Thursday, December 27, 2012

(အထူးဆောင်းပါး) လိင်အလုပ်သမ၊ တက်ခေတ်နတ်ဆိုး၏စွမ်းအားနှင့် ဒွိဟဖြစ်တတ်သော ကျွန်မ


December 27, 2012 ရက် ၊ 22:30 တွင် မလေးငယ် ရေးသားခဲ့သော ဘလော့ဖြစ်ပါသည် ။

လိင်အလုပ်သမပြည့်တန်ဆာတွေကို လိုင်စင်ထုတ်ပေးပြီးတော့ စနစ်တကျစောင့်ရှောက်စေချင်ပါတယ် ဆိုတဲ့ လွှတ်တော်ကိုယ်စားလှယ်အမျိုးသမီးတစ်ဦးရဲ့စကားသံကိုကြားအပြီးမှာတော့ အင်တာနက်မှာ ဝေဖန်ချက်တွေ ပလူပျံအောင် ထွက်ပေါ်လာတာကို တွေ့လိုက်ရတယ်။

အမျိုးမျိုးပေါ့လေ။ ကောင်းတယ် မကောင်းဘူး အစရှိသဖြင့်ပေါ့။ လွှတ်တော်က လူတွေ အားနေလား ဘာလားနဲ့ ပြောနေတာတွေကိုလည်း တွေ့လိုက်မိတယ်။ ကျွန်မလေးစားအားကျရတဲ့ စာပေအစ်ကိုကြီး တစ်ယောက်ရဲ့ ဝေဖန်သုံးသပ်ချက်လေးကိုလည်း တွေ့လိုက်ရတယ်။
အဲ့ဒါတွေကို ဖတ်ပြီးတော့ ကျွန်မစိတ်တွေက လွန်ခဲ့တဲ့နှစ်လဝန်းကျင်လောက်ကိုပြန်ရောက်သွားမိတယ်။ အင်း……နှစ်လလား….သုံးလလား….အဲ့ဒီဝန်းကျင်လောက်ပေါ့။ အဲ့ဒီတုန်းက အင်တာနက်မှာ ထူးထူးခြားခြားသတင်းတစ်ပုဒ်ကို စတင်တွေ့လိုက်ရတဲ့အချိန်ပေါ့။

မြန်မာနိုင်ငံလုံးဆိုင်ရာ ပြည့်တန်ဆာ အဖွဲ့အစည်းတစ်ခုဖွဲ့မယ်တဲ့။ ရည်ရွယ်ချက်ကတော့ ဖိနှိပ်ခံရတဲ့ပြည့်တန်ဆာတွေကို ကူညီဆောင်ရွက်သွားဖို့ပေါ့လေ။ တရားဝင်လိုင်စင်ရအောင်လည်း ကြိုးစားဆောင်ရွက်သွားမယ်တဲ့။ အခုအဲ့ဒီအသင်းကို လာရောက်ဆက်သွယ်ထားတဲ့ Sex workers ဦးရေ ၈၀၀ နီးပါးရှိပြီတဲ့။
အဲ့ဒီသတင်းက ဖတ်နေတဲ့ကျွန်မရဲ့မျက်လုံးတွေကနေတစ်ဆင့် ကျွန်မအာရုံထဲ အတွေးထဲကို ခိုးလိုးခုလု ဝင်ရောက်သွားတယ်။ ကျွန်မနှုတ်ခမ်းမှာလည်း အလိုလိုနေရင်း မဲ့ပြုံးတစ်ချက်ထင်သွားမိတယ်။ ဘာလဲဟ။ အဓိပ္ပါယ်မရှိတာတွေ လို့ ကျွန်မပါးစပ်က ရေရွတ်လိုက်မိတယ်။
ဗုဒ္ဓဘာသာမြန်မာမိန်းကလေးတစ်ယောက် ရိုးရိုးသားသား အသက်မွေးဝမ်းကျောင်းပြုနေနိုင်တာကို အမြဲဂုဏ်ယူနေတတ်တဲ့ မိန်းကလေးတစ်ယောက်အနေနဲ့ အဲ့ဒီသတင်းကို မြင်မြင်ချင်း ကျွန်မတော်တော် အော်ဂလီဆန်သွားမိတယ်။ ဦးစီးခေါင်းဆောင်လုပ်နေတဲ့လူကလည်း မိန်းကလေးတစ်ယောက်တဲ့။
ကျွတ် တော်တော်ဆိုးတဲ့ကိစ္စပဲ။ ဗုဒ္ဓဘာသာမြန်မာနိုင်ငံကြီးမှာ ဒီလောက်တောင် အရှက်နည်းတဲ့လူတွေရှိနေပြီလားလို့ တွေးရင်း ရင်ထဲမှာလည်း အဲ့ဒီကိစ္စကို ပြင်းပြင်းထန်ထန်ကြီး ကန့်ကွက်နေမိတယ်။ ဒါ ဘယ်လိုမှ မဖြစ်သင့်ဘူးလေ။ အဲ့ဒီနေ့က အဲ့ဒါကိုတွေးတွေးပြီး စိတ်တွေတိုလွန်းလို့ အလုပ်ထဲက မန်နေဂျာနဲ့တောင် စကားများတဲ့အထိပါပဲ။


