Monday, December 31, 2012
သန္တရသ ရပ်ဝန်း ( ဆုံဆည်းရာ မိသားစု စာဆိုတော်နေ့ အကြို ဂုဏ်ပြုဆောင်းပါး )
ဆုံဆည်းရာ အဖွဲ့ သားများအားလုံးမင်္ဂလာပါရှင်
ဆုံဆည်းရာ မှာ စာဆိုတော်နေ့အတွက် ဂုဏ်ပြုဆောင်းပါး ရေးကြမယ်ဆိုတော့ ကျမ လက်တွန့် မိတာအမှန်ပါ။ ကျမက ၀ါသနာအရ အွန်လိုင်းမှာ ကိုယ်ခံစားမိသမျှ  ဆောင်းပါးတွေ ၀တ္တုတွေ ရေးနေပေမယ့်   စာရေးဆရာမဟုတ် ဘာမဟုတ်နဲ့မို့ စာဆိုတော်နေ့  ဂုဏ်ပြုဆောင်းပါး-- ဆိုတဲ့ခေါင်းစဉ်ကြီးကိုရှိန်ပြီး ရေးချင်တာတွေရှိပေမယ့် တော်တော်နဲ့ ရေးလို့မရပါဘူး။
 ဦးဇင်းအရှင်စန္ဒကုမာရတို့  အကိုကြီး ကိုသုည တို့  မောင်လေးညချစ်သူတို့  စာတွေဖတ်ကြည့် လိုက်တော့လည်း စာဖတ်သူတွေအတွက်တကယ့်ကို အသိပေးနိုင်တဲ့  စာကောင်းပေမွန်တွေမို့  ကျမအလှည့်မှာ ရေးရမှာ လက်တွန့်နေတာလဲပါပါတယ်။ 
တကယ်တော့ ကျမကရင်တွင်းဖြစ်တွေပဲ ခံစားတင်ပြတတ်ပြီး  စာကြီးပေကြီးတွေ မရေးတတ်တဲ့သူပါ :) ဒါပေမယ့် အလှည့်ကျတော့လည်း  နွဲ့ နေလို့ မရတော့ဘူးပေါ့ လေ ။
ဒါကြောင့် အရင်အပတ်က ကျမရောက်ခဲ့တဲ့ ရှမ်းပြည်မြောက်ပိုင်းက အွန်လိုင်းမရှိတဲ့  နေရာလေးတစ်ခု အကြောင်းကို ပြောပြရင်း အွန်လိုင်းသုံးတဲ့  လူငယ်တွေအတွက် သတိထားစရာလေးတွေကို ပြောပြ သွားပါမယ်နော်။ 
 အရင်အပတ်က ပြင်ဦးလွင်ကနေ လားရှိုးသွားတဲ့လမ်းမှာရှိတဲ့  နောင်ချို မြို့မှ တစ်ဆင့် သွားရတဲ့ ရှောက်ချုံ ဆိုတဲ ရွာလေးရဲ့ ရွာစပ်နားက  စိုက်ခင်းတွေဆီကို ကျမ ရောက်ခဲ့ပါတယ်။ အဲဒီနေရာမှာ ဂျပန်စိုက်ပျိုးရေးပညာရှင်တွေ က သူတို့ ရဲ့  ဂျပန်မျိုးစေ့ တွေ စမ်းသပ်စိုက်ပျိုးနေတာမို့  ကျမက စကားပြန်အဖြစ် လိုက်သွားရတာပါ။ 
ပြောရရင် ရောက်ရောက်ချင်း ကျမစိတ်ညစ်သွားတယ်။ ဘာလို့ လဲဆိုတော့ အဲဒီနေရာမှာ  ကျမရဲ့  ဖုန်းလည်းလိုင်း မမိတော့ဘူး၊ အင်တာနက်လဲမရှိတော့ဘူး။
ထစ်ခနဲဆို  ဖုန်းကောက်ဆက်လိုက် ၊ မေးလ်လေးစစ်လိုက်နဲ့  မိုးလင်းကမိုးချုပ် အိပ်ချိန် ကလွဲရင် ထမင်းစားတာတောင်ကွန်ပြူတာရှေ့ က မခွာဘဲ  ညမအိပ်ခင်အထိ အွန်လိုင်းသုံး တတ်တဲ့ ကျမ အတွက် တော့ ဖုန်းမပြောရ၊ အက်တာနက်မသုံးဘဲ နေရတာ တခုခုလိုနေသလိုပါပဲ။
