Sunday, June 29, 2014

အာဆီယံအသင်းကြီး၏ စိန်ခေါ်မှုများ ခင်မောင်ညို (ဘောဂဗေဒ)

June 29, 2014 at 12:39am


          ၂၀၁၅ ခုနှစ်တွင်၊ အာဆီယံအဝန်းအဝိုင်းပေါ်ပေါက်ရေးနှင့်၊ ၂၀၁၅ အလွန် ခရီးအတွက်၊ အာဆီယံအသင်းကြီးတွင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရမည်ဖြစ်ပြီး၊ အရေးကြီးသောစိန်ခေါ်မှုများကို၊ ဖိလစ်ပိုင်နိုင်ငံ၊ မဟာဗျူဟာနှင့် ဖွံ့ဖြိုးရေးလေ့လာမှု ဗဟိုဌာနမှ၊ သုတေသီဟာနန်ဒက်ဇ်က၊ ဝေဖန်သုံးသပ်ထားသည်။

၁။ ငွေကြေးမလုံလောက်မှု
          အဖွဲ့ဝင်နိုင်ငံများသည်၊ ဖွံ့ဖြိုးမှုအဆင့် ကွာခြားကြသဖြင့်၊ ထိုဖွံ့ဖြိုးမှုကွာဟခြင်းကို၊ ပေါင်းကူးပေးရန်လိုသည်။ တဘက်တွင်၊ အဖွဲ့ဝင်နိုင်ငံများသည်၊ အာဆီယံအသင်းကြီးသို့၊ ရံပုံငွေထည့်ဝင်ရာတွင်၊ တန်းတူညီမျှမှုကို ပြသသည့်အနေဖြင့် တပြေးညီထည့်ဝင်ကြရသည်။
အာဆီယံအသင်းကြီးသည်၊ မိမိ၏လုပ်ငန်းများ၊ လုပ်ငန်းစီမံကိန်းများအကောင်အထည်ဖေါ်ရန်အတွက် ရံပုံငွေ လုံလောက်မှု မရှိပေ။ ဒေသဆိုင်ရာလုံခြုံရေးအဖွဲ့အစည်းများအပါအဝင်၊ အာဆီယံနှင့် ဆက်နွယ်သောလုပ်ငန်းများကို၊ အကောင်အထည်ဖေါ်နိုင်ခြင်းမရှိပေ။

၂။ ဝန်ထမ်းမလုံလောက်မှု
          အာဆီယံအတွင်းရေးမှုးရုံးတွင်၊ အရည်အချင်းရှိသောဝန်ထမ်းများ၊ ပြည့်ပြည်စုံစုံမရှိပေ။အဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံသားများကိုလည်းအလှည့်ကျ တာဝန်ပေးခန့်အပ်နေရသည်။

၃။ “အာဆီယံနည်း”
          “အာဆီယံနည်း”ဟူသောလုပ်ပုံလုပ်နည်းကြောင့်၊ အာဆီယံအဝန်းအဝိုင်းပေါ်ပေါက်ရေးအတွက်၊ အဟန့်အတားဖြစ်နေသည်။ အများသဘောတူညီမှု ရယူဆုံးဖြတ်ခြင်း၊ အားလုံးအဆင်ပြေသည့်နှုန်းဖြင့်၊ တိုးတက်မှု အရှိန်အဟုန်ကိုရယူဆောင်ရွက်ခြင်း၊ “နိုင်ငံ၏ အချုပ်အခြာအာဏာ”ကို၊ ကျဉ်းမြောင်းစွာအဓိပ္ပါယ် သတ်မှတ် ဖွင့်ဆိုခြင်းတို့ကြောင့်၊ အဟန့်အတားဖြစ်နေသည်။

