Sunday, December 30, 2012

ဒီမိုကရေစီအုတ်မြစ်ခိုင်မာဖို့ ဒီလိုလုပ်ကြရမယ်


by Htet Aung on Sunday, December 30, 2012 at 4:16am 

ဆန္ဒမပြရင် ခေတ်မမီဘူး

နောက်ဆုံးဆောင်းပါးရေးပြီးတဲ့နောက်ပိုင်း စာမရေးဖြစ်တာ တော်တော်လေးကိုကြာသွားတဲ့အတွက် ကျွန်တော့် ရဲ့စာဖတ်ပရိတ်သတ်များနဲ့ ညီအစ်ကိုမောင်နှမများကို အရင်ဆုံး တောင်းပန်စကားပြောပါရစေ။ ဒီမိုကရေစီတွေ ရမယ်ဝယ်ကြဦးမလားဆိုတဲ့ဆောင်းပါးမှာတော့ ဆန္ဒထုတ်ဖော်တာနဲ့ပက်သက်ပြီး နည်းဥပဒေတွေကို အရင်ဆုံး ပြုပြင်ဖို့လုပ်ရမယ်ဆိုတာ ပြောပြခဲ့ပြီးပါပြီ။ ဒီကိစ္စမှာတော့ သဘောထားတွေ၊ အမြင်တွေ လွတ်လပ်စွာ ကွဲလွဲခွင့် ရှိပါတယ်။ ဒီကနေ့ အကြောင်းအရာအမျိုးမျိုးနဲ့ ဆန္ဒထုတ်ဖော်တဲ့သူတွေ မြန်မာနိုင်ငံအနှံ့အပြားမှာ ဒုနဲ့ဒေးပါပဲ။ အင်တာနက်စာမျက်နှာတွေနဲ့ ဂျာနယ်စာမျက်နှာတွေမှာဆိုရင်လည်း ဆန္ဒပြတဲ့သတင်းမပါရင် ခေတ်မမီတော့ သလိုပဲ။


ရဲရဲပြော ရဲရဲရေး

လူဆိုတာလိုအင်ဆန္ဒအများဆုံးသတ္တ၀ါပါ။ အမြဲတမ်းတခုခုကိုတော့လိုအပ်နေကြပါတယ်။ အခုလက်ရှိအခြေအ နေမှာ ပြည်သူတွေဘယ်လောက်လုပ်ပိုင်ခွင့်ရှိနေပြီလဲ။ ခုလိုအခြေအနေနဲ့ အချိန်အခါမျိုးမှာ အစိုးရကကော ဘယ်လောက်အတိုင်းအတာအထိ လွတ်လပ်ခွင့်ပေးထားပြီလဲ။ အစိုးရရဲ့နိုင်ငံရေးကစားကွက်ကဘာလဲ။ အတိုက်အခံဒီမိုကရက်တွေ ဘယ်လောက်များစည်းလုံးနေကြပြီလဲ အစရှိတဲ့ နိုင်ငံရေးအရွေ့၊ နိုင်ငံရေးအလှည့်အပြောင်းတွေကို သတိထား စောင့်ကြည့်ရမှာဖြစ်တယ်။ တကယ်ဆိုရင် ကျွန်တော့်အနေနဲ့ ဆောင်းပါးတွေကို တပတ်တခါရေးသင့်ပါတယ်။ စာရေးဖို့အတွက် သတင်းတွေ၊ ဆောင်းပါးတွေ ဖတ်ရဦးမှာဖြစ်တယ်။ အဲဒီ့အတွက်အချိန်ပေးရမယ်။ ကိုယ့်ရဲ့ အမြင်ကို လွတ်လွတ်လပ်လပ်၊ ပွင့်ပွင့်လင်းလင်း၊ ရဲရဲရင့်ရင့် ဘယ်သူ့မျက်နှာမှမထောက်ပဲ ရေးရမယ်ဆိုတာ တော့ နှလုံးသွင်းထားတော့ ပြောစရာရှိတာတော့ ပြောရမှာပဲ။