ရင်ထဲမှာလည်း တနုံ့နုံ့နဲ့ မကျေနပ်မိဘူး။ မှတ်မှတ်ရရ အဲ့ဒီရက်က ကျွန်မ ဆရာသိန်းဖေမြင့်ရဲ့ အရှေ့ကနေဝန်းထွက်သည့် ပမာ စာအုပ်ဖတ်နေတဲ့ရက်ပိုင်းပေါ့။ အဲ့ဒီစာအုပ်ကို ဖတ်နေရင်းနဲ့ စိတ်ဝင်စားစရာတစ်ခုသွားတွေ့မိတယ်။ ဆရာသိန်းဖေမြင့်ရေးထားတဲ့ တက်ခေတ်နတ်ဆိုး ဆိုတဲ့စာအုပ်အကြောင်းကို ညွှန်းထားတဲ့စာသားတချို့ပေါ့။
အဲ့ဒါနဲ့ အရှေ့ကနေဝန်းထွက်သည့်ပမာကို ဖတ်လို့ပြီးပြီးချင်းမှာ ကိုယ့်မှာရှိတဲ့စာအုပ်တွေထဲမှာ မွှေနှောက်ပြီးရှာလိုက်တော့ ကံကောင်းထောက်မစွာပဲ ဆရာသိန်းဖေမြင့်ရေးတဲ့ တက်ခေတ်နတ်ဆိုး စာအုပ်ကို တွေ့ပါရောလား……………………။ ကျွန်မဆီမှာရှိနေတဲ့စာအုပ်ကတောင် နဝမအကြိမ်မြောက် ထုတ်ဝေထားတဲ့စာအုပ်ပါ။ အဲ့ဒီတော့ အဲ့ဒီစာအုပ် ဘယ်လောက်များ ပေါက်ရောက်သလည်း ဆိုတာ တွေးသာကြည့်ပါတော့………………………..။
တက်ခေတ်နတ်ဆိုး၏စွမ်းအား
ဒီနေရာမှာ တက်ခေတ်နတ်ဆိုးစာအုပ်အကြောင်း နည်းနည်းလောက် ထည့်ပြောပြချင်ပါတယ်။ အကျဉ်းချုပ်လေးပေါ့လေ……………
တက်ခေတ်နတ်ဆိုးရဲ့ဇာတ်လိုက်နာမည်က ညွန့်မောင်တဲ့။ သူက သူအရမ်းလိုချင်မက်မောတဲ့ ရမယ်လို့လည်း သူ့စိတ်ထဲမှာ ကျိန်းသေသလောက် ဖြစ်နေတဲ့ မိန်းကလေးတစ်ယောက်ကို မရတော့ဘူးလို့ သိလိုက်ရတဲ့အချိန် လောကကြီးကို စိတ်ပျက်သွားတဲ့ အချိန်မှာ အပေါင်းအသင်းတစ်ယောက်ရဲ့အစလုပ်ပေးမှု့ကြောင့် ပြည့်တန်ဆာမိန်းကလေးတွေနဲ့ သွားရောက်ပတ်သက်မိပါရောလား။


