Friday, December 28, 2012

လစ်ဘရယ်ဝါဒ (Liberalism) နှင့် လစ်ဘရယ်သမိုင်းကြောင်း (အပိုင်း-၂)



အင်္ဂလန်နှင့်အမေရိကန်တို့၏ တော်လှန်ရေးမှာ သွေးထွက်သံယိုနည်းပါးခဲ့ပြီး၊ တော်လှန်ရေးပြီးဆုံးချိန်တွင် လည်း လွတ်လပ်မှုနှင့် လူထုမှာ အသားတကျဖြစ်သည်ကို တွေ့ရသည်။ ထိုသို့ဖြစ်ရခြင်းအကြောင်းကို မူလရှေးရိုးစွဲဝါဒီ (Classic Conservative)တို့၏ ခေါင်းကိုင် ဖခင်ဖြစ်သော အက်မွန်ဘတ်ခ် (Edmund Burke) (၁၇၂၉-၁၇၉၇)က ဝေဖန်ထောက်ပြခဲ့သည်။ဘတ်ခ်၏အဆိုအရ အမေရိကန်မှာ မူလကပင်လွတ်လပ်မှုကိုမြတ်နိုးသောအင်္ဂလိပ်လူမျိုးများနှင့်
အခြားနိုင်ငံများမှလွတ်လပ်မှုကိုလိုလားသောအလုပ်သမားများဖြင့်တည်ထောင်ထားသော
နိုင်ငံဖြစ်ခြင်း၊ ပြင်သစ်မှာကဲ့သို့ အခွင့်အထူးခံလူတန်းစားမရှိခြင်း၊ သက်ဦးဆံပိုင်ပဒေသရာဇ်
စနစ်မရှိခြင်း၊ နိုင်ငံရေးအတွေးအခေါ်အရ ပြင်သစ်မှာကဲ့သို့ လွှမ်းမိုးထားသောရိုမန်ကက်
သလစ်ကျောင်းတော်များမရှိခြင်းတို့အပြင်၊ စတင်အခြေချနေထိုင်သောလွတ်လပ်မှုကို
မြတ်နိုးသောအလုပ်သမားများသာရှိ၍ အချင်းချင်းစည်းလုံးညီညွတ်ကြခြင်းနှင့် ပြင်သစ်ကဲ့သို့ အပြင်းအထန်တိုက်ယူစရာမလိုပဲ အင်္ဂလိပ်တို့လက်မှ လွတ်လပ်ရေးကို အလွယ်တကူ
ရရှိခဲ့ခြင်းတို့ကြောင့်ဖြစ်သည်ဟု ဆိုသည်။ ပြင်သစ်နိုင်ငံမှာမူ မူလကပင် နှစ်ပေါင်းရာချီ အမြစ်တွယ်နေခဲ့သောပဒေသရာဇ်ကို မြေလှန်ဖယ်ရှားရသည်ဖြစ်၍ အမေရိကန်တို့လောက် လွယ်ကူခြင်းမရှိခဲ့ပေ။ ထို့အပြင် ဘတ်ခ်က ပြင်သစ်ရှိ လွတ်လပ်မျှတမှုဝါဒီ (Liberal)တို့၏
ကြောင်းကျိုးဆင်ခြင်သိဝါဒ (Rationalism) ကို ဝေဖန်ထောက်ပြခဲ့သည်။ ဘတ်ခ်က
လူသားတို့၏ ဆင်ခြင်ဥာဏ်ဆိုသည်မှာ အကန့်အသတ်ရှိသည့်အတွက် အစဉ်
အလာ (သို့မဟုတ်) စနစ်တစ်ခုကို ပြောင်းပြန်လှန်ပစ်ခြင်းသည် အန္တရာယ်ကြီးလှသဖြင့် မူလရှိပြီးသား အစဉ်အလာများမှ ကောင်းနိုးရာရာများကို ဆက်လက်ထိန်းသိမ်းစောင့်ရှောက်
ကာ ဖြည်းဖြည်းချင်းပြောင်းလဲသင့်သည်ဟု ဆိုသည်။ ဘတ်ခ်သည် ပြင်သစ်တော်လှန်ရေးကို
ပြင်းထန်စွာကန့်ကွက်ခဲ့ပြီး၊ ပဒေသရာဇ်စနစ်ဖြင့်နှစ်ပေါင်းများစွာ အသားကျနေပြီးဖြစ်သော
ပြင်သစ်လူထုအနေဖြင့် တစ်ကယ်တန်းလွတ်လပ်ခွင့်ရရှိလာသောအခါ ဆင်ခြင်ဥာဏ်ကိုအသုံးမပြုနိုင်တော့ပဲ ဥပဒေမဲ့ဗရမ်းဗတာပြုမူခဲ့ကြသည်ဟု
ထောက်ပြခဲ့သည်။ ဘတ်ခ်၏ပြင်သစ်တော်လှန်ရေးအတွေးအခေါ်များ (Refexions on the Revolution in France-1792)စာအုပ်တွင် ပြင်သစ်သည် မကြာခင်ကာလအတွင်း စစ်တပ်အုပ်ချုပ်မှုအောက်သို့ ကျရောက်မည်ဟု ဟောကိန်းထုတ်ခဲ့ရာ၊၄င်းဟောကိန်းထုတ်
သည့်အတိုင်း ဆယ်စုနှစ်တစ်ခုမတိုင်ခင်မှာပင် ၁၇၉၉ ခုနှစ်တွင် ပြင်သစ်၌ နပိုလီယံ
အာဏာသိမ်းခဲ့လေသည်။ မည်သို့ပင်ဖြစ်စေ ပြင်သစ်တော်လှန်ရေးကြောင့် ဥရောပတွင် စီးပွားရေး၊ လူမူရေး၊နိုင်ငံရေးဆိုင်ရာအတွေးအခေါ်များ တိုးတက်ပြောင်းလဲလာခဲ့ရသည်ကို မငြင်းနိုင်ပေ။

