Friday, July 12, 2013

အဖိုး အတွက်သားဆိုး ကျမရဲ့ သူရဲကောင်း

July 12, 2013 at 12:33pm


လာမယ့် ၁၇ရက်နေ့ဆိုရင် ဖေဖေ ဆုံးတာ ၈ နှစ်ပြည့်ပြီ။

ဖေဖေ မရှိပဲ ကျမ တို့ ညီမ နှစ်ယောက် ကိုယ့် ခြေထောက်ပေါ်ကိုယ်ရပ်ရလိမ့်လို့ ဘယ်တုန်းက မှ အိမ်မက် တောင်မမက်ခဲ့ ဖူးဘူး။


ကျမတို့ဟာ ဖေဖေ မရှိပဲ အသက်ရှင်ခဲ့တာရှစ်နှစ် တောင်ရှိပြီလား။

ဖေဖေကို ဆုံးရူံးပြီးနောက် ကျမ တစ်ခုခုကို ဆုံးရူံးသွားတိုင်း ဖြေတွေးစရာလေး တစ်ခုရလာတယ်။
အဲဒါဘာလဲဆိုတော့ ငါ ဖေဖေကို တောင် ဆုံးရူံးခဲ့ရသေးတာပဲ ကျန်တာတွေက ဘာဆန်းလို့ လဲလို့ပေါ့။
တကယ်ပဲ အဲဒီ ကိုယ့်ကိုကိုယ် နှစ်သိမ့်မှုဟာ ကျမမှာကြီးကြီးမားမားတွေ ဆုံးရူံးသွားတိုင်းဖြေသာ နိုင် ခဲ့တယ်။


ဖေဖေက အဖိုးအတွက်လူဆိုး လို့ဆိုပေမယ့် ကျမ အတွက် သူရဲကောင်း တစ်ယောက်ပါ
အဖိုးကဖေဖေကို မေမေနဲ့ယူလို့ အဆောင်အယောင်အားလုံးသိမ်းလိုက်တယ်။ ကျောင်းဆက်မထားတော့ဘူး။ဖေဖေက ကိုယ့်ပိုက်ဆံကိုယ်ရှာပြီးကျောင်းဆက်တတ်ရတယ်။ ကျမအသက်၆နှစ်မှာ ဖေဖေမာစတာတန်းတတ်နေပြီ မေမေက အလုပ်တဖက်နဲ့ဆိုတော့ကျမကို ဖေဖေက သူ့အတန်းထဲခေါ်သွားတယ်။ သူတို့စာသင်နေရင်ကျမက သူ့နားမှာငြိမ်ငြိမ်လေးထိုင်နေတယ်တဲ့။


အဲဒါကြောင့် ဖေဖေနဲ့ အတူတူဆင်းတဲ့ရှေ့နေ့တွေ သူငယ်ချင်းပါမောက္ခ တွေက ကျမကို အခုထိတွေ့တိုင်း အမြဲစတယ်
ဒေါက်တာတင်အောင်အေး သင်တဲ့ အချိန်မှာဆရာကြီးက ကျမကိုကောက်ချီရင်းနဲ့စာသင်တယ်တဲ့။
ကျမသတင်းထောက် လုပ်တော့ သူ့ကိုတွေ့တိုင်း ဖေဖေကိုသတိရမိတယ်။


ကျမ နဲ့ဖေဖေကြားမှာ ၁၆နှစ်စာ မမေ့စရာ အမှတ်တရတွေရှိတယ်။
မှတ်မှတ်ရရဖြစ်ခဲ့ဖူးတာတွေက အများကြီးပါ ငယ်ငယ်လေးထဲက ကျမက ခေါင်းမာတယ်။ မှတ်မှတ်ရရ ကျမ


