Sunday, July 21, 2013

“သား ကိုပြည့် သို့”

July 21, 2013 at 9:57am
          တူတော်မောင်လေး သားကိုပြည့်ရဲ့ သည်နှစ်မွေးနေ့မှာ ဖိုးဖိုးကြီး နေမကောင်းတာကြောင့် ဖေဖေရော မေမေရော အဝေးကြီးမှာရောက်နေတာမို့ ဘယ်သူမှ မွေးနေ့လုပ်ပေးမယ့်သူ မရှိပါဘူးဆိုပြီး ငိုမဲ့ငိုမဲ့ ဖြစ်နေရှာသတဲ့။ အမှန်တော့ ကိုယ့်မွေးနေ့မှာ အဖေအမေကို သတိရနေတာ ဖြစ်မှာပါ။ ဘာပဲဖြစ်ဖြစ် ကိုယ့်တူကလေး အားငယ်နေမှာစိုးတာကြောင့် သားရဲ့ ဦးဦးတွေ ဒေါ်ဒေါ်တွေနဲ့ ရန်ကုန်မှာရှိတဲ့ ဖွားဖွားကြီး ဖွားဖွားလေးတွေ အားလုံး ၀ိုင်းချော့ကြတာကြောင့် သားလည်း ဟက်ပီးဘတ်ဒေးကိတ်မုန့်လေး လှီးဖြစ်တာပေါ့။
သားရဲ့ တ၀မ်းကွဲမောင်နှမတွေချည့်ပဲတင် တစ်ကျိပ်ကျော်ကျော်ဆိုတော့ ခြောက်တီးခြောက်ကပ်တော့ မဟုတ်ပါဘူး ကလေးရယ်။ မုန့်တွေလည်း စားရတယ်။ လက်ဆောင်တွေလည်းရတယ်ဆိုတော့ သားလည်းပျော်သွားပြီး ဟီးဟီး ဟီးဟီး ဖြစ်လာတယ် မဟုတ်ဘူးလား။ သားမွေးနေ့မှာ လက်ဆောင်လည်း မပေးပဲ ဖလာဝင်ကျိတ်တဲ့ ဘဘချိုကို “ဘချို ဘာလက်ဆောင်မှလည်း မပေးဘူး။” လို့ အကြွေးမှတ်တဲ့အခါ ဘိုင်ကျနေတဲ့ ဘဘချိုကလည်း လကလေးမကုန့်တကုန်၊ အိပ်ကလေးမရှုံ့တရှုံမို့ မှတ်မှတ်ရရလည်း ဖြစ်အောင်၊ အကုန်အကျလည်း သက်သာအောင်၊ မွေးနေ့အမှတ်တရ စာကလေးရေးပြီး လက်ဆောင်ပေးရတာပကွယ်။ သား နားမလည်မှာစိုးလို့ ခါတိုင်းလို ဝေ့လည်ကြောင်ပတ်တွေမပါပဲ ဒဲ့ရေးလိုက်မယ်။ သေသေချာချာ ဖတ်ကြည့်နော်။

          ကိုပြည့်တို့ လူလားမြောက်ရတဲ့ခေတ်နဲ့ သားဖေဖေတို့ ဘဘချိုတို့ လူလားမြောက်ရတဲ့ခေတ်နဲ့ဟာ မျိုးဆက်အားဖြင့် တစ်ဆင့်ကွာတယ်။ မတူတာတော့ ဘယ်အရာမှ အရင်ကနဲ့ မတူဘူး။ သားတို့ခေတ်မှာ အင်မတန်မှ ရုပ်ဝတ္ထုပိုင်းအရ ပြည့်စုံကြွယ်ဝတယ်။ ဒါပေမယ့် စိတ်ပိုင်းဆိုင်ရာမှာတော့ တော်တော်လေး ဆုတ်ယုတ်သွားတယ်လို့ မြင်မိတာပဲ။ အဲဒါ ဘာပြောတာလဲ ဆိုတော့ ဒီနေ့ ၁၁ နှစ်ပြည့်တဲ့ သားကိုပြည့်ဟာ သားဖေဖေ ၁၁ နှစ်တုန်းကထက်၊ ဘချိုတို့ ၁၁ နှစ်တုန်းကထက် ကလေးဆန်တယ် လို့ ပြောချင်တာ။ အဲဒါ သားတစ်ယောက်တည်းတော့ မဟုတ်ဘူး။ ဘချိုသမီး သားမမက ပိုတောင်ဆိုးဦးမယ်။ သားထက်ငယ်တဲ့ ညီလေး ညီမလေးတွေဆိုရင်တော့ မပြောနဲ့။ ဘချို သူငယ်ချင်းတွေကမွေးတဲ့ သားလေး သမီးလေးတွေလည်း အတူတူပဲ။ ဘချိုမြင်သလောက်ပြောရရင် သားတို့အားလုံး မိသားစုအ၀န်းအ၀ိုင်း အပြင်ကိုထွက်ပြီး လောကကြီးနဲ့ တိုက်ရိုက် ဆက်ဆံမှု မရှိကြသေးဘူး။ သားတို့ရဲ့ အာရုံတွေက ဆန်းသစ်တဲ့နည်းပညာ ပဉ္စလက်အသီးအပွင့်တွေဘက်ကို တစိုက်မတ်မတ် လိုက်နေကြတယ်။ Angry Bird, Minions, Mario သားတို့ မသိတာ ဘာမှ မရှိဘူး။ အိုင်ဖုန်း၊ အိုင်ပက်၊ ဟန်းဆက်လေးတွေ အဖွင့်အပိတ်၊ အနှိပ်အပွတ် ဘချိုတို့ထက်တောင် ကျွမ်းကျင်ဦးမယ်။ ဂိမ်းဆိုရင် အွန်လိုင်းကဖြစ်ဖြစ်၊ အခွေနဲ့ဖြစ်ဖြစ်၊ ဖုန်းထဲကဖြစ်ဖြစ် ရောက်တဲ့အရပ်မှာ ငုတ်တုတ်လေး ထိုင်ဆော့ဖို့ မပျင်းဘူး။ ဒါပေမယ့် သားမျက်စိရှေ့တည့်တည့်ရောက်နေတဲ့ သူတစ်ယောက်ယောက်က မိတ်ဆက်စကားလာစရင်တောင် မော့ကြည့်ပြီး ပြုံးပြဖို့ တော်တော် ၀န်လေးတယ်။ မဖြစ်မနေ အဖြေတစ်ခု ပြန်ရမယ်ဆိုရင်တောင် စကရင်ပေါ်က မျက်လုံးမလွှဲပဲ တုံးတိတိ တစ်ခွန်းဖြေလိုက်ရင် တော်တော်လိမ်မာနေပြီ ဆိုရမယ်။ သားတို့ဆီက စကားတစ်ခွန်း ကြားချင်ရင် ဖေဖေ မေမေက “သားတို့သမီးတို့ရေ။ လာပါဦး။ ဒီမှာ ဘဘကို ဘာစကားလေး ပြောပြလိုက်ပါဦး။” လို့ လမ်းခင်းမပေးရင် သားတို့ဘက်ကနေ တဘက်လူကို ဆက်သွယ်ဖို့ စိတ်ကူးမရှိဘူး။ ဒါကြောင့် သားမွေးနေ့မှာ ဘဘချိုကတော့ တံခါးတစ်ချပ်ကို ဆွဲဖွင့်ခဲ့ချင်တယ်။ အပြင်လောကကြီးဟာ အကျယ်ကြီးပဲ ကိုပြည့်ရဲ့။ စိတ်ဝင်စားစရာတွေ၊ သိသင့်သိထိုက်တာတွေ၊ လေ့လာမှတ်သားရမယ့် အရာတွေ၊ မကုန်နိုင်မခမ်းနိုင်အောင် ဆန်းပြားတယ်။ လောကကြီးမှာ အချင်းချင်း ရှုပ်ထွေးဆန်းပြားစွာ ဆက်သွယ်ပေါင်းသင်းလေ့ရှိတာ လူသားတွေအပြင် တခြား သတ္တ၀ါ မရှိဘူး။ သိပ်မကြာတော့တဲ့တစ်နေ့မှာ အဲသည်လောကကြီးထဲ သားကိုယ်တိုင် ကျင်လည်ရတော့မှာမို့ ဘချိုက ကျူရှင်ပေးတယ် လို့ သဘောထားကွယ်။

