Thursday, December 27, 2012

ကျွန်တော်ချစ်သော တူတော်မောင်သို့..



လွန်ခဲ့တဲ့ ၆နှစ်လောက်က ကျွန်တော့်ကို လာကန်တော့တဲ့ တူတော်မောင် ကျောင်းဆရာတွေကို “မင်း..ကျောင်းဆရာနဲ့တူအောင်နေ”လို့ဆုံးမတတ်ပြီး..စစ်ဗိုလ်တွေကိုတော့ “မင်းတို့ ဗိုလ်နဲ့ တူအောင် မနေကြနဲ့”လို့
ဆုံးမတော့ တူတော်မောင် စစ်ဗိုလ်က ကျွန်တော့်ကိုမေးပါတယ်၊ သူ့ကိုတော့ ကျောင်းဆရာနဲ့တူအောင် နေခိုင်းပြီး သားကိုတော့ ဘာဖြစ်လို့စစ်ဗိုလ်နဲ့တူအောင် မနေခိုင်းတာလဲတဲ့၊ ကျွန်တော်က ရှင်းပြပါတယ်၊
“အေးမင်းစဉ်းစားကြည့်၊မင်းနဲ့ဆယ်တန်းအထိ ဒီကျောင်းဒီပညာကို အတူတူသင်ခဲ့တဲ့ ငယ်သူငယ်ချင်းတွေရှိတယ်၊မင်းစစ်တက္ကသိုလ် တက်ခွင့်ရတော့ ကျန်တဲ့သူငယ်ချင်းတွေထက် မင်းက ပိုတော်ပိုတတ်လို့ စစ်တက္ကသိုလ်
တက်ခွင့်ရတယ်လို့ ထင်လာတယ်၊စစ်တက္ကသိုလ်တက်နေတဲ့အခါမှာလည်း. ရင်ကိုကော့ တင်ကိုမော့ ဆိုတဲ့ ၀ံ့ကြွားထည်ဝါမှုပါတဲ့ သင်္ခန်းစာတွေသင်ရတယ်၊အဲဒီသင်္ခန်းစာတွေသင်ပြီး ကျောင်းဆင်းတော့ မင်းတို့လို
ရင်မမော့တတ်တဲ့သူငယ်ချင်းတွေကို သူတို့ဟာ င့ါတို့လောက်မထည်ဝါ မ၀ံ့ကြွားဘူးလို့ အယူအဆတွေမှားလာတယ်၊နောက် အလုပ်ဝင်တော့ ငါဟာ ဗိုလ်ဆိုတဲ့ အစွဲဟာ ကြီးမားလာတယ်၊နေရာတကာ ဗိုလ်ဖြစ်ချင်လာတယ်၊
လိုင်းကားစီးတာကအစ ကိုယ့်အဖေအရွယ် အခြားဝန်ထမ်းတွေကို နောက်ခန်းစီးခိုင်းပြီး ကိုယ်ကတော့ ကားရှေ့ခန်းမှာ ရင်ကိုမော့ တင်ကိုကော့ပြီး စီးလေ့ရှိကြတယ်၊ဒါတွေကို ကိုယ့်ကိုကိုယ်တော့ အထင်ကြီးစရာ လို့ မင်းတို့
အမြင်မှာထင်ကြပေမယ့် လူထုအမြင်မှာတော့ ဒါကို အထင်သေးစရာလို့မြင်ကြတယ်၊နောက်ထပ်ရှိသေးတယ်၊အချို့ အဆင့်မြင့် စစ်ဗိုလ်ကြီးတွေဟာ ပညာရှင်တွေကို မင်းတို့ငါ့လောက်မတတ်ပါဘူး ငါ့လောက်မသိပါဘူးဆိုပြီး
သူတစ်ပါးရဲ့ ပညာကို စော်ကားထိခိုက်ပြောတာတွေကြားဖူးတယ်၊ဒါတွေဟာလည်း မဖြစ်သင့်ဘူး၊(တစ်ခါတစ်ခါ အွန်လိုင်းပေါ်မှာ ကျွန်တော် ကာတွန်းဖတ်ပြီး အချို့က ထိကပါး ရိကပါးပြောသလို၊အချို့ကတော့လည်းဟိုလိုဆွဲပါလား