ရောက်ရောက်ချင်းနေ့ က ကျမ တော်တော် နဲ့ အိပ်မပျော်ပါဘူး။ ယူလာတဲ့ လက်တော့ပ်  ကို ဖွင့်ကြည့်ပေမယ့်လည်း အင်တာနက်မရတော့ ကွန်ပြူတာသုံးရတာ အဓိပ္ပါယ်မရှိတော့သလိုပါပဲ။
အိမ်မှာဆို အစောဆုံး ည ၁၂ နာရီကျော် မှ အိပ်တတ်တဲ့ ကျမ တော်တော် နဲ့ အိပ်မရဘဲ၁၀  နာရီလောက်မှ အိပ်ပျော်သွားပါတယ်။
နောက်နေ့  မနက်စောစော  နိုးနေတော့ အရင်နေ့ တွေလို မဟုတ်ဘဲ ကျမ ခေါင်းထဲကြည်နေတာကို  သတိထားမိတယ်။ ဒါ စောစော အိပ်လို့ အိပ်ရေးဝပြီး ခေါင်းကြည်နေတာဖြစ်မယ်လို့ တွေးမိတယ်။ အိမ်မှာ ဖုန်းအင်တာနက်သုံးကတည်းက ကျမ ဒီလို အိပ်ရေး၀၀ မအိပ်ရတာ ကြာပါပြီ။
ရှမ်းပြည်နယ်ရဲ့ အေးချမ်းတဲ့ဆောင်းမနက်ခင်းလေးကလည်း  လှပနေတယ်။
တည်းတဲ့  နေရာကနေ ယာခင်းလေးဆီ သွားတဲ့ လမ်းတစ်လျှောက်မှာ နေကြာရိုင်းဝါ၀ါတွေ ပွင့်နေတာလှလိုက်တာ။
ဟိုးအဝေး မှာလည်း ရှမ်းရိုးမ တောင်တန်းတွေကို မှုံပြပြ မြင်နေရပါတယ်။
 မျိုးစေ့ ကြဲဖို့ ခေါ်ထားတဲ့  ကလေးမလေးတွေ နဲ့ စကားပြောကြည့်ရတာလည်းပျော်စရာပါ။
သူတို့ မျက်နှာလေးတွေ က ရိုးသား ကြည်လင်နေပြီး  စကားသံဝဲ၀ဲ လေးတွေနဲ့  ပြောနေတာ သိပ်နားထောင်လို့ကောင်းပါတယ်။
 ကျမကလည်း သူတို့ ဘ၀တွေ ကို နည်းနည်းတီးခေါက် ကြည့် စပ်စုမိတော့ သိပ်ရိုးစင်းပြီးအေးချမ်းပါတယ်။
 မိရိုးဖလာ အစဉ်အဆက် ပိုင်ဆိုင်တဲ့  ယာကွက်တွေ သူ တို့ မှာရှိကြတယ်။
ဂေါ်ဖီချိန် ဂေါ်ဖီ ၊ ဆီမုန်လာချိန် ဆီမုန်လာ  စိုက်ကြတယ်။
ခုနောက်ပိုင်း ဒီဘက်ပိုင်းမှာ သကြားစက်တွေ တိုးလာတော့ ကြံစိုက်ကြတာများပါတယ်။
ကြံစိုက်မယ်ဆိုရင် လယ်ကွက်ပဲလိုတယ် တဲ့ --
သကြားစက်ရုံတွေက မျိုးစေ့ ပေး၊ အရင်းအနှီးထုတ်ပေး ၊ သယ်ပို့ ဖို့ ကားနဲ့ ဆီဖိုး ပါ စီစဉ်ပေးသတဲ့ -
ဒါကြောင့်  အဲဒီဘက်မှာ ကြံစိုက်ခင်းတွေများနေပါတယ်။
ကျမတို့  သွားတဲ့ အချိန်က သူတို့  ဂေါ်ဖီထွက်ချိန် ပြီးလို့  ယာခင်း တွေ ခဏ အားချိန်မို့  ကျမတို့  ဆီမှာ ပျိုးကြဲဖို့  နေ့ စားလာလုပ်ကြပေမယ့်  သူတို့ တွေ မှာ ကိုယ်ပိုင် ယာကွက်တွေရှိပါတယ်။
အမယ်-- ကျမမေးကြည့်တာ သူတို့  အိမ်တွေ က မြေ  ဧကတွေ တော်တော်များများ ပိုင်ကြတာပဲ။
ဟိုမှာ ဒီမှာ လက်ညှိုးထိုးပြီး ကျမကို စိုက်ခင်းအကွက်တွေ ပြနေတဲ့ သူတို့ မျက်နှာတွေက ယုံကြည်စိတ်ချမှုအပြည့်နဲ့ ပါ။
ဒီယာကွက်တွေ ရှိနေသမျှ သူတို့ ဘ၀ အာမခံချက်ရှိတယ်လေ။အချိန်တန် စိုက်မယ် ၊ပျိုးမယ်၊ ရတဲ့ ငွေနဲ့ လိုတာဝယ်မယ်။ နောက်လ ရွာဘုရားပွဲ  သွားကြဖို တော့င် တိုင်ပင်နေကြတာ ပျော်စရာပါ။
ညနေစောင်းအလုပ်ပြီးတော့    ၃ မိုင် လောက်ဝေးတဲ့ သူတို့  ရွာကို တောလမ်းအတိုင်း လမ်းလျှောက်ပြန်သွားကြတာလဲ
ညောင်းပုံမရပါဘူး။  တနေကုန် လှုပ်ရှားမှု ရှိလို့လားပဲ သူတို့ ကိုယ်လုံးလေးတွေကလည်း ကြည့်ကောင်းတယ်။
ကျမလဲ သူတို့ ကို အားကျလို့  ညနေ အားတဲ့အချိန် တောလမ်းလေးအတိုင်း လမ်းလျှောက်ပါတယ်။
 ဟိုးအဝေးထိ ယာတော နဲ့  တောင်တန်းတွေကို မျက်စိတဆုံး တွေ့ မြင်နေရတာဟာကွန်ပြူတာရှေ့ ပဲ တကုပ်ကုပ် ထိုင်နေတဲ့ ကျမအတွက်တော့ လှပတဲ့  မြင်ကွင်းကျယ်ကြီးပါပဲ။
ကျမတို့   အနုပညာဖန်တီးမှုတွေ ဖြစ်တဲ့ ကဗျာတစ်ပုဒ် ဖတ်တဲ့အခါ ၊ ပန်းချီကားတစ်ချပ်ကို ကြည့်တဲ့အခါ  ၊ သီချင်းတစ်ပုဒ် နားဆင်တဲ့ အခါ -- ရင်ထဲမှာ ခံစားဖြစ်ပေါ်တတ်တဲ့ ခံစားမှုရသ  ၉ မျိုး ရှိပါတယ်။
နားလည်သလောက်ရှင်းပြရရင် အောက်ပါအတိုင်းဖြစ်ပါတယ်။ 
(၁) သင်္ဂါရ ရသ (ချစ်ခင်ခြင်း)(၂) ဟာသရသ (ပြုံးရယ် ရွှင်လန်းခြင်း) 
(၃) ရုဒ္ဓရသ (ရုန့်ရင်းကြမ်းတမ်းခြင်း) 
(၄) ကရုဏာရသ (သနားကြင်နာခြင်း) 
(၅) ၀ီရရသ (ရဲရင့် တက်ကြွခြင်း)
(၆) ၀ိဘစ္ထရသ (ရွံ့ရှာစက်ဆုပ်ခြင်း)
(၇) ဘယာနကရသ (ကြောက်ရွံ့ထိတ်လန့် ခြင်း)
(၈) အဗ္ဘုတရသ (အံ့သြခြင်း) 
(၉) သန္တရသ (တည်ငြိမ် အေးချမ်းခြင်း) တို့ဖြစ်ပါတယ်။ 
   ဒီယာတော ပန်းချီကားလေးကို ကြည့်ရှုရင်း ကျမ ခံစားရတာကတော့  တည်ငြိမ်အေးချမ်းခြင်း ဆိုတဲ့  သန္တရသပါ။