အဲ့ဒီလို ပြည့်တန်ဆာပင်လယ်ကြောမှာ မျောပြီး ခြောက်လလောက်ကြာတဲ့အချိန်မှာတော့ ဆစ်ဖလစ်ပိုးတွေဟာ ညွှန့်မောင်ကိုယ်ထဲကို ရောက်လာပြီး ကာလသားရောဂါဖြစ်ပါလေရောလား။ အဲ့ဒါနဲ့ရန်ကုန်ဆေးရုံကြီးရဲ့ကာလသားရောဂါဆောင်ကို ညွန့်မောင်တစ်ယောက် တက်ရောက်ရပြီလေ။
အဲ့ဒီကာလသားရောဂါဆောင်မှာရှိနေတဲ့အချိန်မှာ ရောဂါရဲ့ဆိုးဝါးပုံတွေကို ဖွဲ့ထားတာများ တကယ့်ကိုပေါ်လွင်ရသမြောက်လွန်းလို့ တော်ရုံတန်ရုံမိန်းမလိုက်စားတဲ့လူငယ်တစ်ယောက်ကို ပေးဖတ်လိုက်ရင်တောင် ကြောက်လွန်းလို့ နောက်မလုပ်တော့ပါဘူး အမေရဲ့ ဆိုပြီး အော်ပြေးသွားနိုင်လောက်တယ်။
အဲ တိုတိုပဲ ဆိုကြပါစို့………..။ ညွန့်မောင်တစ်ယောက် ဆေးရုံကဆင်းလို့ရတာနဲ့ အသိတရားတွေရပြီး လူငယ်တွေသူ့လို မဖြစ်အောင်ဆိုပြီး ကာလသားရောဂါ တိုက်ဖျက်ရေး အသင်းတစ်ခုထောင်ဖို့လုပ်ပါရောလေ။ အဲ့ဒီမှာပြောချင်တာက ညွန့်မောင်ရဲ့အတွေး ညွှန့်မောင်အတွေးဆိုတာထက် ဆရာသိန်းဖေမြင့်ရဲ့အတွေး ဆရာ့အမြင်ပေါ့။ ဘယ်လိုတွေးသလည်းဆိုတော့…………….
ကာလသားရောဂါဘာလို့ဖြစ်လည်း……….။ အဓိကလာရာလမ်းကြောင်းဟာ ပြည့်တန်ဆာတွေဆီကပဲ။
အဲ့ဒီတော့ပြည့်တန်ဆာတွေနည်းပါးအောင် လုပ်ရမယ်။ မသိနားမလည်တဲ့ မလယ်မဝယ်မိန်းကလေးတွေ ပြည့်တန်ဆာခေါင်းတွေဆီကို မရောက်အောင် အသိအမြင်ရှိအောင် မိန်းကလေးတွေအနေနဲ့ သူတို့ရဲ့အပျိုစင်ဘဝကို တန်ဖိုးထားတတ်အောင် ရုပ်ရှင် စာစောင်တွေကတစ်ဆင့် အသိပေးရမယ်။ အထောက်အခံမဲ့တဲ့မိန်းကလေးတွေ အလုပ်လက်မဲ့မဖြစ်အောင် ကာကွယ်ပေးရမယ် အစရှိသဖြင့် ဆရာရေးထားတဲ့အချက်တွေက တော်တော်များပါတယ်။ အဲ့ဒီမှာ အချက်တစ်ချက်ကို သွားတွေ့မိတယ်။ ဘာလည်းဆိုတော့…………….။.