သုံးတန်းနှစ်မှာဖေဖေ မန္တလေးတက္ကသိုလ်မှာ တာဝန်ကျတယ်။
ဖေဖေက ညနေဆို ကျမတို့ကို ခေါ်ပြီးလမ်းလျောက်တယ်။ ကျမ နဲ့ မေမေ ညီမလေးကလည်း အမြဲ လိုက်လျောက်တယ်။တရက်မှာ ကျမနဲ့ ဖေဖေနှစ်ယောက်တည်း လမ်းလျောက်တယ်။ကျမကလမ်းတစ်ဝက်လောက်ရောက်တော့ လမ်းမလျောက် ချင်တေျာ့ဘူး ချီပါလို့ပြောတယ်။ ဖေဖေက ကျမကို မချီဘူး လူဆိုတာ ကိုယ်အားကိုယ့်ကိုးရမယ်။ လမ်းလျောက်မယ်လို့ ဆုံးဖြတ်ပြီးရင် အိမ်ရောက်တဲ့ အထိလျောက်ရမယ်တဲ့ ကျမက မချီရင် ထိုင်ပြီးနေခဲ့မှာ လို့ပြောလိုက်တော့ဖေဖေက ဘာမှမပြော ဘူး
သူဆက်လျောက်သွားတယ်။ ကျမတစ်ယောက်တည်း ကျန်ခဲ့တယ် တဖြေးဖြေးနဲ့ မှောင်လာတယ်။ ဖေဖေ နောက် လှည့်မခေါ်မှာသိလို့ကျမ ဘာသာတစ်ယောက်တည်း လမ်းလျောက်ပြန်ရတယ်။

အိမ်နားရောက်ခါနီးလို့ကြည့်လိုက်တော့ ဖေဖေကကျမနောက်မှာ ဖြေးဖြေးချင်း လျောက်လာနေတယ်။ နောက်မှကျမသိ၇တာက ဖေဖေကဖြတ်လမ်းကနေပြန်ကျော်တတ်ပြီး ကျမ ဘာဆက်လုပ်မလဲ နောက်က စောင့်ကြည့်နေခဲ့တာတဲ့။
ကျမ ဖေဖေကိုလည်းတွေ့ရော စိတ်တိုတယ် စကားမပြောချင်အောင်ခံစားနေရတယ်။ ဖေဖေက ကျမလက်သေး သေးလေးကို ဆွဲပြီး သမီးခွန်နော ဖေဖေပြောပြမယ်။ သမီး ဘယ်လမ်းကိုပဲလျောက်လျောက် လမ်းဆုံးတဲ့ အထိ ကိုယ်သွားချင်တဲ့ဆီကို ကိုယ်ရောက်အောင်လျောက် ဘယ်သူကိုမှ အားမကိုးနဲ့တဲ့။

ကျမ အဲဒီတုန်းက နားမလည်ခဲ့ဘူး။ဖေဖေကို စိတ်ဆိုးနေတာပဲသိခဲ့တယ်။ သူ့မျက်နှာကိုကျမ ခပ်တင်းတင်းပဲပြန်ကြည့်နေခဲ့တယ်။ ဖေဖေဆုံးသွားမှ အဲဒီစကားရဲ့ အတိမ်အနက်ကိုကျမ ကောင်းကောင်း သဘောပေါက်ခဲ့ရတယ်။

ကျမလေးတန်းနှစ်ရောက်တော့ ဖေဖေ မြစ်ကြီးနားကို ထရန်စဖာကျတော့ သူပျော်နေတယ်။ သိသိသာသာပဲ။ သူ့မောင်နှမတွေနဲ့ပြန်တွေ့ရမှာကိုး။ကျမကတော့ ကလေးဆိုတော့နားမလည်ပဲ ပျော်နေခဲ့တယ်။


မြစ်ကြီးနားဟာကျမ ငယ်ဘ၀ ရဲ့ ပုံရိပ်များစွာရှိတဲ့ နေရာ ကျမ အတွက် အပျော်ရွင်ရဆုံး အပြစ်ကင်းဆုံးနေခဲ့ရတဲ့ အချိန်ကာ လတွေ ကိုဖြတ်သန်းခဲ့ရတဲ့ တန်ဖိုး အထားရဆုံး မြို့တစ်မြီုီ့ဖြစ်တယ်။
မြစ်ကြီးနားကိုရောက်တော့ အရာရာဟာကျမ အတွက် ထူးဆန်းနေတယ် ။ အ၀တ်အစားကျမနဲ့ မတူတဲ့ကလေးတွေ၊ ကျမတို့

အိမ်နားမှာ အသစ်ပြုပြင်နေတဲ့ အဆောက်အဦးမှာလာပြီး ပန်းရံလုပ်တဲ့ မိသားစုတွေကိုနေ့စဉ်တွေ့ရတယ်။ သူတို့ကလေး ဘုစုခရုလေးတွေ အများကြီးသဲထဲမှာ ထုံးပုံထဲမှာ ပြေးလွှားပြီး ဆော့နေကြတယ်။ ခြေထောက်တွေမှာလည်း အနာတွေ ပလပွနဲ့ ။
အိမ်က မုန့်တွေ ကနေ့စဉ်ပျောက်တယ်။ မေမေပိုက်ဆံအိတ်ထဲကပိုက်ဆံတွေ ပျောက်တယ်။ နောက်ပိုင်း မုန့်ပုံးလိုက်ပျောက်တဲ့ အထိဖြစ်လာတယ်။ မေမေဒေါသပုံထပြီး ပြောတော့ စစ်လိုက်တော့ တရားခံက ကျမ ဖြစ်နေတယ်။ ကျမက အိမ်က မုန့်တွေပိုက်ဆံတွေယူပြီး အဲဒီကလေးတွေကိုမုန့်ကျွှေး မုန့်ဖိုးပေးသွားလုပ်နေတာကိုး။