တကယ်ပြောင်းလဲနေပြီလား

စာတွေမရေးဖြစ်၊ မဖတ်ဖြစ်တဲ့အကြောင်းကတော့ ဒီကြားထဲရက်တွေမှာ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ဧရာဝတီတိုင်းနဲ့ တနင်္သာရီတိုင်းတွေကို သွားဖြစ်လို့ပါပဲ။ အဲလိုနယ်ဒေသတွေ၊ မြို့တွေ၊ ရွာတွေကို ရောက်တော့လဲ ပြည်သူတွေနဲ့တွေ့၊ ပြည်သူ့အသံတွေနားထောင်ပြီး လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်နေရတဲ့အချိန်မျိုးလဲဖြစ်နေတယ်..။  ရောက်ခဲ့တဲ့နေရာတွေနဲ့ပက်သက်ပြီး အကျဉ်းချုပ်ရင်တော့ နေရာတိုင်းမှာလိုလို ကြားခဲ့ရတဲ့ အသံတွေဟာ လယ်ယာ၊ ကိုင်းကျွန်း၊ ဥယျာဉ်ခြံမြေ အမျိုးမျိုးကို စစ်တပ်တွေ၊ ခရိုနီတွေက မြေစာရင်းဌာန၊ အုပ်ချုပ်ရေးဝန်ထမ်းတွေနဲ့ပေါင်းပြီး မတရားသိမ်းပစ်တာတွေ၊ ရေလုပ်ငန်းလုပ်နေ တဲ့နေရာဒေသမျိုးမှာဆိုရင် ပင်လယ်ပြင်မှာစစ်တပ်ကို လောင်စာဆီဘလိုင်းကြီးပေးနေရတာတွေ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေက ပိုက်ဆံရှိတဲ့သူနဲ့ပေါင်းပြီး ဒေသခံတောင်သူတွေဆီက လယ်သိမ်း၊ မြေသိမ်း လုပ်နေတာ တွေ၊ ရဲတွေရဲ့အကျင့်ပျက်လာဘ်စားတာတွေ၊ တရားသူကြီးတွေရဲ့အကျင့်ပျက်လာဘ်စားတာတွေ၊ မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းတွေက နယ်မြေတွေ၊ တက္ကသိုလ်ကျောင်းတွေမှာဆိုရင် မူးယစ်ဆေးဝါး လွယ်လွယ်ကူကူရရှိနေတာတွေ၊ အရပ်ဘက်လူ့အဖွဲ့အစည်းတွေရဲ့ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေကို အုပ်ချုပ်ရေးပိုင်းကတာဝန်ရှိသူတွေက ခြိမ်းခြောက်နေတာတွေ အစရှိတဲ့ မတရားမှုအမျိုးမျိုး၊ အနိုင်ကျင့်မှု အမျိုးမျိုးကို နားနဲ့ဆတ်ဆတ်ကြားခဲ့ရတော့ ကျွန်တော်တို့နိုင်ငံကြီးပြောင်းလဲနေပြီဆိုတာ ကျွန်တော် ယုံရခပ်ခက်ခက်ဖြစ်သွားတယ်။

