Sunday, July 21, 2013

(((((`` လုံးဝန်းသော လောကအတွင်းမှ အံစာတုံး လူသားများ.....´´)))))



လူတစ်ဦးချင်းစီတွင် ထူးချွန် အားသန်သော အမူအကျင့်နှင့် ၀ါသနာ တစ်ခုစီ အနည်းဆုံး ရှိကြပါသည်။ အချို့ လည်း တစ်ခုထက်ပို၍ ထူးချွန်ကြသည်များ ရှိပါသည်။
မိဘများသည် သားသမီးများပေါ်တွင် မိမိအကောင်းဆုံးဟု သတ်မှတ်ထားသော.... မိမိဖြစ်စေလိုသော... မိမိဖတ်ချင်သော ရင်းသွေး စာမျက်နှာများဖြစ်စေရန် ပုံသွင်း ပြုစုလေ့ကျင့်ပေးကြပါသည်။

ထိုသို့မတတ်နိုင်လျှင်လည်း အနီးစပ်ဆုံးသော အကောင်းဆုံးဟု ယူဆထားသည်များကို ဖန်တီး ပုံဖော်ကြပါသည်။

လူ့ဘ၀များအား အံစာတုံးလေးများအဖြစ် သတ်မှတ်ပါက လူတစ်ဦးချင်းစီတွင် နံပါတ်လေးများ တစ်ခုစီ ပိုင်ဆိုင်ကြရမည်ဖြစ်ပါသည်.....။

မိဘများ သတ်မှတ်ပေးသော တစ်နည်းအားဖြင့် ပတ်ဝန်းကျင်၏ လှုံ့ ဆော်မှု နံပါတ်လေးများဖြစ်နိုင်ပါသည်။

ထိုသို့ မဟုတ်ပါကလည်း မိမိ၏ ၀ါသနာ ဗီဇအတိုင်း ဖန်တီးရယူထားသော နံပါတ်လေးများအတိုင်း ရှိနေပါမည်......

ကမ္ဘာကြီးသည် လုံးဝန်းသော သဘောရှိပါသည်.... အလုံးကြီးပေါ်တွင် အလုံးများ လှိမ့်သောအခါ ထိုအလုံးများ၏ ထိခတ်မှု မျက်နှာပြင်သည် အလွန်သေးငယ်လှပါသည်။ တည်ငြိမ်မှုလည်းမရှိ.... ဟန်ချက်မညီလျှင် အမြဲပင် ရွေ့လျားနေတတ်သော သဘောရှိပါသည်...။ ဟန်ချက်မညီသော အလုံးတစ်လုံးအတွက် ဘေးနံမှ အထိန်းတစ်ခုခု ရှိမှသာ တည်ငြိမ်ရသော အခြေအနေ ဖြစ်ပါသည်။ လုံးဝန်းခြင်း သဘာဝတွင် အထိန်းအကွပ်လိုအပ်ပါသည်။

အံစာတုံးတွင်ကား မျက်နှာပြင် ၆ ခုရှိပြီး မျက်နှာပြင်ပေါ်တွင် ပါရှိသော နံပါတ်လေးများမှလွဲ၍ အရာအားလုံး တူညီပါသည်။ အကျယ်အ၀န်း ပုံသဏ္ဍာန်၊ အကွာအဝေး အားလုံး ထပ်တူကျပါသည်။

ထို့ကြောင့် ဟန်ချက်ခိုင်မာသော စတုရန်းပုံ အံစာတုံးသည် မည်သို့ပင် လိမ့်သွားပါစေ အရှိန်ကုန်လျှင် တည်ငြိမ်စွာဖြင့် တည်တည်တံ့တံ့ ရပ်တည် နိုင်ပါသည်။ အထိန်းအကွပ်မလိုပါ...၊ ဟန်ချက်ညှိစရာလည်း မလိုပါ...၊ သို့သော် တစ်ခါတစ်ရံတွင် မိမိ၏ နံပါတ်လေးများသည် ဘေး(သို့မဟုတ်)အောက်သို့ ရောက်နေတတ်ပါသည်။

လုံးဝန်း၍ ရွေ့ လျားတတ်သော....၊ တည်ငြိမ်မှုမရှိသော....၊ အထိန်းအကွပ်ဖြင့်သာ ရပ်တည်နိုင်သော... အလုံးလေး တစ်ခုအစား တည်ငြိမ်သော အထိန်းအကွပ်မလိုသော.... ဟန်ချက်ညီသော အံစားတုံးဘ၀ကို တည်ဆောက်မည်ဆိုပါကလည်း မိမိနှစ်သက်ရာ နံပါတ်တစ်ခုအား ပုံသေဆုပ်ကိုင်ထားသည့်တိုင်.... အခြားနံပါတ်များကိုလည်း အရံအဖြစ် သတ်မှတ်ထားသင့်သည်ဟု ယူဆပါသည်....။

သို့သော် မျက်နှာစာ ၆ ခုတွင် တစ်ခုသာ အပေါ်၌ နေခွင့်ရှိသော အံစာတုံးတွင်လည်း ကျန် ၅ ခုသည် ဘေးနှင့် အောက်တွင်သာ ရောက်ရှိနေမည်ဖြစ်ပါသည်။