မေမေက မေးတော့ကျမ မပြောရဲဘူး။ မေမေက ကျမကို ဗျင်းတော့တာပဲ။ ကျမတကိုယ်လုံးအရိုးရာတွေ ချည်းပဲ။
ဖေဖေ အိမ်ပြန်လာတော့ ကျမကို ထုံးစံအတိုင်းချီတော့ မေမေရိုက်ထား တဲ့ဒဏ်ရာတွေ ကိုတွေ့သွားတယ်။
ဖေဖေကမေးတယ် ကျမက မပြောဘူးမေမေက အော်တယ် ဖေဖေနဲ့မေမေရန်ဖြစ်ကျတယ်။ ဖေဖေက နောက်ဆုံးကျမကို အိပ်ရာထဲမှာသိပ်လိုက်တယ်။အဲဒီတုန်းကနွေကျောင်းပိတ်ရက်ကြီး။

နောက်နှစ်ရက်လောက်နေ့တော့ကျမ မနေနိုင်ဘူး အဲဒီကကလေးတွေကို မုန့်သွားပေးချင်တယ်။ မှတ်မှတ်ရရ ပူတင်းတစ်ထုတ်ကို ကျမ ကိုင်ပြီး မေမေနဲ့ပြသာနာတတ်ရင်တတ်ပါစေ ကျမ အိမ်က ထွက်လာတယ်။ အဲဒီတုန်းကျမ ၅တန်းတတ်နေပြီ။ ကျမ ညစ်ပတ်ပေရေနေတဲ့ကလေးတွေကိုမုန့်ပြီး ပြန်လှည့်တော့ ဖေဖေက နောက်မှာရပ်နေတယ်။
ဖေဖေက ကျမသေချာကြည့်နေတယ်။ ဖေဖေမျက်ဝန်းတွေကို ဒီတသက်မမေ့ဘူးဝမ်းနည်းနေသလို ၀မ်းသာနေသလိုနဲ့ အဲဒီ မိသားစုနဲ့ ဝေးဝေးလောက်ရောက်တော့ ဖေဖေက ကျမရှေ့မှာ ထိုင်ချလိုက်ပြီး ကျမကို ဖက်လိုက်တယ်။

သမီးရယ် အစတည်းကပြောရောပေါ့တဲ့ ဖေဖေနဲ့ကျမ မြစ်ကြီးနား တက္ကသိုလ်ရဲ့ရေစင်ကြီးအောက်မှာ ပြိုင်တူမျက်ရည်ကျခဲ့ရတယ်။

မေမေကအဲဒီနောက်ပိုင်းမုန့်တွေပျောက် ရင်မပြောတော့ ဘူးဆူလည်းမဆူတော့ဘူး။




ကျမ တို့ကျောင်းတစ်နေကုန်တတ်ရတယ်။ မေမေက ထမင်းချိုင့်ကို အမြဲသေချာ ထည့်ပေးတတ်တယ်။
ထမင်းကုန်အောင်မစားရင်ကျမတို့ကို သိပ်စိတ်ဆိုးတာ။ တရက် ထမင်းမကုန်ရင်ပွစိပွစိနဲ့ဆူရော။
တစ်ခါတလေလည်းရိုက်ရော။


ဖေဖေက အိမ်မှာထမင်းစားရင် ထမင်းကကျေးဇူးရှင် တလုံးမကျန်စားရတယ်လို့ သင်တယ်။
ကျမကို ဖေဖေက ကျောင်းညနေတိုင်းလာကြိုတယ်။ ဖေဖေက ရှေ့က စက်ဘီးနင်းတယ်။ ကျမနောက်က ထိုင်တယ်။သားအဖနှစ်ယောက် စကားပြောရင်းနဲ့ပေါ့။ ဖေဖေရှေ့မှာတရက် မေမေက ထမင်းမကုန်လို့ဆူလိုက်တယ်။