အပြည့်မရနိုင်ဘူး

တနိုင်ငံလုံးစစ်ပွဲတွေရပ်လို့ အော်နေပေမယ့်လည်း တကယ်တမ်းကျတော့ စစ်ပွဲတွေမရပ်သေးတာ ဘာကြောင့်လဲဆိုတာကိုလည်း နိုင်ငံခေါင်းဆောင်တွေအနေနဲ့ အသေအချာဦးစားပေးပြီး ဆောင်ရွက်ရမယ့် ကိစ္စဖြစ်တယ်။ ကျည်ဆန်တတောင့်ဈေးနှုန်း၊ လောင်ချာသီးတစ်လုံးရဲ့ ဈေးနှုန်းတွေ၊ အဘမဲ့သားတွေ၊ သားမဲ့ မိခင်တွေ၊ ဒုက္ခသည်တွေ၊ ကလေးတွေ၊ အမျိုးသမီးတွေ ဒါတွေအားလုံးဟာ ပြည်တွင်းစစ်ရဲ့ အကျိုးဆက် တွေပါပဲ။ ဘယ်ဘက်ကပဲဖြစ်ဖြစ် ပစ်လိုက်တဲ့ကျည်ဆန်တွေရဲ့ တန်ဘိုးတွေနဲ့ စာသင်ကျောင်းတွေ၊ ဆေးပေး ခန်းတွေ ဆောက်ပေးလိုက်ရင် တိုင်းပြည်ရဲ့လိုအပ်နေတဲ့ကဏ္ဍဖြစ်တဲ့ ပညာရေးနဲ့ကျန်းမာရေးကဏ္ဍတွေမှာ ဘယ်လောက်များ အကျိုးကျေးဇူးများလိုက်မလဲဆိုတာ Policy Maker တွေသိပါတယ်။ ဒီမိုကရေစီအသွင်ကူး ပြောင်းနေဆဲကာလတွေမှာ စစ်ပွဲတွေမရပ်သေးဘူး၊ ဆန္ဒပြပွဲတွေလည်း နေရာအနှံ့ဖြစ်နေဆဲပဲဆိုတာ ငြင်းလို့ မရပါဘူး။ ဒါတွေကိုသေချာကိုင်တွယ်မယ်ဆိုရင် စိတ်ရှည်ရမယ်၊ သည်းခံရမယ်။ ဆန္ဒဖော်ထုတ်သူတွေဘက်က လည်းမိမိတို့တောင်းတိုင်း အပြည့်မရနိုင်ဘူးဆိုတာ ကြိုသိထားဖို့လိုတယ်။

အကျင့်ဆိုးတွေ ကျန်နေသေးတယ်

ရရင်ရ၊ မရရင်ချ ဆိုတဲ့ခေတ်ကုန်သွားပြီဆိုတာကိုလည်း ဆန္ဒဖော်ထုတ်သူအနေနဲ့ သိထားဖို့လိုမယ်။ ကျွန်တော် တို့လူမျိုးတွေဟာ မတရားတဲ့ဥပဒေတွေနဲ့ အသားကျလာတဲ့အခါမှာ ချမယ်ဆိုတဲ့ လက်ဝဲလူတန်းစားတွေ၊ အိုမင်းရင့်ရော်လာနေတဲ့ အတွေးအခေါ်ဟောင်းတွေနဲ့ ဒီကနေ့အညွှန့်တလူလူတက်လာနေတဲ့ လူငယ်တွေကို ၀ါဒမှိုင်းတွေတိုက်တယ်။ လူငယ်တွေသူ့ဘာသာသူ အစည်းအရုံးတွေ၊ သမဂ္ဂတွေဖွဲ့တာ ဖွဲ့ပါစေလား။ ဘာလို့ အနောက်ကနေ မြှောက်ပေးနေသလဲ၊ တချို့ဆို သေကာနီးနေပြီ ဟိုထဲလဲပါချင်၊ ဒီထဲလဲပါချင်နေတာတွေက ရှိသေးတယ်။ မြန်မာနိုင်ငံရေးအပြောင်းအလဲမှာကိုပဲ မဆလခေတ်က အခွင့်ထူးခံစနစ်အချို့တွေ ကျန်နေသေး တယ်။ မဆလခေတ်က အတွေးအခေါ်အချို့တွေ ကျန်နေသေးတယ်။ ဆိုလိုတာက နောက်ဆုံး ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲတွေမှာတောင် မသမာမှုတွေက ရှိနေသေးတုန်းပဲ။ ဒါတွေဟာ အာဏာရှင် စနစ်က အကျင့်ဆိုးတွေ၊ စရိုက်ဆိုးတွေပါပဲ။

