Friday, December 28, 2012

စိတ်ဓါတ်မကျနဲ့ မာမား




နိုဝင်ဘာလထုတ် ကျန်းမာရေး မဂ္ဂဇင်းမှ

အမျိုးသမီးများသည် ကိုယ်ဝန်ဆောင်ချိန်တွင် စိတ်ဓာတ်ကျတတ် ကြပါသည်။ မိမိကိုယ်ကို အားမလိုအားမရဖြစ်တဲ့စိတ်ကြောင့်လည်းကောင်း၊ ဟော်မုန်းဓါတ်အပြောင်းလည်းကြောင့်လည်းကောင်း စိတ်ဓာတ်ကျလေ့ရှိပြီး တချို့မှာ စိတ်ကျရောဂါ သက်သာစေသော ဆေးများကို သုံးစွဲရသည် အထိ ခံစားရတတ်ပါသည်။ မည်သည့်ကြောင်းကြောင့် စိတ်ဓာတ်ကျ သည်ဖြစ်စေ မိခင်လောင်းများအနေဖြင့် စိတ်ဓါတ်မကျအောင် ကြိုးစားနေထိုင်ဖို့ လိုပါသည်။ အဘယ်ကြောင့်ဆိုသော် မိခင်လောင်းများ စိတ်ဓာတ်မကျစေဖို့ ၀မ်းဗိုက်အတွင်းမှ ကလေးငယ်က ဆုတောင်းနေသောကြောင့်ဖြစ်ပါသည်။
မွေးကင်းစ ကလေးငယ်များသည် မည်သည့် ဘာသာစကားကိုမဆို သင်ယူဖို့ အသင့်ဖြစ်နေသည်ဟုဆိုလျှင် အံ့သြစရာ မဟုတ်ပါ။ ကလေးငယ် လေးများ၏ ဘာသာစကားဆိုင်ရာ စွမ်းအားသည် လူကြီးများ မယှဉ်နိုင် လောက်အောင် များပြားနေသောကြောင့်ပင် ဖြစ်ပါသည်။
ဥပမာအားဖြင့် အင်္ဂလိပ်လူမျိုးတစ်ယောက်၏ “D”ဟူသော အသံ ထွက်နှင့် ဟင်ဒီလူမျိုးတစ်ယောက်၏ “D”ဟူသော အသံထွက်သည် (ဘာသာစကားနှစ်မျိုးမတတ်သော သူတစ်ယောက်အတွက်) အသံထွက်တူ သည်ဟုထင်ရပေလိမ့်မည်။ သို့သော် အသံထွက်နှစ်ခု မတူသည်ကို (၆)လ သား ကလေးငယ်များက ခွဲခြားသိသည်ဟုဆိုလျှင် သင်အံ့သြသွားပေ လိမ့်မည်။
ထိုမျှသာမက အင်္ဂလိပ်လူမျိုးတစ်ယောက်၏ လေယူလေသိမ်းနှင့် ပြင်သစ် လူမျိုးတစ်ယောက်၏ လေယူလေသိမ်းကို ဘာသာစကား နှစ်မျိုး ကျွမ်းကျင်သူများသာ ခွဲခြားသိရှိနိုင်ပါသည်။ ထိုသို့ ခွဲခြားသိရှိနိုင်စွမ်းသည် (၆)လသား ကလေးများတွင်လည်း ရှိနေပါသည်။
သို့ရာတွင် (၁၀)လသား အရွယ်သို့ ရောက်သောအခါ ကလေးငယ်များ ၏ ဘာသာစကားခွဲခြားသိနိုင်သော စွမ်းရည်များသည် တဖြည်းဖြည်း လျော့နည်းသွားပါသည်။ ဗြိတိန် ကိုလမ်ဘီယာ တက္ကသိုလ်မှ စိတ်ရောဂါကု ဆရာဝန်ကြီး Janet Werker ၏ အဆိုအရ ကလေးငယ်များသည် မိခင် ဘာသာစကားကို လက်ခံမှတ်သားလာသည်နှင့်အမျှမိခင်ဘာသာမဟုတ် သော ဘာသာစကားများကို မှတ်နိုင်စွမ်း လျော့ကျသွားသည်ဟု ဆိုပါသည်။