          တကယ်တော့ သားတို့မောင်နှမဟာ သားဖေဖေတို့၊ ဘချိုတို့မောင်နှမတွေထက် အများကြီး ပြည့်စုံတာပေါ့။ ဘချိုတို့ဖေဖေဟာ ဦးဖုန်းလေး ကြည်စင့်အရွယ်လောက်မှာ မရှိရှာတော့ဘူး။ ကိုပြည့်မမှီလိုက်တဲ့ ဘချိုတို့ဖွားဖွားကြီးရဲ့ ရင်ခွင်အောက်မှာ မောင်နှမခြောက်ယောက်စလုံး လူလားမြောက်ခဲ့ရတယ်။ ဘချိုတို့အားလုံးမှာ တူညီတဲ့အချက်တစ်ခုတော့ရှိတယ်။ လူကြီးကို ထွေထွေထူးထူး သိပ်မပူဆာတတ်ကြဘူး။ ပေးရင်ယူတယ်။ ကျွေးရင်စားတယ်။ လိုချင်တာရှိရင် အောင့်အည်းပြီး မသိသလိုနေတဲ့ အကျင့်ရှိကြတယ်။ ဘချိုက အကြီးဆုံးဆိုတော့ ဘာမဆို အရင်ဆုံးရတာတော့ ရှိတာပေါ့။ အ၀တ်အစားကအစပဲ။ ဘချို ကြီးသွားတော့မှ ဘချိုညီတွေက အစဉ်အတိုင်း ဆက်ဝတ်ကြတယ်။ စတတ်နောက်တတ်တဲ့ ဘချိုဒဏ်ကို ဘချိုညီတွေညီမတွေ သည်းခံရသလို သူတို့တတွေ ဆိုးလာတဲ့အချိန်မှာလည်း ဘချို ခါးဆီးပြီး ခံခဲ့တယ်။ တစ်ယောက်နဲ့တစ်ယောက် နှစ်နှစ်နီးပါးသာခြားတဲ့ ဘချိုတို့ မောင်နှမတွေဟာ အမေမုဆိုးမ အဖွားမုဆိုးမ နှစ်ယောက်ရဲ့ အုပ်ထိမ်းမှုအောက်မှာ ကောင်းတာတွေရော ဆိုးတာတွေရော အတူတူ ခံစားကြီးပြင်းလာကြတာပေါ့။ ဒီခြောက်ယောက်စလုံး ဘွဲ့ရပညာတတ်တွေဖြစ်လာဖို့ဆိုတဲ့ ၀န်ထုပ်ဝန်ပိုးဟာ ခုချိန်မှာ ပြန်တွေးရင် သိန်းထီခြောက်ဆု ဆက်တိုက်ပေါက်ဖို့ထက်ကို ဖြစ်တောင့်ဖြစ်ခဲ ဆုတောင်းကြီးဖြစ်မှာပဲ။ ဒါပေမယ့် ပြည့်ခဲ့တယ်။

           ကိုပြည့်တို့ခေတ်ရောက်တော့ သားသမီးပညာရေးဆိုတာ ဘာအပူအပင်မှကို ရှိစရာမလိုတော့ဘူး။ ဒါကြောင့် ကိုပြည့်တို့ နားလည်တတ်မှာ မဟုတ်ဘူး။ ဒါပေမယ့် ဘချို သိစေချင်တာက ကိုယ့်မှာ ပြည့်စုံလုံလောက် ပိုလျှံနေတိုင်း သူများတွေလည်း ပြည့်စုံမနေဘူးဆိုတာ ပြောချင်တာ။ အဝေးကြီး သွားကြည့်စရာ မလိုဘူး။ သားဖေဖေတို့ ဘချိုတို့ကိုယ်တိုင် ပညာတတ်ကြီးတွေ ဖြစ်ချင်လို့ အသည်းအသန် ကြိုးစားခဲ့ရတယ်။ ဘချို ခုနှစ်တန်းရောက်တော့ ညဘက်အိပ်ချင်လို့ မျက်လုံးကြီးနီတွတ်နေရင်တောင် မျက်နှာထသစ်လိုက်၊ အိမ်ရှေ့နောက်ဖေးထလျှောက်လိုက်နဲ့ စာကျက်ခဲ့တယ်။ သားဖေဖေလည်း တူတူပဲ။ ဘချို ရှစ်တန်းနှစ်မှာ ဂိမ်းဆိုတာတွေ ပေါ်ပြီ။ ဘချိုလည်း သားလိုပါပဲ။ ကစားချင်တာမှ သေလုလို့။ ရှစ်တန်းအောင်မှ၊ ကိုးတန်းအောင်မှ၊ ဆယ်တန်းအောင်မှ နဲ့ ကိုယ့်ဘာသာကိုယ် ရွှေ့ရွှေ့လာလိုက်တာ ဒီအသက်ဒီအရွယ်သာရောက်ရော မကစားဖြစ်တော့ဘူး။ ကစားချင်စိတ်လည်း မရှိတော့ဘူး။ ဖြစ်ချင်တာတွေ မဖြစ်သေးတာကြောင့် လုပ်ချင်တာတွေကို အဲ့လိုပဲ မေ့ပစ်ခဲ့ကြတာပေါ့။ ကိုပြည့်မှာရော ဘာဖြစ်ချင်တယ်ဆိုတဲ့ စိတ် ရှိပြီလား။ ကိုယ့်ကိုယ်ကိုယ် ဘာလိုချင်လဲဆိုတာ ကိုယ့်ဘာသာ သိပြီလား။ သားမမကတော့ ဘာမှ မဖြစ်ချင်ဘူး။ ဘာမှလဲ မလုပ်ချင်ဘူး လို့ ပြောတုန်းပဲ။

           အာလာဒင်ကလေးရဲ့ မီးခွက်ကြီးကိုပဲ ပွတ်ပွတ်၊ ဆင်းဘတ်ရဲ့ ကော်ဇောပျံကြီးကိုပဲ စီးစီး၊ အဲလစ်ကလေးနဲ့ ထွေထွေဆန်းဆန်း တိုင်းပြည်ကြီးကိုပဲ လည်လည် ကိုပြည့်တွေ့ရမယ့် အရာတွေအားလုံးဟာ စိတ်ကူးဥာဏ်ကွန့်မြူးထားတဲ့ ကလောင်ဖန်တီးမှုတွေချည့်ပဲ။ ဒီကနေ့တော့ ကိုပြည့်ကို ဘချို အလည်ခေါ်ချင်တာက အပြင်လောကမှာ တကယ်ရှိနေတဲ့ ကိုပြည့်အရွယ် ကလေးငယ်များစွာရဲ့ လက်တွေ့ဘ၀တစ်ခုကို စာထဲကနေ လိုက်ပြမယ်။ ကိုပြည့်ဆီမလာခင် ဘချို မနက်က ၀ါဆိုသင်္ကန်းကပ် အလှူတစ်ခု ရောက်ခဲ့တယ်။ တောင်ဥက္ကလာ မြင်သာမြို့ဦးကျောင်းတိုက်ထဲက ပရဟိတ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှာ လုပ်တာ။ အဲဒီမှာ ညီမလေး ကြည်စင်တို့အရွယ်ကစလို့ သားကိုပြည့်တို့အရွယ်သာသာအထိ ကလေးငယ်ကလေးတွေ နှစ်ရာကျော် သုံးရာလောက် တွေ့ခဲ့တယ်။ တ၀က်လောက်က ကိုရင်ဝတ်ကလေးတွေ။ သပ်သပ်ရပ်ရပ် ရေမိုးချိုး၊ အ၀တ်အစားသန့်သန့်ရှင်းရှင်း၊ သနပ်ခါးအဖွေးသား ချစ်စရာကလေးတွေ။ စည်းကမ်းတကျနဲ့ ၀၀လင်လင် စားကြသောက်ကြတာ မြင်ရတော့ ကိုယ့်အလှူမဟုတ်ပဲတောင် စိတ်ထဲမှာပီတိဖြစ်မိတယ်။ ထမင်းကျွေးချိန်မှာ ဝေယျာဝစ္စလုပ်ပေးနေတဲ့ ကျောင်းသားခပ်ကြီးကြီးလေးတွေတင်