သမဂ္ဂတွေစည်းလုံးစေချင်

သမဂ္ဂတွေလည်းကြည့်ဦးမလား ဘာလို့မပေါင်းစည်းနိုင်ခဲ့ကြသေးတာလည်းဆိုတာ သေချာစဉ်းစားကြည့်ပါ။ ဖဆပလခေတ်ကတည်းက ကွဲပြဲလာခဲ့တဲ့ အကွဲအပြဲတွေဟာ ဒီကနေ့ ဒီမိုကရေစီအသွင်ကူးပြောင်းတဲ့ ကာလ အထိ အကွဲအပြဲဇာတ်လမ်းတွေ ရှိနေကြတုန်းပါပဲ။ ဒီနေရာမှာ ဘုံရန်သူဖြစ်တဲ့ အာဏာရှင်ကို တိုက်နေကြတဲ့ အချိန်ကာလမျိုးမှာ ဒီမိုကရေစီအင်အားစုတွေဟာ လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်ထားရမယ်။ လက်ဝါး ဖြန့်ထားတဲ့အခါမှာ လက်ချောင်းလေးတွေကို တချောင်းချင်းအချိုးခံရလိမ့်မယ်။ ဒါကြောင့်လဲ ကျောင်းသားသမဂ္ဂတွေအချင်းချင်း လက်တွဲကြပြီးတော့ ကျောင်းသားထုတရပ်လုံးကို ကိုယ်စားပြုတဲ့၊ ခိုင်မာတဲ့၊ ကျစ်လျစ်တဲ့ နိုင်ငံလုံးဆိုင်ရာသမဂ္ဂကြီးအဆင့်အထိ ဖြစ်လာအောင်လုပ်ကြပါလို့ တိုက်တွန်းချင်တယ်။ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်လူကြီးတွေကလည်း ဒေသအလိုက်လူငယ်ကွန်ယက်အဖွဲ့တွေနဲ့ စနစ်တကျ ချိတ်ဆက်ကြပြီးတဲ့အခါမှာ ဒေသတွေမှာလိုအပ်နေတဲ့ လူငယ်တွေကို လူငယ်အရည်အသွေးမြှင့်သင်တန်း တွေကို ပြုလုပ်ကြပါလို့ တိုက်တွန်းချင်တယ်။