အဲဒီနေ့ကစပြီးဖေဖေက ကျမကို ညနေလာကြိုတိုင်း သမီးထမင်းကုန်လားလို့မေးတယ်။ကျမ မကုန်ဘူးလို့ပြောရင် သားအဖနှစ်ယောက် ကမ်းနားသွားထိုင်ကြတယ်။ဖေဖေက ကျမ ကျန်တဲ့ထမင်းကို မကုန်မချင်းစားတယ်။တစ်ခါတလေ ထမင်းသိုးသွားရင် အမှိက်ပုံးထဲ သွန်ပြီးပြန်ကျတယ်။

ဖေဖေ နဲ့ကျမဟာအပေးအယူတွေမျှလို့။
ကျမကိုးတန်းနှစ်ရောက်တော့ ဖေဖေက ဌာနမှူးဖြစ်သွားတယ်။ အရင်လို မအားတော့ဘူး ကျမကကိုယ့်ဘာသာကိုယ်ဆိုင်ကယ်စီးပြီးကျောင်းတတ်ရတယ်။ ညနေတွေမှာ အရင်က လို ဖေဖေ နဲ့မပြန်ရတော့ဘူး။ ၈တန်းနှစ်အထိဖေဖေစက်ဘီးနောက်မှာ ထိုင်စီးပြီးပြန်ရတဲ့ညနေ တွေကို ကျမ နှစ်ခြိုက်နေဆဲပဲ။ မြစ်ကြီးနားရောက်တိုင်း ကျမနဲ့ ဖေဖေ စက်ဘီးစီးခဲ့တဲ့နေရာတွေကို ပြန်မြင်ယောင်ပြီး မျက်ရည်ဝဲရတယ်။

မေမေကကျမကို ဖြစ်စေချင်တာ ဆရာဝန် အိမ်ကို ဘယ်ဧည်သည့်လာလာ သမီးဘာဖြစ်လဲမေးရင်
ကျမက မဖြေရသေးဘူး အမေက ဆရာဝန်လုပ်မှာလို့ဦးအောင်ဖြေတတ်တယ်။
အတန်းထဲမှာနှစ်စဉ်ဆုယူရတဲ့ကျမကို မေမေက အကြီးကြီးတွေမျှော်လင့်ထားတယ်။
ဖေဖေက ကျမကိုမေးတယ်။ သမီးဘာဖြစ်လဲလို့ ကျမက ဖေဖေကိုပြောဖူးတယ်။ သမီးလားလေယာဉ်မောင်း ချင်တယ်လို့

ဖေဖေကရယ်ပြီး ဒါဆို ဆရာဝန်ဖြစ်စရာမလိုဘူး လေယာဉ် မောင်းတဲ့သူဖြစ်အောင်လုပ်တဲ့။
မေမေက အဲဒါကြားတိုင်း မျက်စောင်းထိုးတယ်။ တကယ်တမ်းကျတော့ကျမ စာမေးပွဲ မဖြေခင်မေမေ ဆုံးတယ်။ အက်စီးဒင့်ကြောင့်ကျမဆေးရုံမှာအကြာကြီးနေလိုက်ရတယ်။


ဖေဖေက ကျမကို မေးတယ် သမီးစာမေးပွဲဖြေမယ်မဟုတ်လားတဲ့ ကျမ ကဖြေမယ်လို့အားတင်းပြောခဲ့တယ်။
ကျမဖြေခဲ့တယ်။ ကျောင်းက ကျောင်းအုပ်ကြီးတွေ မျှော်လင့်ထားသလို ကျမ ဂုဏ် မထွက်ဘူးရိုးရိုးပဲအောင် တယ်။ အများကမျှော်လင့်သလို ဖြစ်မလာတော့ကျမကိုယ့်ဘာသာကိုယ်ရှက်တယ်။

ဖေဖေက အောင်စာရင်းထွက်တော့ကျမနဲ့ အိမ်ရှေ့က ခုံတန်းလေးမှာထိုင်ရင်းကျမ လက်ကိုကိုင်ရင်းပြောတယ်။
သမီး အစတည်းက သမီးဆရာဝန် မဖြစ်ချင်ဘူးမဟုတ်လား။ဒါဆို ဂုဏ်ထူးတစ်ဘာသာမှ မထွက်တာကို ၀မ်းမနည်းနဲ့။ သမီးဘ၀ကို သမီး ပုံဖော်ချင်သလို ကြိုက်သလို လုပ်ပါ။ သမီးဘာရွေးရမယ် ဖေဖေ ဘာမှမပြောဘူး သမီးဒီနေ့ဆယ်တန်းအောင်တယ်။ သမီးမှာကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရှိပြီ။သမီးကြုံခဲ့ရတဲ့ အဖြစ်တွေနဲ့ အောင်တာကို ဖေဖေကျေးဇူးတင်ပါတယ်