ဒီလိုဆွဲပါလား၊ဟိုလိုတော့ မဆွဲနဲ့ ဒီလိုတော့ မဆွဲနဲ့ဆိုပြီး ဆရာလာလုပ်ကြပါတယ်၊သူတို့ရဲ့ ဖေ့ဘွတ်ထဲဝင်ကြည့်တော့ DSAကျောင်းဆင်းတွေ၊အသက်တွေက ကိုယ့်သားထက်တောင် ငယ်ကြသေးတယ်၊သူတို့မမွေးခင်ကတည်းက
ပန်းချီတွေသင်.ကာတွန်းတွေဆွဲလာတဲ့ ကျွန်တော့်ကို သူတို့လောက် ကာတွန်းပညာ မတတ်ဘူးထင်နေကြတယ်၊ကျွန်တော်ကတော့ သူတို့ဝေါကိုကြည့်ပြီး သူတို့ဘ၀အတွက် သနားမိပါတယ်၊ကြုံလို့ပြောတာနော်)၊နှစ်တွေတော့
အတော်ကြာပါပြီ၊တီဗီသတင်းမှာ ပါလာတာ၊အဲဒီသတင်းကို တီဗီရုပ်သံကလူတွေ တမင်များ လွှတ်ပေးလိုက်သလားတောင် ထင်ရတယ်၊သတင်းကတော့ တိုင်းမှူးတစ်ယောက်က ဆရာဝန်ကြီးတွေ ခွဲစိပ်ခန်းဝင်နေကြတာကို
လိုက်လံစစ်ဆေးပြီး လိုအပ်တာများကို ညွှန်ကြားသွားခဲ့ပါတယ်..တဲ့၊တွက်ကြည့်စမ်း၊နှစ်ပေါင်းများစွာ ဆေးပညာတွေ သင်လာတဲ့ဆရာဝန်ကြီးတွေကို တိုက်ခိုက်ရေးကလာတဲ့ စစ်ဗိုလ်က ခွဲစိပ်ရေးဆိုင်ရာတွေကို ညွှန်ကြားသတဲ့၊
ဒါတွေရေးပြ ပြောပြတာဟာ စစ်တပ်ကိုမုန်းလို့ စစ်ဗိုလ်တွေကို မလိုလားလို့မဟုတ်ဘူး၊စစ်တပ်ကို လူထုက လေးစားကြည်ညိုစေချင်လို့၊ကြည်ညိုကြပါ၊လေးစားကြပါဆိုတာဟာ ပါးစပ်တွေ သတင်းစာတွေထဲကနေ အော်နေပြောနေ
ရုံနဲ့ လေးစားကြည်ညိုလာကြမှာမဟုတ်ဘူး၊ဒါတွေ ဖတ်ပြီး ခင်ဗျားတို့ကို ကြည်ညိုလေးစားလိုက်တာလို့ ပြောနေတဲ့သူတွေကလည်း အလကားပြောတာ၊မင်းတို့ရှေ့မှာ လေးစားချင်ယောင်ဆောင်ပြီး မင်းတို့ကွယ်ရာမှာ မင်းတို့
မကောင်းတွေပြောနေကြမှာ၊တကယ့်ကို လူကြည်ညိုစေချင်ရင် ကြည်ညိုအောင် လက်တွေ့ နေပြထိုင်ပြ ကျင့်ကြံပြမှ ဖြစ်မှာ၊ မင်းတို့တတွေမှာ ကိုယ့်ကိုကိုယ်အထင်မှားနေတဲ့ အတွေးဆိုးတွေရှိသေးတယ်၊အဲဒါကတော
ငါတို့သာလျှင် တိုင်းပြည်အတွက် အပင်ပမ်းအခံဆုံး အသက်အစွန့်ဆုံး တိုင်းပြည်ကို အချစ်ဆုံး ဆိုတဲ့ အမြင်တွေပါ၊မှန်တယ်၊ငါ့တူတို့ အပင်ပမ်းခံတာ အသက်စွန့်တာ တိုင်းပြည်ကိုချစ်တာကို ဦးယုံပါတယ်၊သို့သော် အခြား