  ကျမ ဒီရသလေးကို ကြည်မွေ့ စွာ ခံစားရင်း ခုလို ဖုန်းမရှိ ၊ အင်တာနက်မရှိတဲ့  ဒီနေရာလေးမှာမှ ဒီလို သန္တရသ ကို ခံစားရမှာလား ၊  အွန်လိုင်းသုံးရင်းရော ဒီလို အေးချမ်းမှုတွေ မရနိုင်ဘူးလားလို့ စဉ်းစားကြည့်မိပါတယ်။
ရှင်းရှင်းပြောရရင်  ကျမ နေ့ နေ့ ညည အွန်လိုင်းကမ္ဘာမှာ နစ်မြောရင်း ကျန်းမာရေးထိခိုက်လာလို့ စိတ်မအေးချမ်းတော့ပါဘူး။ 
တကယ်တော့  တန်ဆေး လွန်ဘေးဆိုသလို အချိန် နဲ့  အခါ နဲ့  သင်တင်မျှတအောင် သုံးတတ်မယ်ဆိုရင် ၊ကိုယ်နဲ့တကွ ကိုယ့် ပတ်ဝန်းကျင်ကို အကျိုးပြုစေမယ်ဆိုရင် အင်တာနက် သုံးရတာလည်း စိတ်အေးချမ်း မှာပါ။
အရေးအကြီးဆုံးက  ကျန်းမာရေးထိခိုက်တဲ့  အထိ အွန်လိုင်း မထိုင်ဖို့ ပါပဲ။ သဘာဝက ပေးထားတဲ့ ခန္ဓာကိုယ် ဆိုတာ  တစ်ချိန်လုံး ထိုင်နေဖို့ မဟုတ်ပါဘူး။
နေ့ ရော ညရော ကွန်ပြူတာရှေ့ မှာ ထိုင်နေမယ်ဆိုရင် ဇက်ကြောတက် ၊ ခါးနာ ၊ ခြေသလုံးနာ ၊ ကြွက်သားတွေ ညောင်းညာ။ မျက်စိ တွေ အာရုံကြောတွေ ထိခိုက်ပြီးကိုက်ခဲပြီး လူက မအီမသာဖြစ်လာပါမယ်။ အဆီ တက်လာပါမယ် ။
ဒီလိုဖြစ်လာရင် စိတ်တွေလည်း လန်းဆန်းမှာ မဟုတ်တော့ပါဘူး။
ဒါကြောင့်  ကိုယ်လက်လှုပ်ရှား လုပ်ချိန်တန်လုပ် ပြီး အင်တာနက် ကို အချိန် နဲ့ ပဲ သုံးစေချင်ပါတယ်။
( အများကို ပြောနေသလို ကျမလည်း ပြုပြင်ရပါဦးမယ်)
 အွန်လိုင်းတက် နေတဲ့ သူတွေဟာ ပတ်ဝန်းကျင်ကို လစ်လျှူရှု ထားတတ်ပါတယ်။
မိသားစု ဆိုတာ ဘ၀မှာ အရေးအကြီးဆုံးပါ။ ကိုယ့်မိသားစု နဲ့  ချစ်ချစ်ခင်ခင် နေရမယ့် အချိန်ဆိုတာ သတ်မှတ်ထားပေးပါ။
အိမ်သားတွေ  နဲ့ စကားပြောချိန် မရှိလောက်အောင် ကွန်ပြူတာာရှေ့ က မခွာတမ်း သုံးနေမယ်ဆိုရင် ၊ အိမ်မှု ကိစ္စ လုပ်ရမှာတွေလစ်ဟင်းလာတဲ့အခါ  ကြာလာရင် အချင်းချင်းနားလည်မှုတွေ ၊ ချစ်ခင်ကြင်နာမှုတွေ မရှိတော့ဘဲ မိသားစု ရဲ့ အေးချမ်းမှုတွေ ပျောက်ဆုံးသွားပါလိမ့်မယ်။
  နောက်တစ်ခုက လူမှုရေးပျက်ကွက်ခြင်းတွေရှိလာနိုင်ပါတယ်။
လက်တွေ့ ဥပမာပေးရရင် ကျမ လည်း  စိတ်အလိုလိုက်ပြီး လူမှုရေးတွေ ပျက်ကွက်တာများနေပါပြီ။