ကျမတဖြေးဖြေးနဲ့နားလည်လာတာက ဖေဖေကကျမတို့ကို ကိုယ်ပိုင်ဆုံးဖြတ်တတ်အောင် ကိုယ်လျောက်ရမယ့်ကိုယ့်ကိုယ်တိုင်ရွေးချယ် တတ်အောင် ကိုယ်လျောက် မယ့်လမ်းဆုံးအောင် လျောက်တတ်အောင် အလေ့အကျင့်တွေပေးခဲ့တယ်ဆိုတာပါပဲ။


ဒီဇင်ဘာ ၂၅ ခရစ်စမတ်နေ့ ဖေဖေက ဘုရားကျောင်းကပြန်လာပြီးမကြာဘူး မေမေဆုံးတယ်။
မေမေဆုံးတာကျမ မသိဘူး မေမေကိုဆေးရုံခေါ်သွားတယ်ပဲသိခဲ့တယ်။

ကလေးပီပီကျမ အိပ်ပျော်သွားတယ်။
မနက်မိုးလင်းတော့ တအိမ်လုံးရှင်းနေတယ်။မီးတွေ ထိန်လင်းနေတယ်။ ဧည့်ခန်းထဲမှာ ဖေဖေ ငြိမ်ငြိမ်လေး ထိုင်နေတယ်။
ကျမ ဖေဖေဆီကိုလျောက်သွားတော့ ဖေဖေက ကျမ ပုခုံး နှစ်ဖက်ကို ဆုတ်ကိုင်ပြီး သမီးကြီး မေမေ မနေ့ညကဆေးရုံးမှာဆုံးသွားတယ်။လို့ တည်တည်ငြိမ်ငြိမ်ပဲပြောတယ်။

ပြီးတော့ကျမကို သေချာကြည့်ပြီး သမီးကြီး သမီးကဒီအိမ်က အကြီးဆုံးနော် ညီမလေးကိုစိတ်ဓာတ်ကျအောင် မလုပ်ပါနဲ့ သမီး ညီမလေးရှေ့မှာ မျက်ရည်မကျနဲ့နော် သူကလေးလေးပဲရှိသေးတယ်။သူ စိတ်နာကျင် သွားလိမ့်မယ်။သမီးကအကြီးဆိုတော့ ခံနိုင်ရည်ရှိမယ်လို့ဖေဖေယုံတယ်လို့ပြောတယ်။


ညီမလေးနိုးလာတော့ကျမတို့ မငိုဘူး သူ့ကိုချော့တယ်။ မေမေရှိတုန်းအတိုင်းလေးပဲသူ့ကို ထားတယ်။ တဖြေးဖြေးနဲ့ မေမေဆုံးတာ သူ့ကို ပြောပြတယ်။
ဖေဖေညီမလေးရှေ့မှာ မငိုဘူး။ ကျမလည်းမငိုခဲ့ဘူး။

ဖေဖေက ကျမကိုမာကျောတတ်အောင် လူကြီးပီသရင့်ကျက်တတ်အောင် အကြီးဆိုတဲ့တာဝန်ယူတတ်အောင် ကျမအသက်ဆယ့်လေးနှစ်မှာ သင်ပေးခဲ့တယ်။


ဖေဖေက စာအုပ်တွေ အရမ်းစုတယ်။ ကျမတို့ဧည့်ခန်းမှာဖေဖေရဲ့ စာအုပ်တွေကအပြည့်နေရာယူထားတယ်။


သူ့မှာစာအုပ်ဟောင်းများစွာ ရှိတယ်။ ကျမရှစ်တန်းနှစ်မှာဖေဖေက သူ့လခထုတ်တိုင်း ကျမကိုပိုက်ဆံနှစ် ထောင် ပေးတယ်။ မုန့်ဖိုးအပြင်သီးသန့်ပေးတဲ့ပိုက်ဆံပါ။ကျမ လစဉ်စာအုပ်တွေ ၀ယ်စုဖို့ ဖေဖေကပေးတာတဲ့။ကျမအဲဒီပိုက်ဆံနဲ့စာအုပ်တွေ တကယ်လည်းဝယ်ဖတ်တယ် ။ကျမစာအုပ်စင်နဲ့ ဖေဖေစာအုပ်စဉ်က စာအုပ်တွေက တန်ဖိုးချင်း စာတွေချင်းယှဉ်လို့မရပေမယ့်ကျမ စာအုပ်လေးကလည်းစာအုပ်တွေနဲ့ပြည့်ကျပ်လာတယ်။