ပြည့်တန်ဆာတွေကို လိုင်စင်ထုတ်ပေးသင့်တယ် ဆိုတဲ့အချက်ပဲ။ ဆရာ့အတွေးကတော့ ရိုးရိုးလေးပဲ။ လိုင်စင်ထုတ်ပေးရမယ် အခွန်လည်းကောက်ရမယ်။ တစ်ပတ်တစ်ခါ ဆေးစစ်ပေးရမယ်။ ဆေးစစ်လို့ရောဂါရှိတယ်ဆိုရင် လိုင်စင်ပြန်သိမ်းရမယ်။ ဆေးကုပေးရမယ်။ လိုင်စင်မလုပ်တဲ့လူတွေကိုလည်း ပြင်းပြင်းထန်ထန်အရေးယူရမယ်။ အဲ့ဒါဆို ကာလသားရောဂါ တော်တော်နည်းသွားမယ်ပေါ့လေ။
ဒါပေမဲ့ ညွှန့်မောင်ရဲ့မျှော်လင့်ချက်တွေဟာ မအောင်မြင်ခဲ့ပါဘူး။ ပြည့်တန်ဆာဥပဒေဟာ အောက်လွှတ်တော်ကို ဖြတ်သန်းသွားပေမယ့် အထက်လွှတ်တော်မှာ တစ်နေပါလေရော။ အထက်လွှတ်တော်က အကြောင်းနှစ်ရပ်ပြသတဲ့။
ပထမအကြောင်းက အခုလိုနှိပ်ကွပ်ထားတာတောင် အခုလောက်ပေါများနေတာ တရားဝင်များခွင့်ပြုပေးလိုက်ရင် မတွေးရဲစရာမို့။ ဒုတိယအကြောင်းက အခုလိုမျိုး ပြည့်တန်ဆာတွေ ပေါများနေတာဟာ လူတွေရဲ့စိတ်တွေ ညစ်ညမ်းနေကြတာမို့ လူတွေရဲ့စိတ်ကို ဖြူစင်အောင်ဟာ ဆရာတော်တွေသာ တတ်နိုင်တာ။ အဲ့ဒါကြောင့် ဆရာတော်တွေရဲ့အကြံဥာဏ်ကို တောင်းသင့်တာမို့။
ကာလသားရောဂါတိုက်ဖျက်ဖို့ စိတ်အားထက်သန်တဲ့လူကြီးတစ်ယောက်က ဒီကိစ္စမှာ အစိုးရဟာ ဝန်ကြီးတစ်ယောက်လောက်ခန့်ပြီးတောင် သေသေချာချာလုပ်သင့်တယ်လို့ ထောက်ခံပြောဆိုပြန်တော့လည်း သတင်းစာတွေက အဲ့ဒီလူကြီးကို ပြည့်တန်ဆာဝန်ကြီး ဆိုပြီးလှောင်ပြောင်ရေးသားကြလို့ ဘယ်သူမှဝင်မပြောရဲပြန်တော့ဘူး။
အဲ့လောက်ကန့်ကွက်မှု့တွေများနေတော့ မအောင်မြင်ဘူးပေါ့လေ။ အဲ့ဒီမှာ ညွန့်မောင်ရဲ့အတွေး အဲ…. ဆရာသိန်းဖေမြင့်ရဲ့အတွေးပေါ့လေ။ သူကဘယ်လိုတွေးလည်းဆိုတော့…………. မအောင်မြင်တဲ့ နောက်ကွက်မှာ ဝှက်ဖဲတွေရှိတယ်တဲ့။ ဘာတွေလည်း ဆိုတော့………. လူကြီးလူကောင်းလို့ နာမည်ခံတားတဲ့လူတွေဟာ လူမသိ သူမသိသာ ပျော်ပါးလိုကြတယ်။ ညွန့်မောင်ပြောသလို ပြည့်တန်ဆာရပ်ကွက် သီးသန့်လုပ် ပြည့်တန်ဆာတန်း သီးသန့်လုပ်ထားမယ်။ တကယ်လို့ လင်မယားမဟုတ်တဲ့ ယောက်ျားမိန်းမ နှစ်ဦးဟာ ပြည့်တန်ဆာလိုင်စင်လည်း မရှိပါဘဲနဲ့ ပျော်ပါးနေမယ်ဆိုရင်တော့ အရေးယူရမယ်ဆိုတဲ့အချက်ဟာ သူတို့အတွက် အဆင်မပြေကြတာမို့လို့………… အဲ့ဒီိလို တွေးသတဲ့။