ကလေးငယ်လေးများ၏ ဘာသာစကားဆိုင်ရာ ဖွံ့ဖြိုးမှုကို သုတေသန ပညာရှင်များ အလွန်စိတ်ဝင်စားကြသည်။ မိခင်ဘာသာ မဟုတ်သော ဘာသာစကားကို လေ့လာသင်ယူနိုင်စွမ်း လျော့ကျသွားအောင် မည်သည့် အချက်များက ဖန်တီးနေသည်ကို သုတေသနပညာရှင်များက လေ့လာလျက် ရှိပါသည်။
ကိုယ်ဝန်ဆောင် အမျိုးသမီးများ၏ (၂၀)ရာခိုင်နှုန်းခန့်သည် စိတ်မူမမှန် ခြင်း (စိတ်အားငယ်ခြင်း၊ စိတ်ဓာတ်ကျခြင်း)ကို ခံစားရလေ့ ရှိပါသည်။ ၎င်းးအမျိုးသမီးများအနက်မှ (၁၃)ရာခိုင်နှုန်းခန့်သည် စိတ်ကျဝေဒနာ သက်သာစေသော ဆေးများကို သုံးစွဲကြပါသည်။
Janet Werker ဦးဆောင်သော အဖွဲ့သည် မိခင်၏ စိတ်ကျဝေဒနာ ခံစားရခြင်းနှင့် စိတ်ကျဝေဒနာ သက်သာစေသော ဆေးသုံးစွဲရခြင်းတို့သည် ကလေးငယ်၏ ဘာသာစကားနှင့် ပတ်သက်သည့် ဖွံ့ဖြိုးမှုအပေါ် မည်သို့ အကျိုးသက်ရောက်မှုရှိသည်ကို လေ့လာခဲ့ကြပါသည်။
လေ့လာမည့် ကလေးများကို အုပ်စုသုံးစု ခွဲလိုက် ပါသည်။ ကိုယ်ဝန်ဆောင်နေစဉ်အတွင်း စိတ်ကျ ဝေဒနာ သက်သာစေသောဆေး သုံးစွဲသည့် မိခင်များ၏ ကလေး (၃၂) ယောက်ကို အုပ်စု တစ်စု၊ ကိုယ်ဝန်ဆောင်နေစဉ်အတွင်း စိတ်ကျ ဝေဒနာ သက်သာစေသောဆေး မသုံးစွဲသည့် မိခင်များ၏ ကလေး (၂၁)ယောက်ကို တစ်အုပ်စု၊ ကိုယ်ဝန်ဆောင်နေစဉ်အတွင်း စိတ်ကျဝေဒနာ မခံစားရသော မိခင်များ၏ ကလေး (၃၂) ယောက်ကို တစ်အုပ်စုဟူ၍ စုစုပေါင်း အုပ်စုသုံးစု ခွဲကာ လေ့လာခဲ့ပါသည်။
ကိုယ်ဝန်ဆောင်နေစဉ် စိတ်ကျဝေဒနာ မခံ စားရသော မိခင်များ၏ ကလေး (၃၂)ယောက်သည် (မျှော်လင့်ထားသည့်အတိုင်း) (၆)လသားအရွယ်တွင် ဘာသာစကား ခွဲခြားသိနိုင်စွမ်းရှိနေပြီး (၁၀)လအရွယ်တွင် ဘာသာစကား ခွဲခြားသိနိုင်စွမ်း ပြန်လည်ပျောက်ဆုံးသွား သည်ကို တွေ့ရှိရပါသည်။
ကိုယ်ဝန်ဆောင်နေစဉ် စိတ်ကျဝေဒနာ ခံစားရပြီး စိတ်ကျ ဝေဒနာ သက်သာစေသောဆေး မသုံးစွဲသော မိခင်များ၏ ကလေး (၂၁)ယောက်သည် (၆)လအရွယ်တွင် ဘာသာစကား ခွဲခြားသိနိုင်စွမ်း မရရှိသေးဘဲ (၁၀)လအရွယ်ရောက်မှ ဘာသာစကား ခွဲခြားသိနိုင်စွမ်း ပြန်ပေါ်လာသည်ကို တွေ့ရသည်။ ထို့ကြောင့် ကိုယ်ဝန်ဆောင်မိခင်သည် စိတ်ကျဝေဒနာခံစားရပါက စိတ်ကျဝေဒနာသက်သာစေသောဆေး မသုံးစွဲသော်လည်း ကလေးဖြစ်သူ၏ ဘာသာစကားဆိုင်ရာ ဖွံ့ဖြိုးမှုကို နောက်ကျစေသည်ဟု ယူဆနိုင်ပါသည်။