အရင်ဆို ကျမ ပိတ်ရက်တွေမှာ  မိတ်ဆွေသူငယ်ချင်းတွေ ရဲ့ သာရေး နာရေးတွေသွားတယ် ၊ ခင်မင်တဲ့ သူတွေ နဲ့ ဆုံပြီး စကားပြောတယ်။  ရပ်ထဲရွာထဲ ဘာ လုပ်ပေးစရာရှိလည်း သတိထားတတ်ပါတယ်။ 
အင်တာနက် သုံးတဲ့ အချိန်ကစပြီး ကျမ  အပြင်သိပ်မထွက်ချင်တော့ပါဘူး။ သူငယ်ချင်းတွေ ဖုန်းဆက်ချိန်းရင်တောင် စကားကြာကြာ မပြောဖြစ်တော့ပါဘူး။ သာရေး ၊  နာရေးတွေသွားရတာ အချိန်ကုန်တယ်ထင်လာပါတယ်။
အွန်လိုင်းမှာ ပဲတစ်ချိန်လုံးနေချင်ပြီး အပြင်လောက ကို မေ့ နေမိပါတယ် ။
တကယ်တော့  ဒီလို အပြင်လောက က သူငယ်ချင်းမိတ်ဆွေတွေကို ပစ်ခွာထားတဲ့အထိတော့လည်း
မဖြစ်သင် ပါဘူး။ ဒီလို နေလာတာကြာရင် ကိုယ့်မှာပြင်ပ မိတ်ဆွေအပေါင်းသင်းဆိုတာ မရှိတော့ဘဲ ပတ်ဝန်းကျင်မှာ မ၀င်ဆံ့ တော့ဘဲအထီးတည်းဖြစ်လာနိုင်ပါတယ်။
 ဒါကြောင့်  အွန်လိုင်းမိတ်ဆွေတွေတင်သာမက ပြင်ပ မိတ်ဆွေ အပေါင်းအသင်းတွေအတွက်ပါ အချိန်ပေးသင့် ပါတယ်။
နောက်တစ်ခု အဆိုးဆုံး ကတော့  မကောင်းတဲ့  ၀ဘ်ဆိုဒ်တွေ ကြည့်ခြင်းနဲ့  လူမှုရေးဖောက်ပြန်ခြင်းပါ။  
အင်တာနက်ကို ဒီကိစ္စတွေမှာ သုံးတာ သိပ်နှမြောစရာကောင်းပါတယ်။
တကယ်တော့  အင်တာနက်ဆိုတာ သုံးတတ်မယ်ဆိုရင်  လို တ ရ တဲ့ အဖိုးမဖြတ်နိုင်တဲ့  ရတနာသိုက်ကြီးပါ။
ကျမတို့ ငယ်ငယ်ကဆိုရင် စာအုပ်လေးတစ်အုပ်ဖတ်ဖို့ ကို စာအုပ်ဆိုင် တကူးတက သွားငှားရပါတယ်။
 အကြောင်းအရာ တခုခုသိချင်ရင်  စာကြည့်တိုက်သွားပြီး တကူးတက ရှာဖွေလေ့ လာရပါတယ်။
ခုခေတ်ကျတော့ အင်တာနက်မှာ ကလစ်တစ်ချက် နှိပ်လိုက်ရုံနဲ့  ကမ္ဘာကြီးတစ်ခုလုံးကို လည်းမြင်ရပါမယ်။
Enter တစ်ချက်ခေါက်လိုက်ရုံ နဲ့  လိုချင်တဲ့ အကြောင်းအရာ အချက်အလက်တွေ ရှာဖွေ လို့ ရနေပါပြီ။
ဒီလို အလွယ်တကူ ရနိုင်တဲ့  ရတနာ တွေ ရှိပါရဲ့ နဲ့  မကောင်းတဲ့ အာရုံ နဲ့  အင်တာနက် သုံးနေသူတွေဟာ
အထူးသဖြင့်  လူငယ်တွေ ကို ဒီလိုမဖြစ်စေချင်ပါဘူး။
အင်တာနက်မှိုင်းမိ ပြီး အလုပ်မလုပ်ချင်တဲ့ လူငယ်တွေ ၊ လူပျိုလား လူအိုလားမသိဘဲနဲ့ ချက်တင်ပြောရင်းချစ် ကြိုက်သွားတဲ့