အဲ့ဒီစာအုပ်ကို ဖတ်ပြီးတော့ တော်တော်အံ့သြမိတယ်။ ဒီဘက်ခေတ်အခြေအနေနဲ့လာရောက် တိုက်ဆိုင်နေတာကိုး။ ဘာပဲပြောပြော ဆရာပြောသလိုပြည့်တန်ဆာ လိုင်စင်ထုတ်ပေးလိုက်မယ် ပြည့်တန်ဆာခန်း သီးသန့်ထားလိုက်မယ်ဆိုရင် ဘာဖြစ်မလည်းလို့ ကျွန်မဆက်တွေးနေမိတယ်။
မြန်မာမိန်းကလေးတော်တော်များများဟာ အရှက်အကြောက်ကြီးတဲ့မိန်းကလေးတွေပါ။ နောက်ဆုံး ဘယ်လောက်ပဲ အရှက်နည်းပါတယ်ပြောပြော တရားဝင်ပြည့်တန်ဆာလုပ်စားဖို့တော့ တော်တော်ကြီးကို ခက်ပါလိမ့်မယ်။ အဲ့ဒီတော့ လိုင်စင်ထုတ်ပေးရင်တောင် လာလုပ်မယ့်လူက တော်တော်နည်းမယ်။ အဲ့ဒီအချိန်မှာ……… သေသေချာချာ နှိမ်နင်းလိုက်ရင်ရော…………။
အင်း………….အဲ့ဒါကလည်း တော်တော်ခက်တယ်။ မြန်မာနိုင်ငံက အခြေအနေကလည်း သိတဲ့အတိုင်း လာဘ်ပေးလာဘ်ယူ တို့ရန်သူ မဟုတ်လား။ အနာကြီးရောဂါဖြစ်တာကို ရှက်ပေမဲ့ မကုမဖြစ်လို့ ဆရာဝန်ဆေးခန်းကို ရှက်ရှက်နဲ့လာကုခါမှ ဆရာဝန်ကလည်း သေချာမကုနိုင် ကိုယ်အနာကြီးဖြစ်တာလည်း တစ်ရွာလုံးသိကုန်တဲ့ အဖြစ်မျိုးနဲ့ တိုးမှုာလည်းကြောက်ရသေးတယ်။
ဟုတ်တယ်လေ။ ထိုင်နေရင် အကောင်းသား ထသွားမှ ကျိုးမှန်းသိ ဆိုသလို ပြည့်တန်ဆာနည်းပါးစေချင်လို့ ပြည့်တန်ဆာလိုင်စင်ထုတ် သေချာစနစ်တကျ လုပ်ပေးပါတယ်ဆိုမှ လုပ်နည်းလုပ်ဟန် မသေချာရင် အကိုင်အတွယ်မတတ်ရင် ပိုဆိုးသွားမှာလည်း ကြောက်ရသေးတယ် မဟုတ်လား။
ဘာပဲပြောပြောပေါ့နော်။ စာပေရဲ့စွမ်းအားကတော့ တကယ်ကြောက်ဖို့ကောင်းလောက်အောင်ကို အစွမ်းထက်တယ်။ ဆရာသိန်းဖေမြင့်ရဲ့တက်ခေတ်နတ်ဆိုးစာအုပ်ကို ဖတ်ပြီးနောက်မှာတော့ ဟိုအပေါ်က မြန်မာနိုင်ငံလုံးဆိုင်ရာ ပြည့်တန်ဆာအဖွဲ့အစည်းဖွဲ့ဖို့ ကြိုးစားတဲ့အမျိုးသမီးကို အရင်ကလို ခါးခါးသီးသီး မမြင်မိတော့သလို ပြည့်တန်ဆာလိုင်စင် ထုတ်ပေးသင့်တယ်လို့ ပြောတဲ့ လွှတ်တော်ကိုယ်စားလှယ်ကိုလည်း အပြစ်တင်ဝေဖန်ချင်စိတ် မရှိတော့တာတော့ အမှန်ပဲ။
ဒွိဟဖြစ်တတ်သော ကျွန်မ။