ဝန်ထမ်းတွေကရော ကိုယ့်လို တိုင်းပြည်ကို မချစ်ကြဘူးတဲ့လား၊အပင်ပမ်း မခံခဲ့ကြဘူးလား၊အသက်မစွန့်ခဲ့ကြဘူးလား၊တိုင်းပြည်အတွက် အသက်စွန့်တယ်ဆိုတာ ကျည်ဆံမှန်မှ တိုင်းပြည်အတွက်အသက်စွန့်တယ်ခေါ်တာ
မဟုတ်ပါဘူး၊လျှပ်စစ်လိုင်းမင်းတစ်ယောက် ဓါတ်တိုင်ပေါ်က ဓါတ်လိုက်ပြီး ပြုတ်ကျသေတာလည်း တိုင်းပြည်အတွက် အသက်စွန့်လိုက်တာပါပဲ၊ပို့စ်မင်းတစ်ယောက် စာတွေလိုက်ဝေရင်းနဲ့ လမ်းပေါ်မှာကားတိုက်သေတာဟာလည်း
အတူတူပဲပေါ့၊နိုင်ငံအတွက် အသက်ပေးသွားတာပါပဲ၊ဒါတွေကို ခံစားပေးနိုင်မယ်ဆိုရင် မင်းတို့ကိုလည်း လူတွေက ပြန်ခံစားပေးနိုင်ပါလိမ့်မယ်၊ ဦးသိပါတယ်၊ တပ်မတော်ဆိုတာ နိုင်ငံတစ်ခုမှာမရှိမဖြစ်
အရေးကြီးပါတယ်၊သို့သော်
အခြားအဖွဲ့တွေကရော မရှိလို့ ဖြစ်ပါ့မလား၊ လမ်းဖေါက်တဲ့သူတွေ ဆေးရုံဝန်ထမ်းတွေ ကုန်တင်ကုန်ချ ၀န်ထမ်းတွေ ရဲတွေ အုပ်ချုပ်ရေးဆိုင်ရာဝန်ထမ်းတွေ စာပေပညာရှင်တွေ..သူတို့ကရော တိုင်းပြည့်ပြည်မှာ မရှိလို့ ဖြစ်ပါ့မလား၊
ဒါမျိုးကို ၀င်ခံစားပေးစေချင်တယ်၊ဒါမှ တပ်နဲ့ ပြည်သူဟာ တစ်သားထဲ ဖြစ်သွားနိုင်မှာပါ၊ဦးအခု ပြောတာတွေဟာ စစ်တပ်ကိုချစ်လို့ လေးစားချင်လို့ ကြည်ညိုစေချင်လို့ ရေးတာပြောတာ၊ဦးလိုပဲ၊အခုလက်ရှိတပ်မတော်အကြီးအကဲတွေ
ဆန္ဒရှိကြမှာပဲ၊ဒါကြောင့်လည်း ခုဆို နေရာတကာ စစ်တပ်က ၀င်ပါတာမျိုးကို ရှောင်လာကြတာ၊ငါ့တူ သတိထားမိမှာပါ၊သို့သော် အရင် ၁၉၆၂ခုနှစ်ကတည်းက သွပ်သွင်းခံခဲ့ရတဲ့ ငါနဲ့ ငါသာနှိုင်းစရာဆိုတဲ့စိတ်ဓါတ်မျိုးကို
ဖျောက်ဖို့ဆိုတာ တပ်မတော် အကြီးအကဲတွေကြီးပဲ လုပ်လို့ မရနိုင်ပါဘူး၊ကျွန်တော်တို့လို ရှေးမီနောက်မီလူထုတွေ၊တပ်မတော်ကို စေတနာရှိတဲ့သူတွေ၊စာပေပညာရှင်တွေ၊သမိုင်းပညာရှင်တွေက ထောက်ပြဆုံးမနိုင်မှသာ အောင်မြင်
မှာပါ၊ဒီလိုအောင်မြင်ဖို့ဆိုတာမှာလည်း သွေးသစ်တပ်မတော်သားတွေလူထုနဲ့ နားလည်မှုရှိရှိ တစ်သားထဲနေထိုင်နိုင်မှသာဖြစ်နိုင်မှာပါ၊ဒီလိုသာဖြစ်ခဲ့မယ်ဆိုရင် ကျွန်တော်တို့ရဲ့ တပ်မတော်ဟာ မြန်မာကသာမက ကမ္ဘာကပါ