ဖေဖေက ကျမကို တရက်မှာ ဘာပြောလဲဆိုတော့
စာအုပ်စင်ရှေ့မှာရပ်ပြီး ကျမကို ဖေဖေ သမီးနဲ့ပတ်သတ်ပြီး ဂုဏ်ယူဆုံးကတော့ဖေဖေစကားကို နားထောင်ပြီးစာအုပ်တွေလစဉ်ဝယ်တဲ့ကိစ္စပဲ။ ကြည့်စမ်း အခု ဖေဖေစာအုပ်စဉ်နဲ့တောင် ယှဉ်ရင် ဖေဖေစာအုပ်စဉ်မျက်နှာငယ်တော့မယ်တဲ့
တကယ်တော့ဖေဖေပိုပြောတာပါ။ကျမ အများဆုံးဝယ် ဖတ်တာ သရဲစာအုပ်တွေ သမိုင်းရာဇ၀င်စာအုပ်လေးတွေပါ။

ဖေဖေဆုံးတော့ ဖေဖေ စာအုပ်တွေ အကုန်လုံးကို တက္ကသိုလ်စာကြည့်တိုက်မှာ ဦးဇက်တန်းခွန်အောင် မှလှူဒန်းသည် ဆိုတဲ့ဆိုင်းဘုတ်လေးချိတ်ပြီး ကျမ လှူခဲ့တယ်။ ဥပဒေစာအုပ်တွေ ဆိုတော့ကျမယူထားတဲ့ အီးမေဂျာနဲ့မသက်ဆိုင်တော့ ကျောင်းသားတွေအတွက်ပိုအသုံး တည့်မယ်လို့ ထင်လို့ကျမ အကုန်လှူခဲ့လိုက်တယ်။


မေမေဆုံးပြီးနောက်မှာ ဖေဖေနဲ့ကျမဟာ သူငယ်ချင်းတွေနဲ့ပိုတူလာတယ်။
ကျမနဲ့သူငယ်ချင်း နှင်းနှင်း အတွက်ကြမ္မာ ငင်တဲ့နေ့တစ်နေ့ကိုကြုံရတယ်။

ဆိုက်ကယ်စီးရင်း ကျူရှင် ပြန် လာပြီး တပ်ကုန်းနားရောက်တာ့ကလေးတစ်ယောက်က စက်ဘီးနဲ့ဆိုင်ကယ်ရှေ့ကိုတိုး ၀င်လာတယ်။ ကျမတို့လည်း ဘယ်လိုမှရှောင်ချိန်မရတော့ဘူး။ မော်တော် ပီကယ်က ကျမတို့နှစ်ယောက်စလုံးကို ဖမ်းသွားတယ်။

ကလေးမိဘတွေက မော်တော်ပီကယ်ရုံးကိုလိုက်လာပြီး သူ့သားကနေမကောင်းဖြစ်သွား ကြောင်း၊ စက်ဘီးကို အသစ်ပြန်လိုချင်ကြောင်းပြောတယ်။ကလေးကိုလည်းဆေးရုံတင်ထားလိုက်တယ်တဲ့။
ကျမတို့နှစ်ယောက်စလုံးက တက္ကသိုလ်ပထမနှစ် ကျမက ဆယ်ခြောက်နှစ် နှင်းနှင်းက ဆယ်ခုနှစ်နှစ် (ဆယ်တန်းတုန်းကျမ အသက်လိမ်ပြီးဖြေခဲ့တာ) ဘာလုပ်ရမှန်းမသိဘူး

မော်တော်ပီကယ်တွေက ဥပဒေကျောင်းသားတွေ ဖေဖေတပည့်တွေဆိုတော့ ဖေဖေကို ဖုန်းဆက်တယ်။
ဖေဖေ လိုက်လာပြီး စကားပြောတယ်။ သူ့သူငယ်ချင်းရှေ့နေ့က ခွန်အောင်ရာ မင်းတပည့်တွေကိုပြောလိုက်ရင် ဟိုဘက်ကို ပိုက်ဆံ နဲနဲပေးပြီးကြေအေးလိုက်ပြီးတဲ့ဟာကိုလို့ပြောတယ်
ကျမတို့နှစ်ယောက်လည်းဖေဖေ ဘာလုပ်မလဲ မျက်နှာငယ်နဲ့ကြည့်နေမိတယ်။


