊ နောက်ပြီး စောင့်စည်းရတဲ့ ၀န်ထမ်းကျင့်ဝတ်၊ ထားရှိအပ်တဲ့ သစ္စာတရား....၊ ပုံဖော်ထုဆစ်ခြင်း၊ ၀ိုင်းဖွဲ့တည်ဆောက်ခြင်းနဲ့ ကြိုတင်ဖြစ်ပေါ်နေတတ်တဲ့ သတင်းအခြေအနေလေးတွေကို သေသေချာချာ သင်ပေးရမှာပေါ့......။
ဒီကောင်လေးကို ရွေးချယ်ခြင်းနဲ့ ပတ်သက်ပြီး မျက်နှာနာစရာတွေ ရှိနေတဲ့ ကျွန်တော်တို့ အသိုင်းအ၀ိုင်းထဲမှာ ညွှန်မှူးကိုတော့ ကျွန်တော် ချွေးပြန်အောင် ရှင်းပြရဦးမယ် ဆိုတာ သိလိုက်တယ်......။
ဒီလိုပါပဲ.... ကျွန်တော် စေ့စပ်သေချာပြီး ရိုးစင်းတဲ့ လူငယ်တစ်ယောက်ကို ရယူနိုင်ဖို့အတွက် နည်းနည်းတော့ အပင်ပန်းခံရမှာပေါ့.......။
တကယ်တော့ ကျွန်တော်က ကျောက်ရိုင်းလေးတွေကို အကွက်လှလှနဲ့ တောက်ပအောင် အတွင်းသားကို စူးစမ်းမေးမြန်းမှု မီးလေးနဲ့ ထိုးကြည့်ပြီး သွေးပေးရတဲ့ ကျောက်သွေးဆရာလို လူမျိုးပဲလေ....
ကျွန်တော် ယုံကြည်မှု အပြည့်နဲ့ ထုဆစ်ပေးလိုက်တဲ့ ကျောက်ရိုင်းလေးတွေက တစ်နေ့ ဈေးကွက်မှာ ဈေးကောင်းကောင်းရစေရမယ်လို့ တွေးရင်း.......။
(ကွန်ဆူးမား)(၂၀-၆-၂၀၁၃)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...