အထက်တွင် ဖေါ်ပြခဲ့သောသမိုင်းကြောင်းတွင်ဘစ်ဘရယ်ဝါဒသည် နိုင်ငံရေးအယူအဆ
တစ်ခုအနေဖြင့် ထင်ရှားခဲ့ခြင်းမရှိသော်လည်း ၄င်း၏သဘောတရားများမှာမူ ကြာမြင့်စွာ
အခြေချသန္ဓေတည်လာခဲ့သည်ကိုတွေ့နိုင်ပါသည်။ သို့သော် လစ်ဘရယ် (Liberal)
ဟူသော ဝေါဟာရကို (၁၄)ရာစုတွင် အခြားအဓိပ္ပာယ်များဖြင့်သုံးစွဲခဲ့ကြပြီး၊
မူလစကားရင်းမြစ်မှာ လက်တင်ဘာသာဖြစ်သော လစ်ဘာ (Liber)ဖြစ်သည်။
(စကားချပ်။ ။ ထိုခေတ်ကမြေရှင်ပဒေသရာဇ်ခေတ်ဖြစ်ပြီး ဥရောပတလွှားတွင် လက်တင်
ဘာသာကိုသာ အများဆုံးသုံးနှုန်းကြသည်။ -စာရေးသူ) လစ်ဘာ (Liber)၏ အဓိပ္ပာယ်မှာ လွတ်လပ်သူများ (Freeman)၊ တစ်နည်းအားဖြင့် ကျေးကျွန်မဟုတ်သူများပင်ဖြစ်သည်။ လစ်ဘရယ်လစ်ဇင် (Liberalism) ဟူသည့် နိုင်ငံရေးယုံကြည်မှုကို ဟောသော ဝေါဟာရကို
၁၈၁၂ ခုနှစ်အတွင်း စပိန်၌ အသုံးပြုခဲ့သော်လည်း၁၈၄၀ခုနှစ်စွန်းလာချိန်မှ နိုင်ငံရေး
အိုင်ဒီယာတစ်ခုအဖြစ် ဥရောပတလွှားထင်ရှားလာခဲ့ခြင်းဖြစ်သည်။ ယနေ့အသုံးပြုနေသော
လစ်ဘရယ်လစ်ဇင် (Liberalism) ကို ၁၉ ရာစုအကုန်ပိုင်းလောက်မှ သုံးစွဲခဲ့ကြောင်း ပညာရှင်များကသတ်မှတ်ခဲ့ကြသည်။ အမှန်တစ်ကယ်အားဖြင့် လစ်ဘရယ်ဝါဒသည်
မြေရှင်ပဒေသရာဇ်စနစ်ပြုကွဲခြင်းနှင့်အတူ မွေးဖွားလာခဲ့ပြီး၊ ၄င်းနှင့် အရင်းရှင်စနစ်
ဆိုသည်မှာ ခေါင်းနှင့်ပန်း (Head and Tail)ပင် ဖြစ်သည်။ (၁၉၈၉-၉၁)ခုနှစ် စစ်အေးတိုက်ပွဲအပြီး၊ အရှေ့ဥရောပနိုင်ငံများတွင် ကွန်မြူနစ်စနစ်ပြိုလဲသွားချိန်တွင် လစ်ဘရယ်ဝါဒသည် အငြင်းပွားဖွယ်မရှိအောင်ပွဲခံနိုင်ခဲ့သည်။ ထို့ကြောင့် နိုင်ငံရေးသိပ္ပံရှင်
ဖရန်စစ်ဖူကူယားမားက “သဘောတရား (Ideology) ရေးရာအငြင်းအခုန်များပြီးဆုံးသွားပြီ၊ တနည်းအားဖြင့် နိုင်ငံရေးသမိုင်းဖြစ်စဉ်နိဂုံးချုပ်သွားပြီ” ဟု ၄င်း၏ “သမိုင်းနိဂုံးနှင့်နောက်ဆုံးလူ” စာအုပ်ဖြင့် ကောက်ချက်ချခဲ့ခြင်းဖြစ်သည်။

