Sunday, December 30, 2012

အိုလေလေးလေ့ အိုဘားမား


by မင်းလူ၏ ၀တ္တုတိုများ on Sunday, December 30, 2012 at 10:45am ·


    ၂၀၀၈ အမေရိကန်သမ္မတရွေးကောက်ပွဲအတွက် ဒီမိုကရက်တစ်ပါတီဘက်မှ သမ္မတလောင်းရွေးပွဲမှာ အိုဘားမားနှင့် ဟီလာရီကလင်တန်တို့ ယှဉ်ပြိုင်ကြသည်။ ဆီမီးဖိုင်နယ်ပွဲဖြစ်သောကြောင့် အကြိတ်အနယ် ရှိလှ၏။ အမေရိကန်နိုင်ငံသည် အမျိုးသမီးတစ်ယောက်ကို ခေါင်းဆောင်တင်ဖို့ ၀န်မလေးသော်လည်း လူမည်းတစ်ယောက် အတွက်တော့ အဆင်သင့် မဖြစ်သေးဟု လျှော့တွက်ပြီး ဟီလာရီနိုင်လိမ့်မည်ဟု ထင်ခဲ့မိ၏။ တကယ်တမ်းကျတော့ အိုဘားမားကို ရွေးလိုက်ကြသည်။

    ထိုအခါမှာတော့ ဖိုင်နယ်မှာ အိုဘားမားနိုင်တော့မယ်ဆိုတာ ကျိန်းသေသလောက် ဖြစ်သွားပါပြီ။ ဒါကလည်း အမေရိကန်လူမျိုးတွေရဲ့ စရိုက်သဘာဝကြောင့်ဖြစ်၏။ အမေရိကန်တို့သည် နိုင်ငံရေးပါတီတစ်ခုကို သက်တမ်းနှစ်ဆယ် (ရှစ်နှစ်)ထက်ပိုပြီး အာဏာပေးလေ့မရှိကြ။ ပါတီတစ်ခုတည်းက ရေရှည်ကြီးစိုးနေခြင်းသည် ဒီမိုကရေစီနည်း မကျဘူးဟု ယူဆကြ၏။ ပြီးခဲ့သော ရှစ်နှစ်လုံးလုံး ရီပတ်ပလစ်ကန်တို့ အာဏာရခဲ့ပြီးပြီ။ ဒီတစ်ခါ ဒီမိုကရက်အလှည့်ပဲပေါ့။
    နောက်တစ်ချက်ကတော့ အမေရိကန်လူမျိုးတို့သည် အသစ်အဆန်းဆိုလျှင် မြည်းစမ်းကြည့်ချင်တတ်သည်။ အပြောင်းအလဲကိုလည်း လိုလားကြသည်။ ပြီးတော့ ဒီမိုကရေစီခေါင်းဆောင်နိုင်ငံကြီးဖြစ်ပါလျက် ကမ္ဘာမှာ ရန်သူအပေါဆုံး ဖြစ်နေတာကိုလည်း မခံချိမခံသာဖြစ်နေကြသည်။ စစ်ပွဲတွေကိုလည်း ငြီးငွေ့လှပြီ။ ကျား၊ မ၊ လူမျိုး၊ ဘာသာ၊ အသားအရောင် ခွဲခြားမှုကို ဆန့်ကျင်သော လူ့အခွင့်အရေး အပြည့်ဝဆုံးနိုင်ငံဖြစ်ကြောင်း ဂုဏ်ယူလိုကြသည်။ ထို့ကြောင့် ဟိုးတစ်ချိန်က ကျွဲတွေ၊ နွားတွေလို ပိုင်ရှင်ရဲ့အမှတ်တံဆိပ်ကို သံပူနဲ့ခတ်နှိပ်ခံခဲ့ရတဲ့ ငွေဝယ်ကျွန်အနွယ်ဝင်ဖြစ်ခဲ့သော လူမည်းတစ်ယောက်ကိုသာ သမ္မတအဖြစ် တင်မြှောက်ခွင့်ရခဲ့လျှင်... ဆိုသောဆန္ဒ ပြင်းပြနေကြစဉ်ကာလမှာ.....