လောကသဘာဝသည် ရှုပ်ထွေးလှပါသည်....၊ ပရိယာယ်ကြွယ်ဝပါသည်....၊ လှည့်စားမှုများလည်း တွင်ကျယ်ပါသည်...၊ အောင်မြင်ခြင်းထက် ရှုံးနိမ့်ခြင်းများသည် လူသားတို့နှင့် ပို၍ နီးနီးကပ်ကပ် နေထိုင်လျှက်ရှိပါသည်။ လူ့ဘ၀သည် အံစာတုံး သဘာဝနှင့် တူညီပါသည်။

ံလုံးဝန်းသော ဘ၀ထက် တည်ငြိမ်သော အံစာတုံး ဘ၀များကို ဖန်တီးထားသည့်တိုင် မျက်နှာပြင်ပေါ်မှ ကိန်းဂဏန်းလေးများ၏ သဘောသဘာဝအရ အကောင်းဆုံးဖြစ်နိုင်ရန်...အမှန်ကန်ဆုံး ဖြစ်နိုင်ရန် ၅ဆ ၁ဆ ( ၅း၁) ဖြင့် လုပ်ကိုင်ဆောင်ရွက်ရမည် ဖြစ်ပါသည်...။

အပေါ်ဆုံးတွင် မိမိ၏ နံပါတ်လေး ရောက်ရှိနေပါကလည်း ပျော်ရွှင်ဝမ်းမြောက်ကျေနပ်ခြင်းဖြင့် တင်းတိမ်မနေသင့်ပါ....၊ နောက်တစ်ကြိမ် လှိမ့်သော အခါတွင် မိမိသည် ဘေး (သို့မဟုတ်) အောက်ဆုံးသို့ ရောက်သွားနိုင်သကဲ့သို့ လက်ရှိ အခြေအနေတွင် အောက်ဘက်၌ မိမိ၏ နံပါတ်လေး ရောက်ရှိနေပါကလည်း စိတ်ဓါတ်ကျဆင်းရန် မလိုပါ.... နောက်တစ်ကြိမ် ပြန်လှိမ့်ရသော အခါတွင် နံပါတ်တစ်ခု ပြောင်းပါလိမ့်မည်.....။

အံစာတုံးတစ်တုံးနှင့် နှိုင်းယှဉ်တည်ဆောက်လျှင်ပင် ဘ၀ဟူသည် အခက်အခဲ ၄ခု၊ အောင်မြင်ခြင်း တစ်ခုနှင့် ရှုံးနိမ့်ရခြင်း တစ်ခု ရှိမြဲ ဖြစ်ပါသည်...။

လူ့သဘော သဘာဝအရ မိမိသတ်မှတ်ထားသော နံပါတ်လေးများအတိုင်း အောင်မြင်ခြင်းများကိုသာ ရယူလိုသော ဆန္ဒရှိသည့်အလျှောက် ကျန်နံပါတ်များ၊ ကိန်းဂဏန်းများကို မေ့လျော့နေတတ်သလို... ဂရုမပြုမိသော အခြေအနေများလည်း ရှိနေတတ်ကြပါသည်။

လူးလှိမ့်ခြင်းဖြင့် ရွေးချယ်တည်ဆောက်နေရသော လူ့ဘ၀အတွက် ဟန်ချက်မညီသော လုံးဝန်းသည့်ဘ၀အစား ဟန်ချက်မှန်သော အသွင်သဏ္ဍာန်တည်ငြိမ်သော အံစာတုံးဘ၀မှာပင် အခက်အခဲများသည် အချိန်မရွေး စိန်ခေါ်လျှက်ရှိပါသည်...။

အောင်မြင်ခြင်းတစ်ခုတည်းကိုသာ အာရုံထားမိခြင်းဖြင့် မအောင်မြင်သော ဘ၀ ၄ခုနှင့် အလုံးစုံရှုံးနိမ့်ခြင်း ဘ၀တစ်ခုတို့သည် အမြဲအသင့် စောင့်ကြိုလျှက်ရှိပါသည်။

ထို့ကြောင့် အလုံးစုံ အောင်မြင်ခြင်းအား ဆုပ်ကိုင်နိုင်ရန် စိတ်ကူးယဉ် ကံစမ်းနေမည့်အစား ပေါ်လာသော မျက်နှာပြင်ပေါ်ရှိ ကိန်းဂဏန်းလေးများ ဖြစ်နေစေရန်... အချိန်နှင့်အမျှ ကြိုးစားရုန်းကန်ခြင်းဖြင့် တစ်နေ့တာအတွက် ပညာ....၊ ဥစ္စာ....၊ ကုသိုလ်တရားများ ရှာဖွေကာ အံစာတုံးလူသားများအဖြစ် ရှင်သန်နိုင်ကြပါစေကြောင်း ဆန္ဒပြုလျှက်......

(ကွန်ဆူးမား)(၂၁-၇-၂၀၁၃)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...