လက်ပံတောင်းတောင်နှင့် မြန်မာ့ဒီမိုကရေစီ Catwalk
by Messenger News Journal on Monday, December 24, 2012 at 3:09am ·
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရပ်ဆိုင်းရေး ဆန္ဒပြနေကြသူများ၏ သပိတ်စခန်းကို ဖြိုခွဲခြင်း၊ တာဝန်ရှိသည့် သတင်းအဖွဲ့အစည်းတို့က သတင်းများထုတ်ပြန်လိုက် ပြင်ဆင်လိုက်ပြုလုပ်ခဲ့ခြင်း၊ စုံစမ်း စစ်ဆေးရေးကော်မရှင်ဖွဲ့စည်းခြင်း၊ ယင်းကော်မရှင်တာဝန်ရှိသူတို့က မီဒီယာရှင်းလင်းမှုများပြုလုပ်ခြင်း၊ ဆန္ဒပြခြင်းများနှင့် စပ်လျဉ်းပြီး ဂျာနယ်တို့တွင် ဖော်ပြထားသည့် သတင်းနှင့်ဆောင်းပါးများကို မြင်တွေ့ လိုက်ရခြင်း၊ မကြာမတင်ကထုတ်ဝေထားသည့် ဆရာနိုင်ဦး မြန်မာပြန်သည့် အောင်ဆန်းစုကြည်နှင့် ဗမာ့ ဒီမိုကရေစီ အရေးတော်ပုံ (Bertil Lintner- Aung San Su Kyi and Burma’s Struggle for Democracy) စာအုပ်ကို ဖတ်ရှုရခြင်းတို့ကြောင့် ရေးသားလိုက်ရခြင်းဖြစ်သည်။
ယခု လတ်တလော ဖြစ်ရပ်များနှင့် (မြန်မာများနှင့် မတူညီသောရှုရပ် point of view မှ ကြည့်မြင်သော နိုင်ငံခြားသားတစ်ဦး၏ သုံးသပ်ချက်များအရ) မြန်မာ့ ဒီမိုကရေစီCatwalk တို့အကြား ဆက်စပ်မှု ရှိနိုင်သော အကြောင်းခြင်းရာများကိုချိတ်ဆက်ဖော်ပြပေးလိုခြင်းသာဖြစ်သည်။
Bertil Lintner စာအုပ်
ယင်းဘာသာပြန်စာအုပ်ကို ၂ဝ၁၂ ခုနှစ် နိုဝင် ဘာလက ထုတ်ဝေထားခြင်းဖြစ်ပြီး မူရင်းစာအုပ်ကို မည်သည့်ကာလက ထုတ်ခဲ့ကြောင်း ဘာသာပြန်ဆိုထား သည့် စာအုပ်တွင် တိတိပပ ဖော်ပြထားသည်ကိုမူ မတွေ့ ရပါချေ။ သို့တိုင် စာပါ အကြောင်းအရာများမှာ ၁၉၈၈ ခုနှစ် နိုင်ငံရေးဆန္ဒပြမှုများမှအစပြု၍ ၂ဝဝ၇ ခုနှစ် သံဃာတော်တို့၏ ရွှေဝါရောင် လှုပ်ရှားမှု၊ ၂ဝဝ၈ ခုနှစ် ၏ နာဂစ်မုန်တိုင်းနှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆန္ဒ ခံ ယူပွဲတို့အပါအဝင် ၂ဝ၁ဝ ပြည့်နှစ်ရွေးကောက်ပွဲ၊ ထို့ နောက် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ ပြန်လည် လွတ်မြောက်လာချိန်အထိသာ ဖော်ပြထား ကြောင်း ဘာသာပြန်စာအုပ်အရ တွေ့ရှိရသည်။ စာအုပ် ၏ အဓိကအကြောင်းအဖြစ် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုများ နှီးနွှယ်ပတ်သက် ဆက်စပ်မှုကို