ထိုင်ခုံတွေမက်နေကြတယ်

စိတ်မကောင်းစရာသတင်းတခုကတော့ တောင်ဒဂုံဆိပ်ကမ်းမြို့နယ်က ရပ်ကျေးညီလာခံမှာ ထိုးကြကြိတ်ကြတဲ့ သတင်းပါပဲ။ လူထုထောက်ခံမှုအများဆုံးရရှိထားတဲ့ ပါတီကြီးတစ်ခုရဲ့ ခေါင်းဆောင်က လက်ပံတောင်းတောင် အကြမ်းဖက်ဖြိုခွင်းခံရတဲ့ကိစ္စနဲ့ပက်သက်ပြီး မုံရွာကိုရောက်နေတဲ့အချိန် အနောက်မှာတော့ နေရာတွေ၊ ထိုင်ခုံ တွေမက်မောနေကြလို့ အင်တာနက်စာမျက်နှာနဲ့ ဂျာနယ်စာမျက်နှာတွေမှာပါ ထိုးကြကြိတ်ကြတဲ့ သတင်းတွေ တက်လာတယ်ဆိုတာ စဉ်းစားစရာပါ။ အာဏာရှင်က တလျှောက်လုံး ကွင်းလေးသေးသေးလေးမှာ ကန်ခိုင်း ထားတော့ ကွင်းကျယ်ကျယ်နဲ့ ဘောလုံးကန်ခွင့်ပေးလိုက်တဲ့အခါမှာ မကန်တတ်ကြတော့ပါဘူး။ ဒီမိုကရေစီ တိုက်ပွဲထဲမှာတောင် အာဏာရှင်စရိုက်ဆိုးတွေ ရှိနေသေးတယ်ဆိုတာ ငြင်းလို့မရပါဘူး။ နေရာတွေ ထိုင်ခုံ တွေသိပ်လိုချင်နေရင်လည်း ပြောကြပါဗျာ၊ လမ်းထိပ်ပရိဘောဂဆိုင်မှာ ပလတ်စတစ်ထိုင်ခုံတွေ အများကြီးပါ။ ကျွန်တော်တယောက်တလုံးဝယ်ပေးမှာပေါ့။ တကယ်ဆိုရင် ပြည်သူလူထုကို ဥပဒေပညာပေးလုပ်ငန်းတွေ လုပ်ရမယ်။ လူထုကြားထဲမှာ လူထုနဲ့အတူတူနေပြီး လူထုရဲ့အခက်အခဲတွေ၊ ဒုက္ခတွေကို နိုင်သလောက် ဖြေရှင်းပေးရမယ်။ အဲဒါမှလည်း လူထုကယုံကြည်လေးစားပြီး အတူတူပူးပေါင်းဆောင်ရွက်ချင်တဲ့ စိတ်တွေရှိ လာမယ်။ ခုတော့အဲလိုမဟုတ်ဘူး ဥက္ကဋ္ဌလုပ်ချင်တဲ့သူနဲ့၊ ဘယ်နေရာပဲပါရပါရ ပါပါရစေဆိုတဲ့ သူတွေသာ များနေတယ်။ ရောက်တဲ့နေရာက အရေးမကြီးပဲ လုပ်တဲ့အလုပ်ပေါ်မှာ အာရုံစိုက်မှုအားနည်းနေတာပဲ။ အဲဒါ မဖြစ်သင့်ပါဘူး။ ဒီမိုကရေစီအကြောင်း၊ လူ့အခွင့်အရေးအကြောင်းတောင် ဂဃနဏမသိပဲ လူရှေ့သူရှေ့မှာ ရင်ထိုးတံဆိပ်တွေနဲ့၊ ယူနီဖောင်းလေးတွေနဲ့ နေနေရတာကို သူတို့ကိုယ်သူတို့ တကယ့်နိုင်ငံရေးသမားကြီး လို့ထင်နေပုံရတယ်။ စိတ်ဓာတ်လေးတွေနဲ့ အလုပ်လေးတွေ ပြင်ကြပါလို့ တိုက်တွန်းချင်တယ်။

