Monday, July 8, 2013

ဋ (သို့မဟုတ်) တတလင်းချိတ် အက်ဆေး

by ကြယ် စစ်သည် (Notes) on Monday, July 8, 2013 at 3:23am


လူအမျိုးမျိုး စိတ်အထွေထွေဟု မှတ်သားခဲ့ဖူးပါသည်။ ထို့အတူ အက္ခရာအမျိုးမျိုး၊ စကားလုံးအမျိုးမျိုးနှင့် အတူ ကိုယ်စားပြုမှုအထွေထွေလည်း ရှိပေလိမ့်မည်။ လူအချို့သည် မိမိကိုယ်မိမိ အညတရဟု သုံးတတ်ကြသည်။ တချို့သည်လည်း မိမိကိုယ်မိမိ ပညာရှိဟု ပြောကြသည်။ ထိုထိုသောအဆိုတို့သည် သူတို့ကိုယ်သူတို့ ရည်ညွှန်းကြခြင်းသာ ဖြစ်ပေ၏။ အများက သတ်မှတ်ထားခြင်း မဟုတ်သည့်အတွက် မှားသည်၊ မှန်သည်လည်း အထွေအထူး ငြင်းစရာ မရှိပေ။

တတလင်းချိတ် သည် အသံနှင့်တင် မာ၏။ ပုံသဏ္ဍာန်နှင့်ပင် တောင့်တင်း၏။ သူ့ကို ဒီအတိုင်းထား ၍ ပြဿနာမရှိသော်လည်း ပက်လက်လှန်လိုက်လျှင်မူ ကန့်လန့်ပုံဆောင်လေသည်။
ပြောင်းပြန် (ဇောက်ထိုး) ထားလျှင်မူ သူ၏ ပျော့ညံမှုတို့ ပေါ်လာကောင်းပေသည်။ ထို့ကြောင့် ဋ တို့သည် ဘယ်သောအခါမှ ပြောင်းပြန်မနေပေ။ တတ်နိုင်သမျှတည့်မတ်၍ တည်ငြိမ်သယောင်၊ ခိုင်မာသယောင် ဆောင်ကြလေသည်။

တွေ့ဖူးသော ဋ တို့တွင် အချို့သည် တော်၏။ (သို့မဟုတ်) တော်ချင်ဟန်ဆောင်၏။ အချို့သည် တတ်၏။ (သို့မဟုတ်) တတ်ချင်ယောင်ဆောင်၏။ လူအတော်များများသည် ဋ ကို တတလင်းချိတ် မှန်း မသိကြပေ။ ထိုသို့မသိနိုင်အောင် နေထိုင်တတ်ခြင်းသည်လည်း ဋ တို့၏ ကျွမ်းကျင်ရာများထဲမှ တစ်ခုဖြစ်ပေသည်။

ဋ တို့သည် နီးစပ်ရာကို တွယ်ချိတ်နိုင်၏။ ခပ်သေးသေးမှသည် ကြီးမားကျယ်ပြန့်လာအောင် စွမ်းရာ၏။ ထိုသို့သောနည်းများဖြင့် သူတို့၏၀န်းကျင်တွင် မတ်မတ်ရပ်လေသည်။ သို့သော် သူတို့၏ဒေါက်တိုင်သည် တစ်ချောင်းတည်းပင် ဖြစ်ပေသည်။ လူ ဟု ခေါ်တွင်သူတို့ပင်လျှင် ဒေါက်တိုင်နှစ်ချောင်းထောက်ထားသော်လည်း အကြိမ်ကြိမ်ချော်လဲတတ်ကြသည်။

ဋ တို့ ချော်လဲသောအခါတွင် သူတို့၏ ခန္ဓာကိုယ်ကြီးမားမှုကြောင့် အနာတရကြီးစွာ ရတတ်လေသည်။ သူ့အနားတွင် ရပ်တည်သူတို့ကိုလည်း ထိခိုက်တတ်သည်။ သူနှင့် လက်ချင်းတွဲထားသော ဋ တို့ကိုလည်း ထိခိုက်တတ်ပေသည်။ ထိုအခါ တတလင်းချိတ်သည် သူ၏ ကျယ်ပြန့်သော ၀န်းကျင်ကိုအားပြု၍ ပြန်ရပ်နိုင်ရန် ကြိုးစား၏။ သူ့သူငယ်ချင်း ဋ များ၏ အကူအညီကို ရယူ၏။

ဋ တို့သည် အချင်းချင်းရိုင်းပင်းသယောင် ရှိကြသည်။ သို့သော် အခြေအနေ၊ အချိန်အခါပေါ်မူတည်၍ တစ်ယောက်ပေါ်တစ်ယောက် တက်နင်းရန်လည်း ချောင်းနေတတ်ကြပေသည်။ ထို့ကြောင့် ဋ တို့သည် အချင်းချင်းရိုးသားမှုကို မရရှိတတ်ပေ။ တစ်ယောက်ကိုတစ်ယောက် ကူညီသော်လည်း အချိန်မရွေးပေါက်ကွဲနိုင်သော ချိန်ကိုက်ဗုံးကိုယ်စီ ကိုင်ဆောင်ထားကြလေသည်။

ဋ တို့သည် သာမန်ညောင်ညများ မဟုတ်ကြပေ။ အညတရများဖြစ်စေ၊ သာမန်ညောင်ညများဖြစ်စေ ချရေးရန် စကားလုံးလေးလုံး လိုအပ်၏။ သို့သော် ဋ များကိုမူ အက္ခရာဗျည်းစဉ်ကို သိယုံဖြင့် အလွယ်တကူ ချရေးနိုင်ပေသည်။

လူအတော်များများတို့သည် ဋ များကို အလိုမရှိကြပေ။ သို့သော် ထိုလူတို့သည် ဋ များကို တတလင်းချိတ် မှန်းလည်း မသိကြပေ။ ထိုသည်ကပင် တတလင်းချိတ် တို့အတွက် အခွင့်အရေးပေါင်းများစွာ ရလေ၏။ ထိုသို့ဖြင့်ပင် လူများကြားတွင် ဋ တို့ ရှင်သန်ကြလေသည်။ ဋ ပေါင်းများစွာ ရှိကြပေသည်။

ဤသို့ဖြင့် လောကတွင် ဋ များကို ရှောင်ရှားရန် ကြိုးစားသူများ၊ တတလင်းချိတ် ဖြစ်ရန် ကြိုးစားသူများ၊ တတလင်းချိတ် ကို ထောက်ခံသူများနှင့် ဋ များကို ဖယ်ရှားရန် ကြိုးစားသူများဖြင့် သိပ်စည်ပင်လှပေသည်။


ကြယ်စစ်သည်
၈ ဇူလိုင် ၂၀၁၃

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...