Tuesday, June 3, 2014

ရတနာစစ်စစ်လေးတွေ ဖြစ်ကြပါစေ


ဒီဆောင်းပါးလေး ရေးဖို့အတွက် အကြောင်းဖြစ်လာပုံလေးက စပြောချင်ပါတယ် ။ ကျွန်မနဲ့ ခင်မင်ရင်းနှီးသော သားငယ်လေး တစ်ဦးရှိပါတယ် ။ ဒီကလေးမှာ မိဘတွေ မရှိကြတော့ပါဘူး ။ ဒီကလေးကို ငယ်ငယ်လေးထဲက အဒေါ်တွေက မွေးစားထားခဲ့ကြတယ် ။ တစ်နေ့လုပ်မှ တစ်နေ့စားရသောသူတွေမို့ ဘ၀ကို ရုန်းကန်လှုပ်ရှားနေရသူတွေပါ။ ဒီလိုနဲ့ ဒီကလေး ဆယ်တန်းရောက်အောင် မနည်းရုန်းကန်ထားခဲ့ရရှာပါတယ် ။
ကလေးကလည်း အထိုက်အလျှောက်စာလိုက်နိုင်သူမို့ ဆယ်တန်းစာမေးပွဲကို နှစ်ချင်းပေါက်အောင်မြင်ခဲ့တယ် ။ ဒါပေမယ့် ကလေးဟာ အဒေါ်တွေရဲ့ မရှိရှိတာကို ဖြည့်စီးပေးမှု့တွေကြောင့် လက်ရှိအနေထားနဲ့ ဘ၀ကို မေ့နေတတ်တယ် ။ သူများဒါဆို သူလည်း သုံးချင်တယ် ။ ကိုင်ချင်တယ် ။ အဒေါ်ဖြစ်သူတွေကလည်း ရှိတဲ့ အနေထားတဲ့ ပိုပြီး အလိုလိုက်ပေးမှုတွေကြောင့်ဆိုရင်လည်း မမှားပါဘူး ။ သူများတွေ ဖုန်းဆိုဖုန်း ။ အင်တာနက်ဆိုလည်း ငွေဖြည့်ကဒ်ကအစ အဆင်သင့်ဖြည့်ပေးပါတယ် ။ ဟုတ်ပြီ အင်တာနက် သုံးတယ် ။ အလကားမရပါဘူး ။ တစ်နာရီ ပေးဆောင်ရတဲ့ တန်ဖိုးရှိတယ် ။ ဒါတွေကို ကလေးနားလည်ရမယ် ။ ပိုက်ဆံ အကုန်ခံ သုံးရတာကို အကျိုှးရှိတဲ့ စာတွေ ဖတ်မယ် ။ ကိုယ့်ဘ၀ကို အထောက်ကူပြုမယ့် ဆိုဒ်တွေ ရှာဖွေလေ့လာမယ်ဆိုတာ မရှိပါဘူး ။ ဘ၀ကို နားလည်ခြင်းမရှိသူတွေအတွက် အောင်မြင်မှု့ဆိုတာဝေး သည်ထက် ဝေးနေအုံးမယ်ဆိုတာကိုလည်း သတိမေ့လျော့နေဟန်ပါပဲ ။
 ဘ၀အတွက် လှုပ်ရှားရုန်းကန်နေရသည့်ကြားက မဖြစ်မနေ ကျောင်းထားပေးနေရသောသူတွေရဲ့ တစ်ချို့သော ရင်သွေးငယ်တို့သည် အုပ်ထိန်းသူတို့၏ ချွေးနဲစာများအား အလားကား သုံးပစ်နေကြသည်ကို တွေ့မြင်ရတိုင်း စိတ်မကောင်းကြီးစွာ ဖြစ်ရပါ၏ ။ မိဘအုပ်ထိန်းသူတွေ အနေဖြင့် မရှိသည့်ကြားက ငါ့သားလေး ငါ့သမီးလေး စာလေးတတ်ပါစေဆိုပြီး မဖြစ်မနေ ကျောင်းထားပေး၏ ။ လူတန်းစေ့ သုံးပါစေဆိုသော စိတ်စေတနာဖြင့် ပံ့ပိုးပေးကြတ၏ ။ ဒီလိုပံ့ပိုးခြင်းတွေကို အကျိုးရှိအောင်အသုံးမချဘဲ အလွဲသုံးစားလုပ်နေသူတို့ကို တွေ့ရတိုင်းအဆိပ်ပင်ရေလောင်းနေခြင်းများ ဖြစ်နေပြီလားလို့တွေးမိပြန်တယ် ။သို့သော် သမီးတွေကို တိုးတက်စေချင်သော စေတနာသည် မိဘတိုင်း၏ ဖြစ်ချင်လွန်းသော ဆန္ဒဖြစ်နေတယ်ဆိုတာကို တွေးမိပြန်တယ် ။ ဒီအတွက် ဘယ်လောက်ဆိုးဆိုး ပညာလေးတော့ တတ်အောင်သင်ပါစေဆိုသော စိတ်စေတနာဖြင့်မရှိပေမယ့်လည်း ကြိုးစားကာ ကျောင်းထားပေးကြတယ် ။ မိဘတိုင်း မိမိတို့ရင်သွေးငယ်တွေကို ချစ်ကြမယ်ဆိုတာ ယုံမှားသံ သယ မရှိနိုင်ပါ ။ သားသမီးကို ကောင်းစေချင် တော်စေသည်မှာလည်း မိဘတိုင်းရဲ့ တူညီသော ဆန္ဒတစ်ခုဖြစ်နေမှာ မလွဲဧကန်ပင် ။သို့သော် ရတနာကဲ့သို့ အဖိုးအနဂ္ဂ ထိုက်တန်သည့် တန်ဖိုးရှိ ရင်သွေးငယ်များဖြစ်စေဖို့ အဓိကကြသူတို့မှာ မိဘမည်သော လူသားတို့ပင်ဖြစ်လေ၏ ။ မိဘဆိုသည်မှာ လက်ဦးဆရာများပင် ။ ရတနာလေးတွေကို ရတာ နာတာတွေမဖြစ်စေဖို့ ချစ်တဲ့နေရာမှာ ရေတိုကို မကြည့်ကြဘဲ ရေရှည်ကို ကြည့်ကာ ချစ်တတ်ဖို့က အဓိက ကျပါတယ် ။ သူတို့လေးတွေရဲ့ အခြေနေကို မျက်ခြေပျက်မခံစောင့်ကြည့်ရမယ် ။ ဘ၀ကို လက်တွေ့ကျကျသိအောင်လည်း ပြောပြရမယ် ။ ရှိတာကို ရှိတယ် ။ မရှိတာကို မရှိဘူး အသိပေးရပါမယ် ။ မရှိတာကို ငါသားသမီးလေး စိတ်ချမ်းသာပါစေ ဆိုတဲ့ စိတ်စေတနာနဲ့ ရှိချင်ဟန်ဆောင် ပံ့ပိုးနေခြင်းတို့သည်လည်း မဖြစ်ထိုက်ပေ။
သူများဖုန်းတွေ ဖုန်းတွေ ၀ယ်ပေးကြတယ် ။ သူများ အင်တာနက်ဆို အင်တာနက် ။ ဒီနေရာမှာ လူငယ်တွေအနေနဲ့ တွေးသင့်သည် ။ ငါတို့မိဘ အုပ်ထိန်းသူတွေသည် ချောင်လည်သူများလား။ ဒါမှမဟုတ် မရှိတဲ့ကြားက ငါအတွက် ဖြစ်စေချင်လို့ ပံ့ပိုးနေသူလားဆိုတာကို ခွဲခြားသိမြင်ရပါမယ် ။ အကျိုးရှိတာ တခုမှ မရှာဖွေဘဲ ဖေ့ဘုတ်ပေါ်တက်လိုက် ချက်တင်လေးထိုင်လိုက်အတွက် တစ်နာရီစာ သုံးလိုက်သောအင်တာနက်ဖိုးသည်ငါအုပ်ထိန်းသူတွေဘယ်လိုရှာဖွေရသနည်းဆိုတာကိုမြင်တတ်အောင်ကြည့်စေချင်ပါတယ် ။ ငါဖေ့ဘုတ်ပေါ်တက်ပြီး ဓာတ်ပုံတွေကြည့်လိုက်ကော်မန့်တွေရေးလိုက် like တွေလုပ်လိုက်ဖြင့် ဖြုန်းလိုက်သော တနာရီစာ အင်တာနက် သုံးခငွေသည် ငါ၏ အုပ်ထိန်းသူတွေ ဘယ်လို ရှာဖွေနေရသနည်းဆိုတာကို တွေးပါ ။ မြင်ပါ ။ ချောင်လည်သူတို့ သုံးတိုင်း ကျွန်တော်တို့ ကျွန်မတို့ကော သုံးခွင့်မရှိဘူးလားလို့ မေးချင်သူတွေအတွက် တပါတည်း ဖြေလိုက်ချင်ပါ၏ ။ ကံအကျိုးပေးခြင်း မတူညီတဲ့ အတွက် ဆင်းရဲ ချမ်းသာတို့သည် မတူညီနိုင်ပါ ။ ဘ၀ပေးအခြေနေမကောင်းလို့ ခုဘ၀မှာ ချို့တဲ့ဆင်းရဲ ရတယ် ။ ဒီအတွက် ကြိုးစားရမယ် ။ ကံအကျိုးပေးကောင်းသူတွေထက် နှစ်ဆပိုကြိုးစားရပါ့မယ် ။ သူများအတွက် မဟုတ်ရင်တောင် မိမိအတွက် ကြိုးစားကြပါ ။ ကိုယ်သည် တခြားသူတွေလို အပိုသုံးခွင့်မရှိချိန်မှာ အင်တာနက်သုံးရင်တောင် သုံးခွင့်ရချိန်တွေ ၊ ဖရီးဝိုင်ဖိုင်လေးတွေရရှိမျိုးတွေမှာ အကျိုးရှိတာတွေကို လေ့လာခြင်း ၊ တိုးတက်ရာတိုးတက်ကြောင်းစာပေတွေကိုဖတ်ခြင်းဆိုတဲ့အရာတွေကိုအဓိကထားသင့်ကြောင်းအကြံပြုချင်ပါတယ်။ ဘ၀နုပျိုခြင်း အချိန်တွေသည် နောက်တစ်ကြိမ်ပြန်မရနိုင်ပါ။ ဒီအတွက် အကျိုးမဲ့ အချိန်ဖြုန်းခြင်းတွေဖြင့် ဘ၀ကို မဖြတ်သန်းကြပါနဲ့လို့ တိုက်တွန်းရင်း ချင်ပါ၏ ။ ငါတို့ငယ်သေးတယ် နောက်မှဆိုတဲ့ အတွေးမျိုးတွေကို အဝေးကို မောင်းထုတ်လိုက်ပါ ။နောက်မှ နောက်မှဆိုတဲ့ အတွေးတွေဖြင့် အချိန်ကုန် လူဖြစ်ရှုံးခြင်းမျိုးတွေ မဖြစ်ရလေအောင် ရရှိလာသော အခွင့်ရေးကို မိမိရရ အသုံးချတတ်ပြီးသကာလ မိဘအုပ်ထိန်းသူတွေကို အကျိုးပြုစေသော  ရတနာစစ်စစ်လေးတွေ  ဖြစ်ကြပါစေ ။ ရတာ နာလိုက်တာဆိုသော အဖြစ်တွေမှ ကင်းဝေးကြပါစေလို့ ဆုတောင်းပေးလိုက်ရတော့၏ ။

ခိုင်လေး ( ရွှေတောင် )
မလေးစံတော်ချိန် နေ့လည် 11.30
ကြာသပတေးနေ့ ( ၈.၅.၂၀၁၄)

ဒီတစ်ပတ် ယဉ်ကျေးလိမ္မာဂျာနယ်ပါ ဆောင်းပါးလေးပါ ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...