လူငယ်တွေဟာအသုံးချခံတွေမဟုတ်ဘူး

တချို့အာဏာရှင်စရိုက်လက္ခဏာတွေ မပျောက်သေးတဲ့ လူကြီးတချို့ အိုပယ်တွေကျန်နေသေးတယ်။ အဲဒါက ရပ်ထဲရွာထဲမှာကိုရှိနေတာ၊ ငါတို့ခိုင်းတာလုပ်၊ ပြန်မပြောနဲ့၊ ဘာမှ ညှိနှိုင်းဆွေးနွေးတိုင်ပင်ခြင်းမရှိပဲ လူငယ်ကို ခိုင်းဖို့သက်သက်လောက်သာသဘောထားကြတယ်။ ဒီနေ့ခေတ်လူငယ်တွေက အိုင်တီခေတ်နဲ့ ကြီးပြင်းလာခဲ့ ကြတယ်ဆိုတာ သူတို့တွေမေ့နေကြတယ်။ ကျွန်တော်သွားခဲ့တဲ့ခရီးတလျှောက်မှာလည်း Figure ရှိတဲ့ သူတွေနဲ့လောက်သာရင်းနှီးချင်ကြ၊ ခင်မင်ချင်ကြ၊ ဓာတ်ပုံတွဲရိုက်ချင်ကြတဲ့သူတွေသာများတယ်။ လူငယ်တွေ ကို လူကြီးတွေက ဘေးဖယ်ထားကြတာများတယ်။ စာစောင်တွေမှာတော့ လူငယ်တွေကိုနေရာပေးမယ် ဘာညာ ရေးကြတာတော့တွေ့ရတယ်။ တကယ့်တကယ်တမ်းကျတော့ လူငယ်တွေတော်တော်များများဟာ လူကြီးတွေရဲ့ ညွှန်ကြားချက်တွေကိုသာ စောင့်မျှော်ကြပြီးတော့ အလုပ်တွေကို လုပ်နေကြရတယ်။ ပွဲလမ်း သဘင်ရှိတဲ့အခါမျိုးမှာဆိုရင် လူငယ်တွေကို ကျင်းတူးရုံ၊ ခုံခင်းရုံ၊ ခုံသိမ်းရုံကလွဲပြီး လူငယ်တွေအတွက် လမ်းခင်းပေးထားတာတို့၊ လုပ်ပိုင်ခွင့်ပေးထားတာမျိုးတွေ သိပ်ကိုနည်းနေသေးတယ်။ လူငယ်တွေရဲ့ တက်လမ်းကို တကယ်တမ်းဖျက်ဆီးနေတာကတော့ အဲဒီလို့ ငါတကောကောတဲ့ ကွန်မြူနစ်လက်ကျန်ဖြစ်နေ ကြတဲ့ အရပ်ထဲက ဟိုယောင်ယောင်၊ ဒီယောင်ယောင် လူကြီးတွေပါပဲ။ ဒီတော့ကာ အဲလိုလူကြီးတွေကိုလည်း ပြောလိုက်မယ် လူငယ်တွေဟာ ခင်ဗျားတို့ရဲ့ အသုံးချခံပစ္စည်းတွေ မဟုတ်ပါဘူး။ ခေတ်ဟောင်း၊ စနစ်ဟောင်း က အတွေးအခေါ်အဟောင်းတွေနဲ့ လူငယ်တွေကို အသုံးချဖို့ချည်းမကြိုးစားကြပါနဲ့လို့ သတိပေးချင်တယ်။

