Friday, July 12, 2013

ပြိုကျသွားနိုင်သော အိမ်ကလေး

July 12, 2013 at 8:14pm

(က)

၁။ ကျွန်တော်စားရေးစားပွဲမှာ ထိုင်လိုက်သည်။
၂။ စိတ်ကိုအဆုံးစွန်ထိ လွှတ်ပေးလိုက်၏။
၃။ ခေတ်များ၊ပုံရိပ်များ၊ သဘာဝများ၊ အရာဝတ္ထုများနှင့် လူများ။
၎။ လေပူတို့ကိုခပ်ပြင်းပြင်းမှုတ်ထုတ်လိုက်သည်။ ခန္ဓာကိုယ်တစ်ခုလုံး ပေါ့ပါးသွားသယောင်ထင်ရ၏။
သို့သော်တစ်ခဏမျှသာ။
၅။ ပြီးဆုံးချင်ပါသည်။သို့မဟုတ်။ ပြီးဆုံးချင်ပါပြီ။


အရသာကတော့အတော်လေးခါးပါသည်။ အခန်းတံခါးကို ဖွင့်လိုက်၏။ ဘယ်ဘက်ထောင့်က စာရေးစာပွဲတွင် ထိုင်ရမည်လား။စားပွဲပေါ်က စာအုပ်တစ်အုပ်အုပ်ယူပြီး ဘေးက ကုတင်ပေါ်မှာ ဖတ်ရမည်လား။ စာအုပ်ကတော့ ချိုပါလိမ့်မည်။သို့သော် စိတ်တွေကတော့ ခါးသက်သက် ဖြစ်နေ၏။

ကုတင်ပေါ်မှာခေါင်းအုံးတစ်လုံးသာ ကျန်တော့သည်။ သိပ်တော့လည်း မထူးဆန်းပါ။ ထို့ကြောင့် အနည်းငယ်တော့ထူးဆန်းနိုင်ပါသည်။ သိပ်မကြာခင်အချိန်က ခေါင်းအုံးသုံးလုံးရှိခဲ့ဖူးပါသည်။ တစ်လုံးကအနည်းငယ်သေးပေမယ့် သူလည်း ခေါင်းအုံးတစ်လုံးသာဖြစ်၍ အခန်းထဲတွင် ခေါင်းအုံးသုံးလုံးရှိခဲ့ဖူးပါသည်။

ထို့ထက်နှစ်နှစ်ခန့်စောသောအချိန်ကမူ ခေါင်းအုံးနှစ်လုံးသာ ရှိခဲ့ဖူး၏။ အရွယ်တူ၊ ဆိုဒ်တူသောခေါင်းအုံးနှစ်လုံးသာဖြစ်ပါသည်။ တစ်လုံးနှင့် တစ်လုံး နားလည်မှုပြည့်ဝနေခြင်းကြောင့်အခန်းလေးတစ်ခုလုံး သာယာစိုပြည်ခဲ့ဖူးလေသည်။

ထို့ထက်သုံးနှစ်မျှစောသောအချိန်ကမူ ကုတင်ပေါ်တွင် ခေါင်းအုံးတစ်လုံးသာ ရှိခဲ့ဖူးသည်။ သို့သော်ထိုအချိန်က ခေါင်းအုံးလေးသည် လွတ်လပ်ပေါ့ပါး၏။ မျှော်လင့်ချက်များနှင့် ပျော်ရွှင်နေခဲ့ဖူး၏။စားပွဲပေါ်မှ စာအုပ်တွေဖတ်လိုက်၊ ညာဘက်အစွန်ရှိ ပြတင်းပေါက်မှနေ၍ လမ်းမဘက်သို့ငေးမောလိုက်နှင့်ခေါင်းအုံးလေးသည် တည်ငြိမ်လှ၏။

သုံးနှစ်ကြာတော့နှစ်လုံးဖြစ်လာသည်။ ငါးနှစ်ကြာတော့ သုံးလုံးဖြစ်လာသည်။ ထို့နောက်တွင်တော့ တစ်လုံးတည်းသာပြန်ဖြစ်နေပြန်တော့၏။

လွန်ခဲ့သောအချိန်များက အခန်းလေးတစ်ခုလုံး သန့်ရှင်းသပ်ရပ်နေတတ်သည်။ ခေါင်းအုံးလေးတို့သည် ရှင်းသန့်မွှေးမြမှုကိုဆောင်လေ၏။ ယခုတော့ အခန်းလေးတစ်ခုလုံး ရှုပ်ပွနေလေပြီ။ သပ်ရပ်အောင် မပြုပြင်ဖြစ်ခြင်းကြောင့်ခေါင်းအုံးလေးလည်း မည်းညစ်နေလေ၏။