ကျွန်မကလေ ငယ်ငယ်လေးတည်းက သိပ်ပြီးဇဝေဇဝါ ဒွိဟဖြစ်တတ်တဲ့မိန်းမ။ ငယ်ငယ်တုန်းကဆို ကျွန်မမိဘတွေအပြင်တွေဘာတွေသွားလို့ ကျွန်မကို မခေါ်ရင် အရမ်းစိတ်မကောင်းဖြစ်ပြီး ကောက်နေရော။ ကဲ အဲ့ဒါဆို လိုက်ခဲ့လို့ ဆိုပြန်တော့လည်း ကျွန်မလိုက်သွားရင် ကျွန်မမိဘတွေအတွက် ဝန်ပိုများဖြစ်နေမလား အပြင်သွားရင် နေလည်းပူမယ်။ နေရိပ်ထဲမှာပဲ အေးဆေးကစားပြီး မုန့်မှာလိုက်ရင် ကောင်းမလားဆိုပြီး မလိုက်ချင်ပြန်တော့ဘူး။ အဲ့လိုနဲ့ နောက်ဆုံးကျတော့ အဆူခံရပြီး နေခဲ့ရရောဆိုပါစို့။ အပြင်သွားခါနီး ဂဂျီဂဂျောင်ကျလို့ဆိုပြီး အခန့်မသင့်ရင် အရိုက်တောင်ခံရသေးတယ်။
အဲ့ဒီလို မပြတ်မသားဖြစ်တတ်လွန်းလို့ စိတ်ညစ်ရတာ စိတ်ရှုပ်ရတာလည်း ခဏခဏ။
အခုကိစ္စမှာလည်း…………….
အဲ့ဒါဆိုဘာလဲ ခင်ဗျားက ပြည့်တန်ဆာလိုင်စင် ထုတ်ပေးသင့်တယ်လို့ ပြောချင်တာလားလို့ တစ်ယောက်ယောက်က လာမေးရင်တော့ ဟင့်အင်း မသိဘူး။ ကျွန်မ မပြောတတ်ဘူး လို့ပဲ ပြောရမှာပဲ။
ဒါဆို မထုတ်ပေးသင့်ဘူးလို့ ပြောချင်တာလားလို့ မေးရင်လည်း ဟင့်အင်း မသိဘူး။ ကျွန်မမပြောတတ်ဘူးလို့ပဲ ပြောရမှာပဲ။
ထုတ်ပေးသင့်ပါတယ်လို့ ပြောလိုက်ရင် ကျွန်မတို့တစ်သက်လုံးစောင့်ထိန်းလာတဲ့ မြန်မာ့ရိုးရာယဉ်ကျေးမှု့ကို ထိခိုက်သွားမှာမျိုး ဖြစ်သွားမှာကြောက်တယ်။
မထုတ်ပေးသင့်ဘူးလို့ ပြောရမှာကျတော့လည်း တက်ခေတ်နတ်ဆိုးထဲက ညွှန့်မောင်ကို အားနာတယ်။ မြန်မာနိုင်ငံမှာ ဖိနှိပ်ခံနေရတဲ့ ပြည့်တန်ဆာတွေကို သနားတယ်။
တကယ်ပါပဲ။ အရေးပါအရာရောက်တဲ့နေရာတစ်ခုခုမှာ မရောက်နေတဲ့အတွက် ကျွန်မကိုယ်ကျွန်မတောင် ကျိတ်ပြီးကျေနပ်နေမိတယ်။ မဟုတ်ရင် ကျွန်မလို ဒွိဟဖြစ်တတ်ပုံမျိုးနဲ့ဆိုရင်လေ……………………..။
အဲ….စိတ်ကူးတွေလျှောက်ယဉ်နေမိပြန်ပါပြီ။ ကိုယ့်စကားတစ်ခွန်းနဲ့လည်း ဘာမှအရာရောက်မှာ မဟုတ်ဘဲနဲ့…………။ အရာရောက်တဲ့လူတွေကရော ဘယ်လိုတွေဆုံးဖြတ်မှာလည်း။ အကောင်းဆုံးလုပ်ဆောင်နိုင်မှာလား……………… ကျွန်မတို့ရဲ့ဖျားနာနေတဲ့ မြန်မာနိုင်ငံကြီးအတွက်လေ………….။
ကဲပါ လာပါ အကောင်းဆုံးဖြစ်အောင် ဆေးကုပေးမယ်ဆိုပြီးတော့ အထဲကသွေးတွေကုန်အောင်တော့ ပိုက်နဲ့ပြန်မစုပ်ထုတ်သွားပါနဲ့လို့………………ဆန္ဒပြုရင်း………………….


ရေးသားသူ - မလေးငယ်
( ၂၇.၁၂.၂၀၁၂)

http://www.edinooyin.com/profiles/blogs/4347155:BlogPost:6147252

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...