Saturday, December 29, 2012

မီးရထားပေါ်မှာ ရေဒီယိုနားထောင်ခြင်း (အမှတ် ၆)


by ဒေါက်တာလွှမ်းမိုးဟန်(Dr Hlwan Moe Han) on Friday, December 28, 2012 at 11:46pm ·

                       (၆)
            ၂၀၁၂ခုနှစ်၊ ဒီဇင်ဘာလ ၁၆ရက်နေ့ နေ့လည်ဘက်ကြီးမှာ အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမှာ၂၃နှစ် အရွယ် ကျောင်းသူလေး တစ်ဦးဟာ သူ့ရဲ့ ယောင်္ကျားလေးသူငယ်ချင်း တစ်ဦးနဲ့အတူ ဘတ်စ်ကားစီးပါတယ်။
ဘတ်စ်ကားပေါ်မှာ လူတစ်စုက သူတို့နှစ်ယောက် စလုံးကို သံတုတ်တွေနဲ့ဝိုင်းရိုက်၊ ကောင်မလေးကို ရက်ရက်စက်စက်အဓမ္မပြုကျင့်ကြပြီး မောင်းနေတဲ့ ဘတ်စ်ကားပေါ်ကနေတွန်းချခဲ့ကြပါတယ်။
 Safdarjung အမည်ရ နယူးဒေလီမြို့ပေါ်က ဆေးရုံကြီး တစ်ရုံကို ကောင်မလေးရောက်လာတော့ “သေလုမျောပါး”ဖြစ်နေပြီလို့ သူ့ကို တာဝန်ခံပြီး ကုခဲ့တဲ့ ဆရာဝန်ကြီးကပြောပါတယ်။
            ရာဇ၀တ်မှု ကျူးလွန်သူလို့ သံသယဖြစ်ဖွယ် အမျိုးသား ၆ဦးကို ဖမ်းဆီးနိုင်ခဲ့ပေမယ့် အိန္ဒိယနိုင်ငံတ၀ှမ်း ကန့်ကွက်ဆန္ဒပြမှုတွေ ပေါ်ပေါက်လာလိုက်တာဟာဖြင့် ၀န်ကြီးချုပ်မန်မိုဟန်ဆန်းရဲ့ အစိုးရအဖွဲ့အတွက် အတော့်ကို ခေါင်းခဲစရာဖြစ်ခဲ့ပါတယ်။သို့ပေမယ့် လူဦးရေ၁.၂ဘီလီယံရှိတဲ့ အိန္ဒိယနိုင်ငံအတွက် မုဒိန်းမှုတွေဟာ အခုမှဖြစ်ပျက်နေတာတော့ မဟုတ်ပါဘူး။ ၁၈နာရီမှာ မုဒိန်းမှုတစ်မှုကျ ဖြစ်နေတဲ့တိုင်းပြည်ဖြစ်ပါတယ်တဲ့။
            အမျိုးသမီးတွေကို နှိမ်ချတာ၊မိန်းကလေးကိုယ်ဝန်ဆိုရင် ဖျက်ချတာ၊မုဒိန်းကျင့်တာ စတဲ့ ပြသနာတွေဟာ စာရေးသူတို့ရွှေမြန်မာနဲ့ကပ်နေတဲ့ ကမ္ဘာ့အင်အားကြီးနှစ်နိုင်ငံမှာ အတော့်ကို ဆိုးဆိုးရွားရွား ဖြစ်ပျက်နေခဲ့တာပါ။
လူသတ်၊မုဒိန်းကျင့်တဲ့ ရာဇ၀တ်မှုရဲ့ ပြစ်ဒဏ်ကိုပိုပြီးပြင်းပြင်းထန်ထန်ပေးသင့်တယ် ဆိုတဲ့ တောင်းဆိုချက် ကိုလည်း အမြန်လိုက်လျောပေးသင့်သလို ဖြစ်နေပါတယ်။ ဘာကြောင့်လဲဆိုတော့သည်လို လူမဆန်တဲ့ အမှုတွေဟာ ကာယကံရှင်မိန်းကလေးအတွက်သာမက နိုင်ငံနဲ့အ၀ှမ်း ဆူပူအုံကြွမှုတွေ ဖြစ်လာနိုင်စေတယ် ဆိုတာ သည်နှစ်ပိုင်းထဲမှာကို အကြိမ်ကြိမ်မြင်ခဲ့ကြရပြီး မဟုတ်လား။