လေးငါးဆယ်လောက်ရှိကြတယ်။ ဆွမ်းစားဆောင်နံဘေးက စာသင်ဆောင် အုတ်ကျောင်းတိုက်အသစ်ကြီးကလည်း သာဓုခေါ်စရာ။ ကိုပြည့်ဘဘ စပ်စုစိန်ကြီးက ကျောင်းဝင်းကလေးထဲ ပတ်ကြည့်ခဲ့သေးတော့ စာကြည့်တိုက်ကလေးရယ်၊ အိပ်ဆောင်ကလေးတွေရယ်၊ စာသင်ခန်းကလေးတွေရယ်လည်း ရောက်ခဲ့သေး။

             ဒီကလေးတွေမှာ သားတို့နဲ့ မတူတာကတော့ သူတို့အားလုံးမှာ အဖေအမေတွေ မရှိတော့ဘူး။ မှီခိုအားကိုးစရာ အဖိုးအဖွား ဆွေမျိုးတွေလည်း မရှိကြဘူး။ တချို့ဆို နေစရာအိမ်တောင် မရှိဘူး။ သူတို့အသက်အရွယ်နဲ့မမျှတဲ့ ဖိစီးနှိပ်စက်သော ကံကြမ္မာတွေ ကိုယ်စီကိုယ်စီ ရှိကြတယ်။ သူတို့ဘ၀အတွက် တစ်ခုတည်းသော အလင်းရောင်က ပညာရေးပဲ ရှိတယ်။ ပညာတတ်အောင်သင်ပြီး လောကကြီးအလယ်မှာ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ကြမလို့။ အဲသလို ပညာသင်ကြားဖို့အတွက်တောင် ကိုယ်ထူကိုယ်မထနိုင်လို့ ပရဟိတကျောင်းတော်မှာ လာရောက်ခိုလှုံသင်ကြားနေကြတာပေါ့။ ကိုပြည့်ဖေဖေနဲ့မေမေ အဝေးကိုခဏသွားခိုက် ဘာမှ လိုလေသေးမရှိတဲ့ အိမ်အကြီးကြီးမှာ ဖွားဖွားတွေ မမတွေနဲ့ ကိုပြည့်စိတ်တိုင်းကျနေနေတဲ့အချိန်မှာတောင် ကိုပြည့်တခါတလေ ၀မ်းနည်းအားငယ်စိတ်တွေ ဖြစ်မိတယ် မဟုတ်ဘူးလား။ သူတို့မှာ မရှိတဲ့လိုအပ်ချက်တွေအားလုံးက ဘယ်တော့မှ ပြန်လာမှာ မဟုတ်တဲ့ ဆုံးရှုံးမှုတွေချည့်ပဲ။ ဒါပေမယ့် သူတို့မှာ ၀မ်းနည်းကြေကွဲနေဖို့တောင် အချိန်မရကြဘူး။ ၀မ်းရေးက ပိုခက်တာကိုး။ ကိုပြည့်ဗိုက်ဆာတဲ့အချိန် အိမ်မှာ အမြဲစားစရာရှိပေမယ့် သူတို့ ထမင်းခုနစ်ရက်မစားရလည်း ဘယ်သူကမှ အရေးတယူ လာမကျွေးဘူး။ သနားစရာကောင်းတယ် မဟုတ်ဘူးလား။ ဒါပေမယ့် သူတို့က သနားရမယ့်သူတွေ မဟုတ်ဘူး။ ဖေးမရမယ့်သူတွေ။ ကိုပြည့်ငယ်ငယ်က ဖတ်စာအုပ်ထဲမှာ ပါတယ်လေ။ လဲနေသူ ထူပေးပါ။ အားငယ်သူ အားပေးပါ။ ဆိုတာ သူတို့ကို ပြောတာ။