ဖေဖေက သူ့သူငယ်ချင်းကို ဟိုဘက်က တိုက်ခံရတဲ့ကလေး ဆေးစာအဖြေမထွက်သေးဘူး ငါ့သမီးက အသက်မပြည့်ပဲဆိုင်ကယ်စီးတာ ဥပဒေအရ အခုသူဝင်မတိုက်ပေမယ့် ယာဉ်ကြီးနဲ့ယာဉ်ငယ်သူမှားတယ်။ သူ့မှားတာကို သူတာဝန်ယူရမယ်။ တဲ့

ရုတ်တရက် ကျမကြောင်သွားတယ်။အဲဒီစကားပြောတာ ဖေဖေမှဟုတ်ရဲ့လားလို့။


နောက်ကလေး မိဘတွေရောက်လာတယ်။စက်ဘီးအသစ်လိုချင်တယ်။ကလေးကဆေးစာမှ ဘာမှမဖြစ်ဘူးလို့ ရေးထားပေမယ့် အိမ်မှာအဖျားတတ်နေတယ်လို့ပြောတယ်။ဖေဖေက လိုက်ကြည့်မယ်ဆိုတော့ ကြည့် ခွင့်မပေးဘူး။
ဖေဖေက သူတို့ဘက်ကို အမူဖွင့်ချင်လားမေးတယ်။သူတို့ ဘက်ကပိုက်ဆံပဲလိုချင်တယ်။ မဖွင့်ဘူးပြော တယ်။ ဖေဖေက အိုကေကောင်းပြီ။ဆိုပြီး သူတို့တောင်းတာကို ထုတ်လျော်တယ်။ ကျမနဲ့နှင်းနှင်း စခန်းကနေ ည ၁၁နာရီလောက်မှပြန်ရတယ်။
ဖေဖေသူ့ငယ်ချင်း က မင်းကွာကလေးတွေကိုအိမ်ပြန်ုခိုင်းတာမဟုတ်ဘူး။ ပိုက်ဆံ ပေးရများငါလုပ်ပေးတာတောင်ရတယ်လို့ပြောတော့ဖေဖေက သူလုပ်တဲ့တာဝန် သူတာဝန်ယူရဲ ရမှာပေါ့ သူလုပ်တဲ့ ဖြစ်ရပ်ကြောင့်နောက်ဆက်တွဲဆိုးကျိုးအားလုံးသူ ခံရမှာပေါ့။လို့ပြန်ပြောတယ်။
အဲဒီနောက်ကျမ ဆိုင်ကယ်စီးခွင့်ပိတ်တယ်။ ဖေဖေကျောင်းထားပေးထားလို့ အိမ်မှာလာနေတဲ့ ဖေဖေတူမ က ကျမကို အပို့အကြို့သူပဲလုပ်တော့တယ်။

ဖေဖေဟာကျမကို ကိုယ့်တာဝန်ကိုယ်ယူရဲအောင် ကိုယ်ကဘာဆိုပြီး အခွင့်အရေးမယူပဲ ရိုးရိုးစင်းစင်းနဲ့ဖြေရှင်းတတ်အောင် သင်ပေးခဲ့တယ်။

ဖေဖေ ကျန်းမာရေး အခြေနေဆိုးလာတယ်။
တသက်လုံးစာသင်ခဲ့တော့မြေဖြူမူန့်တွေကြောင့် ချောင်းကလည်းဆိုးတယ်
Medical Check အားလုံးလုပ်ကြည့်တယ်။ အားလုံး Negative အသဲနဲ့ အဆုတ်မှာ နဲနဲထိချင်တယ်လို့ ပဲမှတ်ချက် ပေးထားတယ်။
နေမကောင်းလည်းဖေဖေက ပုံမှန်ပဲ စာသွားသင်တယ်။ ညဆိုရင်တော့အိပ်မပျော်ဘူး။ ဖေဖေ အခန်း မှာဖယောင်းတိုင်မီး အမြဲလင်းနေတယ်။