            ခုနက  သနားစဖွယ်မိန်းကလေးဟာ ပြီးခဲ့တဲ့ ၂၆ရက်နေ့က စင်္ကာပူနိုင်ငံ၊မောင့်အယ်လီဇဘတ် ဆေးရုံကို ရောက်လာပါတယ်။ စင်္ကာပူ က ရေဒီယိုအစီအစဉ်တွေမှာ ကောင်မလေးရဲ့အခြေအနေတွေကို နေ့စဉ်လိုလိုထုတ်လွှင့်နေတာဖြစ်လေတော့ စာရေးသူလဲ ကြားနေရတော့တာပေါ့။မောင့်အယ်လီဇဘတ်ဆေးရုံက စာရေးသူအခုရောက်နေတဲ့ SGH လို အစိုးရ၊ပုဂ္ဂလိက ဖက်စပ်ဆေးရုံ မဟုတ်ပါဘူး။ပုဂ္ဂလိကပိုင်သက်သက် ဆေးရုံကြီးဖြစ်ပါတယ်။ ကုန်ကျစရိတ်လဲ ပိုများတယ်ဆိုရမှာပေါ့လေ။
            လူနာမိန်းကလေးဟာ စင်္ကာပူကို ဆေးရုံပြောင်းမလာခင် အိန္ဒိယဆေးရုံကြီးထဲမှာကတည်းက ဗိုက်ကိုသုံးကြိမ်တိတိ ခွဲစိတ်ခံခဲ့ရပြီး သား။နှလုံးလဲ တစ်ကြိမ်ရပ်သွားခဲ့လို့ ပြန်အသက်လည်လာအောင် လုပ်ခဲ့ရပြီးသားလို့ ဆိုပါတယ်။ ဒီဇင်ဘာ ၁၆ရက်နေ့မှာ အခင်းဖြစ်ပြီး နောက်တစ်ရက် ၁၇ ရက်နေ့ Safdarjung ဆေးရုံကို လူနာကောင်မလေးရောက်လာတော့ ဗိုက်ပွင့်ပြီး အူတွေကအခွေလိုက် အပြင်ကို ထွက်ကျနေခဲ့တယ်လို့ ဆိုတယ်။
သံတုတ်နဲ့အရိုက်ခံရတဲ့ အရှိန်ကြောင့် ဗိုက်ထဲက အူတွေဟာ ပုပ်ပွပျက်စီးကုန်ပြီး ရှိသမျှ အူသိမ်၊အူမကြီး အားလုံးကို ခွဲစိတ်ထုတ်ပစ်ခဲ့ရတယ်လို့ဆိုပါတယ်။

            ကိုယ်အင်္ဂါအစားထိုးနည်းပညာတွေ ဖွံ့ဖြိုးနေတဲ့ အိန္ဒိယမှာလည်း အူတစ်ခုလုံးကို အစားထိုးလို့ ရပေမယ့်စင်္ကာပူကို ဘာကြောင့်လူနာကို ပို့ရသလဲဆိုတာကိုတော့ အိန္ဒိယဆရာဝန်အတော်များများက မေးခွန်းထုတ်ကြပါတယ်။ အူသိမ်၊အူမကြီးတွေကို လှူမယ့်သူရှာကြစတမ်းဆိုရင် အိန္ဒိယကပိုလို့တောင် အလှူရှင်ပေါပါသေးတယ်လို့ ပြောသူတွေကလည်း ပြောကြတယ်။ သေချာတာကတော့ ခေါင်းခဲနေတဲ့ အစိုးရအနေနဲ့ နိုင်ငံခြားကို အစိုးရစရိတ်နဲ့ပို့ပြီး ကုတယ်ဆိုရင် နိုင်ငံရေးအရ ကျေလည်သက်သာမှုလေးများ ရမလားဆိုပြီး လူနာကို လွှဲလိုက်တာဖြစ်ဖို့များပါတယ်။