ခရိုနီတွေကို ဒီလိုမြင်တယ်

တက်လာတဲ့အစိုးရနဲ့ ပလဲနံပသင့်အောင်လုပ်ရမှာကတော့ စီးပွားရေးသမားတွေရဲ့ မဟာဗျူဟာပါပဲ။ တခုတော့ ရှိပါတယ်။ စီးပွားရေးသမားဟာ အကျိုးအမြတ်မရပဲ ဘာမှမလုပ်ဘူး။ အာဏာရှင်စနစ်မှာတော့ လက်သိပ်ထိုး စာချုပ်တွေနဲ့ ပြည်သူကိုအသိမပေးပဲ လုပ်ချင်ရာလုပ်ခဲ့ပေမယ့် ဒီမိုကရေစီစနစ်မှာတော့ ရှေ့ဆက်လုပ်ရဲ ကြတော့မယ်မထင်ပါဘူး။ သတင်းသမားဆိုတာကလည်း ကောင်းတာကို ကောင်းတယ်လို့ပြောရမှာ သတင်းသမားတာဝန်ဖြစ်တယ်။ သူများတကာ ငြိုငြင်မှာစိုးလို့ မရေးရဲဘူးဆိုရင် ပြည်သူကို တာဝန်မကျေရာ ရောက်တယ်။ နာမည်မဖော်ပြလိုပေမယ့် ခရိုနီတချို့ မတရားသိမ်းထားတဲ့ လယ်ယာမြေတွေ ပြန်ပေးတယ် ဆိုတဲ့ သတင်းတွေဖတ်ရတယ်၊ ထိုက်သင့်တဲ့လျော်ကြေးတွေ ပေးတယ်ဆိုတာသိရတယ်။ ဒါက ကောင်းတဲ့ လက္ခဏာပါပဲ။ မနေ့တနေ့ကမှ ပြီးသွားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကပြုလုပ်သွားတဲ့ ပညာဒါနကျောင်း များ (၂) နှစ်ပြည့် ဂီတပွဲတော်မှာ ခရိုနီတချို့ ပူးပေါင်းပါဝင်လာတာတွေ့ရတယ်။ အဲဒီတော့ကာ တခါတုန်းက ဦးမြင့်ပြောဘူးတာလေး သတိရပါတယ်။ ခရိုနီတွေကို နိုင်ငံတည်ဆောက်ရေးမှာ ပါဝင်လာအောင် စည်းရုံးရမယ် တဲ့။ လွတ်လပ်စွာသဘောထားကွဲလွဲခွင့်ရှိပါတယ်။ ဒါကို တချို့ဆောင်းပါးရှင်တွေက ခရိုနီများနဲ့ကခုန်ခြင်း ဘာညာ လျှောက်ရေးနေသေးတယ်။ အဲလိုရေးတဲ့သူကိုယ်တိုင်ကကော ဒီမိုကရေစီအပြောင်းအလဲမှာ ဘယ်လောက်ပါဝင်နေပြီလဲ။ အပြုသဘောလား၊ အပျက်သဘောလား။ ဒါတွေက စဉ်းစားစရာတွေ အများကြီး ရှိလာတယ်။ ခရိုနီတွေရဲ့ စိတ်ဓာတ်တစ်စုံတစ်ရာများ ပြောင်းလဲလာခဲ့ရင် ပြည်သူလူထုအတွက် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးတွေမှာ တတပ်တအားပါဝင်လာနိုင်ပါတယ်။ တော်လှန်ရေးတောက်လျှောက်လုပ်လာခဲ့တဲ့သူတွေက တော့ စည်းရုံးရမှာ သေမလောက်ကြောက်တတ်ကြပါတယ်။ တော်လှန်ရေးကာလမဟုတ်ပဲ တည်ဆောက်ရေး ကာလမှာ စည်းရုံးရေးနှင့်ဆက်ဆံရေးက အဓိကကျတယ်ဆိုတဲ့အချက်ကို ကိုယ့်ထက် အစစအရာရာ သာတဲ့ လူကြီးလူတတ်တွေ ပိုသိပါတယ်။ ပြည်သူလူထုအတွက်ကတော့ အလုပ်အကိုင်အခွင့်အလမ်းတွေ ရလာရင်၊ များလာရင် မြန်မာလူမျိုးတွေဟာ ခွင့်လွှတ်တတ်၊ ကိုယ်ချင်းစာတတ်၊ သနားကြင်နာတတ်ကြပါတယ်။ ရဟန်းရှင်လူကျောင်းသားပြည်သူတွေကို သတ်ခဲ့တဲ့သူတွေကိုတောင် ခွင့်လွှတ်နိုင်ကြသေးတာ ခရိုနီတွေကို တတ်နိုင်သလောက် ဒီမိုကရေစီဘက်ပါအောင် အားလုံးဝိုင်းတွန်းရမယ်။