သို့သော် ၁၉ရာစုမှစ၍ နိုင်ငံရေး၊ စီးပွားရေးနယ်ပယ်များတွင် ခြေကုပ်မြဲမြံလာသော လစ်ဘရယ်တို့သည် ပြောင်းလဲလိုသော သဘောတရားထက်၊ ရရှိလာသောအခြေအနေ
ကောင်းတွင်သာ ရောင့်ရဲတင်းတိမ်ချင်လာသည့်အနေအထားက ကွန်ဆာဗေးတစ်များ
အတိုင်း ဖြစ်လာခဲ့သည်။ သို့သော် ပြောင်းလဲလာသော ခေတ်စနစ်အရ လစ်ဘရယ်များအတွင်း တိုးတက်သည့်အမြင်ရှိသော လူလတ်တန်းစားတို့က အစိုးရတို့၏ တာဝန်ဝတ္တရားများကို
စောကြောဝေဖန်မှုများပြုလုပ်လာခဲ့ကြသည်။ အစိုးရများသည် စီးပွားရေး၌ ၀င်ရောက်
စီမံခန့်ခွဲခြင်းဖြင့်လူတန်းစားကွာဟခြားနားမှုအား ထိန်းညှိပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု
များ၊ ပညာရေးနှင့် ပင်စင်လစာစသည့် လူမှုဖူလုံရေးလုပ်ငန်းများဆောင်ရွက်ခြင်းများအတွက် တာဝန်အပြည့်အ၀ရှိသည်ဟု သိမြင်ယူဆလာခဲ့ကြလေသည်။ ထိုသို့ဖြင့် အမြင်ကွဲပြား
အယူခြားနားမှုအပေါ်မူတည်ပြီး လစ်ဘရယ်ဝါဒသည် ဂိုဏ်းနှစ်ဂိုဏ်းကွဲလေသည်။ မူလရှေးဦးအတွေးအယူရှိသူတို့ကို ဂန္ထ၀င်လစ်ဘရယ်ဟုခေါ်ပြီး၊ အတွေးအမြင်သစ်များ
ပြောင်းလဲသွားသောအုပ်စုမှာ မော်ဒန်လစ်ဘရယ်ဟူ၍ ဖြစ်လာခဲ့သည်။ ပိုမိုရှင်းလင်းစွာနားလည်စေရန် အောက်ပါအတိုင်းခွဲပြထားပါသည်။