လေးစားကြည်ညိုလာမှာဖြစ်ပါတယ်၊
ကြုံတုန်း တစ်ချိန်က ဖြစ်ခဲ့ဖူးတဲ့ အဖြစ်အပျက်ကလေးပြောပြချင်ပါသေးတယ်၊ကျွန်တော်သမီးအကြီးမလေး ဆယ်တန်းရောက်တော့ အိမ်မှာ ဂိုက်ဆရာခေါ်သင်ပါတယ်၊အဲဒီဂိုက်ဆရာကလည်း အခြားလူမဟုတ်ပါဘူး၊ကျွန်တော်ငယ်သူငယ်ချင်း
နီလာအေးဆိုတဲ့ ဆရာမရဲ့ သားအလတ်ပါ၊သူက ဆယ်တန်းကို ထူးထူးချွန်ချွန်အောင်လို့ ကျွန်တော်က အကူအညီတောင်းပြီး သမီးကြီးကို ဂိုက်လုပ်ခိုင်းပါတယ်၊အခုလို အတိအကျပြောရတာကလည်း ကျွန်တော်ရမ်းပြီး မပြောဘူးဆိုတာသိစေချင်လို့ပါ၊
ထားပါတော့၊အဲဒီဂိုက်ဆရာနဲ့ သူ့သူငယ်ချင်းဟာ DSAကိုရေးဖြေအောင်ပြီး လူတွေ့ အင်တာဗျူးဖြေရပါတယ်တဲ့၊အဲဒီလိုဖြေရတော့ ဂိုက်ဆရာရဲ့သူငယ်ချင်းကို လူတွေ့မေးမြန်းတဲ့ တပ်မတော်ကအရာရှိက “မင်းက ကသာကဆိုတော့ဟာဂျူလီကို
သိသလား”လို့မေးပါသတဲ့၊မေးခံရတဲ့ကလေးက ဟုတ်ကဲ့သိပါတယ်တဲ့၊ တပ်မတော်အရာရှိကြီးက ဒါဆို သူက ဘာအလုပ်လုပ်တာလဲ လို့ထပ်မေးတော့ အဲဒီလူငယ်က ဆိုင်းဘုတ်ရေးပါတယ်ဗျလို့ပြန်ဖြေသတဲ့၊တပ်မတော်အရာရှိကြီးက
ပြုံးနေတယ်ဆိုပဲ၊အဲဒီလူငယ်လေးဟာ ကာတွန်းနဲ့ ဆိုင်းဘုတ်ကို ခွဲမသိပါဘူး၊အဲဒီလူငယ်လေး မေးတာဖြေပြီးပြန်ထွက်လာတော့ သမီးရဲ့ ဂိုက်ဆရာကိုပြောတယ်ပေါ့၊ ငါ့ကိုတော့ ဒီလူအကြောင်းမေးတယ် ၊ငါကဒီလိုဖြေလိုက်တယ်ပေါ့၊
အဲဒီမှာ ဂိုက်ဆရာက ရယ်ပြီး ဟာ“အဲဒီဟာဂျူလီဆိုတာ ကာတွန်းဆရာ စာရေးဆရာကွ..မင်းဒါလေးတောင် မသိရင် ကျပါပြီကွာ၊”လို့ပြောဖြစ်လိုက်တယ်တဲ့၊ဒါပေမယ့် DSAတက်ခွင့်ကျလာတော့ ဂိုက်ဆရာ ပါမလာဘဲ ကျွန်တော့်ကိုဆိုင်းဘုတ် ရေးတဲ့သူအဖြစ် ကင်ပွန်းတပ်ခဲ့တဲ့ လူငယ်ကလေးပဲ တက်ခွင့်ရလိုက်ပါတယ်၊ အဲဒီလူငယ်က အခြား မေးခွန်းတွေ ဖြေနိုင်ခဲ့လို့ တက်ခွင့်ရလိုက်တာ
ြ
ဖစ်နိုင်ပေမယ့် ပြောချင်တာက အားလုံးသိနေတတ်နေတာတော့ မဟုတ်ကြဘူးဆိုတာ