            ☼ ☼ ☼ ☼ ☼

    ဒီပုဂ္ဂိုလ်ရဲ့ထူးခြားချက်တွေကလည်း အများကြီးပဲ။    
    ပထမဆုံးစပြောရမှာက သူ့နာမည်ဖြစ်၏။ အပြည့်အစုံက ဘာရက်ဟူစိန်အိုဘားမား။ သူသည် ခရစ်ယာန်ဘာသာဝင် တစ်ယောက်သာဖြစ်သော်လည်း ဟူစိန်ဆိုသောစကားလုံးကြောင့် အစ္စလာမ်ကမ္ဘာက စိတ်ဝင်တစားစောင့်ကြည့်ခြင်း ခံရသူဖြစ်၏။
    သူက အီရတ်မှ အမေရိကန်တပ်တွေကိုလည်း ပြန်လည်ရုပ်သိမ်းရန် ဆန္ဒရှိသူဖြစ်၏။ တိုက်ဆိုင်မှုကတော့ အီရတ်နိုင်ငံ၏သွားလေသူခေါင်းဆောင်ကြီး၏အမည်မှာလည်း ဆာဒမ်ဟူစိန် ဖြစ်နေတဲ့ကိစ္စပဲ။ ဟူစိန်ကြောင့် စတင်ဖြစ်ပွားခဲ့ရတဲ့စစ်ပွဲကို ဟူစိန်ကပဲ အဆုံးသတ်ပေးမယ့်သဘော။
    သူ့မျိုးရိုးကို ဆန်းစစ်ကြည့်ရအောင်။ အဖေက အာဖရိကတိုက်မှ ကင်ညာနိုင်ငံသား လူမည်း။ အမေက အိုင်းရစ်နွယ်ဖွား အမေရိကန်လူဖြူဖြစ်၏။ သူတို့ဖူးစာဆုံပုံက အတော် ထူးဆန်းသည်။ အိုဘားမားရဲ့အဖေက မိုင်ပေါင်းထောင်သောင်းချီဝေးတဲ့ ကင်ညာက လာသည်။ အမေလုပ်တဲ့လူရဲ့ ဘိုးဘေးတွေကလည်း မိုင်ပေါင်းထောင်သောင်းချီဝေးတဲ့ အင်္ဂလန်၊ အိုင်ယာလန် ကနေ အမေရိကားကို ပြောင်းရွှေ့အခြေချလာခဲ့တာ။ ဒီလိုလူနှစ်ယောက် ဟာဝိုင်အီမှာလာတွေ့ပြီး လက်ထပ်၊ အိုဘားမားကိုမွေး။ စေ့စေ့စပ်စပ်စဉ်းစားကြည့်ရင် အိုဘားမားဆိုတဲ့ အမေရိကန်သမ္မတ တစ်ယောက်ဖြစ်လာဖို့ဟာ ဘယ်လောက်ထူးခြားတိုက်ဆိုင်သလဲ။ ဘယ်လောက်ခက်ခဲသလဲ။
    နောက်တစ်ခုကတော့ သူ့ရဲ့ဥပဓိရုပ်ဖြစ်၏။ သမ္မတကြီးတစ်ယောက်အနေဖြင့် ခန့်ညားလှသည်ဟု မဆိုနိုင်။ သို့ရာတွင် ရုပ်သန့်သည်။ မျက်နှာချိုသည်။ တစ်ခါမြင်ဖူးလျှင် မှတ်မိလွယ်သောရုပ်မျိုးဖြစ်၏။ ထူးခြားတာကတော့ သူ့ကိုမြင်လိုက်လျှင် အရင်ကတည်းက ခင်မင်ခဲ့ဖူးသလိုလို၊ ကိုယ်နဲ့အရမ်းရင်းနှီးတဲ့လူတစ်ယောက်ယောက်နဲ့တူသလိုလို ထင်လိုက် မိတတ်ခြင်းပင်ဖြစ်၏။ ထိုအချက်က သူ့ကို လူချစ်လူခင်ပေါများစေသည်။ လူအများ၏ ယုံကြည် ကိုးစားမှုကို ရရှိစေသည်။
    သူက သမ္မတကြီးအေဘရာဟမ်လင်ကွန်းကို အားကျသူဖြစ်၏။ လင်ကွန်းနှင့်သူ တူတာတွေရှိသည်။ လင်ကွန်းသည်လည်း သူ့လိုပဲ အီလီနွိုက်ပြည်နယ်ကတစ်ဆင့် သမ္မတအဖြစ် တက်လှမ်းလာသူဖြစ်၏။ ပြီးတော့ လင်ကွန်းက လူမည်းငွေဝယ်ကျွန်တွေကို လွတ်လပ်ခွင့်ပေးသော ကြေညာစာတမ်းကို ထုတ်ပြန်ခဲ့သူ၊ နှစ်ပေါင်းတစ်ရာ့ငါးဆယ်ခန့်အကြာမှာ အိုဘားမားက ထိုကြေညာ စာတမ်း၏ အကျိုးကျေးဇူးကို အမြင့်ဆုံးခံစားရသူ။
    ထို့ကြောင့် လင်ကွန်းကို အမှတ်တရ ဂုဏ်ပြုသောအားဖြင့် သူ၏သမ္မတကျမ်းသစ္စာ ကျိန်ဆိုပွဲသို့ လင်ကွန်းတုန်းကလိုပဲ အီလီနွိုက်ပြည်နယ်မှ မီးရထားခရီးစဉ်ဖြင့် တက်ရောက်လာ ခဲ့သည်။ ကျမ်းကျိန်တဲ့အခါကျတော့လည်း လင်ကွန်းအသုံးပြုခဲ့တဲ့ သမ္မာကျမ်းစာအုပ်ကိုပဲ ပြန်ကိုင်ခဲ့သည်။ ဒီလောက်ထိ လင်ကွန်းကို ခရေဇီဖြစ်ခဲ့တာတဲ့။ (လင်ကွန်းလိုပဲ မုတ်ဆိတ်မွေး၊ ပါးမြိုင်းမွေး လိုက်ထားတာမျိုးတော့မတွေ့ရပါ)