ကိုယ်ဝန်ဆောင်နေစဉ် စိတ်ကျဝေဒနာ ခံစားရပြီး စိတ်ကျဝေဒနာ သက်သာစေသောဆေးသုံးစွဲသူ မိခင်များ၏ ကလေး (၃၂)ယောက်တွင် တွေ့ရှိရသည်မှာ အလွန်စိတ်ဝင်စားစရာ ကောင်းပါသည်။ ကလေးများသည် (၆)လသားအရွယ်တွင် ဘာသာစကား ခွဲခြားသိနိုင်စွမ်း မပေါ်သကဲ့သို့ (၁၀)လ သား အရွယ်တွင်လည်း ဘာသာစကား ခွဲခြားသိနိုင်စွမ်း ပျောက်ဆုံးနေသည် ကို တွေ့ရှိရပေသည်။ ဘာသာစကား ခွဲခြားသိနိုင်သည့် စွမ်းရည်ရှိသော အချိန်ကာလသည် မည်သည့်အချိန်သို့ ရောက်ရှိသွားသနည်း။ Janet Werker ၏ ယူဆချက်အရ ၎င်းင်းကာလ အပိုင်းအခြားသည် ကျော်လွန်သွား ခဲ့ပြီဟု ဆိုနိုင်ပေသည်။
ဘာသာစကား ခွဲခြားသိနိုင်စွမ်း မတွေ့ရှိခဲ့ရသော ကလေးများ၏ အကြောင်းအရင်းကို သုတေသနပြုသူများ တိတိကျကျ အဖြေမရှာနိုင်ပါ။ ဤအချက်သည် ကောင်းသည် (သို့မဟုတ်) ဆိုးသည် ဆိုသည်ကို ကောက်ချက် မချနိုင်ပါ။
စိတ်ဓာတ်ကျနေသော မိခင်၏ ဦးနှောက်အတွင်းမှ ထွက်ရှိသော ဓာတု ဗေဒပစ္စည်းများသည် ကလေးငယ်များ၏ ဘာသာစကား စွမ်းရည်ကို နောက်ကျစေနိုင်သလား။ ကိုယ်ဝန်ဆောင်ချိန် စိတ်ကျဝေဒနာ သက်သာ စေသောဆေးများ သုံးစွဲခြင်းသည် ကလေးငယ်များ၏ ဦးနှောက်ဖွံ့ဖြိုးမှုကို အကျိုးအာနိသင် တစ်ခုခု သက်ရောက်နိုင်စေသလား။ ဘာသာစကား ခွဲခြားနိုင်စွမ်း နောက်ကျသော (သို့မဟုတ်)ပျောက်ဆုံးသွားသော ကလေးငယ် များသည် ရေရှည်တွင် ဖွံ့ဖြိုးမှုနောက်ကျသော အကျိုးဆက်များ ခံစားရနိုင် သလား။ ဘယ်သူမှ မသိနိုင်ပါ။ အထက်ပါ စမ်းသပ်တွေ့ရှိချက်အား ပိုမို ပြည့်စုံစေရန်အတွက် ပိုမိုတိကျသေချာသော သုတေသနပြုချက်များ ဆက်လက်လုပ်ကိုင်သွားဖို့ လိုပါသည်။ အကောင်းဆုံးမှာ မိခင်လောင်း များအနေဖြင့် ကိုယ်ဝန်ဆောင်နေစဉ်အတွင်း စိတ်ဓာတ်မကျအောင် ကြိုးစား နေထိုင်ကြပါဟု ရင်သွေးငယ်များကိုယ်စား တိုက်တွန်းအကြံပြု အပ်ပါသည်။

အောင်လူ

အဓိပ္ပာယ်ဖွင့်ဆိုချက်

မိခင်ဘာသာစကား = Native Language
မိခင်ဘာသာမဟုတ်သော = non-native language
စိတ်ကျရောဂါ = Depression
စိတ်ကျရောဂါ = antidepressant
သက်သာစေသောဆေး
ဘာသာစကား = Language discrimination task
ခွဲခြားသိနိုင်သောစွမ်းရည်
ဦးနှောက်အတွင်း = brain chemical
ထွက်ရှိသော ဓာတုဗေဒပစ္စည်းများ
Janet Werker = Psychologist at the University of British Columbia in Vancover

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...