Friday, December 28, 2012

ကိုယ်ကျင့်တရားရဲ့အားနည်းချက်


တစ်ခါတုန်းကပေါ့ အရမ်းကိုအောင်မြင်နေတဲ့ ရုပ်မြင်သံကြားဌာနတစ်ခုကနေပြီး စီးပွားရေးမှာ ထူးချွန်လို့နာမည်ကြီးနေ တဲ့ လူငယ်တစ်ဦးကို အင်တာဗျူးပါတယ် ။ အင်တာဗျုးတွေ ရဲ့နောက်ဆုံးအဆုံးသတ်စကားအတိုင်း မေးတဲ့သူက လူငယ်ကို “ အောင်မြင်မှုအတွက် ဘယ်အရာက အရေးပါဆုံးလို့ ထင်ပါသလဲ ” လို့မေးခဲ့ပါတယ် ။
လူငယ်က ခဏစဉ်းစားပြီး အဖြေကို တိုက်ရိုက်မပြောပဲ သူ့ကိုပုံပြင်လေးတစ်ပုဒ်ပြောသွားခဲ့တယ် ။ 

“ ဟိုးလွန်ခဲ့တဲ့ ၁၂ နှစ်တုန်းကပေါ့ လူငယ်တစ်ဦးက ကျောင်းပြီးတာနဲ့ နိုင်ငံခြားကိုထွက်သွားပြီး အလုပ်တစ်ဖက် ကျောင်းစာတစ်ဖက်နဲ့ ပညာဆက်လက်သင်နေခဲ့တယ် ။ သူသွားတဲ့နိုင်ငံ က ပြင်သစ်နိုင်ငံတဲ့ ။ အဲဒီပြင်သစ်ကိုရောက်ပြီးမကြာခင်မှာပဲ လူငယ်လေးဟာ ပြင်သစ်က ကားဂိတ် ၊ ရထားဂိတ်တွေမှာ လက်မှတ်စစ်တွေ လက်မှတ်ပြရတဲ့နေရာမရှိကြောင်း သတိထားမိသွားတယ် ။ ကားတွေ ရထားတွေပေါ်မှာလဲ လက်မှတ်စစ်တွေလာစစ်တာ အင်မတန်နည်းကြောင်း သတိထားမိပြန်တယ် ။ တကယ်လို့ လာစစ်ခဲ့မိရင်လဲ အဖမ်းခံရမယ့် အခြေအနေဟာ လူတစ်သောင်းမှာမှ တစ်ယောက်တောင် မရှိဘူးလို့ သူတွေးမိလိုက်တယ် ။ အဲဒီလိုနဲ့ သူဟာ ကားစီးတိုင်းမှာ လက်မှတ်မ၀ယ်ပဲစီးခဲ့တယ် ။ ကိုယ်ကိုယ်ကိုယ် လည်း အလုပ်လုပ်ပြီး ကျောင်းတတ်နေရတာဖြစ်တဲ့အတွက် ငါဟာတတ်နိုင် သမျှ ချွေတာနိုင်သမျှ ချွေတာမယ်လို့ တွေးလိုက်တယ် ။     

အဲဒီလိုနဲ့အချိန်ကာလ ၄ နှစ်ကုန်သွားခဲ့တယ် ။ နာမည်ကြီးတက္ကသိုလ်တစ်ခုရဲ့ကျောင်းသား တစ်ဦးအဖြစ် အကျင့်စာရိတ္တကောင်းမွန်တဲ့ကျောင်းသားတစ်ဦးအဖြစ် သူဟာဘွဲ့ရခဲ့တယ် ။ ပြီးတဲ့အခါ အဲဒီပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာရှိတဲ့နိုင်ငံခြားကုမ္မဏီတွေမှာ သူအလုပ်လျှောက်ခဲ့တယ် ။ သူ့ကိုယ်သူယုံကြည်မှုအပြည့်နဲ့ပေါ့ ။ ဒါပေမယ့် အလုပ်တိုင်းလိုလိုမှာ သူဟာ အပယ်ခံထိခဲ့တယ် ။ အလုပ်စလျှောက်တော့ ကုမ္ပဏီတွေက သူ့ကို ၀မ်းသာအားရကြိုဆိုကြပြီး အင်တာဗျုးတွေမေးကြပေမယ့် နောက်ဆုံးတော့ သူ့ကို ပယ်ပစ်ခဲ့ကြတယ် ။ ဘာအကြောင်းကြောင့် ပယ်တာလဲ ဆိုတာကိုသူလည်းအတော့်ကို သိချင်နေခဲ့တယ် ။ နောက်ဆုံး ကုမ္ပဏီတစ်ခုကိုတော့ သူ စာပို့ပြီးအပယ်ခံရတဲ့အကြောင်းကိုမေးခဲ့ပါတယ် ။ မကြာခင်မှာ ပဲ ပြန်စာ သူ့ဆီရောက်လာခဲ့တယ် ။ 