ဖော်ပြထားသည်ကိုတွေ့ရှိရပြီး 'မြန်မာ ပြည်၏ အနာဂတ်နိုင်ငံရေး ကောက်ကြောင်းကို ကျွန်ုပ်တို့ သိမြင်လိုသည်ဆိုပါလျှင် သူမ၏ အားနည်းချက်နှင့် အားကောင်းချက်တို့မှာ အခရာဖြစ်နေရာ သူမ၏ ရပ် တည်ချက်ကို ကောင်းစွာ သဘောပေါက် နားလည်စေဖို့ ယခုစာအုပ်ဖြင့် အားထုတ်ထားခြင်း' ဟု နိဒါန်းပိုင်း (စာ- ၁၈၊ ၁၉) တွင် ဖော်ပြထားရှိသည်။
ယင်းနိဒါန်းပိုင်းမှာပင်- 'မြန်မာပြည်၏ နိုင်ငံရေး အပြောင်းအလဲကား မကြာမတင်မီ ရောက်လာနိုင်ဖွယ် ရှိသော်လည်း စစ်ဘက်အင်အားစုအတွင်းမှ လိုက်လျော သော ပြောင်းလဲမှုသာ ဖြစ်ပါလိမ့်မည်၊ စစ်အာဏာရှင် တို့၏ ပိုနေမြဲ ကျားနေမြဲ အာဏာဆုပ်ကိုင်ထားဆဲ အခြေအနေကို စိန်ခေါ်လာသော စိန်ခေါ်မှုအားလုံးကို ငြင်းဆန်နေမည်ဆိုပါလျှင် ရလဒ်ကား ရုန့်ရင်းကြမ်းတမ်း သော ကသောင်းကနင်းများ ဖြစ်နိုင်သည်နှင့်အမျှ ဤသည်ထက်ပင် အပြိုင်းပြိုင်း အပျက်ပျက်လည်း ဖြစ်နိုင်ဖွယ်ရှိပါသည်၊ မြန်မာပြည်တွင် စစ်ဘက်မှ တစ်ပါး အခြားအာဏာဗဟိုချက်များ မရှိသဖြင့် စစ် အစိုးရ ဗုန်းဗုန်းကျ ပြိုလဲသွားမည်ဆိုပါလျှင် တိုင်းပြည် အနေနှင့်လည်း ကသောင်းကနင်း မင်းမဲ့အခြေအနေဆီ ဦးတည်စရာ ရှိပါသည်' (စာ- ၁၈) ဟု လည်းကောင်း၊ '(မြန်မာရေးရာ သုတေသနသမား မင်းဇော်ဦး၏) တတိယမြောက်နှင့် နောက်ဆုံးဇာတ်ဝင်ခန်းကား စစ်ဘက်အာဏာပိုင်များထဲမှ အပြောင်းအလဲကို လိုလား သူတို့နှင့် အရပ်ဘက် အတိုက်အခံတို့ ပူးတွဲ၍ ဒီမိုကရေစီ ကူးပြောင်းရေးဖြစ်စဉ်ကို ဖော်ဆောင်ကြမည့် ဇာတ်ကွက် ဖြစ်ပါသည်' (စာ- ၂ဝ၇) ဟု လည်းကောင်း ဖော်ပြထားရာ ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီ အခြေ အနေနှင့် ရှေ့ရေးတို့အပေါ် မှန်ကန်သောရှုမြင် သုံးသပ် ချက်အဖြစ် တွေ့ရှိရသည်ဟူ၍ ဆိုချင်မိသည်။
ဒီမိုကရေစီ Catwalk သာဓကများ
အထက်အပိုဒ်တွင် ကောက်နုတ်ဖော်ပြထားချက် တို့ကို သေချာဆက်စပ်လျက် ဖြန့်ထွက်တွေးကြည့် (lateral thinking) မည်ဆိုလျှင် ယနေ့မြန်မာ့ဒီမိုကရေစီ ဆိုသည်မှာ ခင်းပေးထားသော လျှောက်လမ်းကျဉ်းကျဉ်း လေးပေါ်မှာပင် လိမ်ဖယ်ဖယ်ဖြင့် ဆတ်တောက်ဆတ် တောက် လျှောက် 'ပြ' နေရသည်ကို တွေ့ရမည်ဖြစ် သောကြောင့် Catwalk ဟု ခေါင်းစဉ်တွင် တင်စားလိုက် ရခြင်း ဖြစ်ကြောင်း စာရှုသူတို့ သဘောပေါက်ပြီး