လက်ဆေးပြီးပြီလား
[Opinion]
တီဗီထဲမှာ ပြတ်တောင်း ပြတ်တောင်းလာတတ်တဲ့ ကျန်းမာရေးဌာနရဲ့ ပညာပေး အစီအစဉ်လေး တစ်ခုကို နှစ်သက်မိပါတယ်။ “လက်ဆေးပြီးပြီလား” ဆိုတဲ့ အစီအစဉ်လေးပါ။ အစာမစားမီ လက်ဆေးရအောင် ပညာပေးတဲ့ အစီအစဉ်တိုလေး ဖြစ်ပေမယ့် “လက်ဆေးပြီးပြီလား” ဆိုတဲ့ သီချင်းသံနဲ့အတူ ပြောသံလေးက နားထဲကို စွဲသွားစေပါတယ်။
သူငယ်ချင်း ကျောင်းဆရာ တစ်ယောက်ကို မင်းတို့ကျောင်းမှာ ကလေးတွေကို လက်ဆေးခိုင်းရဲ့လား မေးလိုက်တော့ သူက ပြဿနာ လာမရှာနဲ့လို့ ပြောပါတယ်။ လက်ဆေးရအောင် ရေရှိရမယ်၊ လက်ဆေးတဲ့နေရာ ရှိရမယ်၊ ဆပ်ပြာ ရှိရမယ်၊ အဲဒါတွေကို သူ ဘယ်က ပိုက်ဆံနဲ့ အကောင်အထည် ဖော်ရမှာလဲလို့ ပြန်မေးပါတယ်။
မူလတန်းကျောင်းတွေမှာ ပိုက်ဆံ မကောက်ရဘူးဆိုတော့ ပိုက်ဆံပေးမှ လုပ်နိုင်တဲ့ ကိစ္စတွေအတွက် ကျောင်းအုပ်တွေ အခက်တွေ့ကြရပါတယ်။ ဒီလိုပဲ ဌာနကထုတ်တဲ့ အမိန့်တွေကို နာခံပြီး တတ်နိုင်သမျှ ခြစ်ကုတ် သုံးစွဲကြရတော့ အပိုအလုပ်လို့ ထင်တာတွေကို လျှော့ကြရပါတယ်။
လက်ဆေးခိုင်းဖို့ဆိုတာ သူပြောသလို အနည်းဆုံး ဆပ်ပြာတော့ ရင်းရပါလိမ့်မယ်။ တစ်နေ့ ဆပ်ပြာ တစ်တုံးဆိုတာတောင် သူတို့လို မူလတန်း ကျောင်းဆရာအတွက် အခက်တွေ့ရပါလိမ့်မယ်။ လက်ဆေးဖို့ ရေ ဖောဖောသီသီ လိုမယ်၊ အဲဒီရေတွေ စွန့်ပစ်ဖို့နေရာ (လက်ဆေးရမယ့် နေရာ) လိုပါတယ်။ ဒါတွေဟာ ဆင်ခြေတွေ မဟုတ်ပေမယ့် တကယ် အကောင်အထည်ဖော်နေရမယ့် သူတွေမှာတော့ ခေါင်းခဲစရာ ပြဿနာ ဖြစ်ပါတယ်။
လက်ဆေးရတာ ပျင်းစရာကောင်းတဲ့ အလုပ်ဆိုပြီး မလုပ်ကြတာ များသလို၊ မဖြစ်မနေ လုပ်ကြရတဲ့ (လုပ်ရကောင်းမှန်း သိတဲ့) သူတွေအတွက်လည်း မလုပ်ရရင် မနေနိုင်လောက်အောင် အခက်တွေ့ ကြရပါတယ်။ လက်မဆေးရင် ရောဂါရမယ်မှန်းသိပြီး လက်ဆေးကန်နဲ့ ကျကျနန လက်ဆေးတဲ့ သူတွေဟာ ကမ္ဘာမှာတောင် ၅ ရာခိုင်နှုန်းလောက်ပဲ ရှိတယ်။ ၃၃ ရာခိုင်နှုန်းလောက်က လက်ဆေးရင် ဆပ်ပြာ မသုံးဘူး။ ၁၀ ရာခိုင်နှုန်းလောက်က လက်မပြောနဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေးအတွက် ရေတောင် မှန်အောင် မချိုးကြဘူးလို့ Borchgrevink ရဲ့ အစီရင်ခံစာမှာ ဖတ်လိုက်ရတယ်။
လက်ဆေးခြင်း အလုပ်ဟာ ၁၅ စက္ကန့်ကနေ စက္ကန့် ၂၀ အတွင်း ကိစ္စပြီးနိုင်တဲ့အလုပ် ဖြစ်ပါတယ်။ အဲဒီ အချိန်တိုလေး အတွင်းမှာ လူတစ်ယောက်ကို ကျန်းမာ သက်ရှည်ကြောင်း အများကြီး အထောက်အကူ ပြုနိုင်ပါတယ်။ လက်ကတစ်ဆင့် ပါလာတဲ့ အညစ်အကြေးတွေက ခံတွင်းထဲ ရောက်ပြီး ဒုက္ခများ ရတယ်ဆိုတာ ပြောသာပြော မောနေရတဲ့သူတွေလည်း ရှိပါတယ်။
တောကျောင်းတွေမှာ ရေတစ်ပုံး ရဖို့ တစ်မိုင်လောက် လျှောက်ရတဲ့ နေရာတွေကနေ ခက်ခဲစွာ သယ်ရတာမျိုး ရှိပါတယ်။ အဲဒီလို ကျောင်းမျိုးတွေမှာ လက်ဆေးပြီးပြီလား၊ ဘယ်လိုသွားလုပ်ကြမှာလဲ စဉ်းစားစရာပါ။ လက်ဆေးရင် ရောဂါကင်းတယ်ဆိုတာ မှန်ကောင်း မှန်ပါလိမ့်မယ်။ ဒါပေမဲ့ လက်တွေ့ ကျင့်သုံးနိုင်ဖို့ ခက်ပါတယ်။ ကျောင်းတွေမှာ လက်ဆေးပြီးပြီလားလို့ သွားမေးချင်ရင် ကျောင်းသားတွေ က ဘယ်မှာ ဆေးရမှာလဲ၊ ဘာနဲ့ ဆေးရမှာလဲလို့ ပြန်မေးလိမ့်မယ်။ ဒါကြောင့် ကျောင်းတွေမှာ လက်ဆေးစရာ ရေရှိသလား၊ လက်ဆေးဖို့ ဆပ်ပြာတွေ ထားပေးရဲ့လား၊ လက်ဆေးစရာ သီးခြား နေရာ သတ်မှတ်ပေးရဲ့လား၊ လက်ဆေးခြင်းရဲ့ အကျိုးတရားတွေကို ဆရာတွေကိုယ်တိုင် သိသလား၊ တပည့်တွေကိုရော ဟောပြောပေးရဲ့လား ဆိုတာတွေ ပြည့်စုံမှ လက်ဆေးခိုင်းကြပါလို့ ပြောချင်ပါတယ်။
(အငြိမ်းစား ကျောင်းဆရာတစ်ဦး)

0 comments:
Post a Comment