စားဖို့မစိုက်ကြပါနဲ့

တောင်သူလယ်သမားတွေဟာ မိမိတို့ဘိုးစဉ်ဘောင်ဆက် ဓားမဦးချ ထွန်ယက်စိုက်ပျိုးလာတဲ့ လယ်ယာမြေ တွေကိုပိုင်ဆိုင်ချင်တာက တောင်သူလယ်သမားတွေရဲ့အခွင့်အရေးပါ။ အလုပ်သမားတွေကလည်း သက်ဆိုင်ရာနေရာအလိုက် အလုပ်ချိန်၊ လုပ်ခလစာ၊ အချိန်ပိုကြေး၊ အပိုဆုကြေးနဲ့၊ လူမှုဖူလုံရေးခံစားခွင့် တွေကို လိုချင်ကြတာကလည်း အလုပ်သမားတွေရဲ့ အခွင့်အရေးပါပဲ။ ကျောင်းသားတွေကိုလည်း ကြည့်လိုက် ရင် စနစ်ရဲ့သားကောင်တွေဖြစ်ခဲ့ကြတာ မရေမတွက်နိုင်တော့ပါဘူး။ အားလုံးဟာ ဒီကနေ့မှာ စည်းစည်းလုံးလုံး နဲ့ စနစ်အပြောင်းအလဲမှာ အတူတကွ တက်ညီလက်ညီပါဝင်ကြဖို့လိုတယ်။ စိုက်ပျိုးသူတွေပဲဖြစ်ရမယ်။ အနာဂတ်မျိုးဆက်သစ်တွေစားသုံးဖို့ ကျွန်တော်တို့ခင်ဗျားတို့ဟာ ထွန်ယက်ရမယ်၊ စိုက်ပျိုးရမယ်၊ ပျိုးကြဲသူ ကြဲ၊ လယ်ထွန်တဲ့သူကထွန်၊ ထမင်းချိုင့်ပို့တဲ့သူကပို့၊ ကောက်စိုက်တဲ့သူကစိုက်၊ ရိတ်တဲ့လူရိတ်၊ နောက်ဆုံး စပါးဖြစ်လာတဲ့အခါမှာ ဆန်ဖြစ်အောင်ဝိုင်းဝန်းအားထုတ်ကြရမယ်။ အဲလိုဆန်ဖြစ်လာတဲ့အခါမှာပဲ အဲဒီ့ဆန်ကို စိုက်ပျိုးသူက စားချင်မှစားရလိမ့်မယ်။ ဒါပေမယ့်သေချာတာတခုကတော့ အနာဂတ်မျိုးဆက်သစ်တွေ စားကြရမှာပါ။

ဒီမိုကရေစီအုတ်မြစ်ခိုင်မာဖို့

နိဂုံးအနေနဲ့တော့ ဒီမိုကရေစီအသွင်ကူးပြောင်းနေတဲ့ကာလမှာ ကျွန်တော်တို့အားလုံး တက်ညီလက်ညီ လှော်ခတ်ကြမှ ရှေ့ကိုမြန်မြန်ရောက်မယ်။ အရှေ့တောင်အာရှတင်မက အာရှမှာပါ ထိပ်ဆုံးရောက်ဖို့ ပြည်သူတွေအားလုံး ပုဂ္ဂိုလ်စွဲ၊ ဂိုဏ်းဂဏစွဲ၊ အဖွဲ့အစည်းစွဲတွေမထားပဲ ဒီမိုကရေစီသဘောသဘာဝအရ တူတာတွေကိုစုလုပ်ကြပြီး မတူတာတွေကို ခွဲလုပ်ကြရပါမယ်။ ဒီကနေ့ အတိုက်အခံဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန်တို့မှာတောင် မတူတာတွေ အများကြီးရှိနေပါသေးတယ်။ ဒါကြောင့် ခင်ဗျားတို့ကျွန်တော်တို့တစ်တွေမှာလည်း မတူတာတွေ အများကြီးရှိမှာပါ။ ကလေးတွေကို စာသင်ပေးရမယ်။ လူကြီးတွေကို ဆေးကုရမယ်။ တနေရာရာမှာတော့ တူတာလေးတွေရှိမှာပါ။ လူငယ်ပရဟိတအဖွဲ့တွေ၊ လူငယ်ကွန်ယက်တွေများများရှိလာမှ ဒီမိုကရေစီအုတ်မြစ်ခိုင်မာလာမှာဖြစ်ကြောင်း တင်ပြရင်း ကျွန်တော့်ရဲ့ ဆောင်းပါးကို အဆုံးသတ်လိုက်ပါတယ်။

လေးစားစွာဖြင့်
ထက်အောင် (၃၀.၁၂.၂၀၁၂ ညနေ ၆း၁၅)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...