ဆင်ခြင်နိုင်ကြအောင် ထောက်ပြတာပါ၊အရင်ခေတ်က တပ်မတော်မှာ တော်တဲ့ ကောင်းတဲ့သူတွေ မရှိခဲ့တာတော့ မဟုတ်ပါဘူး၊အတော်များများကိုရှိခဲ့ကြတာပါ၊ ဥပမာ NLDက ဦးတင်ဦးတို့ ဦးဝင်းထိန်တို့ဗိုလ်မှူးချုပ်ကျော်ဇောတို့ဟာ
ထင်သာမြင်သာရှိတဲ့ စစ်သားဟောင်း စစ်သားကောင်းကြီးတွေဖြစ်သလို လူမသိ သူမသိ ပြည်သူနဲ့ တစ်သားထဲရှိခဲ့တဲ့ တပ်မတော်သားတွေရှိခဲ့ပါတယ်၊အခုလည်း ရှိနေပါတယ်၊သို့သော် ရာခိုင်နှုန်းအားဖြင့် ငါနဲ့ငါသာနှိုင်းစရာထင်တဲ့
တပ်မတော်သားတွေက ပိုများနေခဲ့ပါတယ်၊ခုခေတ် ငါ့တူတို့ရဲ့တပ်မတော်ကြီးကို ဂုဏ်သိက္ခာရှိစေချင်တယ်ဆိုရင်တော့ ပြည်သူနဲ့တစ်သားထဲရှိတဲ့ တပ်မတော်သားကောင်းကြီးတွေပိုများဖို့လိုပါတယ်၊ဒီနေရာမှာ ပြောရဦးမယ်၊လွန်ခဲ့တဲ့
ရက်(၂၀)လောက်က ဖါးကန့်ဘက် ကားမောင်းနေတဲ့ ယာဉ်မောင်းတစ်ယောက် အိမ်ကိုလာလည်လို့ စကားပြောဖြစ်ရင် ဖါးကန့် တပ်မတော်သားတွေအခြေအနေမေးကြည့်မိပါတယ်၊အဲဒီမှာ သူပြောတာက ဖါးကန့်လမ်းတလျှောက်မှာ တပ်မတော်စခန်းတွေ တစ်လမ်းလုံးလိုလိုမှာ ရှိနေပါသတဲ့၊တပ်စခန်းတစ်ခုရှေ့ရောက်တော့ ရဲဘော်လေးတစ်ယောက်ကို သနားလို့ သူ့မှာပါလာတဲ့ ကွမ်းယာလေးပေးလိုက်ပါသတဲ့၊အဲဒီလိုပေးတာကို တပ်ကြပ်ကြီးတစ်ယောက်က မြင်သွားပြီး
အဲဒီရဲဘော်လေး တောင်းစားတယ်ထင်ပြီး ရိုက်မယ်နှက်မယ်လုပ်လို့ ကားဆရာက တောင်းပန်ပြီး ရဲဘော်လေး မတောင်းပါဘူး၊ကျွန်တော်က ဇွတ်ပေးတာပါလို့ ပြောဆိုလိုက်ရတယ်တဲ့၊အရင်လို ဖါးကန့်ဘက်မှာ တပ်မတော်က မုန့်ဖိုး
လဘက်ရည်ဖိုး တောင်းတာမျိုး မရှိတော့ဘူးလို့လည်း ကားသမားက၀မ်းမြောက်ဝမ်းသာနဲ့ပြောပါတယ်၊ကျွန်တော်ကတော့ ဒီပြင်နေရာတွေမှာရောဆိုတော့ ကားဆရာက ဒါတော့ မသိဘူးလို့ပြောပါတယ်၊ဒီပြင်နေရာတွေမှာလည်း
ကားဆရာပြောခဲ့သလို မရှိတော့ဘူးဆိုခဲ့ရင် ကျွန်တော်တို့နိုင်ငံရဲ့ တပ်မတော်ဟာ ဂုဏ်ယူဖွယ်တပ်မတော်ဆိုတာ ဖြစ်လာတော့မယ်လို့ ရဲရဲကြီးဆိုလိုက်ချင်ပါတော့တယ်..၊

(ဟာဂျူလီ-ကသာ)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...