၎။ နိုင်ငံများ၏ စွမ်းရည်ကွာဟချက်
          အာဆီယံအသင်းကြီးတွင်၊ မူလအသင်းဝင် (၆) နိုင်ငံမှ (၁၀) နိုင်ငံသို့ တိုးချဲ့လိုက်ခြင်းကြောင့်၊ အဖွဲ့ဝင်နိုင်ငံများ၏ စွမ်းရည်ကွာဟချက် ပိုမိုကြီးမားလာခဲ့သည်။ ထိုသို့ စွမ်းရည်ကွာခြားခြင်းကြောင့် အာဆီယံ၏ အစီအစဉ်များကို၊ အကောင်အထည်ဖေါ်ရန် ခက်ခဲသည်။ နိုင်ငံများအကြားဖွံ့ဖြိုးမှု ကွာဟချက် လျော့နည်းရန် ကြိုးပမ်းခြင်းကြောင့် စွမ်းရည်ကွာဟမှုများကိုလျော့နည်းစေသည်။ နိုင်ငံဖွံ့ဖြိုး၍ စွမ်းရည်မဖွံ့ဖြိုး၊ စွမ်းရည်မဖွံ့ဖြိုး၍ နိုင်ငံမဖွံ့ဖြိုး ဖြစ်နေရခြင်းဖြစ်သည်။


၅။ ပီပီပြင်ပြင် တိုင်းတာနိုင်သည့် ညွှန်ကိန်းမရှိခြင်း
          လုပ်ငန်းစီမံကိန်းအမျိုးမျိုးကိုအကောင်အထည်ဖေါ်ရာတွင်၊ အောင်မြင်မှု ရှိမရှိကို၊ တိတိကျကျ တိုင်းတာနိုင်သောညွှန်ကိန်းမရှိပေ။ ထို့ကြောင့် အောင်မြင်မှု ရှိမရှိကို၊ တိတိကျကျ ပြောဆိုရန် ခက်သည်။

၆။ စီမံကိန်းများထပ်နေခြင်း
          အာဆီယံအဝန်းအဝိုင်းကြီးကို၊ အဝန်းအဝိုင်းကြီးသုံးခုအပေါ် အခြေခံ၍ဧရာမစီမံကိန်းကြီးများအကောင်အထည်ဖေါ်ရာတွင်၊ အချို့စီမံကိန်းများထပ်နေသည်ကိုတွေ့ရသည်။ ထို့ကြောင့် ချို့တဲ့ ရှားပါးသောငွေကြေးများကိုအလဟဿ ဖြစ်စေသည်။ သို့ဖြစ်၍၊ ပူးပေါင်းညှိနှိုင်းမှု၊ တပြေးညီဖြစ်စေရန်၊ ဆောင်ရွက်မှုများရှိရန်လိုအပ်သည်။ အာဆီယံအစည်းအဝေးများ၊ များပြားခြင်း၊ အဖွဲ့အစည်းအမျိုးမျိုးက၊ နှစ်ပတ်လည် အစည်အဝေးတွေ ကျင်းပခြင်းများကို ကြည်လျှင်၊ ပူးပေါင်းညှိနှိုင်းမှုနှင့် အချိတ်အဆက်ရှိမှုတို့ လိုအပ်ကြောင်း ပြသနေသည်။

၇။ အများပြည်သူ၏ စိတ်ဝင်စားမှု နည်းပါးခြင်း
          အာဆီယံအသင်းကြီးအကြောင်းကို၊ အများပြည်သူတို့ စိတ်ပါဝင်စားမှုနှင့် သိရှိမှု နည်းနေသေးကြောင်းတွေ့ရသည်။ အများပြည်သူသိရှိနိုင်ရေးအတွက်၊ အများပြည်သူတို့ ပါဝင်ရေး၊ ရံပုံငွေ ပိုမိုသုံးစွဲရေးတို့အတွက် ဝိုင်းဝန်းအကြံပြုကြသည်။ သို့သော်လည်း၊ ထိုင်းနိုင်ငံမှလွဲ၍၊ တက္ကသိုလ်များ၊ သုတေသနအဖွဲ့အစည်းများသို့၊ ရန်ပုံငွေ လုံလုံလောက်လောက် ခွဲဝေပေးနိုင်ခြင်းမရှိပေ။ အချို့တာဝန်ရှိသူများဆိုလျင်၊ အာဆီယံဒေသဆိုင်ရာအရာရှိအဖြစ်မဟုတ်ဘဲ၊ သက်ဆိုင်ရာအဖွဲ့ဝင်နိုင်ငံများမှ၊ အစိုးရများ၏ အရာရှိများအဖြစ်၊ အာဆီယံအဖွဲ့အစည်းများတွင်၊ တာဝန်ထမ်းဆောင်နေကြခြင်းဖြစ်သည်။