စာထဲမှာရေးထားတာက . . မိတ်ဆွေရဲ့ ပညာအရည်အချင်း ၊ ဥာဏ်ရည်ဥာဏ်သွေးနဲ့ ထူးချွန်မှုကို ကျွန်တော် တို့ သဘောကျခဲ့တယ် ။ ဒါပေမယ့် ကိုယ်ကျင့်တရားနဲ့ယုံကြည်မှု အတိုင်းအတာကို ကျွန်တော် တို့ပြန်စစ်ဆေးကြည့်တော မိတ်ဆွေဟာ လက်မှတ်မပါပဲ ကားခိုးစီးမှုအတွက် ဒါဏ်ငွေ ၃ ကြိမ်ဆောင် ခဲ့ရကြောင်းကို ကျွန်တော်တို့ ၀မ်းနည်းစွာ သိခဲ့ရတယ် ။ ဒီတော့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့တာက မိတ်ဆွေဟာ 

- စည်းကမ်းမလိုက်နာသူ 
- ယုံကြည်ဖို့မထိုက်တန်တဲ့သူ ဖြစ်နေတယ်ဆိုတာပါပဲ ။ အဲဒီ ၂ ချက်ကြောင့် ကျွန်တော်တို့ကုမ္ပဏီကနေ ၀မ်းနည်းစွာ ပယ်ခဲ့ရခြင်းဖြစ်ပါတယ် ။ စာကိုဖတ်ပြီးတဲ့အခါ ဘွဲ့ရလူငယ်ဟာ ရုတ်တရက်အိပ်မက် ဆိုးထဲကနေ လန့်နိုးလာသလို တုန်လှုပ် ခြောက်ခြားနေခဲ့တယ် ။ စာရဲ့နောက်ဆုံး မှာလည်းအောက်ပါ အတိုင်းရေးထားပါသေးတယ် ။ 

“ စဉ်းစားဆင်ခြင်နိုင်စွမ်းရဲ့အားနည်းချက်ကို ကိုယ်ကျင့်တရားက အမြဲတမ်းလိုက်ပြီးဖြည့်ဆည်းပေးတယ် ဒါပေမယ့် ကိုယ်ကျင့်တရားရဲ့အားနည်းချက် ချို့ယွင်းမှုကိုတော့ စဉ်းစားဆင်ခြင်နိုင်တဲ့အသိက ဘယ်တော့မှ လိုက်မဖြည့်ဆည်းပေးနိုင်ဘူး ” 

အဲဒီပြန်စာရပြီး နောက်ရက်မှာလူငယ်ဟာ သူ့နိုင်ငံသူပြန်သွားခဲ့တယ် ။ ကျွန်တော်ပြော ချင်တာ ကတော့ဒါပါပဲလို့ လူငယ်က အင်တာဗျုးမေးတဲ့သူကိုဖြေလိုက်တယ် ။ 

လူငယ်ရဲ့စကားအဆုံးမှာ အင်တာဗျူးတဲ့သူတွေ ခဏလောက်တိတ်ဆိတ်သွားပါတယ် ။ ပြီးတော့ထပ်မေး တယ် “ ဒါဟာ အောင်မြင်မှုအတွက်အရေးပါတဲ့အချက်လို့ပြောနိုင်ပါသလား ” 
“ ဟုတ်ကဲ့ပြောနိုင် ပါတယ် ဘာလို့လည်းဆိုတော့ အဲဒီပုံပြင်ထဲကလူငယ်က ကျွန်တော်ဖြစ်နေခဲ့လို့ပါပဲ ကျွန်တော်ဒီနေ့အောင်မြင်လာရခြင်းဟာ မနေ့က ဖြစ်ခဲ့တဲ့ မနေ့ကပြုလုပ်ခဲ့တဲ့ အမှားတွေ အားနည်းချက်တွေကို ဒီနေ့အတွက် သင်ခန်းစာယူပြီးအကောင်းဆုံးကြိုးစားနိုင်ခဲ့လို့ပါပဲ ။ 

----------------------------------------------------

ဘယ်သူမှ မသိဘူး ဆိုပြီးကိုယ့်ရဲ့ကိုယ်ကျင့်တရားကိုဖောက်ဖျက်လိုက်ခြင်းဟာ တကယ်တော့ ကိုယ့်အ တွင်းစိတ်ကိုကိုယ်သတ်ပစ်လိုက်ရခြင်းနဲ့တူပါတယ် ။ မနေ့ကပြုလုပ်ခဲ့တဲ့အမှားတွေနောင်တတွေကို ဒီနေ့အထိ သယ်ဆောင်လာခဲ့ရမှာမဟုတ်ပါဘူး ။ ဖြစ်ခဲ့သမျှကို အကောင်းဆုံးသင်ခန်းစာယူလို့ ဘ၀အတွက် ကြီးမားတဲ့ အောင်မြင်မှုကို လက်လှမ်းယူကြရမှာဖြစ်ပါတယ် ။ အသိဥာဏ်ကို မြင့်မားအောင်တည်ဆောက်ပါ ကိုယ်ကျင့်တရားကို မပျက်ယွင်းပါစေနဲ့ နိမ့်ပါးတဲ့အသိ ဥာဏ်ကို ကောင်းမွန် တဲ့ကိုယ်ကျင့်တရားက ကာကွယ် ဖြည့်ဆည်းပေးပါလိမ့်မယ် ။ 

သက်တန့်ချို
-- 

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...