Monday, December 31, 2012

တရားမ၀င်ကုန်သွယ်မှုဆီသို့ တွန်းပို့နေသော မြ၀တီနယ်စပ်ကုန်သွယ်ရေးဇုန်




                   မြ၀တီ- မဲဆောက် နယ်စပ်တွင် တရားဝင်ကုန်သွယ်မှုပြုသည့် ကုန်ဝင်/ ထွက်ပေါက် လမ်းကြောင်း အဖြစ် ချစ်ကြည်ရေးတံတား တစ်ခုတည်းသာဖြစ်သော်လည်း ချစ်ကြည်ရေးတံတား ၀ဲယာ တစ်ဖက်တစ်ချက်တွင် သောင်ရင်းမြစ်ကမ်းနဖူး ဂိတ်စခန်းပေါင်းနှစ်ဆယ်ကျော်မှ တရားမ၀င် ကုန်သွယ်မှုပြုနေသည့် ကုန်ဝင်/ ထွက် ပေါက် လမ်းကြောင်းများအဖြစ် သက်ဝင်လှုပ်ရှားတည် ရှိနေ ကြောင်း တာဝန်ရှိအာဏာပိုင်အစဉ်အဆက်မှ လက်ခံသိရှိထားပါသည်။ 

ကုန်သွယ်မှုအားလုံး တရားဝင်ကုန်သွယ်မှုလမ်းကြောင်းပေါ်သို့ ရောက်ရှိလာသည့်တိုင် တာဝန်ရှိဌာနများမှ အရိုးစွဲနေသည့် ရှေးရိုးဆန်လွန်းသော လုပ်ထုံးလုပ်နည်းဟောင်းများအား နိုင်ငံတော် ပြောင်းလဲ ကျင့်သုံးနေသော မူဝါဒနှင့်အညီ ကိုက်ညီသော လုပ်ထုံးလုပ်နည်းစနစ်အသစ်အဖြစ် မချမှတ် အကောင် အထည်ဖေါ် မဆောင်ရွက် နိုင်သေးသ ချစ်ကြည်ရေးတံတားတစ်ခုတည်းဖြင့် ကုန်သွယ်မှုပြုရန် အချိန်မလုံလောက် မဖြစ်နိုင်ပါ။
                   ကုန်စည်စီးဆင်းမှု မှန်ကန်လွယ်ကူမြန်ဆန်ရေး အတွက် နိုင်ငံတော်မှအလေးထားသည့် အနေဖြင့် မြ၀တီကုန်သွယ်မှုလမ်းကြောင်းပေါ်ရှိ မရမ်းချောင်စစ်ဆေးရေးဂိတ်စခန်းအား ရုပ်သိမ်းပေး ခဲ့ပါသည်။ သို့သော်လည်း တရားမ၀င်ကုန်သွယ်မှုများ တိုးတက်များပြားနေ ဆဲဖြစ်သဖြင့် နိုင်ငံတော်မှ ရယူထိုက်သင့်သော အခွန်ဘာများ နစ်နာ ဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ရပါသည်။
                   နိုင်ငံတော်မှ စားသုံးသူအကာအကွယ်ပေးရေးနှင့် ကုန်သွယ်မှုမြှင့်တင်ရေးအတွက် တရားမ၀င် ကုန်သွယ်မှုများ လျော့နည်းပပျောက်ရေး အကောင်အထည်ဖေါ်ဆောင်ရွက်နေချိန်တွင် မြ၀တီနယ်စပ်ကုန်သွယ်ရေး ဇုန်လုပ်ငန်းဆောင်ရွက်မှုပုံစံများသည် တရားမ၀င်ကုန်သွယ်မှုဆီသို့ တွန်းပို့နေသကဲ့သို့ ဖြစ်နေ ပါသည်။
                   တရားဝင်သွင်းကုန်လိုင်စင်ရ ကုန်ပစ္စည်းတင်သွင်းမည့် ကုန်သည်တစ်ဦး အနေဖြင့် မြ၀တီနယ်စပ် ကုန်သွယ်ရေးဇုန် ယာဉ်စစ်ကွင်းသို့ တရားဝင်ယာဉ်အစစ်ဆေးခံ ၀င်ရောက်ရန်အတွက် ယာဉ်နှင့်အတူတင်သွင်းပါရှိ လာမည့် ကုန်ပစ္စည်းအတွက် တရားဝင်အခွန်အခပေးဆောင်ရန် လုပ်ငန်းဆောင်ရွက်ချိန်အဖြစ် ယာဉ်အနည်းအများ ပေါ်မူတည် အချိန် နှစ်နာရီမှ သုံးနာရီအတွင်း ကြာမြင့်ပါသည်။ သတ်မှတ်အခွန်အခငွေ အကြေပေးဆောင်ပြီးသော မော်တော်ယာဉ်အား လူအင်အားသုံး ကိုက်ညီမှုရှိမရှိစစ်ဆေးချိန်အဖြစ် အချိန် သုံးနာရီခန့် အနည်းဆုံးပေးရပါသည်။ အားလုံးကိုက်ညီပြည့်စုံသော မော်တော်ယာဉ်သည် သတ်မှတ်သည့်ယာဉ်အစစ်ဆေးခံယူမှု ပြည့်စုံပြီးဆုံးသည့်နောက် တရားဝင်ယာဉ်ထွက်ခွါခွင့် သတ်မှတ်စာရွက်စာတမ်းရယူရန် အနည်းဆုံး အချိန်တစ်နာရီခန့် စောင့်ဆိုင်းရယူရပါသည်။ အချို့သောကုန်သည်များအနေဖြင့် အခွန်ပေးဆောင်ရေးကိစ္စအား တစ်ရက်ကြိုတင်ဆောင် ရွက်သော်လည်း အချို့မှာ အခြေအနေအရ နေ့ချင်းပြီး ဆောင်ရွက်ရသည်များလည်းရှိပါသည်။ 