            ☼ ☼ ☼ ☼ ☼

    အိုဘားမားသည် အမေရိကန်နိုင်ငံသားဆိုသော်လည်း ပြည်မကြီးပေါ်မှာ မွေးခြင်းမဟုတ်။ မိုင်ပေါင်းထောင်ချီဝေးတဲ့ ဟာဝိုင်ယီကျွန်းမှာ မွေးခဲ့တာ။ ဟာဝိုင်အီသည် ပစိဖိတ်သမုဒ္ဒရာအတွင်း အရှေ့လောင်ဂျီတွဒ်အဆုံး၊ အနောက်လောင်ဂျီတွဒ်အစပိုင်းလောက်မှာရှိသည်။ ကမ္ဘာ့အရှေ့ခြမ်းနှင့် အနောက်ခြမ်းတို့ဆုံရာဒေသဟု ပြောနိုင်သည်။
    ထို့ကြောင့် အိုဘားမားသည် ရေခံမြေခံအရ သမမျှတသောစိတ်ထားရှိလိမ့်မည်။ အဖေက အာဖရိကတိုက်သား၊ ပထွေးက အာရှတိုက်သားအင်ဒိုနီးရှားလူမျိုး၊ အင်ဒိုနီးရှားမှာလည်း ငယ်စဉ်က နေထိုင်ခဲ့ဖူးသူဖြစ်သောကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများအပေါ် နားလည်စာနာနိုင်လိမ့်မည်။ အမေ လုပ်သူက အိုင်းရစ်နွယ်ဖွားမို့ ဥရောပကိုလည်း သံယောဇဉ်ရှိလိမ့်မည်။ ထို့ကြောင့် သူ့ကို “ဂလိုဘယ် လိုက်ဇေးရှင်းသမ္မတ”ဟု ပြောနိုင်သည်။
    သူက ပါးရည်နပ်ရည်ရှိသူလည်းဖြစ်၏။ ငါ တကောကောတာမျိုးမလုပ်တတ်။ သူ့အစိုးရ အဖွဲ့ထဲမှာ အားလုံးပါဝင်နိုင်အောင် ကြိုးစားသည်။ ပြိုင်ဘက်ပါတီမှ လက်ရှိကာကွယ်ရေးဝန်ကြီး ကိုလည်း ဆက်ခန့်ထားသည်။ သမ္မတလောင်းရွေးပွဲမှာ အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့သော ဟီလာရီ ကလင်တန်ကို နိုင်ငံခြားရေးဝန်ကြီးခန့်လိုက်သည်။ ဟီလာရီကလည်း ငါ သမ္မတလုပ်ရမှ ဆိုသော စိတ်မျိုးမထားဘဲ သဘောထားကြီးနိုင်တာကို အသိအမှတ်ပြုရမည်။
    သူ့ရှေ့က သမ္မတအားလုံးနီးပါးသည် အမေရိကန်သာ ပထမ၊ ကမ္ဘာကြီးကို အမေရိကန်က ဦးဆောင်သည်၊ အမေရိကန်မူဝါဒကသာ အဓိက၊ အမေရိကန်သည် ဗဟိုချက်ဟု ယူဆခဲ့ကြသည်။ အိုဘားမားက ထိုအယူအဆကို ပြုပြင်ပြောင်းလဲဖို့ ကြိုးစားသည်။ “ငါပြောတဲ့အတိုင်း လုပ်ရမယ်”ဟု မဆိုဘဲ “မင်းကကော ဘယ်လိုထင်သလဲ”ဟု တစ်ဖက်လူရဲ့ ဆန္ဒကိုပါ အရေးတယူ မေးမြန်းချင်သူဖြစ်၏။ သူ၏အဓိကကြွေးကြော်သံကိုက “ပြောင်းလဲကြစို့” ဟူ၍ဖြစ်၏။ ဒါကြောင့်လည်း သူ့ကို 'ပို့စ်မော်ဒန်သမ္မတ' ဟု ဆိုကောင်းဆိုနိုင်ပါလိမ့်မည်။
    “ဆုပ်ထားတဲ့လက်သီးတွေကို ဖြေလိုက်မယ်ဆိုရင် လက်ဆွဲနှုတ်ဆက်ဖို့ အဆင်သင့်ပါပဲ” ဟု သူက ပြောသည်။ ဘယ်ဘက်လက်ဝါးကိုဖြန့်၊ ညာဘက်လက်သီးနှင့်ထောက်ပြီး နှုတ်ဆက်တတ်သော တရုတ်တွေကိုတော့ ဘယ်လိုဆက်ဆံလေမလဲ မပြောတတ်။