ဖေဖေနေမကောင်းတော့ညနေဆိုရင် ဖေဖေနဲ့ စကားထိုင်ပြောဖြစ်တယ်။
ဖေဖေက ငယ်ငယ်က အကြောင်း အဘိုးအကြောင်းသူ့မောင်နှမတွေ အကြောင်း အဘိုးရဲ့ အမွေတွေ အကြောင်း၊ အဘိုးနဲ့ဖေဖေပြသာနာတွေတတ်တဲ့ အကြောင်း၊စီကာပတ်ကုံးပြောပြတယ်။

နေမကောင်းပေမယ့် အဖိုးကိုတွေ့ချင်တယ်လို့တစ်ခွန်းမှမပြောဘူး။အဖိုးကအဲဒီတုန်းက မူဆယ် မှာ ရောက်နေတယ်။
ကျမတလလောက် အမျိုးတွေကြောင်းဖေဖေ ငယ်ဘ၀တွေအကြောင်းနားထောင်ရတယ်။

ဖေဖေ ဟာ မေမေကို သိပ်ချစ်တယ်။ သူ့ကြောင့်တမျိုးလုံးနဲ့ပြတ်စဲခဲ့ရတယ်။
ဖေဖေသတ္တိကိုလေးစားတယ်ဖေဖေက အချစ်ကြောင့်အားလုံးနဲ့စိန်ခေါ်ရဲခဲ့သူ လေ။

ဖေဖေမဆုံးခင် တရက်က ဖေဖေ အသည်း နဲနဲယောင်နေတယ် ထပ်စစ်မယ်ဆိုလို့ ဆေးရုံကခေါ်တယ်။
ဖေဖေကားပေါ်ကဆင်းတော့ကျမက တွဲမလို့လုပ်တယ်။ ဖေဖေက သမီးကြီး မတွဲနဲ့လို့အော်တယ်။ကျမလည်း ဘာပြောရမှန်းမသိပဲ ဖေဖေ နောက်ကနေပဲလိုက်ခဲ့၇တယ်။ ဖေဖေက နေမကောင်းတဲ့ကြားထဲမှာသူဘာသာ သူ ခပ်ကော့ကော့ပဲ ဆေးရုံထဲဝင်သွားတယ်။
နောက်နေ့ မနက်မှာ သူဆုံးသွားတယ်ဆိုတာကို ဆရာဝန်က လုံးဝ မယုံနိုင်အောင်ဖြစ်ခဲ့ရတယ်။

နောက်တစ်နေ့မနက်မှာ နေစရာမရှိလို့ ဖေဖေ အိမ်မှာခေါ်ထားတဲ့ သူ့သူငယ်ချင်းက ကျမကိုလာနိုးတယ်။

သမီးကြီးဖေဖေက စကားပြောချင်လို့တဲ့။ မနက် ၅နာရီခွဲနေပြီ။ ကျမလည်း ဖေဖေနားကို သွားတော့ ဖေဖေက ကျမ လက်ကိုကိုင်ထားတယ်။ဘာမှ မပြောဘူး။ မျက်လုံးတွေကိုမှိတ်ထားတယ်။ ကျမ ဖေဖေလက်တွေကို ပိုတင်းတင်း ဆုတ်ကိုင်လိုက်တယ်။


ဖေဖေလက်တွေအေးလာတယ်။ရလပိုင်း ၁၇ရက် မနက် ၆နာရီနီးပါးမှာဖေဖေဆုံးတယ်။ဖေဖေ မျက်မှန်အထူကြီးကို ကျမ ခပ်ဖြေးဖြေးချွှတ်ပေးလိုက်တယ်။

အဖိုးဟာ သူ့သားဆိုးဈာပနာကို တိုက်ပုံအမဲကချင်ပုဆိုးနဲ့ တည်တည်ငြိမ်ငြိမ်ပဲတတ်ရောက်ခဲ့တယ်။

ဖေဖေ ဟာကျမကို ဆယ်ခြောက်နှစ်စာ သင်ခန်းစာတွေပေးခဲ့တယ်ဘ၀ကို ဘယ်လိုလျောက်ရမလဲဆိုတာ သင်ပြပေးခဲ့တယ်။
ဆယ့်ခြောက်နှစ်စာ ဟာ ကျမတဘ၀လုံးလျောက်ဖို့ လမ်းကို ပြသခဲ့တယ်။

အဖိုး အတွက် ဖေဖေဟာ သားဆိုး ၊ ဖေဖေကကျမအတွက်တော့တစ်ဘ၀လုံးစာအတွက် သူရဲကောင်း။

ဖေဖေကောင်းရာသုဂတိလားပါစေ။




နန်းလွင်
(12.7.2013) မနက်၂နာရီ









0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...