ဖြစ်လိမ့်မည်ဟူ၍ တွေးဆမိသည်။ အမှန်တကယ်ဖြစ် ရပ်များမှာလည်း- တပ်မတော်က ဦးစီးကမကထပြု လျက် (ယနေ့ ဒီမိုကရေစီခေတ်ကြီး၏ အရင်းကျမ်း ဖြစ်သော) ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲပြဋ္ဌာန်းပေးခဲ့ခြင်း၊ ယင်းဖွဲ့စည်းပုံအခြေခံဥပဒေအရ ၂ဝ၁ဝ ပြည့်နှစ် ရွေးကောက်ပွဲကို ကျင်းပပေးခဲ့ခြင်း၊ ထိုရွေးကောက်ပွဲရလဒ်အရ ပေါ်ပေါက်လာသော ကိုယ်စားလှယ်တော်ကြီးများဖြင့် လွှတ်တော်အရပ်ရပ် ဖွဲ့စည်းထူထောင်ပေးခဲ့ခြင်း၊ အစိုးရ သစ်ဖွဲ့စည်းခွင့်ပြုခဲ့ ပြီး၊ တပ်မတော်အစိုးရက အာဏာကို လွှဲပြောင်းပေးခဲ့ခြင်း၊ တစ်ဖက်ကလည်း ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အထိန်းသိမ်းခံ/အကျဉ်းစံ နိုင်ငံရေးသမားများ၊ ကျောင်း သားခေါင်းဆောင်များ၊ ရဟန်း သံဃာများအား လွှတ် ပေးခဲ့ခြင်း (အကြောင်းအရာ ချိတ်ဆက်မှုအရ ရေးသား ခြင်းဖြစ်ပြီး၊ ဖြစ်စဉ်ရက်စွဲအရမူ ဒေါ်အောင်ဆန်းစုကြည် ကို ရွေးကောက်ပွဲမတိုင်မီ ၂ဝ၁ဝ ပြည့်နှစ် စက်တင်ဘာလ တွင် နေအိမ်အကျယ်ချုပ်မှ လွှတ်ပေးခြင်းဖြစ်သည်- စာ- ၁၉)၊ NLD ပါတီ ကြား ဖြတ်ရွေးကောက်ပွဲဝင်လာ နိုင်စေရေး သက်ဆိုင်ရာအစိုးရသစ်နှင့် လွှတ်တော်များက ဖြေလျှော့ပေးခဲ့ပြီး ပူးပေါင်းဆောင်ရွက်မှုများ နေရာပေးမှု များ ပြုလုပ်ခဲ့ခြင်း စသည့်အကြောင်းခြင်းရာများမှာ ထင်သာမြင်သာရှိခဲ့သော၊ 'ကျား ကျား မီးယပ်' မငြင်းဆန်နိုင်သော သာဓကများ ဖြစ်ကြချေသည်။
လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးကော်မရှင်
ဤသို့ဖြင့်ပင် ယခုလက်ပံတောင်းတောင် အရေး နှင့် ပတ်သက်ပြီး နှစ်ကြိမ်နှစ်လီ ဖွဲ့စည်းခဲ့သော စုံစမ်း စစ်ဆေးရေး ကော်မရှင်ကိုလည်း ဒေါ်အောင်ဆန်းစုကြည် အား ဦးဆောင်ဖို့ တာဝန်ပေးအပ်ခဲ့ပြန်လေသည်။ ယင်းသို့ တာဝန်ပေးအပ်မှုသည် မည်သည့် ရည်ရွယ်ချက် ဖြင့် ပြုလုပ်ခြင်းဆိုသည်မှာ အဓိကအချက်မဟုတ်ဟု မဆိုချင်သော်ငြား 'ြ
ကော်မရှင်ကို ပြင်ဆင်ဖွဲ့စည်းခြင်းနှင့် တာဝန်များ ပြင်ဆင်သတ်မှတ်ခြင်းတို့နှင့် စပ်လျဉ်းပြီး ကော်မရှင် ဥက္ကဋ္ဌက 'ကော်မရှင်သည် လွှတ်တော်၏ ဆုံးဖြတ်ချက် နှင့် ဖွဲ့စည်းခြင်းဖြစ်သည့်အတွက် လုပ်ဆောင်ရမည့် တာဝန်များကို လျှော့ချလိုက်ခြင်း မဟုတ်ဘဲ လွှတ်တော် အဆိုပြုချက်နှင့် ကိုက်ညီအောင် ပြင်ဆင်လိုက်ရခြင်းသာ ဖြစ်ကြောင်း' ဒီဇင်ဘာလ ၆ ရက်နေ့က ပြုလုပ်ခဲ့သော ကော်မရှင်၏ ပထမဆုံးသတင်းစာရှင်းလင်းပွဲ၌ ပြော ကြားခဲ့သည် (ပြည်သူ့ခေတ် ဂျာနယ် အတွဲ- ၃၊ အမှတ်- ၁၂၄၊ စာ- ၄)။