            ဝေသန္တရာဇာတ်တော်ထဲမှာ ဂဏှာ နဲ့ ဇာလီ မောင်နှမကို စူဇကာပုဏ္ဏားက နှိပ်စက်တော့ ညအိပ်တဲ့အခါ တောစောင့်တောင်စောင့်နတ်များက သူတို့မိဘများအသွင်နဲ့ လာချော့သိပ်လို့ ကောင်းမွန်စွာ အိပ်စက်လေရသတဲ့။ ဒီကလေးလေးတွေမှာ မိဘမရှိတော့တဲ့အတွက် စိတ်ကောင်းစေတနာကောင်းရှိတဲ့ အလှူရှင်များက သူတို့မိဘများနေရာမှာ ခဏအစားဝင်ပေးပြီး အငှားမေတ္တာ ဂရုဏာနဲ့ စောင့်ရှောက်ပေးကြပေမယ့်လည်း တကယ်တမ်းမှာ သူတို့ဘ၀ရှေ့ရေးအတွက် ကိုယ့်ခြေထောက်ပေါ် ကိုယ်တိုင်ရပ်မှ ဖြစ်မှာမို့လို့ ကိုယ့်အားကိုယ်ကိုးတဲ့ စိတ်ဓါတ် အလေ့အကျင့်မျိုးကိုသာ ပျိုးထောင်ပေးဖို့ လိုအပ်တယ်။ ကိုပြည့်ကို သိစေချင်တာကတော့ လောကကြီးမှာ ခက်ခဲကြမ်းတမ်း ပင်ပန်းတဲ့ဘ၀တွေ အများကြီးရှိတယ်။ ကိုပြည့်မှာ အဲဒီအခက်အခဲတွေ တစိုးတစိမှ မရှိဘူးဆိုတာ ဖေဖေမေမေတို့ ဖိုးဖိုးဖွားဖွားတို့က အစစအရာရာ ကာကွယ်ဖြည့်ဆည်းပေးနေကြလို့။ ဒါပေမယ့်လည်း လူကြီးဖြစ်လာတဲ့အခါ  ကိုယ်ကိုယ်တိုင် ရင်ဆိုင်ဖြေရှင်းရတော့မယ့် အရာတွေ ရှိလာပြီ။ ကိုပြည့်လည်း ကိုယ့်အားကိုယ်ကိုးတဲ့ စိတ်ရှိဖို့လိုပြီ။ ပီတာပင်ကလေးလို ရောဘင်ဟုဒ်တို့လို ဘယ်တော့မှ အသက်မကြီးပဲနေမှာမဟုတ်တဲ့ ကိုပြည့်ဟာ ဖြစ်ချင်သည်ဖြစ်စေ၊ မဖြစ်ချင်သည်ဖြစ်စေ၊ လူကြီးတစ်ယောက် ဖြစ်လာရတော့မယ်။ ဒါကြောင့် ကိုပြည့်အသက်အရွယ်နဲ့အညီ လိုက်ဖက်တဲ့ အသိအလိမ်မာတွေ ရှိသင့်ပြီ။ ဘချိုရေးထားတာတွေကို နားလည်ရဲ့လား မသိပါဘူး။ စာရှည်ရင် ဆက်မဖတ်ချင်မှာစိုးလို့ တော်ပြီနော်။ (နောက်ဆုံးစာကြောင်းကိုဖြင့် တို့တူလေး အကြိုက်ဆုံး ဖြစ်ပေလိမ့်မယ်။)







0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...