၈။ အစိုးရဗဟိုပြုမှုကြီးမားခြင်း
          အများပြည်သူတို့က၊ အာဆီယံအကြောင်းစိတ်ဝင်စားမှုနှင့်၊ သိရှိမှုတို့ နည်းပါးခြင်းသည်၊ အာဆီယံအဝန်းအဝိုင်းတွင်၊ အစိုးရကအဓိကနေရာမှ ပါဝင်နေခြင်းကြောင့်လည်း ဖြစ်သည်။ အာဆီယံ၏ လုံခြုံရေးအဝန်းအဝိုင်းဟုဆိုရာတွင်ပင်၊ လူသားတို့၏ လုံခြုံရေးကိစ္စ ပါဝင်ခြင်းမရှိပေ။ နိုင်ငံများ၏ လုံခြုံရေးကိုသာရည်ရွယ်သည်။ နိုင်ငံသားတို့၏ လုံခြုံရေးကိစ္စကိုဖြေရှင်းပေးနိုင်ခြင်းမရှိပေ။

၉။ နိုင်ငံအကျိုးကိုဒေသအကျိုးထက်၊ ဦးစားပေးကြခြင်း
          အဖွဲ့ဝင်နိုင်ငံများနှင့် အစိုးရအရာရှိများက၊ မိမိနိုင်ငံ၏ အကျိုးစီးပွားကို၊ အာဆီယံအသင်းကြီး၏ အကျိုးစီးပွားထက် ဦးစားပေးလေ့ ရှိကြသည်။ ဒေသဆိုင်ရာအကျိုးစီးပွားတွင်၊ နိုင်ငံများ၏ အကျိုးစီးပွားပါဝင်ခြင်းမရှိလျင်၊ အောင်မြင်နိုင်မည် မဟုတ်ပေ။

          အမှန်စင်စစ်၊ လက်ရှိ နိုင်ငံတကာစနစ်ပင်လျင်၊ နယ်နမိတ်၊ အချုပ်အခြာအာဏာပိုင်ဆိုင်မှု၊ အမျိုးသားအကျိုးစီးပွားတို့ကိုအခြေခံသော နိုင်ငံများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ အာဆီယံအသင်းကြီးသည်လည်း၊ ထိုသို့ပင် ဖွဲ့စည်းထားခြင်းဖြစ်ရာ၊ နိုင်ငံတကာအစည်းအဝေးများ၊ အနှောင်အဖွဲ့များကို၊ ကျော်လွန်နိုင်မှသာ၊ အောင်မြင်မှု ရမည်ဟု၊ ဖိလစ်ပိုင် သုတေသီကဆိုထားသည်။ အာဆီယံ ပြည်သူပြည်သားတို့၏ ဝိုင်းဝန်းထောက်ပံ့မှု မရှိလျင်၊ အာဆီယံအသင်းကြီးအောင်မြင်မှု ရမည် မဟုတ်ပေ။

          အာဆီယံကိုဥရောပနှင့် အခြားဒေသများကစိတ်ဝင်စားကြခြင်းမှာ၊ စားသုံးသူများပြားသောဈေးကွက်ကြီး ဖြစ်နေခြင်း၊ သဘာဝသယံဇာတပေါများသော နိုင်ငံများ ဖြစ်နေခြင်း၊ ရင်းနှီးမြှုပ်နှံစရာကောင်းခြင်း၊ လူဦးရေများပြားခြင်းတို့ ဖြစ်သော်လည်း၊ တရုတ်နိုင်ငံ၏ အရှိအဟုန်မြင့်မားလာခြင်းကြောင့်၊ အရောင်မှိန်သွားစေနိုင်သည်။ တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယားသုံးနိုင်ငံပေါင်း၏ အင်အားက၊ အာဆီယံဆယ်နိုင်ငံထက် ပို၍ အင်အားကြီးမားသည်။ ထို့ကြောင့် (၂၀၂၀) အတွက်၊ အာဆီယံ၏ ရှေ့ခရီးစဉ်ကိုစဉ်းစားရာတွင်၊ ထိုနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရေးကိုပါ၊ ထည့်တွက်လာရသည်။

(Caroling G. Hernandez)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...