သူချိန်းရာနောက် လိုက်ရင်းဘ၀ပျက်တဲ့ မိန်းကလေးတွေ ၊ မကြည့်သင့် တဲ့  ကားတွေ ကြည့်ပြီး မစမ်းသပ်သင့်တာတွေ စမ်းသပ်မိလို့  ရောဂါပိုးရသွားတဲ့ ကောင်လေးတွေ --- ဘယ်လောက်တောင်များနေပါပြီလဲ။
တွေးကြည့်ရင် သိပ်ရင်နာဖို့ ကောင်းပါတယ်။
ဒီလို မကောင်းတဲ့  အာရုံနဲ့  အင်တာနက် ကိုသုံးနေမယ် ၊အွန်လိုင်းတက်နေမယ်ဆိုရင်တော့  စိတ်နှလုံးသားလည်း ဘယ်တော့မှ အေးချမ်းမှာ မဟုတ်ပါဘူး။ 
ဖြစ်သင့် တာက အင်တာနက် သုံးရင်း ကိုယ်ဝါသနာပါရာ ပညာရပ်တွေ လေ့ လာမယ် ၊ဗဟုသုတ တွေ  ဖတ်မယ်။ စာပေအနုပညာလမ်းစ ကိုရှာမယ်။ ၀ါသနာတွေ အိပ်မက်တွေ ကို အကောင်အထည်ဖော်မယ်။
မိတ်ဆွေ သူငယ်ချင်းတိုးပွားအောင်လုပ်မယ် ၊  ကိုယ့် အလုပ်အကိုင် တိုးတက်စေမယ့်  အခွင့် အလမ်းတွေ ရှာမယ်။ ပရဟိတ လုပ်ငန်းတွေ တတ်နိုင်သလောက် လုပ်မယ် ဆိုရင်တော့ ……
 အွန်လိုင်းသုံးရင်း ကိုယ့်အတွက်လည်း အကျိုးရှိသလို  ၊ ကိုယ့်မိသားစု၊ ကိုယ့်ပတ်ဝန်းကျင် နဲ့  လူ့ လောက အသိုင်းအ၀ိုင်းကိုလည်း အကျိုးပြု နိုင်ပြီး   ကိုယ်စိတ် နှလုံး အေးချမ်းကြည်လင်လာမှာမို့   အင်တာနက် ရှိတဲ့ အရပ်ဟာလည်း သန္တရသ ရပ်ဝန်းလေး ဖြစ်လာနိုင်ပါတယ်။ 
ဒါကြောင့်  အွန်လိုင်းသုံးကြသူတွေ အနေနဲ့  အင်တာနက်သုံးရင်း အေးချမ်းမှု ဆိုတဲ့  သန္တရသ ခံစားချင်တယ်ဆိုရင်တော့ စိတ်အလိုမလိုက်ဘဲအသိတရားလေးနဲ့  ဆင်ခြင်ပြီး သုံးကြပါလို့   ပြောကြားလိုက်ရပါတယ်ရှင်။ 
အွန်လိုင်းပေါ်မှာရှိတဲ့ 
ဆုံဆည်းရာအဖွဲ့ သားများအားလုံး
အင်တာနက်သုံးရင်း အသိပညာ ၊ အတတ်ပညာတွေ တိုးပွားကာ
နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ …
စေတနာမွန်ဖြင့် 
ကြာဖြူနွယ်
0 comments:
Post a Comment
စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ
Followers
Total Pageviews
အမှာပါးစရာများရှိနေရင်
Pop up my Cbox
Blog Archive
အခြားကဏ္ဍများကို လေ့လာရန်
ရှာဖွေလေ တွေ့ရှိလေ
စာပေမြတ်နိုးသူများ
free counters
Related Posts Plugin for WordPress, Blogger...