သို့တည့်တိုင် လက်ပံတောင်းတောင် စစ်ဆေးရေး ကော်မရှင်ကိုဖြစ်စေ၊ ဒေါ်အောင်ဆန်းစုကြည်အားဖြစ်စေ မိမိတို့ဖြစ်ချင်သည့်ဆန္ဒအပေါ် အလုံးစုံ လိုက်လျောဖြည့် ဆည်းပေးနိုင်အောင် စစ်ဆေးတွေ့ရှိချက်အစီရင်ခံစာ တင်ပေးလိမ့်မည်ဟု တိုင်းသူပြည်သားတို့အနေဖြင့် မျှော် လင့်ထား၍တော့ ရနိုင်မည်မဟုတ်ကြောင်း ဆိုရမည်ဖြစ် သည်။ 'လူတိုင်းကို ကျေနပ်အောင်လုပ်လို့ မရဘူး၊ အဲဒါဟာ ကော်မရှင်ရဲ့ တာဝန်လည်း မဟုတ်ဘူး၊ ကော်မရှင်ရဲ့ တာဝန်က အမှန်တရားအပေါ် အခြေခံပြီး တော့ နိုင်ငံအတွက် အကောင်းဆုံး၊ တိုင်းသူပြည်သား တွေအတွက် အကောင်းဆုံး ဖြစ်မယ်ထင်တဲ့ အကြံပြု ချက်တွေကို ရဲရဲဝံ့ဝံ့နဲ့ မှန်မှန်ကန်ကန်တင်ပြဖို့ပါပဲ' ဟု လည်း ကော်မရှင်ဥက္ကဋ္ဌက ရှင်းပြခဲ့သည် (ပြည်သူ့ခေတ် စာ- ၄)။
ကြေးနီစီမံကိန်းနှင့် နိုင်ငံတော်
'လက်ပံတောင်းတောင်ကြေးနီစီမံကိန်းတွင် တရုတ် အစိုးရနှင့် မြန်မာအစိုးရတို့ တိုက်ရိုက်ပြုလုပ်ထားသော စာချုပ်စာတမ်း၊ ကတိကဝတ်များ မဟုတ်သကဲ့သို့ မြန်မာအစိုးရနှင့် တရုတ်ကုမ္ပဏီတို့ ချုပ်ဆိုလုပ်ကိုင်သည့် ကိစ္စလည်း မဟုတ်ကြောင်း၊ မြန်မာ့စီးပွားရေး ဦးပိုင် လီမိတက်ကုမ္ပဏီနှင့် တရုတ်ဝမ်ပေါင်ကုမ္ပဏီတို့ ကုမ္ပဏီ အချင်းချင်း ချုပ်ဆိုထားသော စာချုပ်စာတမ်း ကတိ ကဝတ်တာဝန်များ ဖြစ်၊ သို့ဖြစ်ပါ၍ လက်ပံတောင်း တောင် ကြေးနီစီမံကိန်းတွင် ပြည်သူ လူထုအပေါ်တွင် လည်းကောင်း၊ ဝမ်ပေါင်ကုမ္ပဏီအပေါ်တွင် လည်း ကောင်း ဖြစ်ပျက်သမျှ ကိစ္စအဝဝတို့ကို ပြေလည်သည် အထိ ဖြေရှင်းပေးရန် တာဝန်ရှိနေသူမှာ မြန်မာ့စီးပွား ရေးဦးပိုင်လီမိတက်ဟု တွေ့ရှိနေကြရပြီဖြစ်ကြောင်း' ဆရာ မောင်ဌေးဦး (စိန်ဂျွန်း) က ... စာမျက်နှာ(၂၈)သို့
ရေးသားထားသည် (ဒီလှိုင်းစာစောင် အတွဲ- ၁၊ အမှတ်- ၄၇ စာ-၅)ကို တွေ့ရှိရသဖြင့် ကြေးနီစီမံကိန်းသည် နိုင်ငံ တော်အနေနှင့်တိုက်ရိုက်ပါဝင်ပတ်သက်ဖြေရှင်းခြင်းပြုဖို့ရန် မလိုအပ်ဟု တစ်ဖက်ကသုံးသပ်ရမလိုဖြစ်နေပြန်လေသည်။
သပိတ်စခန်းဖြိုခွင်းမှု