ဂန္ထ၀င်လစ်ဘရယ်ဝါဒ (Classic Liberalism)

၁။ ဈေးကွက်စီမံခန့်ခွဲမှု - အဒမ်စမစ်၏ လိုင်ဇာဖဲယား (Laissez-Faire)
၂။ အစိုးရအပေါ်သဘောထား - သောမတ်ဂျက်ဖာဆင်၏ (Minimum State)
၃။ စီးပွားရေးအိုင်ဒီယာ - အရင်းရှင်စနစ် (Capitalism)
၎။ လွတ်လပ်မှုသဘောတရား - ပုဂ္ဂလိက၀ါဒ (Individualism)
၅။ အတွေးအခေါ်ဆိုင်ရာဝါဒ - ဆင်ခြင်သိအဓိက၀ါဒ (Rationalism)

မော်ဒန်လစ်ဘရယ် (Modern Liberalism)

၁။ ဈေးကွက်စီမံခန့်ခွဲမှု - ဂျွန်မေနက်ကိန်း (Manage Market/ Mix
Economic)
၂။ အစိုးရအပေါ်သဘောထား - Welfare State
၃။ စီးပွားရေးအိုင်ဒီယာ - စက်မှု့လူ့အဖွဲ့အစည်း
၎။ လွတ်လပ်မှုသဘောတရား - ဗဟုဝါဒ (Pluralism) (Multicultural)
၅။ အတွေးအခေါ်ဆိုင်ရာဝါဒ - ဆင်ခြင်သိအဓိက၀ါဒ (Rationalism)

အပိုင်း (၃)အား ဆက်လက်ဖေါ်ပြပါဦးမည်-

(လင်းသက်)

ရည်ညွှန်းကိုးကား-
၁။ ကမ္ဘာ့သမိုင်း (ပထမပိုင်း)
၂။ ကမ္ဘာ့သမိုင်း၏ မှတ်တိုင်များ (ဒုတိယပိုင်း)
၃။ ကမ္ဘာ့နိုင်ငံရေး အတွေးအခေါ်များသမိုင်း (ဒုတိယတွဲ)
၎။ ကမ္ဘာ့သမိုင်းအခြေပြ
၅။ ကမ္ဘာ့နိုင်ငံများ၏ အခြေခံဥပဒေ
၆။ နိုင်ငံရေးသဘောတရားများ (၆) - ခင်မမမျိုး
၇။ Political Ideologies: an introduction – Andrew Heywood
၈။ ဒီမိုကရေစီဘာသာရပ် (အခန်း-၄၊ အခန်း-၈)
၉။ ဒီမိုကရေစီလော့လာရေးစာစဉ် (အခန်း-၄၊ အပိုင်း-၂) – ABSDF
၁၀။ လစ်ဘရယ်ဒီမိုကရေစီမိတ်ဆက် (Ecovision)- ကျော်သူဟန်၊ ဧမင်းယဉ်
၁၁။ ဆိုရှယ်လစ်ဘရယ်ဝါဒသင်တန်းပို့ချချက် - NDF
၁၂။ The End of History- 1983 – Francis Fukuyama
၁၃။ Liberalism From Wikipedia, the free encyclopedia
၁၄။ http://www.britannica.com/liberalism
၁၅။Classical liberalism From Wikipedia, the free encyclopedia
၁၆။ Fundamentals of Political Economy by P.Nikitin

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...