                   မြ၀တီနယ်စပ်ကုန်သွယ်ရေးဇုန်သို့ နေ့စဉ် ယာဉ်အစစ်ဆေးခံရန် ၀င်ရောက် သည့် မော်တော်ယာဉ်မှာ ရာဂဏန်းအထက်ကျော်လွန်သဖြင့် လည်းကောင်း၊ ဇုန်အတွင်း မော်တော်ယာဉ်ရာနှင့်ချီ စစ်ဆေးမှုခံယူရန်နေရာ လုံလောက်မှုမရှိခြင်းကြောင့်လည်းကောင်း၊ ယာဉ်စစ်ဆေးမှုခံယူပြီးသော်လည်း သတ်မှတ်စာရွက်စာတမ်း မပါရှိလျှင် ဇုန်အတွင်းမှ ယာဉ်ထွက်ခွင့်မပြုထားခြင်းကြောင့်လည်းကောင်း၊ စစ်ဆေးခံရန်ဝင်ရောက်မည့် မော်တော်ယာဉ် များစွာသည် ဇုန်အ၀င်ဂိတ်ဝအပြင်ဘက်တွင် စီတန်းကာအချိန်ကုန်ခံ စောင့်ဆိုင်းနေရပါသည်။
                   တရားဝင်စစ်ဆေးခံရန်ဝင်ရောက်သည့် မော်တော်ယာဉ်များအနေဖြင့် သတ်မှတ်စာရွက်စာတမ်း မပြည့်စုံလျှင် ခရီးမဆက်ဝန့်ကြပါ။ စစ်ဆေးခံပြီးစီးသည့်မော်တော်ယာဉ်များအား စာရွက်စာတမ်းဆောင်ရွက်ချိန် အတွင်း ဇုန်ပြင်ပသို့ထွက်ခွါစောင့်ဆိုင်းစေလျှင် အခြားမော်တော်ယာဉ်များ အချိန်မကုန်ဘဲ ဇုန်အတွင်းဝင်ရောက် စစ်ဆေးမှုခံယူနိုင်မှာ ဖြစ်ပါသည်။
                   သယ်ယူတင်သွင်းသည့်ကုန်ပစ္စည်း အမျိုးအစားခြင်းအတူတူဖြစ်သော်လည်း တရားမ၀င် နယ်စပ် ကုန်ပစ္စည်းစီးဆင်းမှုအပေါ် မထိန်းချုပ်နိုင်ခြင်း၊ ဇုန်ကွင်းရှောင်ပတ်လမ်းမှတဆင့် ဒေါနတောင်ကြောပေါ် ညအချိန် တရားမ၀င် ကုန်စည်စီးဆင်းမှု လွတ်လပ်စွာရရှိနေခြင်း၊ တရားဝင်အခွန်အခပေးဆောင်တင်သွင်းသည့် ကုမ္ပဏီနှင့် န၀လီ ကုန်တင်မော်တော်ယာဉ်ကြီးများ ကုန်သည်များအနေဖြင့် အချိန်ကုန်၊ သတ်မှတ်အခွန်အခပေးဆောင်ပြီး လူပင်ပန်း၊ စိတ်ဒုက္ခ စိတ်ဖိစီးမှုပေါင်း မြောက်များစွာ တွေ့ကြုံခံစားဖြေရှင်း နေရသော်လည်း မြ၀တီနယ်စပ် ကုန်သွယ်ရေးဇုန်သို့ ၀င်ရောက်တာချင်းအတူတူ မော်တော်ယာဉ်ငယ်များတွင် ဒေသသုံး၊ တစ်နိုင်တစ်ပိုင်၊ တစ်ဆွဲတစ်ပိုး ခေါင်းစဉ်အမျိုးမျိုးပြကာ မော်တော်ယာဉ်ငယ်များပေါ်သို့ ခွဲခြမ်းစိတ်ဖြာ၍ လည်းကောင်း၊ အောက်ကြေးပေး အခွန်ရှောင်ကုန်သွယ်နေသည့် ကုန်သည်များကုန်ပစ္စည်းများသည် Mobile Teamအား ရှောင်ကွင်းရန် သထုံ/ ဘီးလင်း/ ကျိုက်ထိုမှ ခရီးသည်တင်ကားများဖြင့် ခွဲခြမ်းစိတ်ဖျာလည်းကောင်း၊ မော်လမြိုင် - ရန်ကုန်မီးရထားဖြင့်လည်းကောင်း၊ စစ်တောင်းတံတားဟောင်းဆိပ်ကမ်းမှ ဝေါ/ ( ရွှေကျင်သို့ ) လည်းကောင်း၊ စပါးသည်ထော်လာဂျီများ/ လမ်းခင်းကျောက်သည်ကားများ အောက်တွင် ပုန်းကွယ်လည်းကောင်း၊ကုန်ပစ္စည်းအား နေ့ချင်းရန်ကုန်သို့ရောက်အောင် စရိတ်နည်းနည်းဖြင့် စီစဉ်ရောင်းချနိုင်သော်လည်း တရားဝင်ကုန်သွယ်သူများကုန်ပစ္စည်းသည် နောက်ကျမှဈေးကွက်သို့ ရောက်ရှိခြင်း၊ စရိတ်စက ပိုများခြင်းကြောင့် တရားမ၀င်ကုန်သွယ်သူများဈေးကွက်ယှဉ်ပြိုင်လာမှုအပေါ် ယှဉ်ပြိုင်နိုင်ရန် တရားဝင်ကုန်သွယ်သူများသည် တရားမ၀င်ကုန်သွယ်မှုလမ်းကြောင်း ပေါ်သို့ ပြန်သွားရန် ပြင်ဆင်နေကြပြီဖြစ်ပါသည်။
                   တင်ပြပါဖြစ်စဉ် အဖြစ်မှန်များအပေါ် မြ၀တီနယ်စပ်ကုန်သည်ကြီးများအသင်းအနေဖြင့် တစ်စုံတစ်ရာ တာဝန်ယူဖြေရှင်းဆောင်ရွက်ပေးခြင်း အလျဉ်းမရှိသည့်အတွက် ကုန်သည်များအနေဖြင့် အလွန်ပင်စိတ်ပျက်ဖွယ် ကောင်းသော ကာလတစ်ခုအား ဖြတ်ကျော်ရှင်သန်နိုင်ရန် ပြင်ဆင်နေကြကြောင်း တင်ပြအပ်ပါသည်။

 ကလောင်အမည်  -       ကောင်းစေသူ
တပ်မတော်(ရေ) ဗိုလ်မှူး (အငြိမ်းစား)
(၃၁-၁၂-၂၀၁၂)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...