သို့ရာတွင် အမှန်တကယ်ဖြစ်ရပ်မှာမူ သပိတ်စခန်း ကို နှိမ်နင်းဖြိုခွင်းခဲ့ကြရာ ဒီမိုကရေစီကျင့်စဉ်နှင့်အညီ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ရေး အဖွဲ့က ထုတ်ပြန်ချက် ၁၁/၂ဝ၁၂ ဖြင့် ပထမအကြိမ် ကြေညာခဲ့သည်။ ထိုသို့ပြုမူခဲ့သည့်အပေါ် 'နိုင်ငံတကာ မှာ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို ဖြိုခွင်းတဲ့နည်းတွေနဲ့ နည်းဥပဒေတွေကို ဆန့်ကျင်ပြီး လုပ်ဆောင်ခဲ့ကြောင်း'၊ 'နိုင်ငံတကာတွေ အပြည်ပြည်ဆိုင်ရာ ဥပဒေစံချိန် စံညွှန်းတွေနဲ့တော့ မညီကြောင်း' သုံးသပ်ဝေဖန်မှုများ လည်း ထွက်လာခဲ့ကြသည် (The Messenger ဂျာနယ် အတွဲ- ၃၊ အမှတ်- ၂၉၊ စာ- အချပ်ပို)။ 'အစိုးရ၏ ကိုင်တွယ်ဖြေရှင်းနှိမ်နင်းပုံမှာ ယခင် ၈၈ အရေးအခင်း၊ ရွှေဝါရောင်အရေးအခင်းတို့ကို နှိမ်နင်းခဲ့သော လက်ကျ လက်နများအတိုင်း ညီလှသည်ဟု ဆိုရပါလိမ့်မည်' (The Messenger ဂျာနယ် အတွဲ- ၃၊ အမှတ်- ၃ဝ၊ စာ- အချပ်ပို IV)။
ထိုမှတစ်ဆင့် မေးခွန်းတစ်ခု ပေါ်ထွက်လာခဲ့တော့ သည်။ ယခုသပိတ်ဖြိုခွဲမှုဖြစ်စဉ် ဖြစ်ပွားခဲ့ပြီးနောက်ဝယ် လျှောက်လှမ်းနေရသော ပုလင်းလည်ပင်းခေါင်းကျဉ်း (Bottleneck)) ဒီမိုကရေစီလမ်းကြောင်းသည် အရှိန်အဟုန် မည်မျှရပ်တန့်သွားနိုင်သနည်း ဆိုသည့်အချက်ဖြစ်သည်။
ဒီမိုကရေစီ Catwalk နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ
ယခုဖြစ်ပွားခဲ့သော လက်ပံတောင်းတောင် သပိတ် စခန်းကို နှိမ်နင်းဖြိုခွင်းမှုဖြစ်စဉ်က အထက်မှာ ဖော်ပြခဲ့ သည့် မြန်မာ့ဒီမိုကရေစီ၏ Catwalk လျှောက်လှမ်းနေ ရသောအဖြစ်ကို ပိုမို ရုပ်လုံးပီပြင်ပေါ်လွင် သွားစေခဲ့ သည်မှာ အမှန်ပင် ဖြစ်သည်။ Bertil Lintner တင်ကြို ခန့်မှန်းပြခဲ့သကဲ့သို့ စစ်ဘက်အင်အားစုအတွင်းမှ လိုက် လျောမှုကြောင့် ဖြစ်ပေါ်လာခဲ့ရသော 'မှန်လှောင်ကန်ထဲ မှ အလှမွေးငါး' ပမာနှိုင်းရမည့် မြန်မာ့ဒီမိုကရေစီ အ ခင်းအကျင်း၏ လှုပ်ရှားခွင် (spacing) ကျဉ်းကျဉ်းလေး မှာ အချိန်မရွေးပင် နိဋ္ဌိတံသွားနိုင်ကြောင်း ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ထင်ရှားစွာ တွေ့ရှိရမည် ဖြစ်သည်။