            သည်လိုဆိုတော့လဲ တို့နိုင်ငံမပြောနဲ့၊ အိန္ဒိယလိုနိုင်ငံမျိုးတောင် နိုင်ငံခြားကို ထပ်ပြီး လူနာလွှဲ ရသေးတာပဲဆိုပြီး ဖြေသိမ့်မိပါတယ်။ အိန္ဒိယဆရာဝန်တွေကတော့ လူနာကောင်မလေးဟာ အခုအချိန်မှာ အူတွေအစားထိုးဖို့ကိစ္စကို အသာထား၊မသေအောင် အသက်ကို ပြန်လုနေရတဲ့ အချိန်မို့ ဘယ်သူကများ သည်လိုအခြေအနေမျိုးနဲ့ လေယာဉ်ပျံစီးနင်းခွင့်ပြုလိုက်ပါသလဲလို့ မေးခွန်းတွေ ထုတ်နေကြပါတယ်။
            စင်္ကာပူက ဆရာဝန်တွေအဆိုအရတော့ လူနာဟာ အဆုတ်နဲ့ဝမ်းဗိုက်ထဲမှာလည်း ရောဂါပိုးတွေ ပျံ့နှံ့နေပြီ။
ဦးနှောက်ထဲမှာလည်းဒဏ်ရာအတော်ဆိုးဆိုးဝါးဝါးရထားတယ်။အခြေအနေက မကောင်းတော့ဘူးလို့ မနေ့က စာရေးသူဆေးရုံကအပြန် မီးရထားပေါ်မှာ ကြားလိုက်ရပါတယ်။
            သည်ကနေ့ စာရေးသူမနက်ပိုင်း ဆေးရုံမှာ ရောင်းလှည့်ပြီး အိမ်ပြန်တော့ မီးရထားပေါ်မှာ ကောင်မလေးဆုံးသွားပြီးဆိုတဲ့အကြောင်းကြားလိုက်ရပါတယ်။ အခုအချိန်ထိ နာမည်ကို လျှို့ဝှက်ထားတဲ့ သနားစဖွယ်မိန်းကလေးသည် ကနေ့မနက် ၄:၄၅ မှာ ဆုံးတော့ သူ့ဘေးမှာ မိသားစုဝင်တွေ နဲ့အတူ အိန္ဒိယ သံအမတ်ကြီးလည်း ရှိနေခဲ့ပါတယ်။
            အသက်ရှူကူစက် တပ်ထားပြီး ပဋိဇီဝဆေးကောင်းတွေ ပေးထားခဲ့ပေမယ့် ခန္ဓာကိုယ်တစ်ခုလုံး မှာ ထကြွသောင်းကျန်းနေတဲ့ ပိုးမွှားတွေရဲ့ဒဏ်ကို မခံနိုင်တော့ပဲ တကိုယ်လုံးမှာရှိတဲ့ ကိုယ်အင်္ဂါအစိတ် အပိုင်းတွေ (အဆုတ်၊ ကျောက်ကပ်၊နှလုံး၊အသည်းစတာတွေ) တစ်ခုပြီးတစ်ခုပျက်စီးပြီး သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။
            သည်သတင်းဟာ ၂၀၁၂ခုနှစ်ကို နှုတ်ဆက်တဲ့ အမင်္ဂလာသတင်းဖြစ်သွားတော့မှာပါ။ စက္ကန့်ပိုင်းအတွင်းမှာ ဖြစ်တတ်တဲ့ လောဘ၊ ဒေါသ၊ မောဟ တဏှာတွေကြောင့် လူသားတွေရဲ့ အသက်ခန္ဓာတွေ သည်လို သေကြေပျက်စီး ခဲ့ကြရတာ များလှပါပြီကောလို့ စဉ်းစားချင့်ချိန်နေယင်းနဲ့ပဲ မီးရထားပေါ်က ဆင်းခဲ့ရပါတော့တယ်။
                                                                                    ၂၉/၁၂/၁၂
အိန္ဒိယနိုင်ငံ မုဒိန်းမှုများ တိုးတက်လာပုံပြ ဂရပ်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...