            ☼ ☼ ☼ ☼ ☼

    တချို့ကလည်း ကမ္ဘာ့စီးပွားပျက်ကပ်ကြီးကြောင့် အိုဘားမားကို ကောက်ရိုးတစ်မျှင်လို ဖမ်းဆွဲနေကြတာပါ။ သူ့ကို လိုအပ်တာထက် ပိုအထင်ကြီးလွန်းတယ်။ သူ့ပခုံးပေါ်တင်ပေးလိုက်တဲ့ ၀န်ထုပ်ဝန်ပိုးက ခံနိုင်ရည်အားထက် ပိုကြီးလွန်းတယ်ဟု ဝေဖန်ကြသည်။
    ဘာပဲဖြစ်ဖြစ် ကမ္ဘာလုံးကြီးကတော့ ပင်နယ်တီအမှတ်အသားပေါ်မှာ တည်ထားပြီးပြီ။ အိုဘားမား ဘယ်ထောင့်ကိုကန်မလဲ။ လှလှပပ ဂိုးဝင်သွားမလား။ တိုင်ထိပြီး ပြန်ထွက်လာမလား။ ဘေးချော် အပေါ်ထောင်သွားမလား။ စောင့်ကြည့်ရတော့မည်။ ကာလကလည်း အင်ဂျူရီတိုင်း (Injury Time) [ထပ်ဆောင်းချိန်/လေလွင့်ချိန်] ... တစ်နည်းအားဖြင့် ဘောလုံးဝါသနာအိုးတို့ရဲ့ ဝေါဟာရအရ 'အသည်းကွဲချိန်' ရောက်နေပြီမဟုတ်လား။

----------------------------

မင်းလူ
၉-၂-၂၀၀၉၊
(အမှတ်(၅၄၂)၊
အလင်းတန်းဂျာနယ်

---------------------------


ထလော့ဘားမား အိုဘားမားတို့... >> ဒီမှာနှိပ်ပါ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...