'ဒီမိုကရေစီအုပ်ချုပ်ရေးအောက်တွင် ထိန်းသိမ်းမရ နိုင်သော အခြေအနေတစ်စုံတစ်ရာပေါ်ပေါက်လာမည် ဆိုလျှင် အုပ်ချုပ်ရေးအာဏာကို စစ်ဦးစီးချုပ်သို့ လွှဲ ပြောင်းပေးရမည့်အခွင့်အာဏာဖြင့် နိုင်ငံတော် သမ္မတကို (ဖွဲ့စည်းပုံ အခြေခံဥပဒေ) အပိုဒ် ၄၁၃ က ပေးထား (စာ- ၂ဝ၂) ဟု ဖော်ညွှန်းထားသဖြင့် အဆိုပါ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ- ၄၁၃(ခ) ကို ကောက်နုတ်ကြည့် သော်- နိုင်ငံတော်သမ္မတက လိုအပ်ပါက စစ်အုပ်ချုပ်ရေး အမိန့်ကို ထုတ်ပြန်နိုင်ကြောင်း၊ ယင်းစစ်အုပ်ချုပ်ရေး အမိန့်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား အုပ် ချုပ်ရေးဆိုင်ရာ၊ တရားစီရင်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်နှင့် တာဝန်များကို သတ်မှတ်ပေးရမည်ဖြစ်ကြောင်း၊ တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်က ယင်းလုပ်ပိုင်ခွင့် တာဝန် များကို မိမိကိုယ်တိုင်/ သင့်တော်သည့် စစ်ဘက် အာဏာ ပိုင်တစ်ဦးဦးကို ကျင့်သုံး ဆောင်ရွက်စေနိုင်ကြောင်း- သတ်မှတ်ပြဋ္ဌာန်းထားရှိသည်ကို တွေ့ရှိရသည်။
နောက်ကြောင်းပြန်လှည့်- မလှည့်
အမေရိကန်သမ္မတဘားရက်အိုဘားမားက 'ဒီနိုင်ငံ မှာ နောက်ကြောင်း ပြန်စရာမရှိတဲ့ ထူးခြားမှုတွေ ဖြစ်ပေါ်နေပြီဆိုတာ ကျွန်တော် ဒီနေရာကနေ ရဲရဲပြော လိုက်ပါတယ်' (ပြည်သူ့ခေတ် အတွဲ- ၃၊ အမှတ်- ၁၂၂၊ စာ- ၂၂) ဟု ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ (၁၉.၁၁.၂ဝ၁၂) နေ့က မြန်မာပြည်သူများသို့ တွေ့ရှိ သုံးသပ်ပြခဲ့ရာ 'နောက်ကြောင်းပြန်လှည့်နိုင်၊ မလှည့်နိုင် တာ ကျွန်မတို့ရဲ့ နိုင်ငံသားတွေလက်ထဲမှာပဲ ရှိတယ်၊ ဘယ်သူတစ်ဦးတစ်ယောက်ရဲ့ လက်ထဲမှာမှ မရှိပါဘူး' ဟု ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြ (The Messenger ဂျာနယ် အတွဲ- ၃၊ အမှတ်- ၂၉၊ စာ- အချပ်ပို L) ခဲ့ပြီးနောက် ယခု သပိတ်စခန်း ဖြိုခွင်းမှု ဖြစ်စဉ် ပေါ်ပေါက်ခဲ့အပြီးတွင် 'နောက်ကြောင်း ပြန်လှည့်တဲ့ကိစ္စ က သူရဲဘောကြောင်တဲ့ကိစ္စပါ၊ ကလေး ကစားသလို လုပ်လို့မရပါဘူး၊ သူတို့လည်း မလုပ်လောက်ပါဘူးလို့ ယုံကြည်တယ်၊ နောက်ကြောင်း ပြန်လှည့်တယ် မလှည့် ဘူးဆိုတာက ပြည်သူတွေဆီမှာပဲ တာဝန်ရှိတာမဟုတ် ဘူး၊ အစိုးရမှာလည်း တာဝန်ရှိတယ်၊ ဆန္ဒတွေပြလို့ အစိုးရအကျပ်ရိုက်ပေမယ့် ဒါကိုတော့ ဖြေရှင်းရမှာပဲ၊ ဒီအခြေအနေလောက်နဲ့လည်း နောက်ကြောင်းပြန်လှည့် မှာတော့ မဟုတ်လောက်ပါဘူး'ဟု နိုင်ငံရေးသတင်း ဆောင်းပါးများ ရေးသားနေသူ ဦးထင်လင်းဦးက သုံးသပ် ခန့်မှန်းပြခဲ့ (The Messenger အချပ်ပို L ) သကဲ့သို့ 'သမ္မတကြီး ကိုယ်တိုင်ကလည်း အစိုးရအနေဖြင့်ရော၊ ပြည်သူတို့အနေဖြင့်ရော နောက်ကြောင်းပြန်ရန် ဆန္ဒမရှိ ဟု ဖြေခဲ့ပြီးဖြစ်ပါသည်' ဟု ဒေါက်တာနေဇင်လတ်က ထပ်မံရေးသား (The Messenger ဂျာနယ် အတွဲ- ၃၊ အမှတ်- ၃ဝ၊ စာ- အချပ်ပို I) ထားရှိပြီး နိုင်ငံတော် သမ္မတကြီးကလည်း 'နိုင်ငံရေး အပြောင်းအလဲများနှင့်အ တူ စီးပွားရေး၊ လူမှုရေး ကဏ္ဍများကိုပါ နောက်ကြောင်း ပြန်မလှည့်စေရန် မိမိတို့အစိုးရအဖွဲ့က အစွမ်းကုန်ကြိုးစား သွားမည်' ဟု မော်လမြိုင်တက္ကသိုလ်တွင် မြွက်ကြား ထား (Weekly Eleven ၁၉.၁၂.၂ဝ၁၂ စာ- ၃) သည့် တိုင်အောင် တကယ်စင်စစ်တွင်မူ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ- ၄၁၃ (ခ) ကလည်း ပြဋ္ဌာန်းပေးထားသည့်အချက် ကို သတိကြီးစွာထားပြီး ရှေ့ဆက်လှမ်းကြဖို့ လိုအပ် ပေသည်။
ဒီမိုကရေစီပန်းတိုင်ဆီသို့
Bertil Lintner က 'ဒီမိုကရေစီပန်းတိုင်ဆီ ချီတက် နေသော သူမ (ဒေါ်အောင်ဆန်းစုကြည်)၏ ခရီးကြမ်းတွင် မူ ဗမာ့ (မြန်မာ့) တပ်မတော်အတွင်းမှ နိုင်ငံရေး အ ပြောင်းအလဲကို ရိုးရိုးရှင်းရှင်း ယုံကြည်ထားသူ ခေါင်း ဆောင်အချို့တို့၏ပူးပေါင်းပါဝင်မှုမရှိခဲ့ပါလျှင် သူမအနေ နှင့် မာန်ကြီးပါလျက် ခါးမသန်သည့်အဖြစ်မျိုး ကြုံရဖွယ် ရှိပါသည်' (စာ- ၂၁၃၊ ၂၁၄) ဟူ၍ ထောက်ပြထားရှိရာ ယနေ့အချိန်နှင့် အံဝင်ခွင်ကျဖြစ်နေသော (စာ-၁၈) ပါ မေးခွန်းများကို ငှားသုံးပြီး ဒီမိုကရေစီကို နှစ်သက်လို လားကြကုန်သော မြန်မာပြည်သူ ပြည်သားတို့အနေဖြင့် 'ပညာရှိ သတိဖြစ်ခဲ' မဖြစ်ကြရလေအောင်လက်တို့လျက် နိဂုံးချုပ်လိုက်ပါ့ရစေ- 'ဒေါ်အောင်ဆန်းစုကြည်အနေနှင့် ပြင်ဆင်ထားပြီးပါပြီလား၊ အကယ်၍ ကသောင်းကနင်း မင်းမဲ့အခြေအနေ ရုတ်တရက် ဖြစ်လာခဲ့လျှင် သူမအနေ နှင့် အုပ်အုပ်စည်းစည်း ထိန်းကျောင်းနိုင်ပါသလား၊ မြန်မာ ပြည်သူတို့ အလိုရှိသော ဒီမိုကရေစီပန်းတိုင်ဆီ သူမ ကိုယ်တိုင် ဦးဆောင်ခေါ်ယူသွားနိုင်ပါသလား'။
စောရူထီ့
0 comments:
Post a Comment