စိတ်၏မလင်းရှင်းမှုကြောင့်လည်း ဖြစ်နိုင်ပါသည်။


(ခ)


အရသာကတော့အနည်းငယ်ထက်ပို၍ ခါးပါသည်။ ထမင်းပေါင်းအိုးကို ဆန်နှစ်လုံးခွဲ ထည့်ချက်မိပြန်သည်။ တစ်နပ်စာအတွက်ထိုမျှအထိ မလိုအပ်တော့ပါ။ တစ်ချိန်က လိုအပ်ခဲ့ပေမယ့် အခုတော့ မလိုအပ်တော့ပါ။ ချက်လက်စနှင့်မို့ထားလိုက်ပါတော့သည်။ ညစာ၊ မနက်စာပေါ့။ ပိုနေတော့လည်း နောက်နေ့မနက် ကြော်စားတာပေါ့။ ထိုသို့သူတွေးလိုက်သည်။

ဘဲဥတစ်လုံးကိုခေါက်နေရင်းနှင့် ပုခက်ထဲမှ သမီးငယ်ကို ကြည့်မိပြန်သည်။ ငြိမ်သက်စွာ အိပ်မောကျနေ၏။နားတွေကို ပိတ်ထားချင်ပါသည်။ ရုတ်တရက် ယောင်၍များ သူ့နာမည်ကို သမီးလေး ထအော်တတ်သည့်ဒဏ်ကိုကြိမ်ဖန်များစွာ ခံနေရ၏။ ခံနိုင်ရည်ကလည်း တစ်နေ့တခြား နည်းပါးလာပါပြီ။

ညဥ့်နက်လာသည်နှင့်အမျှအေးစိမ့်မှုက တဖြည်းဖြည်း ကြီးစိုးလာသည်။ စောင်တွေကို လွမ်းပါ၏။ ခေါင်းအုံးတွေကိုလည်းလွမ်းပါ၏။ နွေးထွေးမှုကလည်း မြိုသိပ်ရပါများလို့ အန်ထွက်လာတတ်သည်။ သို့သော် မညင်သာပါ။အတော်လေး ခါး၏။ ကြိတ်မှိတ်၍သာ အတွေးများကို ဖြတ်နိုင်ရန် ကြိုးစားနေမိသည်။ စိတ်သည်တည်ငြိမ်မှုကို ရှာမတွေ့သေးပါ။

မနက်ဖြန်ပေါင်းများစွာကိုရေတွက်နေမိသည်။ သိပ်မကြာခင်မှာ ပုခက်အတွင်းမှ ဆင်းလာမည့် သမီးငယ်၏ အနာဂတ်နှင့် နေရောင်သည်သူ့ကိုလှောင်ရယ်နေသလား ထင်မိသည်။ မသေချာပါ။ ဒီည အိပ်ပျော်ဖို့က ပို၍အရေးကြီးနေပါပြီ။သို့သော် မရေရာပါ။


၁။ အမှောင်သည်တဖြည်းဖြည်း သိပ်သည်းလာ၏။
၂။ ပတ်ဝန်းကျင်နှင့်မသင့်မြတ်လှပေ။ ဂျစ်ကန်ကန်နိုင်လာသည်။
၃။ တိတ်ဆိတ်လာ၏။အနာဂတ်ထက် ပစ္စုပ္ပန်ကို ပိုစိတ်ဝင်စားလာသည်။
၎။ ကျန်းမာရေးမကောင်းပါ။ သမီးငယ်၏ အနာဂတ်အတွက် စိုးရိမ်ပူပန်မိ၏။
၅။ ပင့်သက်မောကိုဖြည်းညှင်းစွာ ချမိပြန်သည်။
၆။ ပြီးဆုံးချင်ပါပြီ။သို့သော် ပြီးဆုံး၍လည်း မဖြစ်သေးပါ။


(ဂ)


အခါးတွေပြေမည့်နေ့ကို မျှော်ရင်းနဲ့ အခါးတွေကြားမှာ နေသားကျလာလေသည်။ ခါးခြင်းသည် မထူးဆန်းပါ။ထို့အတူ အနေကြာပြီး နေသားကျလာခြင်းမှာလည်း မထူးဆန်းပါ။ ထူးဆန်းသည်မှာ ထိုအဖြစ်အပျက်များသည်၁၉၆၄ ခုနှစ် မှ စတင်၍ ဖြစ်ပျက်ခဲ့ခြင်းသာ ဖြစ်ပါသည်။


ကြယ်စစ်သည်
၁၂ ဇူလိုင်၂၀၁၃

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...